ခမ်းနားထည်ဝါလွန်းလှတဲ့ နန်းဆောင်ကြီးရဲ့ ညီလာခံခန်းမ တစ်နေရာ..။
ရွှေရောင်ဇာမဏီနဲ့ နဂါးရုပ်ပုံနှစ်ခုဟာ ရွှေသလွန်နောက် နံရံပေါ်မှာ ငွားငွားစွင့်စွင့်။ကျယ်ပြန့်လှတဲ့ ညီလာခံခန်းမကြမ်းပြင်ထက်မှာ ဝန်ကြီးချုပ် အမတ်တွေ၊ တိုင်းပြည်ရဲ့အရေးပါလှတဲ့ ရာထူးကြီးပုဂ္ဂိုလ်တွေဟာ ရွှေသလွန်ထက်က ဘုရင်မင်းမြတ်ရဲ့ အမျက်ချောင်းချောင်းအကြည့်ကို ရင်မဆိုင်နိုင်ကြသည့်နှယ် ခေါင်းကိုတွင်တွင်ငုံ့လျက်။
တိတ်ဆိတ်နေမှုဟာ အခုချိန်မှာ အပ်တိုတစ်ချောင်းပြုတ်ကျ သွားလျှင်တောင် မိုးခြိမ်းသံပမာ ကျယ်လောင်စွာကြားရပေလိမ့်မည်။
"ငါကိုယ်တော် စစ်သတင်းကိုမကြားရတာ တစ်လခွဲတောင် ရှိရော့မယ်။ အခုထိ ဘာသတင်းမှမကြားရသေးဘူး။
စစ်ပွဲကို ဦးဆောင်တဲ့ စစ်သူကြီးလည်း သေသလား ရှင်သလား သတင်းအစအနမသိရသေးဘူး။ ငါကိုယ်တော်ရရဲ့ တိုင်းပြည်လုံးတစ်ခုလုံးကို တစ်ဖက်တိုင်းပြည်က သိမ်းပိုက်ခံရတဲ့ထိ ထိုင်စောင့်နေရမှာလား!!"တိတ်ဆိတ်နေတဲ့ ညီလာခံခန်းမထဲ မိုးခြိမ်းသံပမာ။
အပ်ကျသံတော့မဟုတ် ဘုရင်မင်းမြတ်ရဲ့ အမျက်ဒေါသသံ။"မှန်လှပါ.."
မင်းကြီးရဲ့အမေးကိုဖြေဖို့ ရှေ့ထွက်လိုက်တဲ့ စစ်သူကြီးချုပ်ရှောင်းဟာ အားလုံးရဲ့ ကယ်တင်ရှင်သူရဲကောင်းပမာပင်။
"စစ်သူကြီးရှောင်းဆီက သတင်းမကြားခဲ့တာ တစ်လခွဲလောက်ရှိတယ်ဆိုတာ အမှန်ပါ မင်းကြီး။
သတင်းပို့တဲ့အထောက်တော်တွေနဲ့လည်း အဆက်အသွယ်ပြတ်သွားကြောင်းပါ။ စစ်သူကြီးရှောင်းက အားလုံးကို အဆက်အသွယ်ဖြတ်ထားပေမယ့် သတင်းကောင်းနဲ့အတူ သေချာပေါက်ပြန်လာမှာပါ အရှင်မင်းကြီး"စစ်သူကြီးရှောင်းကျန့်..
အသက်ငယ်ငယ်လေးနဲ့ တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့တဲ့ ဒီကောင်လေးဟာ အသက်သုံးဆယ်ပင် မပြည့်တတ်သေး။
သူဦးဆောင်တဲ့စစ်ပွဲတိုင်း ရှုံးနိမ့်သည်ဟူ၍ တစ်ခါမျှပင် မရှိသေးပေ။
တစ်ချိန်က စစ်ဘုရင်ဖြစ်သူ ဖခင်စစ်သူကြီးချုပ်ခြေရာကို အမှီလိုက်နိုင်သူဖြစ်သည်။
စစ်ပရိယာယ်ကြွယ်ဝကာ စစ်ပွဲဗျူဟာတွေနှောကျေနေပြီး ဖြတ်ထိုးဉာဏ်ကောင်းလွန်းတာကြောင့် ဘုရင်မင်းမြတ်ဟာ စစ်ပွဲတိုင်း စစ်သူကြီးရှောင်းကျန့်ကိုသာ ဦးဆောင်စေသည်။