လော့ရန်မြို့တော်ရဲ့ သည်လမ်းဟာ အလွန်စည်ကား၏။
နှင်းတွေတဖွဲဖွဲကျလို့ မီးရောင်တွေထိန်ထိန်လင်းတဲ့ ညအချိန်ရောက်တာတောင် သည်နေရာဟာ လူသွားလူလာတွေနဲ့ စည်ကားလို့နေသည်။
အထူးသဖြင့် မေဟွားဆောင်ကြာမြိုင်ရှေ့တွင်ဖြစ်၏ ။မနက်စာစားခဲ့သည့် ခေါက်ဆွဲဆိုင်က မိတ်ဆွေတွေပြောလိုက်ပုံအရ ဒီနေ့ည မေဟွားဆောင်ကြာမြိုင်မှာ ယောက်ျားသားတွေ ဝင်ထွက်သွားလာ စည်ကားနေသည်ကား မဆန်းကြယ်ပေ ။
သို့သော် တစ်ခုထူးဆန်းသည်က ဆောင်ကြာမြိုင်က အလှလေးဆိုသူပင်.. ။
မိန်းကလေးမဟုတ်ပါဘဲ ထိုသူ့ကို အလှလေးခေါ်ကြသည်မို့ တော်ရုံတန်ရုံမဟုတ်နိုင် ။
ယောက်ျားသားတော်တော်များများဟာ ပိုက်ဆံအကုန်အကျ ခံလို့ ထိုအလှလေးဆိုသူ၏ ဖျော်ဖြေမှုကို လာရောက်ကြည့်ရှု ပျော်ပါးတတ်ကြသည်တဲ့..။ထိုအလှလေးဟာ ဗြက်စောင်းတီးတဲ့ပညာမှာ တစ်ဖက်ကမ်းခတ်သည် ဆို၏ ။
နားထဲစွဲနေသည့် တစ်စုံတစ်ယောက်၏ လက်သံထက် သာနိုင်မည်လား.. မသေချာပါလေ ..။တိုက်ပွဲကို အောင်နိုင်ခဲ့သည့် စစ်သူကြီးရှောင်းဆိုသူကို သည်ဆောင်ကြာမြိုင်တွေ ရှိတဲ့လမ်းပေါ်မှာ တွေ့ရလိမ့်မည်လို့ မည်သူမှ ထင်မှတ်ကြမည်မဟုတ်ပေ ။ စစ်ရေးစစ်ရာမှာ လည်းတော်သလို အပျော်အပါးလည်းမက်၏။ စစ်မြေပြင်၊ တိုက်ပွဲတွေမှာ အားမာန်အပြည့်နဲ့ အရိုင်းဆန်သလောက် စစ်ပွဲတွေအောင်နိုင်ပြီးတဲ့ အချိန်တွေမှာ တပည့်ကိုခေါ်၊ မြင်းတစ်ကောင်နှင့် ပိုက်ဆံတစ်အိတ်ကို ခါးချိတ်လို့ တစ်မြို့ဝင်တစ်မြို့ထွက် ဤသို့ဤနှယ် ဝေလေလေလည်း လုပ်တတ်သေး၏။
အလှမီးပုံးလေးတွေချိတ်ထားရာ ဝင်ပေါက်က တခြားဆောင်ကြာမြိုင်တွေနဲ့မတူချေ ။ မေဟွားဆိုတဲ့ နာမည်ဆိုင်းဘုတ်ရဲ့ဘေးမှာ ဇီးပန်းခက်လေးတွေက ဟိုသည်အနှံ့..။
နာမည်နဲ့ အလွန် ပနံရလှပေသည့်..။ဆောင်းလေတစ်ချက်အဝှေ့မှာ ဇီးပန်းရနံ့ ခပ်သင်းသင်းက သူ့နှာဖျားကို ကျီစယ်သွားလေရဲ့ ။
"သခင်လေး ! "
"သခင်လေး ~~ "ခေါ်သံနှစ်သံက တစ်ပြိုင်နက်ထွက်လာပေမယ့် ညုတုတု ခပ်အီအီခေါ်သံအောက်မှာ နောက်တစ်သံက ပျောက်ကွယ်သွားသည်ထင်ပါရဲ့..။