တီ...တီ...တီ...တီ...
နိုးစက်သံက တတီတီ။ ပွင့်လာတဲ့မျက်လုံးတွေက မှေးတေးတေးနဲ့။ မျက်နှာကျက်ပေါ်က မီးလုံးကိုတောင် ရှင်းရှင်းလင်းလင်း မမြင်ရ။
"အင်း......"
မျက်လုံးတွေကို ဖိမှိတ်လိုက်ပြီး အသံတွေထွက်တဲ့အထိ အကျောဆန့်လိုက်သည်။ ဟိုဘက်ဒီလှည့် လှုပ်ရှားနေခဲ့တဲ့ကိုယ်ဟာ တစ်ဖန်ငြိမ်သက်လို့သွားပြန်သည်။
ငါးမိနစ်။ နောက်ထပ် ငါးမိနစ်လောက်ပဲ သူ ထပ်မှေးမည်။
မျက်လုံးတွေမှိတ်လို့ ဇိမ်ယူနေပေမဲ့ အတွေးထဲမှာတော့ သူဟာ မျက်နှာသစ်နေပြီ။ သွားတိုက်နေပြီ။ ကျောင်းကိုသွားဖို့ ပြင်ဆင်နေပြီ။ ကျောင်းကို စိတ်ထဲရောက်လာမှ ဒီနေ့ သူ စာတမ်းပြဖို့ရှိမှန်းသတိရမိတော့သည်။
'မနက်ဖြန် စောစောလာခဲ့ လောင်ဝေ ၊ အကုန်လုံးကို ပြန်စစ်ပြီးမှ အထက်ကိုတင်မယ်'
နားထဲတွင် ခပ်တန်းတန်းလေသံကို ပြန်ကြားယောင်လာခဲ့သည်။ ဆူပုတ်သလိုမျိုး တန်းနေတဲ့နှုတ်ခမ်းတွေ ၊ တည်နေတတ်တဲ့မျက်နှာနှင့်အတူ အမြဲတန်းကြုံ့နေတတ်တဲ့မျက်ခုံးတွေဟာ သွားတိုက်မျက်နှာသစ်နေတဲ့အိမ်မက်ယောင်ထဲအထိ ဝင်လာတော့တဲ့အခါ လောင်ဝေ အထိတ်ထိတ်အပြာပြာ အိပ်ယာကနေ ထလာခဲ့တော့သည်။
ဆံပင်တွေက ရှုပ်ပွပွ။ မှောက်အိပ်ထားခဲ့လို့ ဖောင်းနေတဲ့မျက်လုံးတွေက နိုးစက်ကို ကပျာကယာလှမ်းကြည့်လိုက်တော့သည်။
မနက်ရှစ်နာရီခွဲ။
သွားပြီ။ ချိန်းထားသည့်အချိန်က ရှစ်နာရီလေးဆယ့်ငါး။ စောင်ကို ခြေထောက်နှင့် ကန်ထုတ်လိုက်တော့သည်။ အိမ်သာသို့သွားနေသည့်တစ်လျှောက် ဝတ်ထားသည့်တီရှပ်ကို ဆွဲချွတ်လိုက်သည်။ ရေပန်းအောက်ဝင်လိုက်ပြီးသည်နှင့် ဘုံပိုင်းခေါင်းကို လှည့်လိုက်သည်။
"အား...."
အေးစက်နေသည့်ရေများက ခေါင်းမှတစ်ဆင့် စီးဆင်းကျလာသည်။ ချမ်းတုန်လာတာကြောင့် ပခုံးကြောများတောင် တစ်ချက်တုန်သွားသေးသည်။
အပြင်ရောက်ရောက်ချင်း ဆံပင်တွေပေါ် သပတ်အုပ်လိုက်ပြီး လက်ပ်တော့ရှေ့ ထိုင်လိုက်သည်။
YOU ARE READING
𝑉𝑒𝑛𝑖 𝑉𝑒𝑑𝑖 𝐴𝑚𝑎𝑣𝑖
Fanfictionငါတို့တွေ အဝေးကနေ လာခဲ့ကြတယ် ငါတို့တွေ ကံတရားအရ ဆုံတွေ့ခဲ့ကြတယ် ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားခဲ့ကြတယ်