မြေနီလမ်းများသာ ကြီးစိုးပြီး ဆိုက္ကားနှင့် ကားဟူ၍ ထော်လာဂျီသာ အတွေ့များသော နေရာ၌ ကြီးပြင်းလာရသော သူသည် ကတ္တရာလမ်း ဖြူဖြူတွင် လှစ်ကနဲ လှစ်ကနဲ မောင်းနှင်သွားသော ဆိုင်ကယ်များနှင့် ကားများအား အံ့အားတကြီး ငေးမောနေမိသည်။
“မေမေတို့ အိမ်ရောက်ခါနီးပြီ။”
မေမေ့ထံမှ “အိမ်” ဟူသော စကားလုံးသည် ပျံ့လွင့်နေသော သူ့စိတ်များအား လက်ရှိအခြေအနေသို့ ပြန်လည်ဆွဲခေါ်လာသည်။
“သားတို့ အခုပဲ အိမ်က ထွက်ခဲ့တာ မဟုတ်လား။”
အိမ် အကြောင်း စဉ်းစားမိတော့ သူ့လက်ကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ပြိုတော့မယောင် မျက်၀န်းများဖြင့် သူ့အား ငေးကြည့်နေသည့် အဖွား၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်လာသည်။
“သူ့အမေ လက်ထဲ ပြန်ထည့်ပေးလိုက်တာပဲကွာ။”
မျက်နှာ တစ်ဖက်သို့ လွှဲကာ ဆိုလိုက်သော အဖိုး၏ စကားသံသည်လည်း အနည်းငယ် တုန်ရီနေမှန်း သူ မှတ်မိသည်။
“ကျောင်းပိတ်ရက်တွေကျရင် အလည် ပြန်ပို့ပေးပါ့မယ်။”
မေမေက မျက်ရည်တစမ်းစမ်း ဖြစ်နေသော အဖွားအား သက်သာရာ သက်သာကြောင်း ၀င်ဖျန်ဖြေသည်။
“အလည်” ဟူသော စကားလုံး နှင့် သူ့ကိုယ်ပိုင် ပစ္စည်း အလုံးစုံကို ထုပ်ပိုးထားသော အိတ်ကလေးသည် သူ ဒီနေရာနှင့် ထပ်မံ မသက်ဆိုင်တော့ကြောင်း သက်သေထူနှင့် နေပြီ။
ထို“မသက်ဆိုင်တော့ပြီ” ဟူသော အသိကြောင့်ပင် သူ မထွက်သွားရသေးခင်၌ပင် လွမ်းလာမိတော့သည်။
သူ့ စိတ်ထဲတွင် ပထမဆုံးပေါ်လာသည့် သူမှာ သူ့အား ဆရာကြီး မြေးလေးဟု တယုတယ ခေါ်ကာ အကြော်ပိုထည့်ပေးတတ်သော လမ်းထိပ် မုန့်ဟင်းခါးဆိုင်မှ အဒေါ်ကြီး ဖြစ်သည်။
ထို့နောက် ဖုန်လူးသဲလူး ကစားဖော် ကစားဖက် ဖြစ်သော သူငယ်ချင်းများ ၊ သူ စာသွားမေးလေ့ရှိသော ဘေးအိမ်မှ အစ်မကြီး စသည်ဖြင့် နောက်ဆုံး အဖိုး အစာကျွေးလေ့ရှိသော သားဖွားခါနီး ခွေးမကြီး အထိ သူ့အာရုံထဲတွင် ပေါ်လာသည်။

DU LIEST GERADE
Neverland (Completed)
Kurzgeschichtenဟော တဂျုံးဂျူံး တဂျက်ဂျက် အသံကို မင်း ကြားရရဲ့လား... မင်း သိပ်တောင့်တနေတဲ့ Neverland ဆီကို အရောက်သွားဖို့ ကိုယ့်လက်ကို တွဲလို့ ထားပါကွယ်..