ဘယ်လိုတောင် ကြည်နူးစရာကောင်းလိုက်တဲ့အိပ်မက်ကလေးလည်း...
အိပ်မက်ထဲမှာ ကျွန်မကဇင့်လက်လေးကို ကိုင်ပြီး ကျောင်းပိတ်တဲ့ရက်အတောအတွင်း ဇင့်ကို ဘယ်လောက်ထိလွမ်းနေရကြောင်းကို ကျွန်မကပြောပြနေတာလေ။
ဇင်ကလည်း ကျွန်မပြောပြနေတာကို ပြုံးပြုံးလေးနားထောင်နေရင်း ကျွန်မလက်လေးကို ပြန် ဆုပ်ကိုင်ထားတယ်။
အား...ကြည်နူးစရာကောင်းလိုက်တာ။
အိပ်မက်ထဲကလို အပြင်မှာ တကယ်ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။
ဒါပေမယ့် ကျွန်မအမြတ်တနိုး ကိုင်ထားတဲ့ ဇင့်လက်လေးတွေက အိပ်မက်ထဲမှာဆိုပေမယ့် အပြင်မှာလည်း တကယ်ကိုင်ထားရသလိုဘဲ ကျွန်မခံစားနေရတယ်။
ထူးဆန်းလိုက်တာ...အိပ်မက်ထဲမှာ ကျွန်မနာမည်ကိုခေါ်နေတဲ့ ဇင့်ရဲ့အသံကလည်း နားထဲမှာ ကိုယ့်ဘေးကနေ တကယ်ခေါ်နေသလိုဘဲ။
"နွေး..."
ဟော...ဇင့် ရဲ့ 'နွေး'ဆိုတဲ့ခေါ်သံက ဒီတစ်ကြိမ်မှာတော့ တကယ့်ကို ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသားကြီးကိုကြားနေရတယ်။
ဘာပါလိမ့်...ဒါ အိပ်မက်ရော ဟုတ်ရဲ့လား။
ကြည်နူးစရာကောင်းတဲ့ အိပ်မက်လေးကိုမပျောက်ပျက်သွားစေချင်ပေမယ့် ကျွန်မ မျက်လုံးတွေကို အားယူဖွင့်ရင်း အိပ်ပျော်ရာကနေ နိုးထစေခဲ့တော့....
"ဇင်,,,,"
ဗုဒ္ဓေါ ...ကျွန်မက အိပ်မက်ထဲမှာတင်မဟုတ် အပြင်မှာပါ ဇင့်ကိုမြင်နေရတာဘဲ။
"နွေး...ငါ့လက်ကိုလွှတ်ပေးဦးလေ...ငါပစ္စည်းတွေနေရာချရဦးမယ်"
"ဟင်...လက်ကိုလွှတ်ပေးရမယ်"
အိပ်ချင်မူးတူးဖြင့် ပြောလိုက်သည့် ကျွန်မရဲ့စကားအဆုံးမှာ ဇင်က ကျွန်မရင်ဘတ်ကို လက်ညိုးထိုးပြီး..
"နင် ငါ့လက်ကိုကိုင်ထားတာ...တော်တော်ကြာနေပြီ။အဲ့တာကြောင့်မို့ လွှတ်ပေးဦးလို့ပြောတာ"
အိုး...ခိုင်..မော့,,,,ကျွန်မက အိပ်မက်ထဲမှာဘဲ ဇင့်လက်ကိုကိုင်ထားတယ်ထင်တာ