အသစ်စက်စက် အင်္ကျီဖြူနှင့် အစိမ်းရောင် လုံချည်တို့အား တွဲဖက် ၀တ်ဆင်ထားသော သူ့အား သူမသည် အားကျသည့် မျက်၀န်းများဖြင့် ငေးကြည့်နေသည်။
"ငါ ဒီနေ့ ကျောင်းသွားအပ်တာလေ။"
သူ ပြောရင်းဆိုရင်းဖြင့် သူမ နံဘေး၌ ထိုင်ချလိုက်သည်။
"ငါ ဒီနှစ် ငါးတန်းရောက်ပြီ ဆိုတော့ ပုဆိုး၀တ်ရပြီ။ ဒါပေမဲ့ ငါ ပုဆိုးကောင်းကောင်း မ၀တ်တတ်သေးဘူး။"
သူ တတွတ်တွတ် ပြောသမျှအား သူမသည် ဘာမှ ပြန်မဖြေဘဲ သူ့ကျောင်း၀တ်စုံ၌သာ အကြည့်မခွာနိုင် ဖြစ်နေသည်။
"နင်က ကံကောင်းလိုက်တာ။"
သူမက ခပ်တိုးတိုးလေး ရေရွတ်ရင်း မျက်လွှာလေး ချလိုက်သည်။
"ဘာကို ကံကောင်းတာလဲဟ"
"ကျောင်းတက်ရလို့လေ။ ငါ့ကိုကြီးဆို ကျောင်း အရမ်းတက်ချင်ခဲ့တာ၊ သူသာ ကျောင်းတက်လို့ရရင် စာ အရမ်းတော်မှာ။"
အပြုံးလေး တ၀က်ရောရင်း သူမက ခပ်ဆွေးဆွေးလေး ပြောသည်။
"နင်ကရော"
"ငါကတော့ တက်ချင်တယ်၊ မတက်ချင်တယ် ဆိုပြီး မရှိပါဘူး။ ငါ့အမေက ပြောတယ်၊ အဲ့စာလုံးတွေထက် ထမင်းနပ်မှန်မှန် စားရဖို့က ပိုအရေးကြီးတယ်တဲ့။ ငါတို့လို လူမျိုးတွေက စိတ်ကူးယဉ်ခွင့် မရှိဘူးတဲ့။"
သူမသည် နားရည်၀နေသော စကားများအား ပြန်ပြောပြနေသည့်အလား ဘာခံစားချက်မှ မပါဘဲ ပေါ့ပေါ့ပါးပါး ရှိလှသည်။
"ဒါပေမဲ့ တခါတလေတော့ ကျောင်း၀တ်စုံ ၀တ်ကြည့်ချင်တယ်၊ ငါ့ကိုကြီးက ပြောတယ် အဲ့ဒီ ၀တ်စုံကို ၀တ်လိုက်ရင် လမ်းဘေးဆိုင်းဘုတ်တွေမှာ ရေးထားသမျှ နားလည်သွားမယ်တဲ့။"
"နင့်အကိုကြီးက အရူးပဲ။"
အကို ကို အထိမခံနိုင်သည့် သူမသည် သူ့အား မျက်စောင်းချိတ်သည်။
"ကျောင်း၀တ်စုံမှာ အဲ့လို ထူးထူးခြားခြား စွမ်းအားတွေ မရှိပါဘူး၊ ပိုပြီးတောင် ညစ်ပတ်လွယ်သေး။ နောက်ပြီး နင့်အကိုကြီးမို့သာ ဒီလောက် ပျင်းစရာကောင်းတဲ့ ကျောင်းကို တက်ချင်နေတာ။ ငါသာဆို နင်နဲ့ အတူ အမှိုက်ပဲ လိုက်ကောက်မှာ။"

YOU ARE READING
Neverland (Completed)
Short Storyဟော တဂျုံးဂျူံး တဂျက်ဂျက် အသံကို မင်း ကြားရရဲ့လား... မင်း သိပ်တောင့်တနေတဲ့ Neverland ဆီကို အရောက်သွားဖို့ ကိုယ့်လက်ကို တွဲလို့ ထားပါကွယ်..