#Unicode
မနက် ၈ နာရီ ....ကြီးမားသည့် ခြံဝန်းကြီး တစ်ခု ၏ အနောက်ဘက်တွင်တော့ ၁၄ နှစ်အရွယ် ကောင်လေး တစ်ယောက် မှာ ကြက်ဖကြီး သုံးကောင်နှင့် အလုပ်ရှုပ်လျှက်ရှိသည်။
"တွန်စမ်း... ငါပြောနေတယ် မဟုတ်လား။ သုံးကောင်လုံး တညီတညွတ်တည်း တွန်ရမယ်။ မဟုတ်ရင် မင်းတို့ကို ကြက်ဖ ကနေ ကြက်မ ဖြစ်အောင်လုပ်ပစ်မယ်။" ထိုကောင်လေးက ဟန်ပါပါ နှင့် မာန်မဲလိုက်သည်။ သူ့မျက်လုံးထဲမှာ အေးစက်စက် အလင်းတန်းတွေက ဖြတ်သန်းသွား၏။
ကြက်သုံးကောင်က ကြောက်လန့်သွားသလို အတောင်ပံတွေ တဖြတ်ဖြတ် ထခတ်မိလိုက်ကြ၏။
"ဒီအချိန် အတိအကျနော်။ မှတ်ထားမယ်။ တွန်စမ်း" ပြောရင်းနှင့် ကောင်လေးက လက်ထဲမှာ ဓားကို ဆလိုက်သည်။
"အောက်အီးအီးအွတ်"
"အဲလိုမှပေါ့ ။ လိမ်မာတယ်။ ငါက နောက်ဆိုရင် ဒီအချိန်မှာ နေ့တိုင်း အိပ်ရာထမယ်။ မင်းတို့က ငါ့ကို တွန်ပြီး လာနှိုးရမယ်။ ဟုတ်ပြီလား" ကောင်လေးက သဘောတကျ ပြောကာ ပြုံးလိုက်သည်။ ထိုအပြုံးမှာ မိစ္ဆာဆန်လှ၏။
ထိုအပြုံးကို မြင်တော့ ကြက်ဖကြီး သုံးကောင်က အမွေးတွေ ထောင်ထတော့ မတတ် တုန်လှုပ်သွားကြသည်။ ဤလူသားကား အလွန်ပင် ရက်စက်လှသူ ဖြစ်တော့သည်။ ကြက်ဖဆိုသည့် အမျိုးမှာ မနက်လင်းခါနီးအချိန်တွင် တွန်တတ်သည် မဟုတ်လော။ သို့သော်ငြား ၎င်းလူသားက မနက်မိုးလင်းပြီး ရှစ်နာရီ အချိန်တွင်မှ တွန်ခိုင်းနေသည်။ သူတို့ မည်ကဲ့သို့ တွန်ချင်မည်နည်း။ သို့ပေမဲ ့မတွန်၍ လည်း မရပေ။ သူတို့ မျက်စိရှေ့တွင် မျိုးနွယ်တူ ကြက် အကောင်သုံးဆယ် တိတိ အသတ်ခံလိုက်ရပြီ မဟုတ်လော။ သတ်ရုံတင် မက .. ကင်ပြီးတော့ ရှေ့တွင် စားပြလိုက်သေးသည်။ ထို့ကြောင့် ကြက်ဖများမှာ မတွန်ချင်လည်း တွန်ရပေတော့သည် တမုံ။
...........
အီကင်းတဲမြို့ ...
အီကင်းတဲမြို့မှာ စီးပွားရေးမြို့ကြီး တစ်ခု ဖြစ်ပြီး အဓိက မြို့ကြီးပေါင်း ငါးဆယ်ကျော်ကို ကူးသန်း သွားလောက်နိုင်သည့် တစ်ခုတည်းသော ဆုံချက် မြို့တစ်ခုဟု ပြော၍ ရနိုင်သည်။ လူမျိူးစုံတို့မှာ အီကင်းတဲမြို့ကို ဖြတ်သန်းပြီးမှသာလျှင် ထိုငါးဆယ်ကျော်သော မြို့ဆွေဆီသို့ ရောက်ရှိနိုင်၏။ စားသောက်ဆိုင် ၊ ကုန်သွယ်လုပ်ငန်း ၊ လှေဆိပ် ၊ ပြည့်တန်ဆာအိမ် နှင့် လောင်းစကားရုံ တို့ ပေါကြွယ်ဝ သည့် မြို့တစ်မြို့ လည်း ဖြစ်သည်။