အပိုင်း ( ၁ )

18.1K 308 5
                                    

Unicode font

တူညီသောအရာ (Grab me with love)
အပိုင်း (၁)

“Ohh…. No mommy”
ဘေးခြံထဲကကြားလိုက်ရတဲ့မိန်းကလေးအသံကြောင့် ဇေထူးနားစွင့်လိုက်မိသည်။ဒီနားကလုံးချင်းအိမ်လေးတွေက အိမ်ရှေ့မျက်နှာစာက ပေသုံးဆယ်လောက်သာကျယ်ပြီး ခြံဝန်းတွေလဲအမြင့်ကြီးခတ်မထားသောကြောင့် သူ့အရပ်နဲ့ဆိုရင် ခြေဖျားထောက်စရာမလိုပဲ တစ်ဖက်ခြံထဲကိုကောင်းစွာတွေ့နိုင်ပေသည်။ အရင်ကအဲ့ဒီအိမ်မှာ ယောကျာ်းတစ်ယောက်သာ နေသလိုပင်။ ကိုယ်လဲဒီအိမ်ကိုရောက်တာ နှစ်လလောက်သာရှိပြီး အဲ့ဒီအိမ်ကလူကို ရောက်ခါစသာတွေ့ရသလိုနဲ့ နောက်ပိုင်း မတွေ့တော့ပေ။ အိမ်နီးနားချင်းခင်မင်ရင်းနှီးအောင် မိတ်ဖွဲ့ဖို့ဘဲလ် သွားတီးသော်လည်း အိမ်ထဲလူ ရှိပုံပေါ်။ တံခါးဖွင့်မပေးပေ။ အခုမှ ခြံထဲမှာခွေးကျောင်းနေရင်း ကြားလိုက်ရတဲ့ အသံကြောင့် ဒီအိမ်ကို လူသစ်တွေ ပြောင်းလာပုံပင်။ သူကစပ်စုတတ်တဲ့ယောကျ်ားမဟုတ်ပေမယ့် ကိုယ့်ရဲ့ အိမ်နီးနားချင်းက ဘယ်သူလဲ ဆိုတာတော့ သိထားသင့်သည်ထင်။
“သူ့ကိုမှမဟုတ်ဘူး ဘယ်ယောကျာ်းမှမယူဘူး သမီးအတွက် ယောကျာ်းယူတယ်ဆိုတဲ့အလုပ်ဟာကမ္ဘာပေါ်မှာ မလုပ်ချင်ဆုံးပဲ ဘယ်ယောကျာ်းရဲ့ဝေယျာဝစ္စကိုမှမလုပ်ပေးနိုင်ဘူး ကိုယ့်အတွက်ကိုယ်တောင်မလုပ်ချင်ပါဘူးဆို”
ဇေထူး လှမ်းကြည့်လိုက်တော့ အသံသာကြားရပြီး လူကိုမတွေ့ရပေ။ ဘယ်ကနေပြောနေလဲမသိ။ နောက်မှ မြက်ခင်းစိမ်းပေါ် ပက်လက်အိပ်ပြီး ဖုန်းပြောနေတဲ့မိန်းမတစ်ယောက်ကို တွေ့လိုက်ရသည်။ တီရှပ်အဖြူနဲ့ဂျင်း ဘောင်းဘီအပြာနုဝတ်ထားတဲ့သူမမျက်နှာကို သေချာမတွေ့ရသော်လည်း ပြောနေတဲ့လေသံ ကြားတာနဲ့တင် အတော်စွာတဲ့မိန်းမဖြစ်ပေမည်။ အိမ်ထောင်ပြုတာကို အလုပ်လို့သဘောထားနေသေးသည်။
“အာ… တော်ပြီအမေရာ ဒီခေတ်ကြီးမှာ အဲ့လိုအတွေးအခေါ်တွေနားထားလိုက်တော့ ပျိုကလွတ်လွတ်လပ်လပ် တစ်ယောက်ထဲနေချင်တာ… ဟင်… အခုမှအသက်သုံးဆယ်ပြည့်မှာလေ ဘယ်မှာကြီးနေသေးလို့လဲ အိမ်ထောင် ပြုတယ်ဆိုတာက အပူမှန်းမသိ၊ အအေးမှန်းမသိ မယူခင်ကသာဟန်ဆောင်နေကြတာအမေရဲ့ ယူပြီးနောက်ပိုင်း ကွဲကြကွာကြနဲ့ ကံကိုယုံပြီးဆူးပုံနင်းမယ့်အထဲ အမေ့သမီးပျို ဘယ်တော့မှပါမှာမဟုတ်ဘူး”
အသက်သုံးဆယ်ပြည့်မှာဆိုတော့ သုံးဆယ့်တစ်ပြည့်ပြီးသားသူ့ထက်တစ်နှစ်ကျော်ငယ်လေသည်။
“အမေ သမီးကိုအိမ်ထောင်ပြုဖို့အတွက်ဖုန်းထပ်မဆက်နဲ့နော် အာရုံနောက်တယ် ဘာမှအရေးမပါတဲ့ကိစ္စအတွက်နဲ့ အချိန်ကုန်မခံနိုင်ဘူး တခြားပြောစရာရှိမှဆက် အခုမှပြန်ရောက်တာ နားလိုက်ဦးမယ် ဟုတ် ဒါပဲနော် အမေ”
ဖုန်းကိုမြက်ခင်းပေါ်ပစ်ချပြီး ပြာလွင်နေတဲ့ကောင်းကင်ကို ဆက်ကြည့်နေမိသည်။ မနေ့ကမှပြောင်းလာတဲ့ ဒီအိမ်လေးကို ပျို သဘောကျပါသည်။ အရင်က ဒီအိမ်မှာနေတဲ့ ပျိုရဲ့အစ်ကိုတော်တယ်ပြောရမလား။ ဘယ်လို ခေါ်ရမလဲမသိတဲ့ အမေရဲ့နောက်အိမ်ထောင် ပထွေးဖြစ်သူရဲ့သားက နိုင်ငံခြားထွက်သွားလို့ ပျို ဒီအိမ်ကိုပြောင်း နေခဲ့တာပါ။ အစကတော့ အမေဖြစ်သူကို လုံးဝမပြောင်းဘူးလို့အာခံနေပေမယ့် ပျိုငှားနေတဲ့တိုက်ခန်းစာချုပ် ပြည့်သွားချိန်ထပ်ငှားဖို့ပိုက်ဆံမရှိသောကြောင့် အမေအတင်းပြောလို့နေလိုက်ရပုံနဲ့သာ ပြောင်းခဲ့လိုက်သည်။
လုံးချင်းအိမ်လေးမို့ မိန်းကလေးတစ်ယောက်ထဲနေဖို့ သိပ်အဆင်မပြေသော်လည်း ပတ်ဝန်းကျင်ကသန့်ပြီး တိတ်တိတ်ဆိတ်ဆိတ်ရှိသည်။ နယ်ကလိုမျိုး ခြံဝန်းသိပ်မကျယ်သော်လည်း အိမ်ရှေ့မှာပေနှစ်ဆယ်လောက် မြက်ခင်းစိမ်းလေးနဲ့ ပန်းပင်လေးတွေစိုက်ထားတဲ့တိုက်ပုလေးကိုကြည့်ပြီး နေချင်စိတ်တွေပေါက်လာခဲ့သည်။ နေချင်စိတ်မပေါက်လဲ နေရမှာပင်။ ပျို့မှာ တိုက်ခန်းအငှားစာချုပ်ထပ်ချုပ်ဖို့ ငွေကြေးမလုံလောက်တော့ပေ။ အလုပ်စလုပ်ထဲက အမေ့ဆီက မတောင်းတော့ဘူးလို့ ဆုံးဖြတ်ချက်ချကာ ဘယ်လောက်ခက်ခဲခဲ့ပေမယ့် မတောင်း တာအတော်ကြာခဲ့ပါပြီ။ သူမလုပ်တဲ့ နာမည်ကြီး International school က English ဆရာမ အလုပ်ဟာ ဝင်ငွေ မဆိုးလှသော်လည်း အသုံးဖြုန်းကြီးတဲ့ပျိုမှာစုဆောင်းမိဖို့မပြောနဲ့။ တစ်လတစ်လ အလျင်မှီအောင် မနည်းသုံးနေရ လေသည်။ ကိုယ့်ဝင်ငွေကိုဘယ်သူမှခွဲပေးစရာမလိုပဲ တစ်ယောက်ထဲစိတ်ကြိုက် သုံးရုံဆိုတော့ လူတကာက သူမကို စုစုဆောင်းဆောင်းရှိတယ်လို့ထင်တတ်ကြလေသည်။
“အဟားဟားဟား…”
ကိုယ့်အတွေးကိုယ်သဘောကျကာ အော်ရယ်လိုက်မိသည်။ အတော်ကိုစုဆောင်းမိပါပေတယ်။ တိုက်ခန်းအငှားကို ခြောက်လစာချုပ်ချုပ်ဖို့တောင် ငွေလုံလုံလောက်လောက်မရှိပေ။
တစ်ယောက်ထဲဘာတွေသဘောကျလို့ရယ်နေမှန်းမသိ။ လက်နှစ်ဖက်ကိုအပေါ်ပင့်မြှောက်ကာခေါင်းအုံးထားပြီး ခြေထောက်ချိတ်၊ ပက်လက်အိပ်ပြီး စတိုင်လ်ကျကျကောင်းကင်ပြာကို ကြည့်နေတဲ့သူမက ဇေထူးကြည့်နေတာကို သတိထားမိပုံမပေါ်ပေ။ သူလဲဘာလို့ဆက်ကြည့်နေမိမှန်းမသိ။ အခုမှသတိရကာ ခွေးသုံးကောင်ကို ခေါ်ပြီးအိမ်ထဲ ဝင်ခဲ့လိုက်သည်။
နောက်တစ်နေ့မနက်။
သာယာတဲ့မနက်ခင်းမှာ ခွေးသုံးကောင်ကိုဆွဲပြီးလမ်းလျှောက်နေတဲ့ ဇေထူးက သူ့ရှေ့တည့်တည့်ကနေ လမ်းလျှောက်လာတဲ့မိန်းမတစ်ယောက်ကို ကြည့်နေမိသည်။ လျှောက်နေပုံက တလောကလုံးကို ဂရုမစိုက်တဲ့ပုံ။ ဆောင့်တောင့်တောင့်နဲ့။ အရင်းကနေကောက်ထားတဲ့ပုခုံးပေါ်ဝဲနေတဲ့ ရွှေညိုရောင်ဆံပင်တွေက လေမတိုက်ရပါပဲ လွင့်ပျံနေသည်။ အိပ်ရာထစမို့ဖြစ်မည်။ မျက်နှာပေါ်လဲဘာမှမလိမ်းထားပဲ ပြောင်ရှင်းနေတဲ့သူမမျက်နှာလေးဟာ မွတ်စင်ကာ ကြည့်လို့ကောင်းနေသလိုပင်။ ကာတွန်းရုပ်ညအိပ်ဝတ်ဝမ်းဆက်ကိုလဲ မလဲပါပဲ အပြင်ထွက်နေသည်။ အသားက မညိုပေမယ့် ဖြူတဲ့ထဲမပါ။ ဝါတဲ့ဘက် သမ်းသည်။ နှစ်ခမ်းနှစ်လွှာကိုလိပ်ကာ ပွတ်နေလိုက်သေးသည်။ လမ်းလျှောက်နေရင်း ဘေးနားဝန်းကျင်အိမ်တွေကို လိုက်ကြည့်နေပုံထောက်တော့ သူ့အိမ်ဘေးနားပြောင်းလာတဲ့ ဟိုမိန်းမဖြစ်မည်ထင်။ ဇေထူးမိတ်ဖြစ်ဆွေဖြစ်နုတ်ဆက်လိုက်မည်ဟု စိတ်ကူးပြီးပြုံးပြလိုက်သော်လည်း ထိုမိန်းမက သူ့မျက်နှာကိုမကြည့်။ သူကြိုးနဲ့ဆွဲထားတဲ့ ခွေးသုံးကောင်ကိုပဲ သေချာငုံ့ကြည့်ကာ သူ့နားကပ်မှာစိုးရိမ်တဲ့ပုံနဲ့ ခပ်ဝေးဝေးကနေ ကွင်းသွားလေသည်။ တွေ့တဲ့လူတိုင်းက ချစ်စရာကောင်းလိုက်တာလို့ မပြောပဲမနေနိုင်တဲ့ Pom အမျိုးအစားခွေးလေးတွေကိုသူမကမသတီစရာပုံစံမျိုးဆက်ဆံသွားလေသည်။သူ့စိတ်ထဲနည်းနည်းချဉ်သွားမိပေမယ့် အိမ်နားနီးချင်းနဲ့ပြသနာ မဖြစ်ချင်လို့ စိတ်လျော့ပြီး နောက်ကလိုက်ကာနုတ်ဆက်လိုက်သည်။
“ဒီမှာဗျ….”
