“မည်သည့် အရာမဆို အပြောလွယ်၍ အလုပ် ခက်သည်”ဟူသည့် စကား၏ အနက်အား သူ ယခု ရှင်းရှင်းလင်းလင်း သဘောပေါက်သွားချေပြီ။
မလိုအပ်ခင်က မမြင်ချင် မတွေ့ချင်မှ အဆုံး ပေါများလှသည့် ဗူးခွံအလွတ်များသည် ယခု တကယ်လိုအပ်ပြီ ဆိုကာမှ မြေပဲလျှိုးသွားကြသည်လား သို့မဟုတ် မိုးပေါ်ကိုပဲ ပျံတက်သွားကြသည်လား။
အမှိုက် ဟူ၍ လေလုံးထွားကာ ပြောခဲ့သော်လည်း တကယ့်တကယ်၌ အမေ့၏ ဆီပုံးအလွတ်များအားလဲ သူ မထိရဲပေ။
အအေးလဲ မသောက်၊ လက်ဖက်ရည်လဲ မသောက်သည့် သူတို့အိမ်၌ တခြားဗူးခွံအလွတ်ဆိုသည်မှာ မူးလို့ပင် ရှူစရာ မရှိ။
အကြံကုန်၍ ဆားပင်မချက်နိုင်ဘဲ ဂဠုန်ပက်လက် ဖြစ်နေသည့် သူ့အတွက် နောက်ဆုံး ကယ်တင်ရှင် တစ်ယောက် ပေါ်ထွက်လာခဲ့သည်။ တခြားသူတော့မဟုတ် ၊ တနေ့လျှင် လက်ဖက်ရည် ဆယ့်ငါးခွက် လောက်မှ မသောက်ရလျှင် မနေနိုင်သည့် သူ့ကျူရှင်ဆရာမပင် ဖြစ်သည်။
လက်ဖက်ရည်ပူပူကို ကြွပ်ကြွပ်အိတ်ထဲလဲ မထည့်ချင်၊ ခွက်ဆေးရမည်ကိုလဲ ပျင်းသော ဗီဗီအိုင်ပီ သူ့ဆရာမ အတွက် ဆိုင်မှ နို့ဆီဗူးထဲသို့ ထည့်လာပေးလေ့ရှိသည်။ထို့ကြောင့် ဆရာမ အိမ်၌ ရှိသော အပေါဆုံး အရာကို ပြောလျှင် နို့ဆီဗူးများမှာ လက်ညှိုးညွှန်၍ မလွဲ။
သို့ဖြစ်၍ သူ့မှာ နို့ဆီဗူး မျက်နှာကြောင့် ဆရာမ၏ အသဲကျော် လက်စွဲတော်လေး ဖြစ်လာစေရန် အားထုတ်ရလေပြီ။
ဆရာ ဟူသည် ကျောင်းသား၏ အရိပ်အခြေကို ကြည့်ရာ၌ ချက်ဆို နားခွက် မီးတောက်ပြီးသား ပင် မဟုတ်ပါလား။
ဤသို့ဖြင့် အထာနပ်သွားသော သူ့ဆရာမသည် သူ့အား စာလုပ်ရန် နို့ဆီဗူးဖြင့်ပင် ငါးစာချလေတော့သည်။
ငါးမျှားချိတ်မှန်း သိလျက်နှင့်ပင် မဟပ်ရ မနေနိုင်သည့် သူကတော့ ဘ၀တွင် ပထမဦးဆုံး အကြိမ်အဖြစ် နှစ်နာရီတိတိ စာကြည့်စားပွဲ၌ ကော်နှင့်ကပ်ထားသလို ထိုင်ဖူးခဲ့လေပြီ။
...............................
