"တိမ်တွေဆိုတာ အငွေ့ အဖြစ် မြင်ရတဲ့ မြစ်တွေရဲ့
ဝိဉာဉ်ပဲတဲ့။"အဲ့ဒါ ကျွန်မ အကြိုက်ဆုံး ၀တ္ထုတစ်ပုဒ်ထဲက စာသားပေါ့။ အကိုကတော့ အဲ့ဒီ ၀တ္ထုကို ဖတ်ပြီး "မင်းတို့ မိန်းမတွေကို နားကိုမလည်တော့ဘူး" လို့ သက်ပြင်းဖွဖွ ချကာ ညည်းညူခဲ့ဖူးလေရဲ့။
မိန်းကလေး တစ်ယောက်နဲ့ စကားလက်ဆုံကျဖို့ အသာထား အကြည့်ချင်းတောင် မဆုံရဲတဲ့ အကိုက မိန်းမတွေအကြောင်း နားမလည်တာ မထူးဆန်းလှပါဘူး။
ဒါပေမဲ့ အကို့အတွက် နားမလည်နိုင်ဆုံးနဲ့ နားလည်ရ အခက်ဆုံး ဖြစ်မယ့် မိန်းမတစ်ယောက်ကိုမှ ချစ်သူအဖြစ် ရွေးချယ်မိလိမ့်မယ်လို့ အကို တခါမှ တွေးမိမှာတောင် မဟုတ်ပါဘူး။
"မင်းဟာ တကယ်တော့ စွန်ကလေးပဲ။ ဒါပေမဲ့ အချိန်တန်ရင် အကို့ရဲ့ ရစ်ဘီးလေးဆီ ပြန်လာမယ့် စွန်ကလေး မဟုတ်ဘူး။ ကိုယ်တို့ကြားက သံယောဇဉ်ကြိုးလေးကို တတိတိ ဖြတ်ပြီး လေနှင်ရာကို လွင့်ချင်နေတဲ့ စွန်ကလေး။"
ကျွန်မတို့ နှစ်ယောက်ရဲ့ စကားနိုင်ထိုးပွဲမှာ အကို ကျွန်မအပေါ် အသက်ညှာဆုံး ပြောလေ့ရှိတဲ့ စကားပါပဲ။
"ညီမ အကို့ကို မချစ်ဘူးလားကွယ်။"
တခါတလေ အကို စိုးထိတ်မှုအပြည့် မျက်၀န်းတွေနဲ့ ကျွန်မကို ကြည့်ပြီး အဲ့ဒီလို မေးခွန်းထုတ်တတ်ပါသေးတယ်။
"ချစ်တာပေါ့ကွယ်၊ သိပ်ချစ်လွန်းလို့ ခက်နေတာပေါ့။"
ကျွန်မ၏ ပထမ စကားသံမှာ တောက်ပသွားတဲ့ အကို့ မျက်၀န်းတွေဟာ ဒုတိယ စကားသံအဆုံးမှာ သိသိသာသာပဲ ဖျော့တော့သွားတတ်ပြန်တယ်။
"တကယ်သို့ မင်းသာ အဆုံးထိ တာ၀န်မယူနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို မစခဲ့ဘူးဆိုရင် ကိုယ်လဲ အချစ် ဆိုတာကို ၀ဋ်ကြွေးတစ်ခုလို့ ထင်မိမှာ မဟုတ်ဘူး။ မင်းကြောင့်သာ မဟုတ်ခဲ့ရင် အခုအချိန် ကိုယ် တခြားသူ တစ်ယောက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်နေနိုင်လိမ့်မယ်။"
လက်ထပ်စာချုပ်ဆိုသော စာရွက်တစ်ခုတွင် ထင်ကျန်ခဲ့မည့် လက်မှတ်နှစ်ခုအား အချစ်ဇာတ်လမ်း တစ်ပုဒ်၏ အဆုံးသတ်အဖြစ် ခံယူထားသော အကို့အား ကျွန်မ ရည်ရွယ်ထားသည့် အဆုံးသတ်က အချိန်ကာလ၏ တိုက်စားခြင်းကို အံတုနိုင်သည့် ချစ်ခြင်းတရား ဖြစ်ကြောင်း မရှင်းပြလိုတော့။

BINABASA MO ANG
စွန်
Short Storyလေနှင်ရာ လွင့်လိုတဲ့ စွန်ကလေးလို့ မင်း ခနဲ့တတ်တဲ့ ကိုယ်ဟာ မင်းရဲ့ ရင်ခွင်ကောင်းကင်မှာပဲ ပျံသန်းလိုခဲ့ပါတယ်။