မျက်နှာသစ်နေတုန်းရောက်လာတဲ့ပဲပြုတ်သည်ဟာ ပျို့အိမ်ကိုကျော်သွားလို့ တခြားအိမ်ရောင်းနေတဲ့နောက်ကို လိုက်ပြီးပဲပြုတ်ဝယ်ခဲ့တာပါ။ ဒီနေ့ကျောင်းပိတ်ရက်ဆိုတော့ ဘယ်မသွားပဲ အိမ်ထဲအောင်းပြီးပျင်းနေဖို့ စိတ်ကူး ထားသည်။ ဇာတ်ကားတွေကြည့်ဖို့ ညကတည်းက ဒေါင်းလော့ခ်ဆွဲထားသေးသည်။ မနက်စာကို ပဲပြုတ်နဲ့မနေ့က ကျန်တဲ့ထမင်းကို ကြော်စားပြီး နေ့လယ်စာကို ပီဇာမှာစားလိုက်မည်။ ညနေစာကိုတော့ ဖြိုသလစ် ခေါက်ဆွဲပြုတ်။
ကိုယ့်အတွေးနဲ့ကိုယ်မျောနေတဲ့ပျိုက နောက်ကခေါ်သံကိုမကြားပါ။ သူမအိမ်ထဲဝင်ဖို့ ခြံတံခါးဖွင့်နေစဉ်မှာပဲ။
“ဒီမှာဗျ အစ်မ”
ဇေထူး သူ့ထက်ငယ်မှန်းသိပေမယ် အခုမှစတွေ့တဲ့လူကိုလေးစားမှုအနေနဲ့အစ်မလို့သာသုံးနှုန်းလိုက်သည်။
“အော် ဟုတ်ကဲ့ မောင်လေး ဘာကိစ္စရှိလို့လဲ”
ခွေးသုံးကောင်ကို သူ့နားကပ်လာမှာစိုးရိမ်သလိုကြည့်ပြီးပြန်ဖြေလေသည်။
“ကျွန်တော်က ဇေထူးမြတ် ဟိုဘက်အိမ်ကပါ အစ်မက ဒီအိမ်ကိုပြောင်းလာတာလား”
“ဟုတ် ဟိုတနေ့ကပြောင်းလာတာပါ အစ်မနာမည် ဥဒေါင်းပျိုပါ”
ဥဒေါင်းပျို။ နာမည်လေးက မြန်မာဆန်ပြီးလှသလောက် လူပုံစံက ဖြစ်ကတတ်ဆန်းပေတိပေစုတ်နိုင်လွန်းလှသည်။ မိန်းကလေးဖြစ်ပြီး သပ်သပ်ရပ်ရပ်ပြင်ဆင်ဝတ်စားရမယ်မှန်းမသိ။ မျက်နှာလေးက ကြည့်ကောင်းနေလို့သာ။ ဒါမဟုတ်ရင်တော့ ဘယ်ယောကျာ်းလေးကမှ ကြိုက်မည်မထင်။ ဒါကိုသူမကပဲ ဂျီးများပြီး ဘယ်ယောကျာ်းနဲ့မှ လက်မထပ်နိုင်ပါဘူးလို့ ကြွေးကြော်နေရသေးသည်။
“နောက်မှတွေ့မယ်နော်”
ဇေထူးမြတ်ကိုနုတ်ဆက်ပြီးဝင်လာခဲ့လိုက်သည်။ ဒီလိုမှမဟုတ်ရင် သူ့ခွေးသုံးကောင်က အနားကပ်လာတော့မည်။ သူတို့ရဲ့ နုတ်သီးစိုစိုကြီးတွေနဲ့ သူမခြေထောက်တွေကိုလာနမ်းမှာကို နည်းနည်မှမကြိုက်ပါ။
ပြောပြောဆိုဆိုနဲ့အိမ်ထဲဝင်သွားတဲ့ ဥဒေါင်းပျိုက ဇေထူးကို တစ်ချက်မှပြန်လှည့်မကြည့်ပါ။ အောင့်သက်သက်နဲ့ ခွေးသုံးကောင်ကိုဆွဲပြီး အိမ်ပြန်ခဲ့လိုက်သည်။ ဘယ်လိုမိန်းမလဲမသိ။ အရေးတယူလာမိတ်ဖွဲ့နေသူကို အားနာရ ကောင်းမှန်းမသိ။ ဒါကြောင့်အပျိုကြီးဖြစ်နေတာဖြစ်မည်။ ဒီမိန်းမက အပျိုကြီးဆိုရင် သူမထက်တစ်နှစ်ကျော်ကြီးတဲ့ သူလဲလူပျိုကြီးပေါ့။ အချိန်တွေကုန်တာ မြန်လွန်းသလိုပင်။ နေရင်းထိုင်ရင်းနဲ့ သုံးဆယ်ကျော်လာခဲ့ပြီ။
ပဲပြုတ်ထမင်းကြော်နေရင်း ခုနကလာနုတ်ဆက်တဲ့ကောင်လေးကို သတိရမိသွားသည်။ ပုံစံကြည့်ရတာတော့ ရိုးရိုးအေးအေးပါပဲ။ မနက်ခင်းစောစောစီးစီးတောင် ကိုယ့်ကိုကိုယ်ကျော့ကော့နေအောင်ပြင်ဆင်ပြီး ခွေးကျောင်း ထွက်နေတယ်ဆိုတော့ ဒီကောင်လေးဟာ အလှအပအလွန်ကြိုက်ပုံပင်။ ဒီခေတ် သားပျိုတွေက ယုံရတာမဟုတ်။ မစိုမခြောက်လေးတွေများသား။ တစ်ယောက်တည်းတွေးနေရင်း တခွိခွိရယ်လိုက်မိသည်။ သူ့ကိုမစိုမခြောက်လို့ ပြောမိရင် ဘယ်လောက်များဒေါကန်နေမလဲ။ တချို့အပုန်းမတွေက သူတို့အတွင်းစိတ်ကို လူသိမှာစိုးရိမ်လွန်း လှပေသည်။ ဒီတော့ ပျိုလဲ မသိချင်ယောင်ဆောင်ထားပေးရမည်ပေါ့။
ပျို နေ့ခင်းပီဇာလာပို့လို့ထွက်ယူနေချိန်မှာ ဟိုဘက်အိမ်ကကောင်လေးလဲ ထွက်လာခဲ့သည်။ ဘယ်သွားမလို့လဲ မသိ။ အိမ်ရှေ့မှာရပ်ထားတဲ့ကားပေါ်တန်းမတက်ပဲ ပျို့ကိုလှမ်းပြီး တကူးတကနုတ်ဆက်နေပြန်သည်။
“မဥဒေါင်းက မုန့်မှာစားတာလား”
အင် မဥဒေါင်းနဲ့။ ကိုယ့်နာမည်ပဲဆိုပေမယ့် ပျိုလို့တသက်လုံးခေါ်ခံလာရတာ သူအဲ့ဒီလိုခေါ်လိုက်တော့ နားထဲ ကြားရတာ မသက်သာလှပေ။
“ဟုတ်တယ်မောင်လေး ပီဇာမှာထားတာ စားပါဦးလား”
“တကယ်ကျွေးမှာလား”
မကောင်းတတ်လို့ ဟန်ဆောင်ပန်ဆောင်ခေါ်တာကို။ အတည်ကြီးယူစရာလား။
“အဟင်းဟင်း ကျွေးပါတယ် ဒါနဲ့ဘယ်သွားမလို့လဲ”
မနက်ကလို ရှော့ပင်၊တီရှပ်နဲ့မဟုတ်။ စတိုင်လ်ဘောင်းဘီ၊ရှပ်အကျီၤနဲ့သန့်ပြန့်ကျော့ကော့မွှေးပျံ့နေပြန်လေသည်။ ပျိုကတော့ ရေချိုးခေါင်းလျှော်ပြီးခါစဆပ်ပြာနံ့၊ခေါင်းလျှော်ရည်နံ့တွေလတ်ဆတ်မွှေးပျံ့နေပေမယ့် မျက်နှာပြောင်နဲ့။ ဘောင်းဘီရှည်အကွက်၊ တီရှပ်ပွပွနဲ့။
“ဆိုင်သွားမလို့ဗျ ညနေငါးနာရီလောက်ပြန်လာမယ် ဘာမှာဦးမလဲမဥဒေါင်း”
“ကျေးဇူး မမှာတော့ပါဘူး အစ်မကိုလေ မပျိုလို့ခေါ်ရင်ရတယ်သိလား”
ဇေထူး ရယ်ချင်ပက်ကျိဖြစ်သွားမိတာကို အချိန်မှီထိန်းလိုက်နိုင်သည်။ ပျိုလို့သုံးနှုန်းနေတာ သိသိကြီးနဲ့ သူမကို စချင်လို့ မဥဒေါင်းလို့ တမင်ခေါ်လိုက်တာပါ။
“ဟုတ်ကဲ့မပျို တခုခုလိုအပ်တာရှိရင်ပြောပါနော် ကျွန်တော်သွားတော့မယ်”
“ဟုတ်”
သွားတော့မယ့်လူက ကားပေါ်မတက်ရသေး။ ဥဒေါင်းပျိုက ခြံထဲရောက်သွားလေပြီ။ အမြဲတမ်း သွက်လက်ကာ နေချင်သလိုနေတတ်တဲ့ပုံပင်။ မိန်းကလေးဖြစ်ပြီး လှလှပပနေရကောင်းမှန်းလဲမသိ။ အင်း အိမ်နေရင်းမို့ ဒီလိုပုံစံ နေတာလဲဖြစ်နိုင်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမပုံစံက လွတ်လွတ်လပ်လပ်ဖရီးစတိုင်လ်မို့ သူသဘောကျပါသည်။ သူကငယ်စဉ်ကတည်းက အမေချစ်သားဖြစ်သည့်အလျောက် အမေရဲ့အကျင့်စရိုက်တွေ အားလုံးနီးပါးသူ့မှာ ရှိခဲ့သည်။ အသန့်ကြိုက်တဲ့ အမေကြောင့် သူပါသန့်ရှင်းသပ်ရပ်တာကို ကြိုက်နှစ်သက်လာခဲ့ရသည်။ တစ်အိမ်လုံး ဖုန်တစ်စက်ရှိရင်တောင် မနေတတ်ခဲ့။ မိုးလင်းတာနဲ့ ပြောင်နေအောင် သန့်ရှင်းတဲ့အကျင့် သူ့မှာစွဲနေခဲ့သည်။ ပြီးတော့ ထမင်းဟင်း ချက်ကောင်းတဲ့အမေရဲ့လက်ရာအတိုင်း သူလဲချက်တတ်ခဲ့သည်။
အဝတ်အစားဆိုရင်လဲ ဘယ်တော့မှဖြစ်ကတတ်ဆန်း မဝတ်တတ်။ ငယ်စဉ်ကတည်းက တွန့်ကြေရာမရှိ မီးပူကျ ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ်သာ ဝတ်ဆင်တတ်ခဲ့သည်။ ဘာလို့များ သူနဲ့ဥဒေါင်းပျိုကို နှိုင်းယှဉ် စဉ်းစားနေမိလဲ မသိတော့။ ဘာမှမဆိုင်တာကို။ ကားမောင်းနေရင်း ယောင်ပြီး မသိမသာခေါင်းယမ်းမိသွားသည်။ သေချာတာတစ်ခုကတော့ သူမကိုလဲ သူမမိခင်က လက်ထပ်ဖို့တိုက်တွန်းနေပြီး သူ့ကိုလဲအမေက စိတ်တိုင်းကျ ချွေးမရှာပေးနေသောကြောင့် အဖြစ်ချင်းတူလို့ သတိထားမိနေတာဖြစ်ပေမည်။ ဥဒေါင်းပျိုကတော့ လုံး၀ အိမ်ထောင်မပြုချင်ဘူးလို့ကြွေးကြော်နေပေမယ့် သူကတော့ ပြုချင်လား၊မပြုချင်ဘူးလားကို အခုချိန်ထိ အဖြေမ ထွက်သေးပါ။ ဒါပေမယ့် အမေစိတ်တိုင်းကျရှာတွေ့ရင်တော့ အိမ်ထောင်ပြုချင်ချင်မပြုချင်ချင် ယူရတော့မှာကိုတော့ သိနေသလိုပင်။
==========================================================
“ဟဲ့ နင်လာမှာလား မလာဘူးလား ဒါပဲပြော”
ခြံထဲဝင်လာတာနဲ့ တဖက်ခြံက ဥဒေါင်းပျိုရဲ့ဖုန်းပြောသံကိုကြားလိုက်ရသည်။ သူ့ကိုကြိုဆိုနေတဲ့ ခွေးသုံးကောင်းကို ပွေ့ဖက်နုတ်ဆက်လိုက်ရင်း သူမအသံကို ဆက်ပြီးနားစွင့်နေမိသည်။
“ဟာ ငါဒီနားမှာ ပြောင်းလာတာဘယ်နရက်ရှိသေးလို့လဲ ဘာအသိမှမရှိဘူး နင်လာခဲ့စမ်းပါဟာ ငါအဲ့ဒီကြွက်ကြီးကို မကိုင်ရဲပါဘူးဆို မဲတူနက်ပြောင်ပြီး အကြီးကြီးဟဲ့ တွေးရင်းနဲ့တောင် အန်ချင်လာပြီ”
အရမ်းစိတ်ရှုပ်နေတဲ့အသံနဲ့။ ကြွက်နဲ့ဘာပြသနာဖြစ်နေလို့ပါလိမ့်။
“မသိဘူးလေ ဘယ်အိမ်ကအဆိပ်ကျွေးလိုက်မှန်း သူ့ဘာသာတခြားမသေပဲ ဘာလို့ငါ့အိမ်မှာလာသေနေရလဲမသိ အီးးးးး ကြာရင်ပုတ်စော်နံလာတော့မှာ နင်အမြန်လာခဲ့လို့”
အခုမှပဲ သဘောပေါက်သွားတော့သည်။ ကြွက်သေမကိုင်ရဲလို့ ဘယ်သူ့ကိုဖုန်းဆက်ခေါ်နေလဲမသိ။
“အေး ပြီးရော နင်ငါ့ကိုတသက်လုံးလာမခေါ်နဲ့ ဒါပဲ အကျင့်ပုတ်ကောင်”
ဥဒေါင်းပျိုတစ်ယောက် မြက်ခင်းပေါ်တင်ပြင်ခွေထိုင်ပြီး ဖုန်းပြောနေရာမှ လှဲအိပ်ကာအော်နေလေသည်။
“အားဟားးးးး ဘာလဲကွာ ရွံပါတယ်ဆိုမှ”
