ရိပေါ် မျက်လုံးတွေပြန်ပွင့်လာတော့ အိစက်စက် မွေ့ယာထက်မှာ။ လက်ကို ကိုင်ပြီး ဘေးကနေစောင့်နေသူက ရိပေါ်သားကလေး။"အားတျဲ အားတျဲ သတိရပြီလားဟင်.... သားကို သားကို ပစ်မသွားနဲ့နော်... အားတျဲ သတိလစ်သွားတာ သားဘယ်လောက်ကြောက်သွားသလဲ သိရဲ့လား..."
သားကို ရိပေါ်က ရှောင်းကိုယ်တိုင်ပေးအပ်ခဲ့တဲ့ အမှတ်တရလေးအဖြစ်ချစ်ခင်ခဲ့တာ...။ အခုတော့ ရိပေါ်ကိုယ်တိုင်လဲ သားက ရိပေါ်ရဲ့သားကလေးမဟုတ်တာကို လက်ခံခဲ့ပြီးပြီ။ ဒါပေမယ့်လည်း သားစိတ်ကလေးကို ထိခိုက်နာကြင်ရအောင် ရိပေါ်က မလုပ်ရက်ရိုးအမှန်ပါ။
"သား... ပျော်ရဲ့လား..အားတျဲရဲ့ သားကလေးတောင် ဘုရင်ကြီးဖြစ်တော့မှာပဲ...."
"ဟင့်အင်း...မပျော်ဘူး သားမပျော်ဘူး.... မယ်မယ်က... မယ်မယ်က... သားသာ ဘုရင်မလုပ်ဘူးဆိုရင် အားတျဲကို သတ်ပစ်မယ်တဲ့.... အားတျဲကို သားက ကာကွယ်ပေးမယ်.... သားက ဘုရင်မလုပ်ချင်လဲ လုပ်မှာ..."
သားက ငိုရှာတယ်...။အဲ့ဒီညက သားအပေါ် လုပ်ခဲ့တဲ့ ရှောင်းနဲ့ အန်းလဲ့မင်းသမီးရဲ့ ခြိမ်းခြောက်မှုတွေကို ပြန်တိုင်ရင်းငိုတယ်...။ ရိပေါ်သားကလေးကို သူတို့အတ္တအတွက် အသုံးချရက်ကြတယ်...။ ရိပေါ်က တကယ်ကိုပဲ ရှောင်းကို ခွင့်မလွှတ်နိုင်ပါဘူး။
"ဝမ်ဝမ်တောင် နိုးနေမင့်ကို... ဝမ်ဝမ် မူးလဲတော့ သားက သိပ်ကြောက်သွားရှာတာ... တစ်လပြည့်ရင် ကိုယ်လာခဲ့ပါမယ် သေချာမှာထားရက်နဲ့ ဘာလို့ ပြန်လာတာလဲ ဝမ်ဝမ်...တောင်ပေါ်ကျောင်းက အလှူအတွက်လဲ ဘာမှမပြင်ရသေးဘူးဆို...ဝမ်ဝမ်က ဒီလိုပဲ ဆိုးနေတော့မှာလား..."
တစ်စက်ကလေးတောင်...အပြုအမူတစ်ခုကလေးမှာတောင် ရိပေါ်အပေါ် လိမ်ညာထားလို့ အားနာရတယ်ဆိုတာမျိုး... စိတ်မကောင်းဖြစ်တဲ့အမူအယာမျိုး ရှောင်းထံမှာ မရှိ..။ ရိပေါ်က ရှောင်းထားသလိုနေ..စေသလိုသွား ဘယ်လိုနေနေ နားလည်ပေးလိမ့်မယ်လို့ ရှောင်းက ထင်နေတာလား။
"စစ်သူကြီးရှောင်းမှာ ကျွန်တော့်အတွက် ပြောစရာက ဒါ့အပြင်မရှိတော့ဘူးလား..."