"ခွေးသားတွေ...."အိုဆယ်ဟွန်း မှာ ဘူးထဲမှ ထွက်လာသည့် ဝတ်စုံကိုဖြန့်ကြည့်လိုက်ပြီးသည်နှင့် တပြိုင်နက် ထိုကဲ့သို့ ဆဲရေးသံမှာ အလိုအလျောက် ထွက်လို့လာတော့သည်။ ဒေါသတလှိမ့်လှိမ့်ထွက်စွာနှင့် မျက်နှာချောချောမှာ နီရဲစွေးနေခဲ့ပေမဲ့ သူ့အားဝိုင်းအုံနေကြသည့် သူငယ်ချင်းများမှာတော့ အရယ်အမောမပြတ်ခဲ့ပါလေ။
" ချလိုက်တော့ ကိုယ့်လူ"
အနီးဆုံးမှာရှိနေသည့် ပတ်ချန်းဆောင်း က တောင့်တင်းနေသည့် ပခုံးတဖက်ကို အားပေးသည့်နှယ်ပုတ်လိုက်ပြီး ခေါင်းတဆတ်ဆတ်ငြိမ့်ပြပြီး ဆိုသည်။ ဆယ်ဟွန်း စိတ်ကိုတည်ငြိမ်အောင်ထားချင်စိတ်ဖြင့် မျက်စိစုံမှိတ်ထားလိုက်မိသေးသည်။ သူ့လက်များကတော့ ပိုးသားအပြာနုရောင်ဂါဝန်အရှည်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လို့ထားလေသည်။
ယင်းသေနာကောင်များနှင့် အလောင်းအစားမလုပ်လိုက်သင့်။ သူ့တယောက်ထဲကို တဖက်ထားပြီး ကျန်သောသူအကုန် တခြားတဖက်ကိုထိုးကြေးလောင်းလိုက်ထဲက သူ့အားချောက်ချဖို့အကြံမှန်း ဆယ်ဟွန်း သိလိုက်သင့်သည်။ မကျေမချမ်းဖြစ်နေသေးသည့် အိုဆယ်ဟွန်း မှာ အဓိကတရားခံ ဆိုင်မွန်အားမီးဝင်းဝင်းတောက်မျက်လုံးများနှင့်လှမ်းကြည့်လိုက်ပါသည်။
သကောင့်သားကတော့ သူ့ရည်းစားအသစ် စက်စက်တရုတ်ကပြောင်းလာသည့် ကျောင်း သား ဂျောင်းဟန့်လက်လေးကို နုနုရွရွလေးဆွဲကိုင်ပြီး သူ့အား တုံဏုဘာဝေ ကြည့်နေသည်။ သို့သော်လည်း ဆယ်ဟွန်းသိသည်။ ဒီကောင် ရုပ်တည်ကြီးနှင့်လှောင်နေတာဖြစ်သည်။ ဒီကောင့်အား လူရိုးလူအေးကြီးမှတ်ကာဂျောင်းဟန့်ကိုရည်းစားစကားပြောရဲမည်လုံးဝမဟုတ်ဟု အိုဆယ်ဟွန်း လောင်းကြေးထပ်ထားခဲ့ခြင်းဖြစ်သည်။ ခုများတော့ဖြင့် ခွက်ခွက်လန်နေအောင် ပိုးစက်ပက်စက်ရှုံးသွားခဲ့ချေသည်။
လောင်းကြေးထပ်ပြီး တရက်အတွင်းပင် သူတို့နှစ်ယောက်က တရားဝင်အတွဲတွေဖြစ်သွားကြသည်။
ဧကရာဇ်ကျောင်းသားဆောင် တဆောင်လုံးနှင့် တယောက် လောင်းကြေးထပ်ထားခဲ့မိသော အိုဆယ်ဟွန်း များ ငလူးမသားများ၏ ယုတ်ညံ့ပက်စက်သောလောင်းကြေးကို လက်ခံရပေတော့မည်။