Unicode
ဒီလိုနဲ့ ကျွန်တော်ရဲ့ခုံနေရာက နောက်ဆုံးတန်း ညာဖက်အစွန်ဆုံးကနေရာ ဖြစ်သွားတယ်။ ဟောက်မင်ယွိနဲ့ကျွန်တော့်ကြားမှာ ခုံလေးခုံခြားနေပေမဲ့ သူ့ရဲ့တင့်တယ်လှတဲ့မျက်နှာကိုတော့ ကျွန်တော့်နေရာကနေ တန်းနေအောင်မြင်ရသေးတယ်။ ကျွန်တော်လည်း အတန်းချိန်တစ်ချိန်လုံး အနောက်မှာ မတ်တပ်ရပ်နေခဲ့ရတာကြောင့် ပင်ပန်းပြီး ခုံပေါ်မှောက်အိပ်နေလိုက်တယ်။ စိတ်ထဲမှာ ညာဘက်အစွန်ဆိုတော့လည်း အနောက်တံခါးပေါက်နဲ့ နီးတာကြောင့် မဆိုးပါဘူးလို့ပဲ ဖြေသိမ့်လိုက်တော့တယ်။ အတန်းပြေးချင်ရင် ပိုလွယ်သွားတာပေါ့။
အမှတ်မထင် ဟောက်မင်ယွိဘက်ကို လှည့်ကြည့်လိုက်မိတော့ သူက ထိုင်ခုံနောက်မှီပေါ် လျော့ရဲရဲမှီထိုင်ပြီး ပြတင်းပေါက်ကနေ အပြင်ဘက်ရှုခင်းတွေကို လှမ်းကြည့်နေတာ မြင်လိုက်ရတယ်။ ပြတင်းပေါက်ကို ဖြတ်လာတဲ့ နေရောင်တန်းတွေက သူ့ရဲ့ခပ်ချောချောမျက်နှာပေါ်ကို ကျရောက်နေတယ်။ သူက တစ်နေရာတည်းကိုပဲ စိုက်ကြည့်နေပေမဲ့ စိတ်ကတော့ တခြားကို ရောက်နေတဲ့ပုံပဲ။ စားပွဲခုံပေါ်ကို တတောက်တောက်ခေါက်နေတဲ့ လက်ချောင်းလေးတွေက သူတစ်ခုခုကို အတွေးနက်နေတယ်ဆိုတာ သက်သေပြနေတယ်။ ကျွန်တော်စိတ်ထင်တာပဲလားတော့မသိဘူး ဟောက်မင်ယွိရဲ့ ရေခဲတုံးမျက်နှာမှာ ကျေနပ်နေတဲ့ အပြုံးတစ်ခုကို တွေ့လိုက်ရသလိုပဲ။
မြေခွေးကောင်ကြီး! ဟမ့်!
ကျွန်တော့်ရဲ့ပထမဆုံး ကျောင်းတက်ရက်က အဆင်မပြေမှုပေါင်းများစွာနဲ့ ပြီးဆုံးသွားတယ်။ ကျောင်းဆင်းတော့ လွယ်အိတ်ကို ကောက်ဆွဲပြီး အတန်းထဲကနေ အရင်ဆုံးထွက်လာခဲ့လိုက်တယ်။ သိပ်ပြီး စိတ်မကြည်တာကြောင့် မျက်နှာက အလိုလိုကို မှုန်ကုပ်နေတော့တယ်။ လမ်းမှာ လျန်ပင်းပင်းနဲ့ တွေ့လိုက်ရတာတောင် ကျွန်တော့်စိတ်က ပြန်ကြည်မလာခဲ့ဘူး။ အိမ်လည်းမပြန်ချင်တော့တာကြောင့် ကျွန်တော့်အမေရှိတဲ့ဆေးရုံကိုပဲ တန်းထွက်လာခဲ့လိုက်တယ်။
တကယ်တော့ ကျွန်တော့်ဘဝက ကျွန်တော့်စရိုက်ပုံစံလို သိပ်ပျော်စရာကောင်းနေတာတော့မဟုတ်ဘူး။ ကျွန်တော့်အဖေက ကျွန်တော်ကိုးနှစ်အရွယ်မှာ ယာဉ်တိုက်မှုနဲ့ဆုံးပါးသွားခဲ့တယ်။ အဲဒီနောက်ပိုင်း သားအမိနှစ်ယောက်ပဲ ကျန်တော့ပေမဲ့ ကျွန်တော့်အမေက လုံးဝလဲပြိုမသွားဘဲ သူမမောင်နဲ့အတူ ကျန်တဲ့စီးပွားရေးတွေကို ဆက်ထိန်းပြီး ကျွန်တော့်ကိုအပူအပင်မရှိ ဆက်နေနိုင်အောင် ပျိုးထောင်ပေးခဲ့တယ်။ ဒါပေမဲ့ ကံကြမ္မာက ကျွန်တော့်ကို မျက်နှာသာမပေးခဲ့ဘူး။ နှစ်နှစ်လောက်ကြာတော့ ကျွန်တော့်အမေမှာ အစာအိမ်ကင်ဆာရှိနေတာ သိခဲ့ရတယ်။ အရင်လို အစားအများကြီး မစားနိုင်တော့တဲ့ အမေက တဖြည်းဖြည်း ပိန်ချုံးချိနဲ့လာတယ်။
BINABASA MO ANG
အတန်းဖော်ဟောင်းကြီးက DRE Test စစ်ပေးလိုက်တယ်တဲ့
Fanfictionကျွန်တော်မနေ့က body check upသွားလုပ်ခဲ့တယ်။ DRE test စစ်ပေးတဲ့လူက ကျွန်တော့်အထက်တန်းတုန်းက အတန်းဖော်ဟောင်းကြီးဖြစ်နေတယ်ဗျာ။ ပြီးတော့ သူကကျွန်တော့်ကို မှတ်မိသွားတယ်။ ကျွန်တော့်မျက်နှာကြီးဘယ်နားထားရမှန်း မသိတော့ဘူး ချီးးး။ Start Date - 23.12.2020 ××××...