041 - ပြီးဆုံးအောင် လုပ်ရမယ်
ရှောင်ရန် ဂျိန်းန်လက်ကို တွန်းထုတ်လိုက်ပြီး စူးစူးရှရှ အမုန်းအပြည့်နဲ့ စိုက်ကြည့်လိုက်တယ်။
“ကာနယ် ဝေါလ်လီ ... အဲဒီ ဟာသက လုံးဝ မရယ်ရဘူး”
“စိတ်ဆိုးတာလား”ရှောင်ရန် မတ်တတ် ရပ်လိုက်တာကို ဂျိန်းန်က အကြည့် မလွှဲပဲနဲ့ကို လိုက်ကြည့် နေခဲ့တယ်။
“ဒီလိုပုံစံနဲ့ ... ကျွန်တော်တို့ နှစ်ယောက်စလုံး ဘယ်သူမှ သုတေသန ဆက်မလုပ်ချင်တော့ဘူး”ရှောင်ရန်ရဲ့ အမူအရာကလည်း အေးစက် လာခဲ့တယ်။
သူ့ရဲ့ သုတေသန ဒေတာတွေကို ဖိုင်နဲ့ သိမ်းဆည်းပြီးတော့ သုတေသန အခန်းထဲကနေ ထွက်လာခဲ့တယ်။
“ကိုတို့ ညစာ ဘယ်သွား စားကြမလဲ” ဘယ်နေရာမှာ စားတယ် ဆိုတာက အရေးမပါဘူး ... အဲဒီနေရာမှာ ခင်ဗျား ရှိနေမှာပဲ မဟုတ်လား။ အဲဒါက ပြဿနာပဲလေ။
ရှောင်ရန် ဂျိန်းန်ကို တကူးတက ပြန်ဖြေမနေတော့ပဲ စိတ်ထဲကနေသာ အော်ဟစ် နေခဲ့တော့တယ်။
ဘာလို့ ဒီလူလဲ။ မင်းဘာလို့ အိပ်ပျော် သွားရတာလဲ။
မင်းဘာလို့ ဒီလို အိပ်မက်မျိုး မက်ရတာလဲ။ ဘာလို့ ဂျိန်းန်ဝေါလ်လီ လာမတ်တတ်ရပ်တဲ့ အချိန်ကျမှ နိုးလာရတာလဲ။ အား ... သူသာ အဲဒီ နေရာမှာ တစ်ချိန်လုံး ရှိနေခဲ့ရင် ... ရယ်ရလွန်းလို့ ဆိုပြီး တက်တောင် သွားလောက်တယ်။ သူတို့ အခြား သုတေသန ဓာတ်ခွဲခန်းနား ဖြတ်လျှောက်မိချိန် ... ရှောင်ရန် အရှိန်မြှင့် လိုက်ပြီးတော့ ဂျိန်းန်နဲ့ ကွာသွားအောင် ကြိုးစားလိုက်တယ်။
အဲဒီအားစိုက်မှုက အချည်းအနှီး ဆိုတာ သူသိပေမဲ့လည်းပေါ့။ အာ ... မေ့လိုက်ပါတော့။ ကိစ္စမရှိတော့ပါဘူး။ ဒီလူ့ကို သူ့ဘဝမှာ တစ်ခါလောက် ကောင်းကောင်းရယ်ခွင့် ပြုလိုက်မယ်။
သူတို့ နောက်ထပ် သုတေသနခန်း တစ်ခုကို ထပ်ဖြတ် သွားမိတဲ့အခါ ရုတ်တရက် အချက်ပေးသံက လေထုထဲကို ထိုးဖောက် လာခဲ့တယ်။ နောက်ဆုံး အချက်ပေးသံရဲ့ မှတ်ဉာဏ်တချို့က ရှောင်ရန်စိတ်ထဲကို သတိပေးလိုက် သလို ဖြစ်သွားတာကြောင့် ချက်ချင်းဆိုသလို ရှောင်ရန်ရဲ့ပခုံးတွေ မတ်သွားခဲ့တယ်။ သူ့ဝမ်းဗိုက်က တဆစ်ဆစ် နာကျင်မှုက လျှပ်စစ် စီးကြောင်းလိုပဲ သူ့ကိုယ်ထဲကနေ ဖြတ်သွားပြီးတော့ ဦးနှောက်ထဲကို စီးဝင်သွားတယ်။