Part 2

754 32 4
                                    


(Unicode)

သင် တစ်စုံတစ်ရာ ကို ကြောက်သည်ဆိုပါစို့ ။ သင် ထိုအရာ နှင့် ဝေးရာကို ပြေးထွက်မှာလား ။ ကျွန်တော်ကတော့ ထိုအရာကို ကြောက်ရွံစိတ် မရှိတော့အောင် ရင်းနှီးမှုရယူဖို့ ကြိုးစားဖြစ်လိမ့်မယ် ထင်တယ် ။ ဥပမာ - စာ မရလို့ စာ မလုပ်မယ့်အစား... စာကို မကြောက်တော့အောင် ဖိပြီး ကြိုးစားလိုက်သလိုပေါ့ ။
ဒီလိုနဲ့ပဲ ကျွန်တော် သရဲကား ပိုကြည့်ဖြစ်လာခဲ့တယ် ။

------------------------------------

ထူထပ်နေသော မြူတွေကြားထဲ ရောက်ရှိနေသော သူ ။ ထိုမြူထုကြီးများမှ လွဲ၍ တခြားဘယ်အရာကိုမျှ သူ မမြင်ရ။

တစ်စုံတစ်ခု တွေ့လို တွေ့ငြား ရှေ့တူရု သို့ ထွက်လာခဲ့ပါသော်လည်း အချိန်အတော်ကြာသည်အထိ မြူများမှ လွဲ၍ တခြား မည်သည့်ထူးခြားမှုကိုမျှ သူ ရှာမတွေ့။

လျှောက်ရင်း လျှောက်ရင်း ဖြင့် မောပန်းလာတာကြောင့် ခေတ္တမျှ ရောက်ရာနေရာတွင် ရပ်နားလိုက်လေသည်။ အမှန်တိုင်း ဆိုရလျှင်  လမ်းလျှောက်နေတာလား ဟုပင် သူ့ကိုယ်သူပင်  မသေချာတော့ ။ ဤတစ်နေရာထဲတွင်ပင် တဝဲလည်လည် ဖြစ်နေသလို မြူတွေက ပတ်ဝန်းကျင်အပြည့် ခြုံလွှမ်းထားနေလေသည်။

ထိုခဏ တိုးတိတ်သော လေအေး တိုက်ခတ်သံကို ကြားလိုက်ရပြီး သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်း များ ထသွားရလေသည်။ မသိစိတ်၏ လှုံ့ဆော်မှုကြောင့် ထင်သည်။ အင်အားကြီးမားကာ ကြောက်စရာကောင်းသော အရာတစ်ခု နှင့် တဖြေးဖြေးချင်း နီးကပ်လာနေသလို ခံစားလိုက်ရလေသည် ။

သေချာအာရုံစိုက်ကာ နားထောင်နေသော သူ၏ နားစည်ထဲသို့ မသဲမကွဲ အော်ဟစ်သံများ စတင်ကြားလိုက်ရလေသည်။ ထို အော်ဟစ်နေသံကို ရင်းနှီးသလို ခံစားမိတာကြောင့် သေချာစွာ နားစိုက်ထောင်မိတော့  အံ့ဩ ဝမ်းသာသွားလေသည် ။

"လင်းခန့် "

သေချာပါသည်။ ထိုအသံပိုင်ရှင်သည် လင်းခန့်ပင်။ ထို့ကြောင့် ထိုအသံလာရာဆီသို့ ဦးတည်ကာ အပြေးကလေး သွားကြည့်တော့ အော်ဟစ်သံများကို သေချာစွာ သဲသဲကွဲကွဲ ကြားလိုက်ရလေတော့သည်။

Don't Play With Me 2Where stories live. Discover now