နွေဦး မှာ ရော်ရွက်တွေလွင့်တယ် ~
နွေဦး မှာ လှိုင်းခွပ်တွေငြိမ့်တယ် ~
နွေဦး မှာ လေရူးတွေဝေ့ကနဲခတ်နေတယ် ~
နောက်ပြီး
ဒီနွေဦး မှာ မင်းရှိတယ် ~✿✿✿✿✿✿✿✿✿
[ နွေဦးငယ် နဲ့ တွေ့ဆုံခဲ့တယ် ]
အမေတစ်ခု သားတစ်ခုဆိုတာ ရုပ်ရှင်တွေထဲ
ဒရာမာချိုးလို့ကောင်းတဲ့အရာလားမသိပေမဲ့
ကျွန်တော့်အတွက်တော့ ပုံမှန်လိုပါပဲ။အဖေမပေါ်ပဲမွေးခဲ့တဲ့ကောင်လေးဖြစ်တဲ့တိုင်ကျွန်တော့်ကို နှိမ်တဲ့သူမရှိဘူး။ အဖေမရှိရလေခြင်းဆိုပြီး အထူးအဆန်းဇာတ်နာစရာကိစ္စရယ်လဲမရှိဘူး။ အမေက အရပ်ထဲမှာ ကုန်စုံဆိုင်ဖွင့်ထားတယ်။ ကျွန်တော့်တစ်ယောက်ကို လိုလေသေး မရှိအောင်ထားနိုင်တယ်။
မြို့ကြီးပြကြီးနဲ့ဝေးတဲ့နေရာမှာ ကျွန်တော်တို့နေ
တယ်။ လမ်းထိပ်ကအိမ် မီးသီးကျွမ်းသွားတာကအစ လမ်းနောက်ကအိမ် သိနိုင်တဲ့ အသိုင်းအဝိုင်း
ပေါ့။ ဒီနယ်မြို့လေးထဲက ထွက်သွားတဲ့သူရှားတယ်။ နယ်မြို့လေးမှာ တောင်တန်းရှိတယ်။ပင်လယ်ရှိတယ်။ လျှပ်စစ်မီးလဲရှိတယ်။
အင်တာနက်လိုင်းလဲကောင်းရှာပါတယ်။အထက်တန်းပညာထိအေးဆေးသင်နိုင်ပြီး မြို့စွန်ကနေ နာရီ၀က်လောက်ကားနဲ့သွားရတဲ့နေရာမှာ တက္ကသိုလ်ကျောင်းတစ်ခုရှိတယ်။
လူ့ဘ၀တခုကို ကောင်းကြောင်းကောင်းရာဖြတ်သန်းဖို့ အခြေခံအချက်တွေနဲ့ပြည့်စုံတဲ့ ဒီမြို့လေးကို ကျွန်တော့်အဖိုးလဲမစွန့်ခဲ့ဘူး။အဘွားလဲမစွန့်ခဲ့ဘူး။ အမေကတော့ ခဏစွန့်ပြီး မြို့ကြီး
တက်ခဲ့မိလို့ ကျွန်တော့်ကိုရတာတဲ့။ ရယ်မောပြီး
ပြောတတ်သေးတာ။ဪ.........စကားမစပ် .... ကျွန်တော့်နာမည်
အိုဆယ်ဟွန်းလို့ခေါ်တယ်။"အမေ့ သွားပြီ"
ပြန်ထူးသံမစောင့်ပဲ ဆိုင်ရှေ့ထောင်ထားတဲ့ စက်ဘီးကို ခပ်သွက်သွက်နင်းချလိုက်ပြီး လမ်း သွယ်တလျှောက် ကျွန်တော် ဆင်းလာလိုက်တယ်။ ဒီနေ့က အထက်တန်းနောက်ဆုံးနှစ်တွေရဲ့ ပထမဆုံးကျောင်းတက်ရက်ဖြစ်တယ်။