(Zawgyi)
တဖွဲဖွဲကျနေတဲ့နှင်းတွေကို ပြတင်းပေါက်ဘောင်မှာ မေးထောက်ရင်းကြည့်နေတဲ့ ကလေးငယ်...။ သူ့အကြိုက်ဆုံးရာသီ ဖြစ်တဲ့အလျောက် နှင်းကျတာကိုတောင်မှ အမြတ်တနိုးနဲ့ ငေးကြည့်နေသည်တဲ့လား...။
"ကလေးရေ... ဒီမှာကိတ်မုန့်လာစားပါဦး"
ကျွန်တော်ခေါ်လိုက်တော့မှပဲ ကလေးငယ်က ချာခနဲလှည့်လာတယ်...။ မကြာသေးခင်ကမှ ဖုတ်ထားတဲ့ ပူပူနွေးနွေးကိတ်မုန့်လေးက ချမ်းအေးလှတဲ့ရာသီဥတုနဲ့ လိုက်ဖက်လွန်းလှတယ်...။ အချိုသိပ်မကြိုက်တဲ့ကလေးအတွက် အစိမ့်အရသာကိုသာ ပိုထည့်ပေးထားတာကြောင့် အကြိုက်တွေ့မှာသေချာပါတယ်...။
"ကလေးက နှင်းကျတာကို
ငေးကြည့်ရတာ ပျော်တယ်လား...??""အင်း... ပျော်တယ်..
ပြီးတော့ဝမ်းလဲဝမ်းနည်းတယ်""ဟင်... ဘာလို့လဲ...??"
ကျွန်တော်တအံ့တဩနဲ့မေးမိတော့ ကလေးကသူ့လက်ထဲက ကိတ်မုန့်ပိုင်းလေးကို တစ်ကိုက်ကိုက်ကာ တမြုံ့မြုံ့ဝါးနေရင်းမှ တွေတွေလေးစဉ်းစားနေပြန်တယ်...။
"နှင်းတွေထပ်မကျတော့မှာကို ဝမ်းနည်းတာပါ"
"အော်... ကလေးရယ်... ဘာများလဲလို့"
ကျွန်တော်ကတော့ခပ်ပေါ့ပေါ့ပဲ ရယ်သွမ်းလိုက်ပေမယ့် ကလေးကတော့မျက်နှာသိပ်မကောင်း...။ ဒီကလေးက အတွေးသိပ်လွန်တာပဲလို့ ကျွန်တော်တွေးမိသေးတယ်...။ သူဘာတွေများ စိုးရိမ်နေတာလဲ...??
"ကလေးတစ်ခုခုဖြစ်နေတာလား...??
ကိုယ့်ကိုပြောပြလေ..""အစ်ကို... ကျွန်တော်ထွက်သွားရင် ဝမ်းနည်းနေမှာလား...??"
"ကလေး...!!!!"
ကျွန်တော့်အသံက လိုတာထက်ပိုကျယ်လောင်သွားတာကြောင့် သူ့ကိုယ်လေးတုန်ခနဲဖြစ်သွားတယ်...။ ကျွန်တော်လဲစိတ်မကောင်းဖြစ်သွားတာမို့ သူ့ဘေးနားသွားထိုင်ကာ ပြန်ချော့မိတယ်...။
"လန့်သွားလား.. တောင်းပန်ပါတယ် ကလေးရယ်... အဲလိုခွဲခွာမယ့်အကြောင်းတွေ မပြောနဲ့လေကွာ.. ကလေးကဘာလို့ထွက်သွားမှာလဲ... မိဘတွေကြောင့်ဆိုလဲ ကလေးမိဘတွေကျေနပ်တဲ့အထိ ကိုယ်လိုက်ပြောပေးပါ့မယ်... နော်..."