ကြွက်သေကို အိမ်ထဲကဖယ်ထုတ်ဖို့အရေး ဘယ်သူ့ကိုအကူညီတောင်းရမယ်မှန်းမသိတော့။ အရင်းနှီးဆုံး ယောကျာ်းလေး သူငယ်ချင်းဖြစ်တဲ့ အောင်ထက်ကိုဖုန်းဆက်ခေါ်သော်လည်း မအားလို့ဆိုပြီးမလာပေ။ ယောကျာ်းလေးတောင်မလာတာ မိန်းကလေးတွေပိုဆိုးပေါ့။ သူငယ်ချင်းတွေအားလုံးက သူမလိုရွံတတ်သူများပင်။ အမွေးထောင်ထောင်နဲ့ ကြွက်မဲအကြီးကြီးကို ရွံတာထက် ကြောက်တာလဲပါသည်။ ကြည့်ကိုမကြည့်ချင်ပေ။ ဘယ်လိုလုပ်ရမယ်မှန်း မသိတော့။
“ဟဲလို မေဇွန် နင်ဘာလုပ်နေလဲ”
ကြံရာမရတဲ့အဆုံး မေဇွန်ဆီဖုန်းဆက်လိုက်မိပြန်သည်။
“ငါလား Spa ရောက်နေတယ်လေ မနေ့ထဲကနင့်ကိုပြောထားသားပဲ နင်ပဲမလိုက်တော့ဘူးဆို”
“အော် ဟုတ်သား ငါပြောမလို့ ငါ့အိမ်မီးဖိုထဲ ကြွက်ကြီးလာသေနေတာ အဲ့ဒါဖယ်ဖို့ဘယ်သူ့ခေါ်ရမယ်မှန်းမသိလို့”
“ဒါများပျိုရယ် တံမြက်စည်းနဲ့လှဲပြီးအိတ်ထဲထည့်ပစ်လိုက်ပေါ့”
“ဟင် နင်ပြောတာသာလွယ်တာ အဲ့ကြွက်ကြီးကို ငါကကြည့်ကိုမကြည့်ချင်တာ နင်လုပ်ရဲရင်လာလုပ်ပေး”
“ခွိခွိ ငါလာလို့ဘယ်ရမလဲ အောင်ထက်ကိုခေါ်ရင်ရော”
“ခေါ်ပြီးပြီ အကျင့်ပုတ်က မအားဘူးတဲ့”
“ကဲပါပျိုရယ် မျက်နှာလွဲပြီးလုပ်လိုက်ပါ ကြိုချိန်းထားတာလဲမဟုတ်တော့ ပိတ်ရက်လေးမှာကိုယ်စီမအားကြဘူးလေ”
မေဇွန်ပြောတာလဲဟုတ်သား။ ပိတ်ရက်တွေတိုင်း အပျင်းကြီးတဲ့သူမကသာ အိမ်ထဲကမထွက်စတန်း ဇာတ်ကား ကြည့်လိုက်၊ အင်တာနက်သုံးလိုက်နဲ့ပျော်နေတာ။ တခြားသူငယ်ချင်းတွေက အပြင်ထွက်လည်တတ်ကြသည်။
“အင်း ဒါပဲဟာ”
စိတ်ပျက်လက်ပျက်ဖုန်းချလိုက်ရင်း ငိုချင်မိတော့သည်။ ဒီအချိန်မှသတိရသွားမိတာက အမေကိုပါ။
“ဟဲလို အမေလား”
“အင်း ပျို ဘာဖြစ်လို့လဲသမီး”
“အိမ်ထဲမှာကြွက်ကြီးလာသေနေလို့ ပျိုဘယ်လိုလုပ်ရမလဲအမေ”
သမီးဖြစ်သူစကားကြောင့် ဒေါ်စိမ့်အေးရယ်လိုက်မိသည်။ ပျိုဟာ တိရစ္ဆာန်တွေကို နည်းနည်းမှမချစ်တတ်တဲ့အပြင် ကြွက်၊ ပိုးဟပ်၊ အိမ်မြောင်ဆိုရင် ရွံ့ကြောက်ဆိုတာ အမေဖြစ်သူကအသိဆုံးပါ။ အိမ်မှာမွေးထားတဲ့ ခွေးလေး၊ ကြောင်လေးတွေကို အတူတူနေလို့သံယောဇဉ်ရှိပြီး ကျွေးမွေးတတ်ပေမယ့် ပွတ်သီးပွတ်သပ် မနေတတ်ပေ။ အခုလဲ ကြွက်သေနေတာကို ဘယ်နယောက်ဆီဖုန်းဆက်ပြီးပြီလဲမသိ။ နောက်ဆုံးကြံရာမရမှ နယ်မှာနေတဲ့ အမေဖြစ်သူဆီ ဆက်လာမှန်းသိပါသည်။
“အိမ်နားက တစ်ယောက်ယောက်ကိုအကူညီတောင်းကြည့်ပေါ့သမီးရဲ့”
“ဒီနားမှာသမီးသိတဲ့လူမှမရှိတာ ပြောင်းလာမှမကြာသေးပဲ”
“အဲ့ဒါဆိုရင် လမ်းပေါ်ထွက် ဆိုက်ကားသမားတို့၊ ဆိုင်ဝန်ထမ်းတို့ တစ်ယောက်ယောက်ကို ခေါ်ကြည့်လေ”
“ဒီနားမှာ ဆိုက်ကားဂိတ်မရှိဘူးအမေ ဆိုင်တော့ရှိမယ်ထင်တယ် သမီးထွက်ကြည့်လိုက်ဦးမယ် ဘိုင်ဘိုင်”
ဖုန်းချပြီးတာနဲ့ အပြင်ပြေးထွက်ခဲ့လိုက်သည်။ လမ်းထိပ်မှာတော့ ကုန်စုံဆိုင်တစ်ဆိုင်ရှိသား။ အဲ့ဒီဆိုင်က ဝန်ထမ်းတစ်ယောက်ယောက်ကို အကူညီတောင်းလို့အဆင်ပြေလောက်သည်။ သို့သော်လည်း မျှော်လင့်ထားသမျှ ဖြစ်မလာခဲ့ပါ။ ကုန်စုံဆိုင်ပိတ်ထားလေသည်။ ဒီနေ့မှပိတ်ရလားလို့သာ စိတ်ထဲကနေရန်ရှာပြီး ခေါင်းငိုက်စိုက်နဲ့ အိမ်ပြန်လာခဲ့လိုက်သည်။
ဥဒေါင်းပျိုထွက်သွားတာနဲ့ ဇေထူးအိမ်ပြင်ထွက်ရပ်ကာ သူမပြန်အလာကိုစောင့်နေမိသည်။ ကြွက်တစ်ကောင် ဖယ်ပစ်ဖို့အရေးကို မြန်မာတစ်ပြည်လုံးဖုန်းပတ်ဆက်နေတဲ့သူကြီး စိတ်ပျက်လက်ပျက် ပြန်လာပုံကိုကြည့်ပြီး ရယ်ချင်မိသည်။ ပန်းရောင်ကိုင်းနဲ့မျက်မှန်တပ်ထားတာကလွဲလို့ နေ့လယ်တုန်းကသူတွေ့ခဲ့တဲ့ပုံစံအတိုင်းပင်။ ဆံပင်ကောက်ကောက်ဖွာဖွာလေးများက လေထဲဝဲပျံနေပြီး စိတ်ညစ်နေတဲ့မျက်နှာလေးက ရှုံ့မဲ့နေတာတောင် အလှပျက်မသွားပေ။
“မပျို ဘယ်ကပြန်လာတာလဲ”
ပျို ဇေထူးအသံကြားမှ ခေါင်းမော့ကြည့်မိရင်း သူ့ကိုအကူအညီတောင်းရင်ကောင်းမလား စဉ်းစားနေမိသည်။ ဒါပေမယ့်လဲသူ့ပုံစံက အဲ့လိုတွေလုပ်တတ်တဲ့ပုံမျိုးမဟုတ်။ ရင်းလဲမရင်းနှီးပဲ အခုမှသိတဲ့လူကို အကူညီတောင်းရ မှာလဲ အားနာပါသည်။
“လမ်းထိပ်က…”
“ဘာဖြစ်လို့လဲ နေမကောင်းဘူးလား မျက်နှာကတမျိုးဖြစ်နေသလိုပဲ”
“ဟင်… နေကောင်းပါတယ် ဟို…”
သူ့ကိုအကူညီတောင်းသင့်၊ မတောင်းသင့်စဉ်းစားရခက်နေပုံပင်။ သူကိုယ်တိုင်ကလဲ သူမကြောက်တဲ့ကြွက်ကို ဖယ်ပေးချင်လို့ အိမ်ပြင်ထွက်ရပ်ကာစောင့်နေမိသူပါ။
“ဘာဖြစ်လို့လဲ ကျွန်တော်ဘာအကူညီပေးရမလဲ”
ပျို သူ့မျက်နှာကိုကြည့်ရင်း အကူညီတောင်းဖို့သာဆုံးဖြတ်လိုက်တော့သည်။ သူငြင်းချင်မှငြင်းပါစေတော့။ အခုတော့ နောက်ဆုံးမျှော်လင့်ချက်လေးနဲ့ ပြောရပေမည်။
“ကြွက်တစ်ကောင် ပျို့အိမ်ထဲသေနေလို့ အဲ့ဒါဖယ်ပေးဖို့….”
“အော် ဟုတ်ပြီလေ ကျွန်တော်လိုက်ခဲ့မယ်”
ပျို သူ့ကိုမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်မိရင်း ဘာပဲဖြစ်ဖြစ်လိုက်လုပ်ပေးမယ်ဆိုတော့လဲ ဝမ်းသာသွားမိသည်။
“အဲ့ဒါဆို အခုလုပ်ပေးနော်”
နည်းနည်းကြာရင် သူစိတ်ပြောင်းသွားမှာစိုးရိမ်ပါသည်။ အရှေ့ကနေ အပြေးတပိုင်းလမ်းလျှောက်ရင်း ခြံတံခါး ဖွင့်ပေးလိုက်သည်။ ပျိုရဲ့အိမ်နောက်မီးဖိုခန်းလေးထဲ မိန့်မိန့်ကြီးဝင်သေနေတဲ့ကြွက်ကို သူက မရွံမရှာဂေါ်ပြားထဲ ထည့်ကာ ခြံနောက်ထဲ ဆင်းသွားသည်။
“မပျို ပေါက်တူးရှိလား ကျွန်တော်တခါထဲမြေမြှုပ်ပေးခဲ့မယ်”
“ရှိတယ်ထင်တယ် အော် အဲ့ဒီနားမှာပဲ”
ပျို ခြံထောင့်မှာ ရှိနေတဲ့ပေါက်တူးကိုလက်ညှိုးထိုးပြလိုက်သည်။ သူကတော့ အေးအေးဆေးဆေးပုံစံမျိုးနဲ့ မြေကြီး နက်နက်တူးကာ ကြွက်ကိုထည့်မြှုပ်ပြီး မြေသေချာပြန်ဖို့ပေးနေသည်။ အခုတော့လဲ စတိုင်လ်မလိုင်အပြည့်နဲ့ ကိုယ်တော်ချောဟာ အပိုးကျိုးတဲ့ယောကျာ်းလေးတစ်ယောက်သဖွယ်။ မနက်တုန်းက မစိုမခြောက်လေးလို့ တွေးမိထားတာကို တိတ်တိတ်လေးအားနာသွားမိသည်။
“ကဲ ပြီးသွားပြီ”
“လက်ဆေးလိုက်ဦးလေ ဘာသောက်လဲ ဇေထူးမြတ်”
“မသောက်တော့ပါဘူးဗျာ ကျွန်တော့ခွေးလေးတွေအစာမကျွေးရသေးဘူး အမြန်ပြန်သွားကျွေးလိုက်ဦးမယ်”
ဇေထူးလက်ဆေးရင်း ပြန်ပြောလိုက်သည်။
“အယ် အဲ့လိုမလုပ်နဲ့လေ ပျိုကျေးဇူးတင်လို့တခုခုကျွေးပါရစေ”
“ကြွက်ဖယ်ပေးလို့လား အဲ့ဒါဆိုရင်မလိုပါဘူးဗျာ”
“ဘာပဲဖြစ်ဖြစ် ကျွန်မမလုပ်ချင်ဆုံးအရာကို ရှင်လုပ်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်”
သူ့ပုံစံက အလှကြိုက်တဲ့လူ့ဘော်ကျော့ဒီဇိုင်းမျိုးဆိုတော့ ပျိုကိုအဲ့ဒီလိုလုပ်ပေးတာ တကယ်အားနာနေမိသည်။
“တခုခုတော့ကျွေးပါရစေ ဘာစားချင်လဲ”
“တကယ်ကျွေးချင်တာလား”
“အင်း”
“အဲ့ဒါဆိုရင် ညနေစာကျွေးမလား”
ဇေထူး တောင်းဆိုဖို့မရည်ရွယ်ပါပဲ ပါးစပ်ကထွက်သွားပြီးမှ အားနာသွားမိသည်။
“အိုကေလေ အခုညနေလား”
“ကျွန်တော် နောက်နာရီဝက်နေရင်ပြန်ထွက်လာခဲ့မယ် အဆင်ပြေလား”
“ရတယ်လေ ကျွန်မအဆင်သင့်လုပ်ပြီးစောင့်နေမယ်”
သူထွက်သွားတော့ ပျိုရေချိုးလိုက်သည်။ ပဲအိုးသူကြီးနဲ့အတူသွားရမှာဆိုတာ့ မိန်းကလေးဖြစ်တဲ့ကိုယ်က အရမ်းကို စုတ်ပြတ်နေလို့မဖြစ်ပေ။ နည်းနည်းပါးပါးလိမ်းခြယ်ကာ အပြာနုရောင်ဂါဝန်တစ်ထည်ကို ကောက်စွပ်လိုက်သည်။ သူထွက်သွားပြီး ဆယ့်ငါးမိနစ်အတွင်းမှာ ပျိုကအဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ဇေထူးမြတ်က ပေါ်မလာသေးပေ။ အခုချိန်ဆို Skin care လိမ်းနေလောက်ပြီထင်။ ဒါမှမဟုတ်လဲ ဆံပင်တွေကို ကျော့ပျံအောင် ထောင်နေလောက်သည်။
နာရီဝက်နေတော့ ပျိုအိမ်သော့ခတ်ကာရှေ့ထွက်လာချိန် သူလဲထွက်လာခဲ့သည်။ ဒူးလောက်ရှိတဲ့ဘောင်းဘီတိုနဲ့ တီရှပ်ကို ပေါ့ပေါ့ပါးပါးဝတ်ထားတော့လဲ လူငယ်ဆန်နေပါသည်။ သို့သော် အမြဲတမ်းပုံမပျက်တဲ့ဆံပင်ကတော့ ဂျယ်တွေနဲ့သပ်ရပ်စွာထောင်ထားမြဲ။
“မပျို ကျွန်တော့ကားနဲ့ပဲသွားမယ်နော်”
“ဟုတ်ကဲ့”
ပျို့မှာကားမှမရှိပဲ။ သူ့ကားနဲ့မသွားရင် တက္ကစီနဲ့သွားဖို့သာရှိသည်။ ကားပေါ်တက်ထိုင်လိုက်ရင်း သူ့ဆီက မွှေးပျံ့လာတဲ့အနံ့တွေကို ရှုရှိုက်လိုက်မိသည်။ အင်း အမွှေးနံ့သာ အတော်ကြိုက်ပုံပါပဲ။
