*ဒါက ဦးအထင်ကရတဲ့ သား။ မောင်အထင်ကရ ဒါက ဦးရဲ့တူလိုသားလို ချစ်ရတဲ့ ကလေး ပိုးလုံးငယ်တဲ့*
ဦးလေးရန်ရှင်း မိတ်ဆက်ပေးသည့် လူကြောင့် ပိုးလုံးမျက်နှာက ဘယ်တော့မှမတွေ့ရတော့ဘူးလို့ ထင်ထားသည့်သူကို ပြန်တွေ့လိုက်ရ၍ အံ့ဩသွားသည့်ပုံ။ဟိုလူကတော့ ခပ်ပြုံးပြုံးနှင့်ပင် လက်တောင် လှမ်းနေသေးသည်။
စောက်ခွက်ပြောင်လွန်းသည်ဟုများ ထပြောလိုက်လျှင် ပိုးလုံး ဒီကုမ္ပဏီကနေ ဆောင့်တွန်းခံရနိုင်ချေရှိသည်။ ရှေ့က လူသည် ဘာမှမပြောင်းလဲ။
မနှုတ်ဆက်ချင်ပေမယ့် ထိုလူ့လက်ကို ဆွဲကာ ပိုးလုံးနှုတ်ဆက်လိုက်ပါသည်။ ဦးလေးရန်ရှင်းကတော့ ပြုံးပြီးကြည့်နေလေသည်။ ပိုးလုံး ထထွက်သွားလို့ရပေမယ့် ဦးလေးရန်ရှင်းက ရှိသေးသည်။
*ဦးပြောထားတာလေးလေ ဦးရဲ့တူလေးကို အလုပ်ခန့်ဖို့*
*ရပါတယ် ဦးရန်ရှင်း။ ကျွန်တော့်လက်ထောက်နေရာက တစ်ယောက်လိုနေတာ ဒီက ကလေးကိုပဲ ခန့်လိုက်ရမှာပေါ့။ ဦးရန်ရှင်းမျက်နှာလဲ ရှိသေးတာကို*
အလိမ်အညာကောင်ဟု ပိုးလုံး အော်ဟစ်ပစ်ချင်သည်။ ထိုလူ့၏ ပြုံးနေသည့် မျက်နှာကိုလဲ ကုပ်ဆွဲပစ်ချင်သည်။ တမင်သပ်သပ် ဒီလူလုပ်နေတာ။
ပိုးလုံး ငြင်းပစ်ချင်ပေမယ့် ဦးလေးရန်ရှင်းက ရှိသေးပြန်သည်။ သူ ဒုက္ခရောက်နေတော့လဲ အိမ်ထိခေါ်ထားကာ အခုလဲ အလုပ်ရှာပေးနေသည့် ကျေးဇူးရှင်။ ပိုးလုံးကို အဆင်ပြေအောင် အမြဲကူညီနေသည့် ဦးလေး။
ပိုးလုံး ဒုက္ခရောက်ပါပြီဆိုကထဲက အနားမှာပဲရှိပေးကာ အဖေလိုတစ်မျိုး၊ ဦးလေးလို တစ်မျိုး စောင့်ရှောက်ခဲ့လေသည်။ ဦးလေးပြောထားသည့် အကြောင်းအရာတွေအရ ဦးလေးရန်ရှင်းက ဒီလူ့အပေါ်မှာ အလုံးစုံနီးပါး မှီခိုနေရသည်တဲ့။
*ကျေးဇူးတင်ပါတယ် မောင်အထင်ကရရယ်။ ဦးလေး ကျေးဇူးတင်ပါတယ်*
*အဟင်း..ရပါတယ် ဦးရန်ရှင်းရာ။ အချင်းချင်းတွေပဲ ပြောစရာတွေလား*
ခြေချိတ်ထိုင်ကာ ပေါင်ပေါ် လက်တစ်ဖက်တင်ကာ စကားပြောနေသည့် ထိုလူက ပိုးလုံးအမြင်မှာတော့ ကြည့်ချင်ဖွယ်ရာ မရှိ။