"ဆိုတော့ မင်းက ဝမ်ရိပေါ်ပေါ့"ရှေ့တည့်တည့်က စားပွဲမှာ ကျက်သရေရှိရှိထိုင်ပြီး လက်ဖက်ရည်ကြမ်း သုံးဆောင်နေတဲ့ ရှောင်းရဲ့ ကြင်ဖက် မင်းသမီး အန်းလဲ့က မေးလာတော့ ရိပေါ် စိတ်တို့က မလုံချင်..။ ရှောင်းမှာ အိမ်ထောင်ဖက်ရှိတယ်။ သူမကလည်း ရှောင်းရဲ့ ကလေးကို လွယ်ထားသေးတယ်။ ရိပေါ်ကဖြင့် အသက်ဆယ့်ခြောက်နှစ်သာရှိသေးတဲ့ သာမန်ဗျတ်စောင်းသမားလေး။ ဒါက ဝမ်အိမ်တော်ရဲ့ နောက်ခံကို ဖယ်လိုက်ရင်ပေါ့..။ ဝမ်အိမ်တော်ကိုပါ ထည့်သွင်းစဥ်းစားမယ်ဆိုရင်တော့ ဝမ်ကုန်သည်အဖွဲ့က နန်းတွင်းကို များပြားလှစွာသော အထောက်အပံ့တွေကို ပေးနေခဲ့တာ..။
"ကျွန်တော်က ဝမ်ရိပေါ်ပါ မင်းသမီး..."
ပြန်ဖြေလိုက်တာနဲ့ သူမက ဘေးက အထိန်းတော် လက်ကို တွဲလို့ ထိုင်ရာက ထတယ်။ ခေါင်းငုံ့ရပ်နေတဲ့ ရိပေါ်ကို သေသေချာချာ စေ့စေ့စပ်စပ်ကြည့်ရှုလာတာမို့ ပိုပြီး စိတ်မလုံဖြစ်ရတယ်။ ရှောင်းတို့ရဲ့ လေ့ကျင့်ရေးတန်းလျားကို ရိပေါ်သွားချောင်းမိတာကိုများ မိသွားတာလားဟင်..။ ရိပေါ်က ရှောင်းကို တခါလောက်လေး သေသေချာချာ ကြည့်ချင်ရုံပါ..။ ရှောင်းမှာ အိမ်ထောင်ရှိတာလဲ သိပြီးသားမို့ ရိပေါ်မှာ ဒီထက်တိုးလို့ ယဥ်ချင်တဲ့ စိတ်ကူးလဲ မရှိရပါဘူး။ အန်းလဲ့မင်းသမီးကို ကျော်လို့ ရှောင်းကို ရယူနိုင်ဖို့ဆိုတာကို ရိပေါ် ရူးလို့တောင် အိပ်မက်မမက်ဖူးဘူး။ မင်းသမီးအပေါ်ထားတဲ့ ရှောင်းရဲ့ မေတ္တာက တော်ရုံလားလေ..။မြို့တော်မယ် နာမည်ကြီးပါဘိနဲ့..။ ရိပေါ်တောင် ဒါကြောင့်ပဲ ရှောင်းကို မြင်ချင်လို့ လိုက်ကြည့်မိရင်းက စွဲလမ်းသွားရတာမဟုတ်ပါလား..။
"ငါ ကွေ့ပတ်ပြီးပြောမနေချင်ဘူး တည့်တည့်ပဲပြောမယ် ဘုရင့်ကိုယ်လုပ်တော်လုပ်ချင်လား ရှောင်းစစ်သူကြီးရဲ့ ပထမကြင်ယာလုပ်မလား ဝမ်ရိပေါ်"
မင်းသမီး အန်းလဲ့ရဲ့ စကားက ရိပေါ်အဖြေမပေးနိုင်လောက်အောင် ဆွံ့အစေတယ်။ ဘာတွေလဲ... ။ ဘုရင့်ကိုယ်လုပ်တော် ဖြစ်လာနိုင်တာကို ရိပေါ်သိထားပေမယ့်... လက်ခံမှာလဲ မဟုတ်ပေမယ့်... ရှောင်းရဲ့ပထမကြင်ယာက အန်းလဲ့မင်းသမီးမဟုတ်ဘူးလား... ရိပေါ်က ဘယ်လိုကနေ ဘယ်လိုမျိုး ဒီနေရာကို..။