လူသားတို့သည် "၀ဋ်ဒုက္ခ" ဟူသည့် စကားလုံးကို မည်သည့်အရာအား ရည်ညွှန်းရန် သုံးနှုန်းကြပါသနည်း။
အဆမတန် နာကျင်သည့် အချိန်ကိုများလား၊ ဒါမှမဟုတ် စားရမဲ့ သောက်ရမဲ့ ဖြစ်ကာ အလွန်တရာ ဆာလောင် မွတ်သိပ်သည့် အချိန်ကိုများလား။
သူ ကျောက်သင်ပုန်းအပြည့် ဆရာမ တွက်ပြထားသော ပုစ္ဆာများ သို့မဟုတ် သူ့အတွက် အကြီးမားဆုံး ၀ဋ်ဒုက္ခကြီးများအား စိတ်ပျက်လက်ပျက် ကြည့်လိုက်မိသည်။
တကယ်တော့ ဤပုစ္ဆာများသည် သူ နားမလည်နိုင်လောက်အောင် ခက်ခဲနေသောကြောင့် မဟုတ်။သုံးကြောင်းလောက်နှင့်ပင် အဖြေထွက်နိုင်သော ပုစ္ဆာအား စာမျက်နှာ တစ်မျက်နှာ မကျော်ကျော်အောင် အကျယ်ချဲ့ထားသော ဆရာမ၏ တွက်နည်းကြောင့် သူ့မှာ ၀ဋ်ဒုက္ခ ခံစားနေရခြင်း ဖြစ်သည်။
အတတ်ကျူးကာ ကိုယ့်ထူးကိုယ်ချွန်လိုက်မိသော အတိုချုံ့တွက်နည်းများကြောင့် အနီရောင် ကြက်ခြေခတ်ကြီးများအပြင် ဆရာမထံမှ "လျှာမရှည်နဲ့" ဟူသော စကားကိုပါ ပူးတွဲ ချီးမြှင့်ခြင်းခံရသည်။
"ဒီမြို့ပေါ်က ကျောင်းတွေမှာ အမှတ်ပြည့်လိုချင်ရင် ဒီနည်းအတိုင်းတွက်။ ကိုယ့်ဘာသာ ကိုယ် စတန့်ထွင်ပြီး အမှတ်နည်းမှ လာမငိုပြကြနဲ့။"
ဆရာမ၏ ဤစကားတခွန်းအောက်တွင် မည်သူမျှ မညည်းတွားရဲကြတော့။ဆရာမ ခိုင်းထားသလို ပုစ္ဆာတစ်ပုဒ်အား ငါးခေါက်စီ ရေးသူများကရေး ၊ ပုစ္ဆာတစ်ပုဒ်လုံးအား အလွတ်ကျက်ရုံနှင့်တင် အားမရသေးသူက မေးခွန်းများပါ အလွတ်ကျက်ရင်းဖြင့် အလုပ်များကုန်ကြသည်။
စာမေးပွဲ မဆိုထားနှင့် ကျောင်းပင် မဖွင့်ရသေးသည်ကို အဘယ်ကြောင့်များ ရမှတ်အတွက် အသည်းအသန် ပူပင်သောက ရောက်နေကြမှန်း သူ နားမလည်နိုင်တော့။
တိတ်ဆိတ်မှုသာ ကြီးစိုးထားသည့် ဤအခန်းအတွင်းတွင် အပ်ကျသွားသော အသံ ကိုပင် ကြားနိုင်လောက်သည်။သူ့နံဘေး ပတ်ပတ်လည်ရှိ စာကုန်းရုံးရေးနေကြသူများအား ကြည့်ကာ ဘာရယ်ကြောင့်မှန်းမသိ သူ ဖိုးဖိုးနှင့်အတူ သွားလေ့ရှိသော လက်ဖက်ရည်ဆိုင်မှ ကြက်တူရွေးလေးအား သတိရသွားသည်။

ESTÁS LEYENDO
Neverland (Completed)
Historia Cortaဟော တဂျုံးဂျူံး တဂျက်ဂျက် အသံကို မင်း ကြားရရဲ့လား... မင်း သိပ်တောင့်တနေတဲ့ Neverland ဆီကို အရောက်သွားဖို့ ကိုယ့်လက်ကို တွဲလို့ ထားပါကွယ်..