မနက်ခင်းနေမင်းကြီး၏လင်းရောင်ခြည်တန်းက နတ်သမီးလေးတစ်ပါးသဖွယ် လှပသော ကောင်မလေးတစ်ယောက်၏ပါးပြင်ပေါ်သို့ ဖြာကျနေ၏။
နွေးထွေးစွာဖြင့် ကျရောက်နေသော ထိုရောင်ခြည်တန်းသည် ယင်းနတ်သမီးလေး၏ ပါးပြင်ပေါ် ၌ ကြာကြာမကျရောက်နေဘဲ တစ်စုံတစ်ရာ၏ တားဆီးမှုကိုခံလိုက်ရ၏။
ထိုအရာကတော့ မိမိချစ်သူနှစ်ခြိုက်စွာအိပ်ပျော်နေတာကို ဘယ်အရာကြောင့်နဲ့မှ မနိုးသွားစေချင်သည့် ကောင်မလေးတစ်ယောက်၏ လက်ဖ၀ါးနုနုပင်။
လက်တစ်ဖက်ဖြင့် နေရောင်ကိုကာထားပြီး လက်တစ်ဖက်ဖြင့် ချစ်သူရဲ့နဖူးစပ်မှ ဆံစများကို သပ်တင်ပေးနေသည့် ၀င့်ဖူးသဇင်။
မြတ်နိုးခြင်းအပြည့်ဖြင့် သူမရဲ့မျက်၀န်းတို့ကို နွေးနေခြည် နိုးလာပြီး အကြည့်ချင်းဆုံမိပါက ပါးထက်၌ ရှက်သွေးများလွှမ်းသွားမည်လော။
သူမရဲ့အကြည့်တို့ကို မခံနိုင်စွာ မျက်လွှာလေးချ၍ နေမည်လော။
လော ...ပေါင်းများစွာဖြင့် နွေးနေခြည်၏ချစ်စရာကောင်းမှုတို့ကို မျက်လုံးထဲမြင်ကာ တွေးနေမိသည့် ၀င့်ဖူးသဇင်ဟာ နေ့တစ်နေ့၏ အစ၌ပင် အပြုံးပန်းများပွင့်လန်းနေခဲ့၏။
တစ်ညလုံး ၀င့်ဖူးသဇင်၏ရင်ခွင်ထဲမှာ ကောင်းမွန်စွာ အိပ်ပျော်သွားခဲ့သည့် နွေးနေခြည်လည်း စိတ်ကြည်လင်စွာနဲ့ အိပ်ရာမှနိုးလာခဲ့၏။
နိုးလို့ မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ သူမ၏ အမြင်အာရုံ၌ ပထမဦးဆုံးပေါ်လာခဲ့တဲ့ ချစ်ရိပ်များလွှမ်းမိုးနေသည့် ၀င့်ဖူးသဇင်၏ မျက်နှာလှလှကြောင့် ရှက်ပြုံးလေးတစ်ခုက နှုတ်ခမ်းထက်အလိုအလျှောက်ပေါ်ပေါက်လာခဲ့သည်။
"မောနင်း...နွေးလေး"
"မောနင်း...ဒါနဲ့ ဇင် နိုးတာကြာပြီလား"
"သိပ်တော့မကြာသေးပါဘူး...ဘာဖြစ်လို့လဲ"
"နိုးနေတာကို ဘာလို့မထသေးဘဲ အဲ့လိုကြီးကြည့်နေတာလဲ သိချင်လို့လေ...ဘာလဲ ငါအိပ်နေတာက ကြည့်ရဆိုးနေလို့လား"