“ဘယ်ဆိုင်သွားမလဲ”
“ဇေထူးဘာစားချင်လဲ စားချင်တဲ့ဆိုင်သွားလေ”
“ရတယ် မပျိုစားချင်တဲ့ဆိုင်သွားမယ်လေ”
“ဒါနဲ့လိုရင်းမရောက်တော့ဘူး ဒီနားအနီးဆုံးဆိုင်ပဲမောင်းတော့”
“ဟုတ်ကဲ့ ဟိုဘက်မီးပွိုင့်နားမရောက်ခင် အကင်ဆိုင်တစ်ဆိုင်ရှိတယ် အဲ့ဒီဆိုင်ပဲသွားလိုက်ရမလား”
“ကောင်းသားပဲ အဆင်ပြေတာပေါ့ ဇေထူးလဲအဆင်ပြေတယ်မလား”
“ဟုတ် အဲ့ဒီဆိုင်ပဲသွားလိုက်တော့မယ်နော်”
အခုလိုပေါင်းကြည့်တော့လဲ ဇေထူးစိတ်ထားလေးက မဆိုးဘူးလို့ထင်လိုက်မိသား။ ဥဒေါင်းပျိုဆိုတဲ့ သူမက မခင်ရင်လဲအပေါ်ယံသာပေါင်းတတ်ပြီး ခင်မိပြီဆိုရင်လဲ ယောကျာ်းလေးမိန်းကလေးမခွဲခြားတတ်။ ရင်းရင်းနှီးနှီးကို ပေါင်းသင်းတတ်ပါသည်။ အောင်ထက်ကဆိုရင် အရင်လိုသိပ်မခင်ပဲနေရအောင်လို့ပြောရလောက်အောင်ထိ နေ့ည မရွေးနှိပ်စက်ခဲ့ပါသည်။
“ဇေထူးကအသက်ဘယ်လောက်ရှိပြီလဲ အစ်မက သုံးဆယ်ပြည့်တော့မှာ”
“ကျွန်တော်က သုံးဆယ့်တစ်ပြည့်ပြီးပါပြီ”
“ဟမ် အဲ့ဒါဆိုငါ့ထက်ကြီးတာပဲ အယ် ငယ်တယ်ထင်နေတာ နုတယ်ရော”
ကျေနပ်စွာပြုံးလိုက်တဲ့သူ့မျက်နှာကြီးကိုကြည့်ပြီး ခွီးးးခနဲရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။ ဒီလူသားဟာ အလှအပတင်ကြိုက်တာမဟုတ် မြှောက်ပင့်ပြောဆိုတာကိုလဲ နှစ်သက်ပုံပင်။
“မပျိုလဲနုပါတယ် သုံးဆယ်လို့မထင်ရပါဘူး”
မထင်ရဘူးလဲပြောသေးတယ်။ သုံးဆယ်ကျော်နေတဲ့လူက အရင်စပြီး အစ်မလို့ ခေါ်ခဲ့ပြီးမှ။
“အသက်သိနေပြီပဲ မပျိုလို့မခေါ်ပါနဲ့တော့ ပျိုလို့ခေါ်ပါ ပျိုကတော့ဇေထူးလို့ပဲခေါ်တော့မယ်နော်”
“ရတယ် ပျိုအဆင်ပြေသလိုခေါ်”
ပြုံးပြုံးကြီးနဲ့သဘောကောင်းပြနေတဲ့ဇေထူးကို တကယ်တော့ပျိုလှိုက်လှိုက်လှဲလှဲကြီးမခင်မိသေးပါ။ သူ့လိုပုံစံမျိုးနဲ့ တစ်ခါမှအပေါင်းအသင်းမလုပ်ဖူးလေတော့ သူလဲပျို့ကိုခင်လား၊မခင်လား သူ့စိတ်ထဲဘယ်လိုရှိသလဲဆိုတာလဲ မပြောတတ်ပါ။ သူနဲ့ပျိုနဲ့စရိုက်က လုံးဝဆန့်ကျင်ဘက်ဖြစ်ပေလိမ့်မည်။ အပြုအမူအပြောအဆိုနဲ့တင် အတော်ကြီး ကွဲထွက်နေလေသည်။ သူစကားပြောပုံက ခပ်အေးအေး၊ နေပုံထိုင်ပုံကလဲ စတိုင်လ်ကျကျနဲ့ လုံး၀ Gentleman ပုံစံမျိုး။ ပျိုကတော့ ဘာပြောရမလဲဦးနှောက်ကတွေးလို့မပြီးသေး ပါးစပ်ကထွက်ပြီးနေပြီ။ တခုခုလုပ်မယ်ဆို ဆပ်စလူးနေတာနဲ့ အစီအစဉ်မကျ ဝုန်းဒိုင်းပြေးရတာများသည်။ ဒီလူသားကတော့ အတော်စနစ်ကျမယ့်ပုံပင်။ ဒါပေမယ့် အိမ်နီးနားချင်းအဖြစ်နဲ့တော့ ခင်မင်ထားရပေမည်။ ဒါမှ လိုအပ်တာလေးတွေ ခိုင်းစား အဲလေ အကူညီ တောင်းလို့ရပေမည်။
ဆိုင်ရောက်တော့ ပျိုက ခြင်းတစ်ခုဆွဲယူပြီး ဝက်သားတွေရွေးထည့်နေသလောက် သူကတော့ ငါးကင်နဲ့ပုဇွန်သာ ထည့်လေသည်။
“ဟင် ဒါပဲလား ထည့်ဦးလေ”
“ဒါပဲပျို ကျွန်တော်ခြေလေးချောင်းသားမစားဘူး”
“အော် ဒါဆိုကြက်သားရော”
“ရတယ် မစားတော့ဘူး ကျွန်တော်စားပွဲမှာသွားထိုင်နေတော့မယ်နော်”
ပျိုခေါင်းငြိမ့်ပြလိုက်ပြီး စားချင်တာတွေဆက်ရွေးနေလိုက်သည်။ ဘာမှလဲမစားပဲ။ အကင်ဆိုင်ခေါ်လာသေးသည်။ အကင်တွေရောက်လာတော့ပဲ သူ့အတွက် ဖျော်ရည်၊ ငါးကင်နဲ့ပုဇွန်ကင်ကလွဲလို့ဘာမှမရှိ။
“ဇေထူး နင်ဘာမှမစားပဲ ငါပဲစားနေသလို”
“ကျွန်တော် ဒါတွေစားနေတာပဲလေ ပျိုမှာထားတာတွေကအများကြီးပဲ ကုန်နိုင်လို့လား”
“ကုန်အောင်စားမှာပေါ့ရှင့် တခါမှတလေ လာစားတာပဲ”
“ဒီဟာတွေလဲစားကူပေးဦး ကျွန်တော်တစ်ယောက်ထဲမကုန်ဘူး”
“ဟင် မစားကူပါဘူး ပျိုက ငါးလုံးဝမကြိုက်ဘူး ကိုယ့်ဘာသာစား”
ဇေထူးနဲ့စကားပြောနေရင်း အောင်ထက်ဆီက ဖုန်းဝင်လာလို့ ကိုင်လိုက်သည်။
“ဟဲ့ ငအောင်ထက် ဘာလို့လာဆက်…. အောင်မာ… အခုမှအိုဗာတင်းပြမနေနဲ့ နင်အကျင့်ပုတ်လို့ သူများကို အကူညီတောင်းပြီးတာကြာပေါ့ အေးလေ ဒီတိုင်းကြီးနေလို့ဖြစ်မလား မသာ…. နင့်ဘာသာစား လာအကျင့်ပုတ် နေတာ ဒါပဲ ငါမအားဘူး ဟား ဟားး အေး အေး ဒါပဲ”
ခေါင်းမော့ကာရယ်လိုက်တဲ့ပျိုရဲ့အပြုံးက ဟန်ဆောင်မှုကင်းမဲ့စွာ။ ခဏတာ ငေးခနဲစိုက်ကြည့်မိသွားသည်။ သူဟာ ယောကျာ်းလေးပီပီ လှပသောမိန်းမပျိုများတွေ့ရင်မငမ်းပဲမနေနိုင်ခဲ့ပါ။ သို့သော်လည်း အခုလိုငေးကြည့်ဖို့မပြောနဲ့ အိနြေ္ဒလေးရရသာငမ်းဖူးပါသည်။ ပြီးတော့ သူကမိန်းကလေးပီသတဲ့လှုပ်လီလှုပ်လဲ့ပုံစံမျိုးကို သဘောကျပါသည်။ စကားပြောရင်လဲ အိနြေ္ဒရရ၊ညင်ညင်သာသာ မပွင့်တပွင့်အပြုံးလေးနဲ့ပြောတတ်မျိုးကို ကြိုက်သည်။ မြန်မာဝတ်စုံ လေးတွေကို နှစ်သက်စွာဝတ်ဆင်တတ်တဲ့ မြန်မာဆန်သူမိန်းမပျိုလေးကိုသာ လက်ထပ်မည်လို့ စိတ်ကူးယဉ်ခဲ့ဖူးပါ သည်။ အခုသူမလိုပုံစံမျိုးမဟုတ်။ပျိုနဲ့သူကအရာရာဆန့်ကျင်ဘက်တွေပါ။သူမရဲ့လွတ်လပ်စွာနေထိုင်တဲ့ပုံကိုတော့ သူ အားကျနေမိသလိုပင်။ မာယာကြွယ်ဖို့မပြောနဲ့ လုပ်ချင်တာလုပ်ရဖို့သာအရေးကြီးသလိုပင်။
“အရွက်တွေတော့ နင်စားလို့ရပါတယ် အသားအရည်လှတယ် စား စား”
ပျိုက သူ့ရှေ့နားအရွက်ပန်းကန်ရွေ့ပေးလိုက်သည်။
“နင့်ကို ကျေးဇူးတင်လို့လိုက်ကျွေးတာဆိုပြီး ကိုယ့်ဘာသာလာစားနေသလိုဖြစ်နေပြီဇေထူးရယ်”
စိတ်မကောင်းဖြစ်တဲ့လေသံနဲ့ အစာဝါးမပျက်ပြောနေလေသည်။ ဇေထူးသဘောကျကာပြုံးလိုက်မိသည်။
“ဘာရယ်တာလဲ”
“ဘာမှမဟုတ်ပါဘူး ကျွန်တော်အများကြီးစားနေတာပဲလေ ကူညီပေးလိုက်တာဘာမှမဟုတ်ပဲ တခြားလူခေါ်ပစ် ခိုင်းလိုက်ရင် အလွန်ဆုံးလက်ဖက်ရည်ဖိုးပေးရမှ သုံးလေးထောင်ပေါ့ ကျွန်တော်လုပ်ပေးလိုက်လို့ အခုပိုက်ဆံ ပိုကုန်သွားတယ်မလား”
“အဲ့လိုလဲမဟုတ်ဘူးလေ အိမ်နီးနားချင်းတွေဆိုတော့ ခင်ခင်မင်မင်ပေါ့ ဒါနဲ့ နင်တစ်ယောက်ထဲနေတာလား”
“ဟုတ်တယ်ပျို တစ်ယောက်ထဲနေတာ ခွေးသုံးကောင်နဲ့ပေါ့”
“အော် ငါလဲတစ်ယောက်ထဲပဲ နင် ခွေးအတော်ချစ်ပုံရတယ်နော်”
“ဟုတ်တယ် ကျွန်တော်တိရစ္ဆာန်တွေကိုချစ်တယ်”
“ကောင်းတာပေါ့ တိရစ္ဆာန်ချစ်တတ်တဲ့လူတွေက စိတ်ထားနူးညံ့တယ်တဲ့”
“ပျိုရောမချစ်ဘူးလား”
“ချစ်ပါဘူး ဘယ်ကောင်မှမချစ်ဘူး သူတို့အမွေးတွေနဲ့ထိရမှာ အသဲယားတယ် ခွေးတွေဆိုပိုဆိုးသေး သူတို့နုတ်သီး စိုစိုကြီးတွေနဲ့လာနမ်းမှာကြောက်တယ်”
ဒါကြောင့် သူ့ခွေးတွေ အနားကပ်မှာ မကြိုက်သလိုလုပ်နေတာကို။
“နင့်ခွေးတွေကချစ်ဖို့တော့ကောင်းတယ်နော် ရေမိုးချိုးပေးရတာနဲ့အလုပ်မရှုပ်ဘူးလား”
“တစ်ပါတ်မှတစ်ခါလောက်ပဲချိုးပေးတာပျိုရဲ့ သူတို့နေတာသန့်ရှင်းပါတယ်”
“အော် အော်”
သူ့ကို အော် အော် ပြောနေပေမယ့်ဖျော်ရည်ကို ပိုက်နဲ့စုပ်သောက်နေရင်း မျက်လုံးတွေက အကင်ပန်းကန်တွေ ဆီမှာသာ။
“ပျိုက ဘာလုပ်တာလဲဟင် ဆောရီး ကျွန်တော်စပ်စုရာများကျသွားလား”
“မကျပါဘူး ပျိုက xxxx International School က English teacher ပေါ့ Engilsih စာနဲ့ UFL ကနေဘွဲ့ရပြီး အဲ့ဒီမှာပဲအလုပ်ဝင်ဖြစ်သွားတာ သူငယ်ချင်းအမေကအဲ့ဒီကျောင်းကကျောင်းအုပ်ဆိုတော့ သူနဲ့အတူတူအဲ့ဒီမှာပဲ လုပ်ဖြစ်သွားတာ ခုချိန်ထိပဲ ဒါနဲ့ နင်ရော”
“ကျွန်တော်က Shopping mall တွေမှာ ယောကျာ်းလေးဝတ်အထည်ဆိုင်ဖွင့်ထားတာ သုံးဆိုင်ရှိတယ် နေ့တိုင်း အဲ့ဒီဆိုင်တွေဆီသွားတယ် သွားချင်တဲ့အချိန်ပေါ့ဗျာ နာမည်ကြီး Brand တချို့လဲတင်တယ်”
“အော် အဲ့ဒါဆိုရှင်ကဘောစိပဲ”
“မဟုတ်ရပါဘူးဗျာ”
“ယောကျာ်းလေးဝတ်သီးသန့်ဆိုတော့ ပျိုအားပေးလို့မရဘူးနော်”
“အားပေးလို့ရပါတယ် တစ်ယောက်ယောက်ကိုလက်ဆောင်ဝယ်ပေးချင်ရင်ပေါ့”
ထပ်ထွက်သွားပြန်သည်။ သူမမှာရည်းစားရှိမရှိဆိုတာသိချင်လို့ မေးဖို့မရည်ရွယ်ပဲ ပြောမိသွားပြန်သည်။
“အင်းးးး ဟုတ်သား နောက်လထဲ အောင်ထက်မွေးနေ့ရှိတယ် အဲ့ဒီခါကျလာဝယ်မယ်နော် လျော့ပေးပေါ့ ဟီးးး ဒင်းကို ဈေးတအားကြီးတာလဲမဝယ်ပေးချင်ပေါင် ပြီးတော့ ကျွန်မကဝန်ထမ်းရှင့် လစာလဲအများကြီးရတာ မဟုတ်ဘူး”
