P-9
အိမ်ရှေ့ကားရပ်လိုက်သည်နှင့် တန်းခနဲပြေးလာသည့်အရိပ်ကလေးကိုတွေ့တော့ နိုင်းဆက် နှာခေါင်းရှုံ့မိသည်။အပြင်တူတူထွက်ပါသည်ဆိုမှ အောင်က ရုတ်တရက်ကြီးဖုန်းလာ၍ ကိစ္စရှိသည် ဆိုကာ တက္ကစီနှင့် အရင်ထွက်သွားခဲ့သည်။တားလို့တောင်မမီလိုက်တာမို့ နိုင်းဆက် အစာမကြေဖြစ် နေစဉ် မျက်လုံးတလက်လက်နှင့်အနားရောက်လာသည့်ကောင်လေးအပေါ်ဒေါသကပိုချင်သည်။
“ဘာလဲ. မင်းက”
“milk shake လေ။ကျွန်တော်မှာလိုက်တဲ့ဟာလေး”
“ငါက ဘာလို့ဝယ်လာရမှာလဲ။အဓိပ္ပာယ်မရှိတာ။မပါဘူး”
ထိုအခါတွင်လက်နေသည့်မျက်လုံးတွေကချက်ချင်းပင်မှေးမှိန်ကျသွားသည်များ အစာရေစာမစားရ သည့်ခွေးပေါက်ကလေးသဖွယ်။ဒီလိုရုပ်ဆိုးဆိုးကောင်လေးကလည်း ဘယ်လိုလုပ်တောင်ချစ်ဖို့ ကောင်းအောင်လုပ်တတ်ရပါလိမ့်။ မျက်နှာအမူအရာအမျိူးမျိူးက နိုင်းဆက်ချစ်သူ သူလေးကို သာ သတိရစေသည်။
“ကိုနိုင်းက ဘယ်အချိန်က ဒီလောက်စိတ်ပုတ်တတ်သွားရတာလဲ။အရင်က အဲ့လိုမဟုတ်ပါဘူး။ခု ဒါလေးမှာလိုက်တာဘယ်လောက်များအပန်းကြီးနေလို့လဲ။လမ်းလည်းကြုံနေတာကိုး တစ်ခွက် လောက်ဝယ်ခဲ့လိုက်တော့ ဘယ်သူက ဘာလုပ်မှာမို့လို့လဲ။ဒါလေးတောင် ကျွန်တော့်ကိုမသဒ္ဒါပေး နို်ငတာ သိပ်အံ့သြဖို့ကောင်းတာပဲ။”
သူပြောချင်တာတွေ ဇိုးဇိုးဇတ်ဇတ်ပြောကာ အိမ်ထဲတန်းခနဲဝင်သွားသည့် သူလေး ကိုကြည့်ကာ နိုင်းဆက် ခမျာ အဖြေရှာမရ။သူက အလုပ်သမားလား။ကိုယ်ကအလုပ်သမားလားလည်း မသဲကွဲ။ ပြီးတော့ သူလေးနောက်ကျောကိုကြည့်ရင်း ရှုပ်နေသည့်စိတ်နှင့်တည်တင်းနေသည့်မျက်နှာသည် ခွိခနဲဖြစ်သွားရသည်။အကြောင်းမူကား သူလေး၏ဘောင်းဘီတင်ပါးတည့်တည့်တွင် လက်မဝက်ခန့် ပြဲရာက တိတိကျကျပင်ရှိနေရကာ အတွင်းခံဘောင်းဘီသားလေးကိုမြင်နေရခြင်းပင်ဖြစ်သည်။
ဒါတင်မကသေး။သူ့ရယ်သံကြောင့်ဖြတ်ခနဲလှည့်ကြည့်လာသည့် သူလေးဆိုသည့်ကောင်လေး၏ အကြည့်တွင် နိုင်းဆက် နှလုံးသားပြုတ်ကျသွားသလိုတောင်ခံစားသည်။အကြည့်သည် သူပိုင်အောင်၏အရိပ်တွေကိန်းအောင်းနေလေသည်။
သူလေးကြည့်တတ်သည့်အကြည့်…။ပြောတတ်သည့်စကား…။ပြုမူတတ်သည့်အပြုအမူ..။