19 - နီးနီးလေးနဲ့​ဝေး

16.1K 1.8K 278
                                    


#BeyondParadisiacalDawn

19-နီးနီးလေးနဲ့ဝေး

ဟိုတယ်အခန်းမှ ကိစ္စဖြစ်ပြီးနောက် အစ်ကိုနှင့် အေးစက်စက်ဖြစ်သွားသော ဆက်ဆံရေးကို ထိန်းပေးမည့် သူမှာ ကောင်းကောင်း ဖြစ်လာခဲ့၏။ ကောင်းကောင်းက မန္တလေးမှပြန်ရောက်လာခဲ့ပြီးနောက်နေ့တွင်ပင် နွေလနှင့် အစ်ကို့ကိုခေါ်ကာ အိမ်တွင် ပုံဆွဲပေးရန်ပြောသည်။ ကိုနေစိုးကမူ နွေလပြပွဲပြီးမှဖြစ်စေ လာဆွဲ ပေးပါဟု ပြောပေးသော်လည်း သူကိုယ်တိုင် လိုလိုချင်ချင်လက်ခံခဲ့ခြင်းပင်။ အစ်ကိုနှင့် ယုတ္တိရှိရှိ ဟန်မ ပျက် ဆက်လက်ပြောဆိုနိုင်သည့်အခွင့်အရေးကို မည်သည့်အတွက်ကြောင့် လက်လွှတ်ရမည်နည်း။

"ကျွန်တော် ဘာပုံဆွဲပေးသင့်လဲ အစ်ကို"

"ကောင်းကောင်းကို အရင်မေးကြည့်ပြီးမှ ညှိကြတာပေါ့"

အစ်ကိုက သူ့ကို သေချာမကြည့်သေးဘဲ စကားပြောနေသော်လည်း ကားဘရိတ်ခ်အအုပ်တွင် သူကလည်း အစ်ကို့ဘက်ကို လက်ဆန့်တန်း၍ တားပေးလိုက်သလို အစ်ကိုကလည်း သူ့ကိုစိုးရိမ်တကြီးဖြင့် ကာပေးရာ လက်နှစ်ဖက်မှာ လေထဲတွင် ပေါင်းဆုံသွားကြ၏။ ပြောစရာမလိုဘဲ သူတို့ချင်းအကြည့်ချင်းဆုံပြီးနောက် သူကပင် စတင်ပြုံးပြလိုက်ပါသည်။ ကားဆရာရှိနေ၍ စကားမပြောဖြစ်သော်လည်း သူ အစ်ကို့လက်ကို ကိုင်ထားပေးလိုက်တော့ အစ်ကိုကလည်း ပြန်ပြုံးပြရှာ၏။

ကောင်းကောင်းတို့အိမ်က ဆိတ်ငြိမ်သောရပ်ကွက်ရှိ နှစ်ထပ်အိမ်တစ်လုံးဖြစ်ပြီး ကောင်းကောင်း အိပ်ခန်း က သူ့စတူဒီယိုနီးနီးပင်ကျယ်ကြောင်း သိလိုက်ရသောအခါ ကောင်းကောင်းကိုပင် သနားရမလိုလို၊ ကိုယ့်ကိုယ်ကိုယ်ပင် သနားရမလိုလိုဖြစ်သွား၏။ အစ်ကိုကမူ ကိုနေစိုးတို့နှင့် စကားခဏပြောပြီးနောက် ကောင်းကောင်းနှင့် သူ့ကို အခန်းထဲခေါ်ကာ ပုံအကြောင်းဆွေးနွေးကြသည်။

"ကောင်းကောင်း.. ဒီပုံတွေက အခန်းထဲမှာ အမြဲရှိမှာဆိုတော့ သေချာရွေးနော်။ ဘာပုံဆွဲချင်တာလဲ"

"သားသားက စပိုက်ဒါမန်းပုံလည်း ဆွဲချင်တယ်။ ပြီးတော့ ပါဝါရိမ်းဂျား။ နောက်ပြီးတော့... ကိုကိုတို့ နှစ်ယောက်နဲ့ သားသားပုံ"

Beyond Paradisiacal Dawn [completed]Where stories live. Discover now