သူမပြောပုံအရဆို ရည်းစားမရှိလောက်ဘူးထင်ပါသည်။ သူ့စိတ်ထဲနည်းနည်းတော့ဘဝင်ကျမိသွားသလို။
“လာသာအားပေးပါဗျာ ကျွန်တော်နဲ့တွေ့တဲ့အချိန်လျော့ပေးပါ့မယ်”
အစားအသောက်လောက်ပင် သူ့ကိုစိတ်ဝင်စားပုံမရ။ သူမေးသမျှကိုတော့ စားသောက်ရင်းဖြေပေးရှာသည်။ ဘယ်လိုမိန်းကလေးလဲ။ ကိုယ့်ရှေ့မှာ ခင်ခါစသူစိမ်းယောကျာ်းတစ်ယောက်လုံးထိုင်နေတာကို ပဲများပြရမယ်လို့ တစ်ချက်တောင် မတွေးမိဘူးထင်ပါသည်။
အိမ်ပြန်ရောက်တော့ ဖုန်းထဲမှတ်ထားတဲ့သူမရဲ့ဖုန်းနံပါတ်ကို ဖွင့်ကြည့်လိုက်မိသည်။ အင်တာနက်သုံးနေပုံပင်။
ဗိုက်ဘာမှာ သူမနံပါတ်လေးက စိမ်းနေလို့ ခေါ်လိုက်မိသည်။
“Hi ပျို ညနေစာအတွက်ကျေးဇူးပါ”
“ပျိုလဲ ကျေးဇူးတင်ပါတယ် ဇေထူး”
ဘာဆက်ပြောရင်ကောင်းမလဲ စဉ်းစားနေမိသည်။ သူ ပျိုနဲ့ရင်းနှီးချင်ပါသည်။
“ဇာတ်ကားကြည့်လိုက်ဦးမယ် ဘိုင်”
ဘာမှတောင်မပြောရသေး။ နှုတ်ဆက်သွားလေသည်။
“ကျွန်တော်ပြောစရာရှိလို့”
“ဘာပြောမလို့လဲဟင်”
“နောက်ရက် ကျွန်တော်ညနေစာလိုက်ကျွေးပါရစေ”
စာပြန်မရိုက်ပဲ Question mark ပါတဲ့ Sticker လေးပို့ခဲ့လေသည်။
“ပျို့ကိုအားနာလို့ပါ”
“အားနာစရာမှမဟုတ်တာ ပျိုကသာဘောစိကိုခိုင်းစားမိတာ”
“ဘောစိမဟုတ်ပါဘူးဗျာ မနက်ဖြန်ညနေတခုခုလိုက်စားနော်”
လိုက်စားသင့်မစားသင့် ပျိုစဉ်းစားနေမိသည်။ စားဖို့ကလဲအားနာ။ ပြီးတော့ နှစ်ရက်ဆက်တိုက် တစ်ယောက်နဲ့ တစ်ယောက် အပြန်လှန်ကျွေးပြီး တမင်ရင်းနှီးမှုရယူနေကြသလိုဖြစ်နေသည်။ လူငယ်တွေပဲလေ။ အဲ့ဒီလောက်ထိ အတွေးခေါင်စရာ အကြောင်းမရှိပဲ။ သူနဲ့ဒီလိုခင်မင်ဖို့ကို ဖန်တီးပေးတဲ့ကြွက်စုတ်ကိုသာ အမြင်ကတ်မိတော့သည်။
“အိုကေလေ မနက်ဖြန်ညနေ ငါးနာရီခွဲတွေ့မယ်နော်”
“ပျိုဘာစားချင်လဲ”
“ဘာဖြစ်ဖြစ်အားလုံးစားတယ် ဇေထူးအဆင်ပြေတဲ့ဆိုင်ရွေးပါနော်”
“ဟုတ်ကဲ့ မနက်ဖြန်ညတွေ့မယ်နော်”
“ဟု ဘိုင်”
“ဘိုင်”
ပျိုမှာ သူနဲ့ တဘိုင်ဘိုင်လုပ်ကာ အမျှင်မပြတ်ဖြစ်နေမှာစိုးလို့ တခါထဲ အင်တာနက်ပါပိတ်ပစ်လိုက်သည်။ ဇေထူးကို ကိုယ့်ထက်အကြီးမို့လို့လဲ ကိုတပ်ခေါ်ချင်စိတ်မပေါ်။ လေးလဲမလေးစား။ အခုတော့ ခင်လဲမခင်ချင်တော့သလိုပင်။ သူ့ကိုဘာလို့မခင်ချင်တော့လဲ သေချာမသိပေမယ့် သူနဲ့ကိုယ်ဟာ မတူတာတွေများလွန်းလို့ဖြစ်မည်ထင်။ ညနေစာ စားနေတုန်းကလဲ သူကခပ်အေးအေးပုံမျိုးဆိုပေမယ့် တခါတလေလူကို စူးစိုက်ကြည့်နေတဲ့သူ့အကြည့်တွေကို မမြင်ချင်ယောင်ဆောင်ထားရသည်။ ဒါကိုဒင်းက မသိဘူးများမှတ်နေလားမသိ။ လူက မစိုမခြောက်ပုံစံမျိုးနဲ့။ ရိုးရိုးသားသား ခင်တာကိစ္စမရှိ။ ဒင်းရဲ့ Cover girl အဖြစ်ကိုယ့်ကိုတွဲချင်ပုံမျိုးဆိုရင်တော့ Go away, stay way ပင်။ ပျိုမှာ ဟိုက ဘာမှန်းညာမှန်းမသိ။ ကိုယ့်ဘာသာ တဖက်သတ်ကြိမ်းနေတဲ့အဖြစ်ကို သတိရပြီး ရယ်လိုက်မိတော့သည်။
===========================================================
“ဟဲလို ပျို အိမ်ပြန်ရောက်ပြီလား”
“ဟုတ် ခုလေးတင်ပဲပြန်ရောက်တယ်”
ကျောင်းကပြန်ရောက်တာနဲ့ အဝတ်စားတောင်မလဲနိုင်ပဲ အိပ်ရာပေါ်ပစ်လဲှအိပ်နေတဲ့ပျိုကို ဇေထူးက ဖုန်းဆက်လာခဲ့သည်။
“ညနေကျရင် ညစာစားရင်းနဲ့ဘုရားဝင်ချင်လို့ ပျိုအဆင်ပြေလားလှမ်းမေးကြည့်တာ”
ဟင်။ ဘုရားတူတူဖူးရအောင် သူနဲ့ပျိုက အရမ်းရင်းနှီးကြတာလဲမဟုတ်။ ဒုက္ခပါပဲ။ ရေစက်တွေပါကုန်ပြန်ဦးမည်။ အင်းလေ ရေစက်ပါလို့ပဲအခုတောင် ဆုံနေရပြီကို။ သက်ပြင်းကြိတ်ချလိုက်မိရင်း။
“ဟုတ်”
အခုမှတော့ မဟုတ်လို့ရမလား။ နောက်တစ်နာရီလောက်ဆိုရင်တောင် သွားတော့ပါမယ်ဆို။ ဘုရားမဝင်ချင်ဘူးလို့ ငြင်းရအောင် မကောင်းတဲ့နေရာခေါ်သွားတာလဲမဟုတ်။
“တော်သေးတာပေါ့ဗျာ ဒါဆိုခုနနေမှတွေ့မယ်နော် တာ့တာ”
တက်တက်ကြွကြွတာ့တာ သွားသူမမြင်နိုင်ပေမယ့်လဲ မျက်စောင်းထိုးချင်မိပါသည်။ ဘီရိုကိုဆွဲဖွင့်ပြီး သူနဲ့အတူ ဘုရားသွားဖို့ဝတ်စုံရွေးလိုက်သည်။ အနက်ရောင်ကချင်လုံချည်နဲ့ ဆင်စွယ်ရောင်ရင်ဖုံးအကျီၤကိုသာဝတ်ဖို့စိတ်ကူး လိုက်သည်။ ဒင်းကဘုရားသွားပြီးဆိုင်မှာညစာစားမှာဆိုတော့ သေချာပေါက်အရင်ထက်နှစ်ဆပဲများလာပေဦးမည်။ ရေမိုးချိုးပြင်ဆင်ပြီးတော့ မှန်တင်ခုံပေါ်က ရေမွှေးဗူးလေးကို ဆွဲယူကာ လက်ကောက်ဝတ်မှာနည်းနည်းဖြန်းကာ လက်နှစ်ဖက်ကိုပွတ်လိုက်ပြီး ထိုလက်နဲ့လည်တိုင်နားမှာ ပြန်ပွတ်လိုက်သည်။ သူတောင်ယောကျာ်းလေးဖြစ်ပြီး မွှေးကြိုင်နေတာ။ ပျိုလဲ ဒီလောက်တော့လုပ်ရပေမည်။
ငါးနာရီခွဲခါနီးတာနဲ့ပျိုအပြင်ထွက်လာတော့ ဇေထူးက ကားနားမှာအဆင်သင့်စောင့်နေလေသည်။ သူ့ကိုတွေ့မှ သွားပြီလို့ စိတ်ထဲရေရွတ်လိုက်မိတော့သည်။ ဒင်းကလဲ ပျိုနဲ့တိုက်ဝတ်ထားသလားထင်ရအောင် ကချင်ရေစိုဆင် ပုဆိုးကွက်စိတ်နဲ့ စတစ်ကော်လံမှာရွှေကြယ်သီးလေးတပ်ထားတဲ့ဆင်စွယ်ရောင်အကျီ်နဲ့။ အခုချိန်မှတော့ အိမ်ထဲ ပြေးဝင်ပြီးပြန်သွားလဲရအောင်လဲ မကောင်းတတ်နဲ့။ ပျိုမှာ အရင်ဆုံးသူ့ကို မချောင်းကြည့်မိတာ နောင်တတွေ တလှေကြီးရနေမိသည်။
ခြံတံခါးသော့ခတ်နေတဲ့ ဥဒေါင်းပျိုကိုကြည့်ပြီး ဇေထူးရင်ခုန်သံတွေမြန်လာသလိုပင်။ သူနဲ့သူမဟာ စိတ်ခြင်းများ ဆက်သွယ်နေသလားမပြောတတ်တော့။ သူမဝတ်ထားပုံလေးကိုကြည့်ပြီး သဘောကျနေမိသည်။ ဆင်စွယ်ရောင် ရင်ဖုံးအကျီၤလေးဟာ သူမကိုယ်နဲ့နည်းနည်းချောင်ချောင်လေးဖြစ်နေတာ ကချင်လုံချည်အနက်ရောင်လေးနဲ့ လိုက်ဖက်ညီစွာ ဝတ်ဆင်ထားလေသည်။ ဒီနေ့မှ အမြဲဖွာကျဲနေတဲ့ဆံပင်တွေကို ဘေးတစောင်းချည်ထားတဲ့ သူမရဲ့မျက်နှာလေးဟာ အရင်ထက်ပိုပေါ်ပြီး ရှင်းလင်းကာ ချစ်ဖို့ကောင်းနေလေသည်။ သူမဟာ အရမ်းလှတဲ့သူ မဟုတ်ပေမယ့် သူ့မျက်လုံးမလွဲချင်လောက်အောင် ကြည့်ချင်နေမိသည်။ ဒီအချိန်မှာ သူနားလည်လိုက်မိတာ တစ်ခုကတော့ သူမကို သူ စိတ်ဝင်စားနေမိပြီဆိုတာပါပဲ။ ချစ်တယ်လို့တော့ခေါင်းစဉ်မတပ်ချင်သေးပါ။ သူ့ နှလုံးသားကို သေချာအောင် ဆန်းစစ်ရပေဦးမည်။ သူဟာ ဒီအသက်အရွယ်ထိ ရည်းစားတစ်ယောက်မှ မထားခဲ့ဖူး သူတော့မဟုတ်ပါ။ တရားဝင်ရည်းစား နှစ်ယောက်ထားဖူးပြီး အီစီကလီနဲ့ဇာတ်လမ်းပေါင်းများစွာလဲ ရှိခဲ့ဖူးပါသည်။ သို့သော် အခုလို ဥဒေါင်းပျိုကို ရင်ခုန်မိသလိုမျိုးတော့ လှိုက်လှိုက်လှဲလှဲမခုန်ခဲ့ဖူးဘူးထင်ပါသည်။
“ပျို အရမ်းလှနေတယ်နော်”
သူ့ကို မချိသွားဖြဲပြုံးပြလိုက်ရင်း ကားထဲဝင်ထိုင်လိုက်သည်။ ပျို လှမလှတော့မသိ၊ စိတ်လေနေတာတော့ သိပါသည်။
“ရွှေတိဂုံဘုရားသွားမယ်နော်ပျို”
“ဟုတ်”
သွားချင်တဲ့ဘုရားသွားပေ့ါ။ ပျိုကတော့သူခေါ်တဲ့နောက် လိုက်ရမှာပင်။
“ပျို ဘာစားချင်လဲ ဂျပန်စာစားမလား ဆူရှီကြိုက်လား အာ ဆောရီး ပျိုကငါးမကြိုက်ဘူးပဲ”
“ရပါတယ် ဂျပန်ဆိုင်ပဲသွားလေ ပျို တခြားဟာတွေစားမှာပေါ့”
“ဒါဆို Fuji ပဲသွားလိုက်မယ်နော် ဘုရားကအပြန် Market place ဝင်လိုက်မယ်”
“ဟုတ်”
ဟုတ် ဟုတ် ဖြေပြီး အပြင်ကိုကြည့်နေသူက ဇေထူးဘက်ကို တစ်ချက်မှမကြည့်ပါ။ သူနဲ့အဝတ်အစားတူနေတာကို စိတ်ခုနေပုံရသည်။ ဒါပေမယ့် မတတ်နိုင်ပါ။ တမင်တူအောင်လိုက်ဝတ်ထားတာမှ မဟုတ်ပဲ။ အခုလို တိုက်တိုက်ဆိုင်ဆိုင်တူနေပုံလေးက သဘောကျဖို့ကောင်းပါသည်။
“ပျို ဘာဖြစ်နေတာလဲဟင် နေမကောင်းဘူးလား”
“မဟုတ်ပါဘူး စိတ်ရှုပ်စရာနည်းနည်းရှိလို့ပါ”
“အော် ဘာတွေစိတ်ရှုပ်နေတာလဲ ပြောလို့ရရင်ကျွန်တော့ကိုပြောပြပါလား”
ဇေထူး သိသိကြီးနဲ့ စကားမရှိစကားရှာမေးလိုက်သည်။
ရှင့်ကြောင့်စိတ်ရှုပ်နေတာလို့ ရှင့်ကိုပြောလို့ဖြစ်မလားအေ။ အမြင်ကတ်ကတ်နဲ့စိတ်ထဲကနေပြန်ပြောလိုက်သည်။
“ဒီလိုပါပဲ အလုပ်ထဲက နည်းနည်းပါးပါးပါ”
“ပျို့အလုပ်က စိတ်ညစ်ဖို့ကောင်းလို့လား”
