*ခနနေ မောင်အထင်ကရ လာလိမ့်မယ်နော် မေကြီး။ နေ့လည်စာကိုလဲ ဒီမှာပဲစားသွားဖို့ ကိုယ် သေချာပြောထားရတာ။ အဆင်ပြေအောင် အိမ်ကကောင်မလေးတွေကို ပြောထားအုံးနော်*
ဖေဖေက မနက်စာ ကော်ဖီသောက်ရင်း မေ့မေ့ကို သေချာမှာနေသည့် စကားကြောင့် ပိုးလုံးမှာ လက်ဖျားလေးတွေပင် အေးသွားရသည်။
လူကြီး လာမယ်ဆို၍ ပိုးလုံး သောက်လက်စ ကော်ဖီလေးကိုပင် မသောက်နိုင်တော့ပဲ ရင်တွေတုန်လာသည်။ လူကြီးကို ရင်ဆိုင်ရမှာ ကြောက်နေ၍ပဲလားတော့မသိ။
ပိုးလုံး ဟန်မပျက်နေကာ ဖေဖေနဲ့ မေမေပြောနေတာတွေကိုပင် ငြိမ်ငြိမ်လေး နားထောင်နေလိုက်သည်။ မဟုတ်ပဲ လူကြီးအကြောင်းတွေ ထစပ်စုလိုက်မှ အကုန်ပေါ်သွားလျှင် ဒုက္ခရောက်နိုင်သည်။
*ဟုတ်ကဲ့ပါ ဖေကြီးရယ်။ ကျွန်မ ခနနေ အိမ်ကကောင်မလေးတွေနဲ့ ဈေးသွားလိုက်မယ်လေ။ မောင်အထင်ကရ မစားတဲ့ဟင်းတွေ၊အသားတွေကို သိလား ဖေကြီး*
*အဲ့လိုတော့ မတွေ့ဖူးပါဘူး။ အကုန်စုံအောင်သာ ဝယ်ခဲ့ကွာ။ သူက အခြားလုပ်ငန်းရှင်တွေ ကြယ်ငါးလုံးအဆင့်ဟိုတယ်မှာ ဘွတ်ကင်လုပ်ပြီး ညစာဖိတ်ကျွေးတာတောင် လက်ခံတာ မဟုတ်ဘူး။ ကိုယ် ဖိတ်တာကို လက်ခံပြီး အိမ်ကို လာတာနဲ့တင်ကို အတော့်ကို ကိုယ့်အတွတ် အခွင့်အလမ်းများနေပြီကွ*
ဖေဖေတို့က လုပ်ငန်းပိုင်းအရ လူကြီးကို လေးစားကြသလို ပိုးလုံးအတွတ်ကတော့ ကိုယ့်ကို အဖြေတောင်းထားသည့်သူက အရမ်းမာနကြီးပြီး လူတကာ၏ အားကျခြင်းခံရတဲ့သူဆိုတော့ ပိုးလုံးလဲ ပျော်မိသည်။
အချစ်က ဆင်းရဲချမ်းသာနှင့် မဆိုင်ပဲ လူတစ်ကာက ကိုယ်ချစ်ရတဲ့သူကို လေးစားကျတာကိုတော့ အားလုံး လိုချင်ကြသည်ဟု ပိုးလုံး ထင်သည်။ လူကြီး၏ ဂုဏ်ပကာသနတွေ မပါပဲ ဒီတိုင်းလေးဆိုလဲ သူ လူကြီးကို သဘောကျပါသည်။
*ကျွန်မမှာ သမီးရှိရင်တော့ မောင်အထင်ကရနဲ့ ပေးစားလိုက်ပြီ။ အခုတော့ သားလေးပဲ ဆိုတော့ မတတ်နိုင်တော့ဘူး*
*မေကြီးကတော့ကွာ..သားဆိုလဲ ဘာဖြစ်လဲကွ။ မောင်အထင်ကရလို ဂုဏ်ယူရအောင် ကြိုးစားခိုင်းမှာပေါ့။ မဟုတ်ဘူးလား သား*