“အများကြီးပဲ မဟုတ်လား။”
သူ ကမ်းပေးသည့် အိတ်ကြီးအား အနုလုံ ပဋိလုံ စစ်ဆေးနေသည့် သူမ အား တချက်စောင်းကြည့်ရင်း ခပ်ကြွားကြွားလေး မေးလိုက်သည်။
“ဒါတွေ အကုန်လုံးကို တပတ်လုံးလုံး စုထားတာလား။”
“အင်း။”
“တပတ်လုံးလုံး စုထားတာတောင် ဒီလောက်ပဲ ရတာလား။”
သူ မျှော်လင့်ထားသည့် စကားသံအား မကြားရသည့်အပြင် အပြစ်တင်ပါခံရလေတော့ သူ အနည်းငယ် မကျေမချမ်း ဖြစ်သွားမိသည်။
သူ့မှာ ဒီလောက် ပမာဏ ရဖို့ အရေး တပတ်လုံးလုံး သူ၏ အလွန့်လွန် တန်ဖိုးရှိသည့် အချိန်များကို စာလုပ်ရင်း ကုန်ဆုံးခဲ့ရသည် မဟုတ်ပါလား။
“မယူဘူးဆိုလဲ ပြန်ပေး။”
သူ ဟန်ပြဆွဲယူလိုက်သော အိတ်၏ အခြားတစ်ဖက်အား သူမက မလွတ်တမ်း ဆုပ်ကိုင်ထားသည်။
“ဘယ်သူက မယူဘူး ပြောနေလို့လဲ။”
စူးကနဲ ထွက်လာသည့် အသံစာစာလေးကြောင့် သူ ပြုံးလိုက်မိသည်။
“ဒါနဲ့ နင် ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို မပြောတတ်ဘူးလား။”
သူ လက်ကို ဟန်ပါပါ ပိုက်ရင်း မေးခွန်းထုတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ရန်ပြန်တွေ့မည်ဟု အောက်မေ့ထားသော်လည်း ခပ်တိုးတိုး ထွက်လာသည့် စကားသံလေးကြောင့် သူပင် အင်တင်တင် ဖြစ်သွားသည်။
“ရပါတယ်၊ သူငယ်ချင်း အချင်းချင်းတွေပဲ။”
“သူငယ်ချင်း”
တအံ့တဩ ရေရွတ်လိုက်သည့် သူမ သည် မျက်လုံးလေးများပါ ဝိုင်းတက်သွားသည်။
“အင်းလေ သူငယ်ချင်းမို့လို့ နင့်အတွက် ဒီဗူးတွေကို အပင်ပန်းခံပြီး ရှာလာပေးတာပေါ့။ သူငယ်ချင်းဆိုတာ တစ်ယောက်ကို တစ်ယောက် ကူညီရမယ်လို့ ငါ့အဖွား ပြောထားဖူးတယ်။”
“အဲ့လိုလား”
အူတူတူလေး ပြန်မေးခွန်းထုတ်လာသည့် သူမကြောင့် သူ အားမလိုအားမရ ပိုဖြစ်လာသည်။
“အင်း အဲ့လိုပေါ့။ ကဲ အရင်က နင် မသိသေးဘူးဆိုတော့ ဒီနေ့ကစပြီး တရား၀င် သူငယ်ချင်း ပြန်လုပ်မယ်။ ဟုတ်ပြီလား။”
သူမက အူတူအတ ပုံစံမပျောက်သေးဘဲ ခေါင်းညိတ်ပြသည်။
“ကဲ အရင်ဆုံး ငါတို့ အချင်းချင်း မိတ်ဆက်ရအောင်။”
“မိတ်ဆက်ရမယ်..”
“မိတ်ဆက်တယ် ဆိုတာ ကိုယ့်အကြောင်း ကိုယ်ပြောပြရတာ။ ငါ အရင် လုပ်ပြမယ်။ ငါ့နာမည်က တည်သုတ၊ အသက်က ဆယ်နှစ်..”
“နင့်နာမည်ကြီးက ဘာကြီးလဲ မသိဘူး။”
သူ့မိတ်ဆက်ခန်း မဆုံးသေးခင်မှာပင် သူမက ခေါင်းလေးကုတ်ရင်း ကြေညာ၀င်လာသည်။
“ငါ့အဖွားက ငါ့နာမည်ကို တည် ဆိုတာ တည်တံ့တယ်ဆိုတဲ့ စကားလုံးက ယူထားပြီး သုတ ဆိုတာ အသိပညာ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပေါင်းပြီး ပေးထားတာ။ နင့်လို လူပိန်းတွေ နားလည်အောင် ပြောရရင် “ပညာရှိ” ဆိုတဲ့ အဓိပ္ပါယ် ပေါ့ဟာ။”
“နင့်နာမည်ကြီးက ရှုပ်နေတာပဲ။”
သူ့ဘ၀တွင် သူ တစ်ခုတည်းသော ဂုဏ်ယူမဆုံးဖြစ်သည့် နာမည်ကို ထိခိုက်လာသောကြောင့် မခံမရပ်နိုင် ဖြစ်သွားမိသည်။
“ဒါဆို နင့်နာမည်က ဘယ်လိုခေါ်လဲ။ ဂျမ်းဘုံတို့ အေးဆုံတို့ပဲလား။”
သူ ခပ်ထေ့ထေ့လှောင်ကာ မေးလိုက်သော်လည်း သူမကတော့ ပန်းနှင့် ပေါက်ခံရသည့်အလား တခစ်ခစ် ရယ်မောသည်။
“ ကံ့ကော်”
“ဟင်”
“အဲ့ဒါ ငါ့နာမည်လေ၊ ကံ့ကော်”
အဝါရောင် ၀တ်ဆံမှုန်တို့အား အဖြူရောင် ပွင့်ချပ်ချပ်များ ခြံရံထားပြီး ရိုးရှင်းစွာ လှပနေသည့် ပန်းလေး တစ်ပွင့်သည် သူ့အမြင်အာရုံထဲတွင် ထင်ဟပ်လာသည်။

KAMU SEDANG MEMBACA
Neverland (Completed)
Cerita Pendekဟော တဂျုံးဂျူံး တဂျက်ဂျက် အသံကို မင်း ကြားရရဲ့လား... မင်း သိပ်တောင့်တနေတဲ့ Neverland ဆီကို အရောက်သွားဖို့ ကိုယ့်လက်ကို တွဲလို့ ထားပါကွယ်..