“အဲ့လိုကြီးစိတ်ညစ်ဖို့တော့မကောင်းပါဘူး”
“ကလေးတွေနဲ့ဆိုတော့ တခါတလေစိတ်ညစ်ရမှာပေါ့”
“အင်း ကလေးတွေကိုတော့ပျိုချစ်ပါတယ်”
“အော် ပျိုက ကလေးချစ်တတ်တယ်ပေါ့”
“အင်း ကလေးချစ်တယ် တိရစ္ဆာန်ပဲမချစ်တာ”
ပျိုနဲ့ှရှင်က ဆန့်ကျင်ဘက်ပဲသိရဲ့လား။ အဲ့ဒါကို စူးစူးစိုက်စိုက်ကြီး လာလာမကြည့်စမ်းနဲ့။ ရှင့်အကြည့်တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်လွန်းလှတယ်။ တကယ်ပါ။ ပျိုကိုလာကြိုက်တဲ့လူတွေ အများကြီးရှိခဲ့ဖူးတာပဲ။ အဲ့ဒီလူတွေနဲ့ဆုံရင် ဘာမှမခံစားရသလို၊ အာရုံထဲကိုမရှိပေ။ ဒါပေမယ့် ကြိုက်ပါတယ်လို့တစ်ခွန်းမှမပြောတဲ့ ဇေထူးရဲ့အကြည့်တွေကြောင့် တကယ်ကိုစိတ်ထဲတမျိုးကြီး ဖြစ်ရသည်။ မိန်းကလေးပီပီ သူ့အကြည့်တွေက ဘာတွေပါနေလဲဆိုတာ ပျိုရိပ်မိပါသည်။ အဲ့ဒီအကြည့်တွေကို ပျိုတကယ်မကြိုက်ဘူးကွယ်။
“ကျွန်တော်ကတော့ ကလေးရောတိရစ္ဆာန်ရောချစ်တယ်”
ချစ်ပေါ့။ သူ့ကိုဘယ်သူကမေးနေတာကျလို့။ ဖြစ်နိုင်ရင် သူနဲ့အတူ မလိုက်ချင်တော့ပေ။ ကားထဲမှာသင်းပျံ့နေတဲ့ သူ့ရဲ့ရေမွှေးနံ့က ပျိုကို စိတ်လေစေသည်။ အကောင်းစားရေမွှေးမို့သာတော်ပါသေးသည်။ ပျိုက တခါတလေ ရေမွှေးဆွတ်တတ်ပေမယ့် အမြဲသုံးလေ့တော့မရှိပေ။ အခုတောင် ဦးမွှေးကြိုင်နဲ့သွားရမှာမို့သာ မသုံးဖြစ်တာ အလွန်ကြာတဲ့ ရေမွှေးသုံးခဲ့မိသည်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဝယ်ထားတဲ့ တစ်ဗူးတည်းသော Valentino ရေမွှေးလေးကတဝက်တောင်မကျိုးသေးပေ။ ဒီလူသာဆိုရင် ငါးဗူးလောက်တော့ အသာလေး ကုန်လောက်ပြီထင်။
“ပျိုရဲ့ရေမွှေးက မွှေးတယ်နော်”
အင် ပျိုကတော့ သူ့ရေမွှေးနံ့ပဲရနေတာကို။ တကားလုံး သူ့အနံ့ပဲ ဖုံးလွှမ်းနေပြီး။ ပျို့ဆီကအနံ့ကို ဘယ်လို ရသွားမှန်း မသိ။
“အဲ့ဒီအနံ့လေး ကျွန်တော်ကြိုက်တယ်”
“ပျိုကတော့မကြိုက်ဘူး ဒီအတိုင်းကြုံလို့ဝယ်ထားလိုက်တာ ဒီတစ်ဗူးတောင်နှစ်နှစ်ကျော်ပြီ မကုန်တတ်သေးလို့ တခြားလဲထပ်မဝယ်တော့ပါဘူး ပျိုရေမွှေးမကြိုက်ဘူး”
ကဲ မှတ်ကရော။ အမြင်ကတ်လို့ ပိုပိုသာသာပိတ်ပြောပစ်လိုက်သည်။ ဦးရေမွှေးကြိုက်ကြီး ဒီလောက်ဆို အရှိုက်ထိ လောက်ပြီထင်ပါသည်။ သူများရေမွှေးနံ့ကိုများ ကြိုက်စရာလား။
“အော် ဟုတ်လား ဒီအနံ့လေးက ပျိုနဲ့လိုက်တယ်”
မကြိုက်ပါဘူးလို့ပြောနေတာကို အနံ့နဲ့တောင် လိုက်တယ်လာပြောနေသေး။ ပျိုမှာ သူနဲ့ဆန့်ကျင်ဘက်တွေပဲပြောဖို့ စဉ်းစားနေပါတယ်ဆို။ သူကတော့ ဘာမှမဖြစ်သလို အေးဆေးပြန်ပြောနေသေးသည်။
ဇေထူး အပြင်ဘက်နောက်ကြည့်မှန်ထဲကနေတွေ့ရတဲ့ ရှုံ့မဲ့နေတဲ့ပျိုမျက်နှာကို ခိုးကြည့်ပြီး တိတ်တိတ်လေး ရယ်နေမိသည်။ သူ့ကိုမျက်နှာလွဲထားလို့ သူမမြင်ဘူးထင်ပြီး သူတစ်ခွန်းပြောတာနဲ့တစ်ခါရှုံ့ပြနေသည်။ သူနဲ့ အဝတ်အစားဆင်တူဖြစ်နေတာကိုတွေ့ပြီးချိန်ကစလို့ မကြည်တော့တာကို သိပါသည်။ သူပြောတဲ့စကားတိုင်းကို တမင်ကပ်သပ်ကာ ဆန့်ကျင်နေမှန်းလဲမသိပဲနေပါ့မလား။ သို့သော် သူမအဲ့လိုရံှုံ့မဲ့လေသူစချင်လေ ဖြစ်နေမိသည်။
ဒီနေ့ညနေခင်းလေးက ဇေထူးအတွက်အဓိပ္ပါယ်ရှိလွန်းလှပေသည်။ ပျိုနဲ့အတူတူ ဘုရားဖူးရင်း သူတွေးမိလိုက် သည်က သူမနဲ့တသက်လုံးအတူတူနေရရင် ဘယ်လိုများနေမလဲဆိုပြီးပေါ့။ တခြားရည်းစားတွေနဲ့ တွဲတုန်းက အဲ့ဒီလိုတစ်ခါမှစိတ်မကူးမိပါပဲ သူမနဲ့ကျမှ ဒီလိုတွေတွေးမိတာ ဖူးစာပါလို့များလား။
ဘုရားကဆင်းပြီး ကားပေါ်ရောက်တာနဲ့ သူ့ခြေထောက်ကို Wet tissue နဲ့သေချာသုတ်သင်နေပြီး ပျို့ကိုတောင် လာသုတ်ခိုင်းနေသေးသည်။ ပျိုက သူလုပ်ခိုင်းတိုင်းလုပ်စရာလား။ Market place ရောက်တော့လဲ သူနဲ့တွဲ မလျှောက်ချင်လို့ တမင်နောက်ချန်နေခဲ့ပါတယ်ဆိုမှ ကိုယ်တော်ချောက သဘောကောင်းစွာ ဘေးနားကနေ ဖြည်းဖြည်းကပ်လျှောက်နေသည်။ အင်မတန်အသန့်အပြန့်ကြိုက်တဲ့ဇေထူးမြတ်ဆိုတဲ့လူက ဥဒေါင်းပျိုနဲ့တော့ အရာရာ မတူညီမှုများနဲ့ပင်။ ဘာလို့သူ့ကိုမခင်မိမှန်းမသိ။ ပျိုနဲ့အတတ်နိုင်ဆုံးလိုက်လျောညီထွေဖြစ်အောင် စကားရှာပြောနေတဲ့သူ့ရဲ့အကြည့်တွေကြောင့်ပဲဖြစ်မည်ထင်ပါရဲ့။
===========================================================
ဇေထူးမှာ နေ့စဉ်နေ့တိုင်းခွေးကျောင်းရင်း ဟိုဘက်ခြံက ပျိုရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်နေမိသည်။ လေးနာရီကျော် လောက်ဆို ပုံမှန်ပြန်ရောက်တတ်တဲ့ ပျိုရဲ့ပြန်ချိန်တိုင်း သူ့မှာချောင်းကြည့်ရတာအမော။ အမြဲတမ်းနီးပါး ဘတ်စ်နဲ့ ပြန်တတ်ပြီး ဒီနေ့တော့သူမသူငယ်ချင်းလိုက်ပို့သည်ထင်ပါသည်။ သူ့ရဲ့တနေ့တာဟာ သူမအရိပ်လေးမြင်ရမှ၊ အသံလေးကြားရမှာ ပြည့်စုံသလို ထင်ရသည်။
“ပျို ငါ့ကိုရေနည်းနည်းလောက်တိုက်”
“မတိုက်ဘူး လမ်းထိပ်မှာကုန်စုံဆိုင်ရှိတယ် ဝယ်သောက်လိုက်”
“ကပ်စီးအိုးမ ရေလေးတောင်းသောက်တာကို ဒါကြောင့်ကြိုက်မယ့်လူမရှိတာ တသက်လုံးအပျိုကြီးဖြစ်ပါစေ”
“ဝမ်းတောင်သာသေးအေ”
အောင်ထက်က လက်သီးထောင်ပြကာ ကားမောင်းထွက်သွားတော့ အိမ်ထဲဝင်ခဲ့လိုက်သည်။ သူ့မွေးနေ့မို့ သူငယ်ချင်းတွေကိုမုန့်ကျွေးပြီး တမင်တကာအိမ်လိုက်ပို့တဲ့အောင်ထက်ကို ရေတောင်မတိုက်တာ ပျိုအလွန် မဟုတ်ပါ။ ဒင်းက ရည်းစားနဲ့ချိန်းထားတာကို။ ဖင်ပူအောင်မထိုင်ပဲ ချက်ချင်းပြန်မယ့်အရေး အိမ်ထဲဝင်ပြီးရေဗူးယူ၊ ရေတိုက်နဲ့။ ဇယားရှုပ်ပါသည်။ သူ့ဘာသာလမ်းမှာပဲဝယ်သောက်လိုက်တော့ပေါ့။
ဇေထူး ပျိုကို လိုက်ချောင်းကြည့်ရင်း သဝန်တိုစိတ်တွေဖြစ်နေမိသည်။ သူမတို့ပြောနေတဲ့လေသံအရတော့ ရိုးရိုး သားသား သူငယ်ချင်းတွေပဲ ဖြစ်ပါလိမ့်မည်။ သို့သော် အသဲနုတယ်ပဲပြောပြော ပျိုကို ဘယ်သူစိမ်းယောကျာ်းနဲ့မှ အတူတူတွဲမမြင်ချင်မိပါ။ ဟင် ငါ ဥဒေါင်းပျိုကို တကယ်ချစ်မိနေပြီလား။
ပျို အိမ်ထဲတန်းမဝင်သေးပဲ မြက်ခင်းပေါ်လှဲအိပ်ချလိုက်သည်။ ဒီနေ့ရာသီဥတုက သာယာပူပြင်းလှပါသည်။ ညနေ လေးနာရီခွဲကျော်တာတောင် ပူနေသေးသည်။ အိမ်ထဲဝင်ပြီး အဲကွန်းလေးနဲ့နှပ်လို့ရသော်လည်း မြက်ခင်းပေါ် လှဲအိပ်ပြီး ကောင်းကင်ပြာကိုကြည့်ရတာ ပျိုဘယ်လိုသဘောကျမှန်းမသိ။ ဒီအိမ်ပြောင်းလာထဲက အဲ့ဒီလို နေ့တိုင်း နီးပါးကြည့်နေတာ အကျင့်တောင်ဖြစ်နေပါပြီ။ ညနေစာဘာစားရင်ကောင်းမလဲ။ ခုလေးတင်စားခဲ့ပြီးပြီဆိုပေမယ့် အစားပုတ်တဲ့ပျိုက ခဏနဲ့ပြန်ဆာမှာသေချာပါသည်။ အောင်ထက်စုတ် လောနေတာကြောင့် ဘာမှမဝယ်ခဲ့ရပေ။ ခေါက်ဆွဲပြုတ်ပဲစားရင်ကောင်းမလား စဉ်းစားနေမိသည်။ တစ်ယောက်ထဲနေတဲ့ပျိုက ထမင်းဟင်းကို တကူးတက ချက်မစားတတ်။ နေ့လယ်စာကိုတော့ မေဇွန်အိမ်ကနေ ပျိုအတွက်ရော နှစ်ယောက်စာ ချိုင့်နဲ့တခါထဲ ထည့်ယူလာသည်။ ငပျင်းပျိုတစ်ယောက် လစာထုတ်တာနဲ့မေဇွန်ကို ထမင်းဖိုးအနေနဲ့ ခွဲပေးတတ်ပါသည်။ မေဇွန်ကငြင်းသော်လည်း ပျိုအတင်းပေးခဲ့သည်။ သူများအိမ်ကဟာကို နေ့တိုင်း အလကားစားလို့ ဘယ်ကောင်းပါ့မလဲနော်။
“ဥဒေါင်းပျို.. ပျို”
ခြံရှေ့ကပျိုနာမည်ခေါ်သံကြားလို့ သေချာနားစွင့်လိုက်မိသည်။ ဒါ ဟိုဘက်အိမ်က ဇေထူးမြတ်ပဲ ဖြစ်လိမ့်မည်။ ဒီနားဝန်းကျင်မှာ ပျိုနဲ့ခင်တာဆိုလို့ သူတစ်ယောက်သာရှိသည်။ ဘာကိစ္စများလဲ။ သက်ပြင်းချကာ ထရပ်လိုက်ရင်း ဆံပင်တွေသပ် အကျီၤတွေကိုဆွဲချလိုက်သည်။ ဟိုတနေ့ညနေပြန်လာထဲက ဒီလူနဲ့အဆက်စပ်မလုပ်တော့တာကို။ ခြံတံခါး ဆွဲဖွင့်ကြည့်လိုက်တော့ တကယ်ပဲ ဇေထူးမြတ်ဖြစ်နေခဲ့သည်။
“ပျို ပြန်ရောက်ပြီလား ကျွန်တော် ဒံပေါက်ချက်စားလို့လာပို့တာ”
သုံးဆင့်ချိုင့်ကို မြှောက်ပြရင်းပြောနေတဲ့ဇေထူးကို ပျိုပြုံးပြလိုက်သည်။ ညနေစာ ဘာစားရင်ကောင်းမလဲ စဉ်းစားနေတုန်း အလိုက်သိစွာ စားတော်ပွဲရောက်ရှိလာပါလား။
“နင် ချက်တာ???”
