ကောင်းကင်ကြီးလောက်ချစ်ခဲ့တယ်
-
(၃)
သံယောဇဉ်ဆိုသည်မှာလည်း နွယ်လို ငြိတွယ်တတ်ပြီး နွံလို ရုန်းရခက်တယ်မဟုတ်လား။ အဲ့ဒီနေ့ကစ နောက်ပိုင်း ကျွန်တော်တို့ ပုံမှန်အဆက်အသွယ်တွေ ရှိလာခဲ့တယ်။ နေ့တိုင်းလိုလို ဖုန်းဆက်ဖြစ်၊ သွားစရာရှိရင် အဖော်လုပ်ပေး တာမျိုးတွေက နေ အမြဲတွေ့ဖြစ် လာကြတယ်။ ကျွန်တော်က သင်တန်း ပြီး၊ သူမက ကျောင်းက ပြန်ရောက် လို့ ညနေပိုင်းတွေဆို နှစ်ယောက်တူတူ ညနေစာ စားဖြစ်ကြတယ်။ မှတ်မှတ်ရရ နှစ်ယောက်တည်း တူတူ ပထမဆုံး ရုပ်ရှင် စကြည့်ခဲ့တဲ့ ဇာတ်ကားဟာ How to train your dragon 2 ဆိုတဲ့ Animation ဇာတ်ကားတစ်ခုပေါ့။ ဆေးရောင်စုံကြည်နူးဖွယ်ရာ ရုပ်ရှင်ဇာတ်ဝင်ခန်း တွေလို အချိန်တွေဟာ ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းနေခဲ့တုန်းက သိပ်မသိသာခဲ့ပေမယ့် ကျော်ဖြတ်ပြီးလာတဲ့အခါ ဘယ်အချိန်မဆို ပြန်လိုချင်ခဲ့ရတဲ့ အမှတ်တရတွေပါပဲ။
သူမ သဘောကျနေတဲ့ ကောင်လေး တစ်ယောက်အကြောင်း ကျွန်တော့်ကို ရင်ဖွင့်လာခဲ့တုန်းက ဝမ်းနည်းမှုဟာ ဘယ်လောက်ဒီဂရီဖာရင်ဟိုက် ရှိမလဲ မပြောပြတတ်ဘူး။ ညနေပိုင်း ကျွန်တော်နဲ့ တွေ့ချိန်တွေက ၎င်း အမျိူးသားနဲ့ တွေ့ဆုံပြီးမှ ဆိုတာမျိုး ဖြစ်လာတယ်။ တစ်ချို့ နေ့ရက်တွေမှာ သူမ မအားပါ ဆိုတဲ့ ငြင်းဆိုမှုမျိူးတွေ ကို ကြားလာရတယ်။ တခါတရံတော့ သူမ ဘာလုပ်သင့်လဲဆိုပြီး အကြံဉာဏ် တောင်း တဲ့အခါ ကျွန်တော့်မှာ အောင့်သက်သက်နဲ့ ဖြေရပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ သံယောဇဉ်ဟာ လွတ်မြောက်ဖို့ခက်တဲ့အတိုင်း ရက်အပိုင်းအခြား အနည်းငယ်အကြာမှာပဲ သူမဟာ ကျွန်တော့်နွံ့ထဲကိုသာ ပြန်ဆင်းခဲ့တယ်။ သဘောမကျတော့ဘူး ဆိုတဲ့ အချက်နဲ့ပဲ အဲ့ဒီ တစ်ယောက်နဲ့ မဆက်သွယ်ဖြစ်တော့ပြန်ဘူး။ ကျွန်တော်တို့ရဲ့ ညနေပိုင်း လမ်းလျှောက်ချိန်တွေဟာ ရယ်မောပျော်ရွှင်သံတွေနဲ့ ပြန်လည် အသက်ဝင်လာခဲ့တယ်။
လကုန်ခါနီး နှစ်ယောက်လုံးဘိုင်ပြတ်နေတဲ့ ကာလတွေရဲ့ ညနေပိုင်းတွေမှာ မုန့်ဆိုင်မထိုင်ဖြစ်ကြဘူး။ ရန်ကုန်မြို့ရဲ့ ကမ်းနားတွေထဲက တစ်ခုမှာ ထိုင်ဖြစ်ကြတယ်။ နေဝင်ခါနီး အချိန်တွေမှာ လေပြေနုအေးတွေ တိုက်ခတ်နေတဲ့ မြစ်ပြင်ကျယ်ကြီးကိုငေးရင်း စကားတွေ ပြောခဲ့ကြတယ်။ ဒလဘက်နဲ့ ရန်ကုန်ကို အစုန်၊အဆန် သွားနေကြတဲ့ စက်လှေတွေကို ကြည့်ကြတယ်။ ခုနှစ်ရောင်ခြယ်သက်တန့် ဟာ မြစ်ပြင်ကျယ်ထဲ ရေသောက်ဆင်းတာကို မြင်ရင် အံ့ဩတကြီးနဲ့ ပျော်ရွှင်တတ်တယ်။
တစ်ရက်မှာ မိတ်တွေနဲ့ အတူ ကျွန်တော်တို့ နှစ်ယောက် ပဲခူးဘက်က Resort တစ်ခုကို သွားလည်ဖြစ်ကြတယ်။ တစ်နေကုန်လည်ပတ်ပြီးလို့ ရန်ကုန်ပြန်ရောက်တော့ အနည်းငယ်မိုးချုပ်နေပြီ။ နှစ်ယောက်လုံး မပြန်ကြသေးဘဲ ကမ်းနားဘက်ကို ဆက်ပြီး ထွက်ခဲ့ကြတယ်။ ထုံးစံအတိုင်း မြစ်ကိုငေးတယ်၊ လေညှင်းခံတယ်၊ စကားပြောတယ်။ ရုတ်ချည်းဆိုသလို မိုးစက်မိုးပေါက်တွေ ကျလာတော့ သူမ က ထီးကိုဖွင့်မိုးထားခဲ့။ မိုးဟာ ကျွန်တော်တို့ နှစ်ယောက်ကို ပိုနီးစပ်စေချင်တဲ့သဘောနဲ့ ပိုသည်းလာခဲ့တယ်။ ထီးတစ်ချောင်းတည်းအောက်က မိုးသည်းည တစ်ခုမှာ ကျွန်တော်ဟာ သူမ နဲ့ တဖြည်းဖြည်း နီးကပ်လာတာနဲ့ အမျှ ရင်ခုန်သံတွေဟာ တရုတ်နဂါးလှည့်သလို ဗြောင်းဆန်နေခဲ့ပြီ။ ရေအနည်းငယ်စိုနေခဲ့တဲ့ သူမဆံနွယ်တွေကို ခိုးကြည့်မိချိန်မှာ မျက်လုံးခြင်းစုံမိသွားခဲ့တယ်။ နောက်ပြီး နှုတ်ခမ်းတွေ၊ နှင်းဆီရဲရဲတွေလို သူမရဲ့နှုတ်ခမ်းတွေ သာ ကျွန်တော့်နှလုံးသားကို သိမ်းပိုက်တော့မလိုနဲ့။ ပြန်ကြရအောင် လို့ပြောရင်း မနမ်းဖြစ်ခဲ့တဲ့ နှုတ်ခမ်းတွေကို အိပ်မက်ထဲထိ လွမ်းခဲ့ရတယ်။