-01-

2K 146 14
                                    

[ Unicode ]

ပြတင်းတံခါးဆီက တိုးဝင်လာတဲ့ လေပြည်လေညင်းတွေက တိုးသဲ့သဲ့။ မနက်ဆယ်နာရီဆိုတာ ကောင်းမွန်တဲ့ လင်းရောင်ခြည်ကို ရရှိပိုင်ဆိုင်ထားသင့်တဲ့ အချိန်တစ်ခုဖြစ်ပေမယ့် ကောင်းကင်တစ်ခွင်က အခုအထိ မှောင်မဲနေလျက်သား။ အချိန်တွေ ကုန်ဆုံးသွားတာနဲ့လိုက်ပြီး တစ်ချက်တစ်ချက် အားခပ်ပြင်းပြင်း တိုက်ခတ်ချင်နေတဲ့ လေတွေကြောင့် ထွန်းညှိထားတဲ့ ရေနံဆီမီးခွက်လေးက ဆက်ပြီးအံတုနိုင်ခြင်းမရှိ ငြိမ်းသေသွားတော့တယ်။

ဒီအဖြစ်အပျက်ကို အခုအချိန်မှာ နှလုံးသားတစ်ခုလုံး ကြေမွပျက်စီးသွားလုမတတ် ထိရှနာကျင်နေရတဲ့သူက ဘယ်လိုစွဲချက်တို့နဲ့ အရေးဆိုရပါမလဲ...

" သခင်လေး သူတို့ရောက်လာပါပြီ "

စည်းချက်ညီညီနဲ့ ညင်သာဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့တဲ့ တံခါးခေါက်သံသုံးချက်နဲ့အတူ ကြားလိုက်ရတဲ့ အသံတစ်ခုအဆုံး ရိပေါ်က မျက်နှာထက်က အဆင်ပြေနေပြီးသား မျက်နှာချေတွေကို ခပ်ထူထူဖြစ်သွားအောင် ထပ်ပြီးခြယ်သတယ်။ နားထဲမှာ ကြားယောင်နေမိတာကတော့ ၊

" ရိပေါ်ရယ်... ရိပေါ် ကိုယ်ကလေ မင်းရဲ့အခုရှိရင်းစွဲမျက်နှာလေးကိုရော၊ မျက်နှာချေမှုန့်တွေနဲ့ မျက်နှာလေးကိုပါ သဘောကျပါတယ်ကွာ "

ပြီးတော့...

" ဒါပေမဲ့လည်း ရိပေါ်ရယ်... အခြားသူတွေက မင်းရဲ့ဘာမှမလိမ်းထားတဲ့ မျက်နှာချောချောလေးကို တွေ့သွားမှာကိုတော့ဖြင့် ကိုယ်ကသဘောမနောကောင်းကောင်းနဲ့ ဒီအတိုင်းပဲရှုစိမ့်မနေနိုင်ဘူးလေ ကိုယ့်အသည်းအသက်ရဲ့ "

ဆိုတဲ့ လသာညတွေမှာ နှစ်ယောက်တည်းအတူရှိနေချိန် အစ်ကိုကရိပေါ်ကို ပွေ့ဖက်ရင်း တီးတိုးတီးတိုးနဲ့ သဖန်းပိုးလေးလုပ်ကာ ချွဲ့နွဲ့သလိုပြောထားခဲ့ဖူးတဲ့ ဒီစကားတွေကိုပဲဖြစ်တယ်။

လေပြည်တစ်ချက်အသော့မှာ ခပ်သိပ်သိပ်ကပ်ပါလာတဲ့ ဂန္ဓမာအဖြူရောင်တွေရဲ့ ပန်းရနံ့ကိုအစွဲပြုလို့ နှလုံးသားဆီက ထိရှခြင်းတွေက ဝမ်းနည်းခြင်းအသွင်ကို လက်ငင်းကူးပြောင်းတယ်။ လှမ်းကြည့်လိုက်မိတဲ့ မျက်စိအရှေ့က ကြေးမုံမှန်ပေါ်မှာမြင်နေရတဲ့ ရိပေါ်ရဲ့ပုံရိပ်ယောင်က အဖြူရောင်ဝတ်စုံကိုဝတ်ထားတဲ့အပြင် အစ်ကိုမြတ်နိုးတယ်ဆိုတဲ့ မျက်ရစ်မရှိတဲ့မျက်လုံးတွေကလည်း မျက်ရည်တွေတသွင်သွင် စီးကျလို့နေခဲ့တယ်။

One Glance To The End Of The HeavenWhere stories live. Discover now