မယုံသလိုမော့ကြည့်ပြီးမေးနေတဲ့ ပျိုမျက်နှာကို အားမနာတမ်းစိုက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ကျွန်တော်ချက်ရင်း ပျို့ကိုသတိရလို့ပိုချက်ထားတာ”
ဒံပေါက်ကျွေးလို့ကျေးဇူးတင်ပေမယ့် ပျို့ကိုတော့ သတိမရခိုင်းစေချင်ပါ။ သူပေးတဲ့ချိုင့်ကို ယူလိုက်ရင်း
“ဟုတ် ကျေးဇူး ပျိုချိုင့်ဆေးပြီး ပြန်လာပို့ပေးမယ်နော်”
အဲ့ဒီလိုဆိုလဲ မဆိုး။ သူမမျက်နှာကို နောက်ထပ်တစ်ခါထပ်တွေ့ရတာပေါ့လေ။
“ကောင်းပါပြီဗျာ ဒါဆိုကျွန်တော်သွားတော့မယ်နော်”
“ဟုတ်”
တံခါးပြန်ပိတ်ရင်း သက်ပြင်းချလိုက်မိသည်။ ဘာလဲမသိ။ အဲ့ဒီလို စိုက်စိုက်ကြီးကြည့်တတ်တဲ့ မျက်လုံးတွေကို မုန်းပါတယ်ဆို။ လူကိုတွေ့တာနဲ့ အနီးကပ်ကြီး အားမနာတမ်းလာကြည့်နေတာ။
သူ့ကိုမတည့်ပေမယ့် သူချက်တဲ့ဒန်ပေါက်ကိုတော့ တည့်ပါသည်။ အောင်ထက်ကျွေးသမျှကို တနင့်တပိုး စားလာ ခဲ့ပေမယ့် ထည့်လာပေးသမျှအားလုံး ပြောင်နေအောင် စားလိုက်မိသည်။ နူးအိအောင် ချက်ထားတဲ့ ကြက်သားက မဆလာနံ့သင်းသင်းလေနဲ့ လှျှာပေါ်ရောက်တာနဲ့ အရသာစွဲကျန်လေသည်။ အချဉ်၊ ဘာလချောင်ကြော်၊ ဟင်းရည်အဆုံး အားလုံးကိုကြိုက်ပါသည်။ စားသောက်ပြီးတော့ ချိုင့်ဆေးကာ သူ့ဆီဖုန်းဆက်လိုက်သည်။ အခုမှ ခုနှစ်နာရီထိုးမှာဆိုတော့ ဒီအချိန်သွားပေးလို့ကောင်းပါသေးသည်။
“ဇေထူး ပျို ချိုင့်လာပေးမလို့”
“အခုလား အတော်ပဲ ပျို လာခဲ့လေ”
ဘာကို အတော်ပဲလဲမသိ။ ပျို ချိုင့်ဆွဲပြီး သူ့အိမ်ကိုထွက်လာခဲ့လိုက်သည်။ ခြံပြင်ထွက်ပြီး စောင့်ကြိုနေသူကို ပြန်ပြုံးပြလိုက်ရင်း ချိုင့်ကိုလှမ်းပေးလိုက်သည်။
“ဇေထူးလက်ရာ အရမ်းကောင်းတယ်သိလား ပျို အားလုံးပြောင်နေအောင်စားလိုက်တယ်”
“ဟုတ်လား ဝရဲ့လားပျို”
“ဝတယ် ကျေးဇူးတင်ပါတယ် အခုလိုပျိုကို သတိတရပို့ပေးလို့”
“စားသောက်ပြီး အီနေမှာပေါ့ သံပရာရည်ဖျော်ထားတယ် သောက်သွားပါဦးလား”
“အာ တော်ပြီ မသောက်တော့ဘူး ကျေးဇူးပဲ ပျိုသွားတော့မယ်နော်”
“ခဏလေးပျို အထဲမလိုက်ချင်လဲ ဗူးနဲ့ထည့်ပေးလိုက်မယ် ပျိုအတွက်ပါဖျော်ထားတာ”
ပျိုအတွက်ပါ ဖျော်ထားတာဆိုတော့ ငြင်းရခက်သွားပြန်သည်။ ဒီလူဟာ သူ့ဆန္ဒကို မငြင်းနိုင်အောင် အတော် လုပ်တတ်တာပဲ။
“အားနာစရာကြီး ဇေထူးရယ်”
“အားမနာပါနဲ့ ခဏစောင့်နော်”
“ဟို ပျိုတခါထဲလိုက်သောက်လိုက်တော့မယ်”
ဇေထူး ပျော်သွားမိသည်။ တကယ်တော့ ဒံပေါက်ကိုတောင် အတူတူစားချင်ခဲ့တာပါ။
ပျိုမှာ သူ့နောက်ကနေလိုက်ဝင်ခဲ့ရင်း သူ့အိမ်လေးကို အကဲခတ်လိုက်မိသည်။ ယောကျာ်းပျိုတစ်ယောက်ထဲ နေတဲ့အိမ်နဲ့မကိုက်ညီစွာ သပ်ရပ်သန့်ရှင်းနေလေသည်။ အိမ်ထဲဝင်လိုက်တာနဲ့ လတ်ဆတ်တဲ့သံပရာနံ့လေးကို ရှုရှိုက်လိုက်မိသည်။ လူကသာ အမွှေးအကြိုင်ကြိုက်တတ်ပေမယ့် Air fresher ကိုတော့ အသီးနံ့တွေသာ ကြိုက်ပုံရသည်။ ဧည့်ခန်းထဲက ပစ္စည်းအထားအသိုကလဲ နေရာတကျ။ မြင်လိုက်တာနဲ့ အိမ်ရှင်မကောင်း တစ်ယောက်ရှိတဲ့အိမ်နဲ့ တူလေသည်။ ပျိုအိမ်ကိုအခုအချိန်လာကြည့်ရင် အမှိုက်တွေနဲ့။ အနည်းဆုံးတော့ ပစ္စည်းတချို့တလေ အောက်ကိုပြုတ်ကျနေပေဦးမည်။ ပျိုမှာ သူ့ရဲ့စည်းစနစ်ကျပုံကို ကိုယ်နဲ့နှိုင်းယှဉ်မိရင်း ကိုယ့်ကိုကိုယ်အားပေးလိုက်သည်။ ပျိုမိန်းမမပီသတာမဟုတ်ဘူး။ သူက မိန်းမဆန်နေတာလို့ပေါ့။
ခွေးသုံးကောင်ကလဲ သခင်ကိုမြင်တာနဲ့ပြေးလာကြသည်။  ခွေးသုံးကောင်ဟာ သခင်ထက် အခုမှမြင်ဖူးတဲ့ပျိုကို စပ်စုချင်ပုံပေါ်သည်။ ပျို နားကိုကပ်လာကြတော့ ရှောင်ပြေးကာ ဆိုဖာမှာအပြေးသွားပြီး ခြေထောက်ကို အပေါ်တင်ကာ ထိုင်လိုက်သည်။
“ဇေထူး နင့်ခွေးတွေကိုခေါ်ဦး”
ဆိုဖာပေါ်ကုတ်တက်ဖို့လုပ်နေတဲ့ခွေးလေးတွေကို ပျိုအသဲယားမိသည်။ သူတို့သုံးကောင်လုံးချစ်ဖို့ကောင်းပေမယ့် ပျိုက မချစ်တတ်တာခက်သည်။
“ဘလက်ကီ ဟစ်ပီ စနိုး လာ လာ”
ပျို ပုံစံကိုကြည့်ပြီး ဇေထူးရယ်လိုက်မိသည်။ သခင်ခေါ်တာကို မသွားပဲ ပျိုအနားပဲ ကပ်နေတဲ့သုံးကောင်ကို သူက အစာနဲ့ဆွဲဆောင်လေသည်။ အဲ့ဒီအခါမှ ထွက်သွားကြသည်။
ဇေထူး ပျိုရှေ့မှာ သံပရာရည်ခွက်လေးချပေးပြီး မေးလိုက်သည်။
“ပျိုက ခွေးတွေကို နည်းနည်းမှမချစ်ဘူးလား”
“အင်း အရုပ်လေးတွေနဲ့တူလို့တော့ချစ်တယ်လေ သူတို့နဲ့တော့မထိချင်ပါဘူး”
“စနိုးကဗိုက်ကြီးနေတာ နောက်နှစ်ပါတ်လောက်ဆိုမွေးတော့မယ်လို့ဆရာဝန်ပြောတယ်”
“သြော်”
ပျိုက အစာစားနေတဲ့ခွေးသုံးကောင်ကို လှမ်းကြည့်ရင်း
“စနိုးဆိုတာ အဖြူလေးကိုပြောတာလား”
“ဟုတ်တယ် သူ့ဗိုက်ကိုကြည့်လေ တခြားနှစ်ကောင်ထက်ပူနေတာတွေ့လား”
“အင်း ဟုတ်တယ်နော် သနားပါတယ် သေးသေးလေးနဲ့ဗိုက်ကြီးနေတာ”
ဇေထူး သဘောကျကာရယ်လိုက်မိရင်း
“သူတို့က အသေးမျိုးလေပျိုရဲ့”
“အော် အမယ် အဲ့လောက်တော့ပျိုသိပါတယ်နော် ခွေးသာမမွေးဖူးတာ”
ပိုက်ကိုကိုက်ထားရင်း မျက်စောင်းလှမ်းထိုးလိုက်တဲ့ပျိုကြောင့် ဇေထူးရင်ခုန်သွားမိသည်။ ပျိုနဲ့အတူတူ ရှိနေချိန်လေးကို သူ ပျော်နေမိသည်။
“မနက်ဖြန်ကျောင်းပိတ်ရက်မလားပျို”
“ဟုတ်”
“ဘယ်သွားဖို့အစီစဉ်ရှိလဲ”
“ဘယ်မသွားပါဘူး အိမ်မှာပဲ နေမှာပေါ့”
“မနက်ဖြန် မုန့်ဟင်းခါးချက်စားမလို့ ပျိုကြိုက်တယ်မလား”
ပျို ဇေထူးကို ကြည့်ရင်း မကြိုက်ဘူးဖြေရင်ကောင်းမလား တွေးနေမိသည်။ သူနဲ့အခုလို ရင်းရင်းနှီးနှီးကြီး ထပ်မဆက်ဆံချင်တော့ပါ။
“ကျွန်တော်က မုန့်ဟင်းခါးစားရင် အစုံထည့်စားရတာကြိုက်တယ် အကြော် ငါးဖယ် အိုးဘဲဥ”
အင်း ဘာလို့များပျိုနဲ့လာတူနေတာပါလိမ့်။ သူနဲ့မတူချင်ပါဘူးဆို။
“ပျိုရော ဘာကြိုက်လဲ”
“ပျိုလဲအတူတူပဲ”
သေလိုက်ပါတော့။ စိတ်ထဲကနေ မတူချင်ဘူးတွေးနေပြီး ပါးစပ်ကတော့ ဘာလို့အဲ့လိုထွက်သွားရတာလဲ။
“ဟုတ်လား ဒါဆိုမနက်ဖြန်ပျိုအတွက်ကျွန်တော်လာပို့ပေးမယ်”
“အဲ မပို့ပါနဲ့ ပျိုက ပိတ်ရက်ဆိုတော့ အပျင်းကြီးတယ် ထချင်တဲ့အချိန်မှထတာ ဇေထူးဘာသာပဲချက်စားပါ”
“တစ်ယောက်စာချက်လဲချက်ရတာပဲလေ ပျိုအတွက်ထည့်ချက်လိုက်လို့လဲ ဘာမှအပန်းမကြီးပါဘူး အဲ့ဒါဆို ဒီလိုလုပ် မနက်ဖြန်မနက်ကိုးနာရီလောက်ဆို ပျိုနိုးတယ်မလား ကျွန်တော်ဖုန်းဆက်နိုးလိုက်မယ် ပျိုမျက်နှာသစ်ပြီး လာစားပေါ့ မလာချင်လဲလာပို့ပေးမယ်လေ”
ဇွတ်ကြီးပါလား။ မကြိုက်ဘူးလို့ဖြေရမှာကို အတူတူပါပဲဖြေထားမှတော့။ ပျို ကြိတ်ပြီးသက်ပြင်းချလိုက်ရင်း
“ပျို လာစားပါ့မယ်”
ပျော်သွားတဲ့သူ့မျက်နှာက ဖုံးဖိမရ။ ဒင်းကို ရှောင်ပါမယ်ဆိုမှ။ တည့်တည့်ကြီးပဲ ဝင်ဝင်တိုးနေမိသလိုပင်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ပျိုဖုန်းသံကြောင့်နိုးလာခဲ့သည်။ မနေ့ညကဆယ့်နှစ်နာရီထိ ဇာတ်ကားကြည့်ခဲ့ပြီး မနက်ကို ဆယ်နာရီလောက်မှ ထဖို့စိတ်ကူးထားတာ။ သူများပိတ်ရက်ကို နှောက်ယှက်တာဘယ်သူများလဲ။
စားပွဲပေါ်က ဖုန်းကို မျက်လုံးမဖွင့်ပဲ စမ်းယူလိုက်ကာ ထူးလိုက်သည်။
“ဟဲလို”
“ပျို အိပ်နေတုန်းလား”
ဇေထူးမြတ်ပဲ။ ပျို စိတ်လေသွားရရင်း မနေ့ညနေက သူ ကိုးနာရီလောက်ဖုန်းဆက်မယ်ပြောထားတာကို သတိရသွားမိသည်။
“အင်းးးးးး… အိပ်ချင်ပါတယ်ဆိုကွာ”
အိပ်ချင်မူးတူးနဲ့ပျို့အသံကြောင့် သူသဘောကျကာ ရယ်လိုက်မိသည်။ ကလေးကျနေတာပဲ ပျိုရယ်။
“ထတော့လေ ပျို ကိုးနာရီကျော်နေပြီ”
“ထဘူး”
တမင်ဂျီကျနေသံကြောင့် ဇေထူးစိတ်တွေ ဘယ်လိုုဖြစ်နေမှန်းမသိ။ သူမကို ချစ်စနိုးကျီစယ်ချင်မိသည်။
“ထတော့ကွာ မုန့်ဟင်းခါးကျက်နေပြီ အားလုံးအဆင်သင့်ပဲ ပျိုလာရင်စားလိုက်ရုံပဲ နော် ထတော့ မျက်နှာသစ်ပြီး လာခဲ့တော့”
ပျို ဘာမှပြန်မဖြေနိုင်တော့ပဲ ဖုန်းကို နားနားကပ်ထားရင်း ပြန်အိပ်ပျော်သွားမလိုဖြစ်သွားသည်။
“ပျို ပျို…”
အိပ်ပုတ်မလေးဟာ ပြန်အိပ်ပျော်သွားပုံပင်။ ပျိုမှာ ဖုန်းထဲကသူ့ခေါ်သံကြောင့် နိုးလာခဲ့ပြန်သည်။
“အင်.. ဟင်….”
