"အဓိပ္ပါယ်မရှိလိုက်တာဗျာ"
ကျားဟန် သစ်ငုတ်တိုပေါ်တွင် ထိုင်နေသော ရှောင်းဝမ်ကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းခါလို့ ရယ်မိပြန်သည်။ ထိုကောင်လေးသည် သူ့ဘဝသူဇာတ်ကြောင်းအား ပြောပြနေသည်ကိုပင် အဒေါ်ကြီးများ ကိုးရီးယားကားအကြောင်း ပြောနေကြသလို ထင်နေပုံရသည်။
"ဘာကိုလဲ"
အဘိုးကြီးကျားဟန်သည် ပါးရေများတွန့်နေသည့်ကြားထဲမှ ရှောင်းဝမ်ကို မျက်လုံးလှန်ကြည့်လိုက်သည်။ လူကြီးများသည် စိတ်သိပ်မရှည်ကြ။ ပြောပြလျှင် နားထောင်နေမှ ကြိုက်သည်။ အထွန့်တက်တာမျိုးကိုလည်း သဘောမကျကြ။
"ဟ...ဒီကလူကြီးမင်း တစ်ချက်လောက် စဥ်းစားကြည့်ဗျာ ၊ လျဲ့ရန်လို ခုနစ်ပြည်ထောင်တိုင်းပြည်က လာတိုက်တာကို ရှုံးမယ်မှန်းသိနေရင် ရင်ဆိုင်မဲ့အစား ငြိမ်းချမ်းရေးယူထားလိုက်တာ မကောင်းဘူးလား"
ကျားဟန်က သူ့ခန္ဓာကိုယ်အပေါ်ပိုင်း တယဲ့ယဲ့လှုပ်သည်အထိ တဟဟရယ်လာသည်။ ထို့နောက် သောက်နေကြ ဆေးပေါ့လိပ်ကြီးကို တဆုံးရှိုက်ယူလိုက်သည်။
"ရှောင်းဝမ်....ဒီကျောက်ခဲတွေ ငါ့ကိုပေးမလား"
"ဗျာ...မဖြစ်ပါဘူး ၊ ဒါ လင်ဟယ့်ပေးထားတာ"
လက်ထဲမှ ကျောက်ခဲလေးနှစ်လုံးကို မျက်စပစ်ပြီး ပြောလာသောအဘိုးကြီးကျားဟန်ကြောင့် ရှောင်းဝမ် လက်သီးဆုပ်ပြီး အနောက်ယို့လိုက်သည်။
ဒီကျောက်ခဲလေးနှစ်လုံးသည် ပင်လယ်ကမ်းစပ်ဘက်တွင် ကိုယ့်ကိုကိုယ်သတ်သေသော ကောင်မလေးတစ်ယောက်ရဲ့ သေဆုံးခြင်းကို စောင့်ဆိုင်းနေရင်း ပျင်းနေသောရှောင်းဝမ်အတွက် လင်ဟယ့်မှ ကောက်ပေးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းများတွင်လည်း ရှောင်းဝမ်သည် ထိုင်နေရသည့်အခါဖြစ်စေ ၊ မတ်တပ်ရပ်နေရသည့်အခါမျိုးတွင်ဖြစ်စေ ဒီကျောက်ခဲလေးနှစ်လုံးကို လက်ခုပ်ထဲတွင် လိမ့်ပြီးဆော့နေတတ်သည့် အကျင့်လေးရှိလာခဲ့တော့သည်။
"ဟက်...မင်းတောင် ဒီကျောက်ခဲလေးနှစ်လုံးကို မပေးချင်ဘူးဖြစ်နေတာ ၊ ယုန်ကျိုးပြည့်ရှင်ဆို ပိုဆိုးမှာပေါ့"
أنت تقرأ
𝑉𝑒𝑛𝑖 𝑉𝑒𝑑𝑖 𝐴𝑚𝑎𝑣𝑖
أدب الهواةငါတို့တွေ အဝေးကနေ လာခဲ့ကြတယ် ငါတို့တွေ ကံတရားအရ ဆုံတွေ့ခဲ့ကြတယ် ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားခဲ့ကြတယ်