Part-6
“ကိုနိုင်းတို့ခြံက ကောင်လေးကို ဖေဖေ ခေါ်ပေးလိုက်တာဆို။အလုပ်ဖြုတ်ပစ်လိုက်ပါလား။ကျွန်တော် သူ့ကိုမကြိုက်ဘူး”
ညနေပိုင်း အလုပ်ထွေထွေထူးထူးမရှိဘဲ ပြန်လာခဲ့တာမို့ ဦးဇော်အောင် ခြံထဲက သစ်ပင်ရိပ်တွင် အေးအေးလူလူထိုင်နေစဉ် ဘေးကို အောင်က ရောက်လာသည်။အင်္ကျီလက်ပြတ်အဖြူ. ဘောင်းဘီအဖြူနှင့် သားက ဒီညနေလည်း အပြင်ထွက်ဦး မည့်ပုံစံဖြင့်ဖြစ်သည်။
“ဘာဖြစ်လို့လဲ သားရဲ့။ နိုင်းဆက်က ဖေဖေ့ကိုဘာမှပြောမလာပါဘူး။ပြီးတော့ အဲ့ကောင်လေးက လည်းရည်ရည်မွန်မွန်လေးပါ။”
“သူ့ပုံစံကို မကြိုက်ဘူး ဖေဖေရဲ့.။နိုင်းကို ဆက်မထားဖို့ပြောပေးပါနော်.”
“ခက်ပြီ ကွယ်။သား မကြိုက်ဘူးဆိုတာနဲ့ သူ့ဘာသာအေးဆေးနေတဲ့ ကောင်လေးကို ဘာလို့အလုပ်ဖြုတ်ရမှာလဲ။ နိုင်းဆက်က ခါတိုင်း သားကို အလိုလိုက်ပေမယ့် အလုပ်မဟုတ်တာကိုတော့ မလိုက်လျောတတ်တာလည်း သား သိရဲ့သားနဲ့.။”
ဦးဇော်အောင် ထံမှလည်း အလားအလာမရှိသည့်အခါ အောင် ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်ရင်း မျက်နှာမသာမယာဟန်ဖြစ်သွား သည်။နိုင်းဆက်က မနေ့ကတည်း စိတ်ဆိုးပြီး ဖုန်းဆက်တော့လည်းမကိုင်။သူ့ခြံထဲတော့ သူလေး ရှိနေတာမို့ အောင် မသွားချင်။
“နိုင်းက ဒီလိုအလုပ်သမားကိစ္စလေးတောင် မလိုက်လျောပေးနိုင်တာ ကျွန်တော့်ကိုမချစ်တော့လို့များလား။”
“သူပိုင်အောင် တို့ပေါက်တတ်ကရက ပြောပြီ။ဟိုကဖြင့် လက်ထပ်ချင်တာ တစ်ပိုင်းသေနေပြီ။သားပဲ အလုပ်ကောင်းကောင်းမလုပ်ရသေးဘူး။ လည်ပတ်ရဦးမယ်.လူပျိူလုပ်ချင်သေးတယ်နဲ့ အကြောင်းအမျိူးမျိူးပြနေခဲ့တာလေ။ပြီးတော့ အကြောင်းမရှိဘဲ သား ကသူများကို သက်သက်မဲ့အမြင်မကတ်ဖူးပါဘူး။ဒီလိုကလေးလည်းမဟုတ်ဘူး.”
မျက်မှန်အောက်ကနေ ပင့်ကြည့်လာသည့် ဦးဇော်အောင် မျက်လုံးတွေကြောင့် အောင် အနေကျူံ့သလိုခံစားလိုက်ရသည်။ သူပိုင်အောင်ဆိုသည့် ရုပ်နှင့်ဖြစ်ပေမယ့် စိတ်အနေအထားချင်းတော့မတူတာမို့ သိသိသာသာကြီး ခြားနားနေမှာကို အောင် စိုးရိမ်သည်။ သူ ဒီနေရာကနေ ဘယ်ကိုမှ မသွားချင်သလို ဒီခန္ဓာကိုယ် ကိုလည်း မလဲပေးနိုင်။အစစပြည့်စုံချမ်းသာသည့် ဒီဘဝ မှာနေရတာ သူပျော်နေပြီဖြစ်သည်။တစ်ခါမှမရဖူးသည့် ချမ်းသာမှုတွေ-မထိတွေ့မကိုင်တွယ်ဖူးသည့် ငွေကြေးပမာဏတွေက အောင့် အတွက်တော့ မက်မောစရာကြီးပင်ဖြစ်သည်။