“ပျို ထတော့လို့”
အိပ်ရေးမဝသေးတဲ့ပျို ဇေထူးကိုစိတ်တွေပိတ်တိုနေမိတော့သည်။ ဘာကောင်လဲကွာ။ သူများအိပ်နေပါတယ်ဆို။ အတင်းဖုန်းဆက်နိုးပြီး သူ့ဆီအတင်းလာခိုင်းနေသည်။
“ငါစောင့်နေမယ်နော်ပျို”
မစောင့်နဲ့။ ဘယ်သူကလာမယ်ပြောနေလို့လဲ။ ဒေါသတွေထွက်ပြီး ပြန်အိပ်လို့မရတော့မယ့်အတူတူ ရေချိုးခန်းထဲ ဝင်ခဲ့လိုက်တော့သည်။ ဇေထူးမြတ် ဘာလို့များ ပျိုကိုရင်းရင်းနှီးနှီးလာဆက်ဆံနေရတာလဲ။ သူနဲ့ မနေ့တနေ့ကမှ ခင်ပြီး။ သူများအိပ်နေတာကိုနိုးပြီး သူ့အိမ်လာခိုင်းရလောက်အောင်ထိ ရင်းနှီးလို့လား။
သွားတိုက်နေရင်း ဗိုက်ထဲကလဲ တဂွီဂွီမြည်လာပြန်သည်။ မနေ့တုန်းက ညနေစာလဲ မုန့်တွေ၊ ဒန်ပေါက်တွေ တဝတပြဲ စားထားတာပဲ။ ဒီဗိုက်ကလဲ ဆာနိုင်လွန်းပါသည်။
“ပျို လာပါဗျာ”
အိမ်ပေါက်ဝကနေအပြုံးနဲ့ဆီးကြိုနေသူကို ပြန်မပြုံးပြချင်ပါ။ သူ့ကိုပြုံးရယ်ပြဖို့မပြောနဲ့ အိပ်ရေးမဝလို့ စိတ်မကြည် ဖြစ်နေတာကို။ ဂျိုရုပ်နဲ့ သူ့အိမ်ထဲဝင်ခဲ့လိုက်သည်။
ဆယ့်ငါးမိနစ်လောက်နေမှ ရောက်လာတဲ့ပျိုဟာ ရေချိုးခေါင်းလျှော်ခဲ့ပုံပေါ်သည်။ ဆံပင်က မခြောက်တခြောက်နဲ့။ နေမကောင်းဖြစ်ပြန်ဦးမည်။ သူပြောချင်ပေမယ့် မပြောရဲပါ။ မရွှေဥဒေါင်းက ဖုန်းဆက်နိုးလို့ တင်းနေပုံပင်။ “ခွေးတွေ နောက်ခြံထဲလွှတ်ထားတယ် လာ ပျို ဒီမှာထိုင်”
သူ့ဆီလဲ မနက်စာလာစားသေး။ ကျွေးတဲ့လူကိုမှအားမနာ။ စူပုတ်ပုတ်နဲ့ စကားတစ်ခွန်းမှမပြောပဲ အခန့်သား ထိုင်နေမိတဲ့ ကိုုယ့်အဖြစ်ကို သတိရမိပြီး သူ့ကိုအားနာသွားမိသည်။
“ပျို ငါးဖယ် ပဲကြော် ဘဲဥ အားလုံးထည့်မယ်နော်”
“ဟုတ်”
ဇေထူးက လုပ်နေကျအလုပ်တစ်ခုကိုကျွမ်းကျင်စွာလုပ်နေသလိုပင်။ လက်အိတ်စွပ်ကာ ပဲကြော်တွေချိုးချေထည်၊့ ငါးဖယ်ကို ကတ်ကြေးနဲ့ညှပ်ထည့်၊ ဟင်းရည်အိုးကိုမွှေပြီး ဘဲဥပါအောင် ရွေးထည့်ကာ ပျို့ရှေ့မှာလာချပေးသည်။ သူမရှေ့ရောက်လာတဲ့ အငွေ့တထောင်းထောင်းနဲ့မုန့်ဟင်းခါးက စားချင်စဖွယ်အပြည့်နဲ့။ ဆာနေတဲ့ဗိုက်ကို အသံမြည်လာအောင် ဆွဲဆောင်နေခဲ့သည်။ ပျို့ဗိုက်ထဲက မြည်သံကို ဇေထူးတောင်ကြားသွားသည်။
“ထင်တယ် ပျိုဗိုက်ဆာနေလောက်ပြီလို့ အဲ့ဒါကြောင့်ဖုန်းဆက်နိုးလိုက်တာ”
“ဇေထူးရော အခုမှစားမှာလား”
“အင်းလေ ပျိုနဲ့အတူတူစားဖို့စောင့်နေတာ”
သူက ဘာသဘောမှမပါပဲ ပြောလိုက်ပေမယ့် အဲ့ဒီစကားကို ပျိုမနှစ်သက်မိ။ အင်း သူ့ဆီမှာ ပျို မကြိုက်တာတွေ ချည်းပင်။ ကြိုက်တာတစ်ခုကတော့ သူချက်တဲ့အစားအစာများကိုသာ။ မနေ့ညနေက ဒန်ပေါက်လဲကြိုက်သည်။ အခုမုန့်ဟင်းခါးကိုလဲ ကြိုက်ပြန်သည်။
ဟင်းရည်ပူပူကို မှုတ်နေတဲ့ ပျိုရဲ့ဆေးမခြယ်တဲ့နုတ်ခမ်းလေးကို ငေးနေမိရင်း သတိပြန်ဝင်လာသည်။ မိန်းကလေး တစ်ယောက်အစာစားနေတာကို သူ အိနြေ္ဒပျက်လောက်အောင် ငမ်းနေမိပါလား။ ပျိုက အရမ်းကြီး စက်စက်ယို နေအောင် လှတဲ့မိန်းကလေးမျိုး မဟုတ်ပါ။ ဒါပေမယ့် သူ့အတွက်တော့ ဘယ်နေရာကချစ်ဖို့ကောင်းနေမှန်းမသိ။ သူမရဲ့စကားပြောပုံ၊ ရယ်မောပုံ၊ အပြူအမူတိုင်းက သူမကိုကြည့်ချင်အောင် ဆွဲဆောင်နေသလိုပင်။
“ပျို ကော်ဖီကြိုက်တယ်မလား”
“ဟုတ်”
ရှေ့နားလာချပေးတဲ့ ကော်ဖီကိုကြည့်ရင်း ပျို မေးလိုက်သည်။
“ဘာကော်ဖီလဲဟင် မွှေးနေတာပဲ”
“ဒါက အိမ်မှာကိုယ်တိုင်ကြိတ်ထားတဲ့ကော်ဖီလေ တောင်ကြီးသွားတိုင်းသယ်ခဲ့တာ”
“ဟင် ဟုတ်လား ဇေထူးကိုယ်တိုင်ကြိတ်ထားတာပေါ့လေ”
“အင်းလေ စက်တွေဝယ်ထားတယ် သောက်ကြည့်ပျို သေချာနှပ်ထားတာ”
“ဇေထူးက အစားအသောက်နဲ့ပတ်သက်ရင် အတော်ဝါသနာပါတာပဲနော်”
“ဟုတ်တယ် မေမေကြောင့်လေ မေမေက အိမ်ရှင်မတအားပီသတာ ဖေဖေဆို ဘယ်တော့မှအပြင်စာ မစားဘူး မေမေ့ကိုပဲတချိန်လုံးစားချင်တောတွေပူဆာနေတာ ငါကမေမေချက်သမျှလုပ်ကူရင်း တော်တော်များများ ချက်တတ်ခဲ့တာ မမတောင်အဲ့လောက်မချက်တတ်ဘူး”
“အော် ဇေထူးတို့ကမောင်နှမနှစ်ယောက်ရှိတာလား”
သူတို့မိသားစုပုံစံက နွေးနွေးထွေးထွေး ပျော်ဖို့ကောင်းမယ့်ပုံပင်။ သူ့အကြောင်းကို စိတ်မဝင်စားပေမယ့် ပျို မေးလိုက်မိပြန်သည်။
“ဟုတ်တယ် မမကအိမ်ထောင်ကျသွားပြီ ဖေဖေက သမီးကိုစိတ်မချလို့ သမက်ကိုအိမ်ခေါ်ထားတယ်လေ”
“မိဘတွေက ဘယ်မှာနေတာလဲ”
“ရန်ကုန်မှာပဲနေတာလေ ဘောက်ထော်မှာ”
“ဟင် အဲ့ဒါဆို နင်ကဘာလို့ အိမ်သပ်သပ်ခွဲနေတာလဲ”
“အဲ့ဒါကလား ဆယ့်ရှစ်နှစ်ပြည့်ထဲက ကိုယ့်ဘာသာသပ်သပ်ခွဲနေဖို့စိတ်ကူးထားခဲ့တာ မေမေစိတ်မချလို့ သုံးဆယ်ကျော်မှပဲ ခွဲနေဖြစ်တော့တယ်”
“အော် ယောက်ဖနဲ့တူတူမနေချင်လို့များလားလို့”
“မဟုတ်ပါဘူး အရင်ထဲက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ချင်ခဲ့တာ မေမေကလုံးဝခွင့်မပြုဘူးလေ ဖေဖေကတော့ သားအမိတွေသဘောပဲ”
“နင်တို့မိသားစုက ပျော်စရာကောင်းမယ့်ပုံပဲနော်”
“ဟုတ်တယ် အခုဆို ဖေဖေနဲ့မေမေက မြေးလေးတစ်ယောက်နဲ့ပိုပျော်နေကြပေါ့”
သူတို့မိသားစုအကြောင်းကြားရတော့လဲ ကိုယ့်ဘဝကိုယ်အားငယ်မိသလိုလို။
“တမြို့ထဲတူတူနေနေတာကို သွားမလည်ဘူးလား”
“နေ့တိုင်းသွားတယ် ဆိုင်သွားပြီးတာနဲ့မေမေ့ဆီသွားတာပဲ”
အမေချစ်သားမှန်း အခုမှသိတော့သည်။ ဒါကြောင့်မို့ သူ့ပုံစံက ဗိုင်းကောင်းကျောက်ဖိ ပိပိပြားပြားလေး ဖြစ်နေတာကို။ ပျိုကသာ ဆယ်တန်းအောင်ပြီးထဲက ဇောင်းထဲကလွှတ်လိုက်တဲ့မြင်းပဟာ ကဆုန်စိုင်းပြီး နယ်ကို လုံးဝမပြန်ဖြစ်တော့။ အဓိကကတော့ မေမေ နောက်အိမ်ထောင်ပြုလိုက်တာကြောင့်ပါ။
ဆယ့်ခုနှစ်နှစ်အရွယ်ပျိုပေါက်စပျိုဟာ ဖေဖေဆုံးပြီး သုံးနှစ်လောက်မှာ မေမေအိမ်ထောင်ပြုတာကို အပြင်းအထန် ကန့်ကွက်ပါသည်။ ပျို တက္ကသိုလ်တက်ဖို့ ရန်ကုန်ရောက်လာပြီး နှစ်လလောက်အကြာမှာ မေမေက အိမ်ထောင် ပြုမယ့်အကြောင်းဖုန်းဆက်ခဲ့တာပင်။ ပျို ခွင့်ပြုချက်တောင်းတာမဟုတ်ပဲ အသိပေးရုံသက်သက်ဆိုတာ နားလည်ခဲ့သည်။ တစ်ဦးတည်းသောသမီးလေးမျက်နှာမှမထောက် လုပ်ရက်လေခြင်းလို့ အံ့သြဝမ်းနည်းကာ အမေကို စိတ်ဆိုးသလို မေမေ့ရဲ့ငယ်ချစ်ဦးပထွေးဖြစ်သူကိုလဲ အရမ်းကိုမုန်းပါသည်။ အဖေ သေဆုံးဖို့ကို ဘယ် အချိန်ထဲက ထိုင်စောင့်နေလဲမသိ။ မုဆိုးဖို၊ မုဆိုးမအချင်းချင်း တစ်ပင်လဲလို့တစ်ပင်ထူတယ်လို့ ဘယ်လောက်ပဲ ပြောပြော ထူစရာလား။ ဆုံးသွားတဲ့ ပျို့အဖေကို အမေ နည်းနည်းမှမချစ်ခဲ့ဘူးလား။ အမေဟာ အဖေအပေါ် မတရားဘူးလို့ ထင်ပါသည်။ အဲ့ဒီအကြောင်းကို ပြန်တွေးမိတိုင်း အသစ်ဖြစ်ရမြဲ။ ရင်ထဲမှာ တနုံ့နုံ့နဲ့ ဝမ်းနည်းသွားမိသည်။
“ပျို ဘာတွေတွေးနေတာလဲ”
ငေးငိုင်သွားတဲ့ပျို့မျက်နှာကို ကြည့်ပြီး ဇေထူးမေးလိုက်သည်။
“ဟင် ဘာမှမတွေးပါဘူး ကျေးဇူးပါဇေထူး မုန့်ဟင်းခါးရော ကော်ဖီရော အရမ်းကြိုက်ပါတယ်”
“ပျို ဘာကြိုက်လဲ စားချင်တာပြော ချက်ကျွေးမယ်”
ဟင် မပြောချင်ပါဘူး။ သူနဲ့လဲ ထပ်မတွေ့ချင်တော့ပါဘူးဆို။ မတွေ့ချင်လဲမရ။ အိမ်ချင်းကပ်ရက်နေတာလေ။ ပျိုဆီက တခုခုတောင်းဆိုသံကိုစောင့်နေတဲ့သူ့မျက်ဝန်းတွေက ပျိုဖြစ်ချင်တာကို အလိုလိုက်မယ့် ချစ်ရည်ရွှန်းတဲ့ အငွေ့အသက်တွေပါနေတာကြောင့် ကြက်သီးထသွားရသည်။ အဲ့ဒီအကြည့်တွေကို မကြိုက်လိုက်တာနော်။
“ရပါတယ် ပြန်တော့မယ် မနက်စာအတွက်ကျေးဇူးအများကြီးတင်ပါတယ်”
တခုခုကိုတွေးပြီး ငိုင်သွားတဲ့ပျိုကို သူမေးချင်သော်လည်း မမေးရဲပါ။ မပြန်ပါနဲ့ဦးလို့တားချင်သော်လည်းမတားရဲ။ ပျိုနဲ့အတူတူရှိနေချိန်ဆို အချိန်တွေကုန်တာမြန်လွန်းလှသည်။
“နောက်ရက် တခုခုချက်စားရင်ခေါ်လိုက်မယ်နော်”
“မခေါ်ပါနဲ့တော့ နင်ကအမြဲချက်စားနေတာလေ အမြဲကျွေးနေတော့ ပျိုအားနာတယ်”
“အိမ်နီးနားချင်းတွေပဲပျိုရာ အားနာစရာမလိုပါဘူး”
“ပြန်တော့မယ်နော်”
“အပေါက်နားထိလိုက်ပို့ပေးမယ်”
မပို့နဲ့တော့လေ။ ဘယ်လိုလူမှန်းမသိ။ ဘယ်လောက်မှမဝေးတဲ့ ခြံပေါက်ဝအထိ လိုက်ပို့စရာလား။ ဘေးနားမှာ ယှဉ်ပြီးလျှောက်လိုက်လာတဲ့ဇေထူးကို ပျို ဘာကိုမကျေနပ်မှန်းမသိ မကျေမနပ်ဖြစ်နေရသည်။ သူ့ဆီကရတဲ့ ရေမွှေးနံ့တွေကိုလဲ နည်းနည်းမှမရှုချင်ပါ။ တော်ပါပြီ။ နောက်ဆို သူနဲ့အတတ်နိုင်ဆုံး ကင်းကင်းပဲနေပါတော့မယ်။
ညဆယ့်နှစ်နာရီထိုးချိန်အထိ ပျိုအကြောင်းစဉ်းစားရင်း အိပ်မပျော်နိုင်သေးတဲ့ဇေထူး သူမရဲ့အိပ်ချင်မူးတူးအသံ လေးကို ပြန်ကြားချင်မိသည်။ ဒီအချိန်ဆို ဥဒေါင်းပျိုတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလောက်ရောပေါ့။ ဘာမှစဉ်းစားမနေတော့ပဲ ပျိုဖုန်းကိုခေါ်လိုက်မိသည်။ ဖုန်းဝင်တာကြာပြီကို မကိုင်သေးပေ။ ဖုန်းကျခါနီးမှ ဖြေခဲ့တဲ့ အိပ်ချင်မူးတူးအသံကြောင့် ဇေထူး တိတ်တိတ်လေးရယ်လိုက်မိသည်။
“ဟဲလို”
“အော် ပျို့ဆီခေါ်မိသွားတာပဲ ဆောရီး ပျို အိပ်နေပြီလား”
“ဒီအချိန်ကြီးမှတော့ အိပ်နေပြီပေါ့ရှင့် မှားခေါ်စရာလား”
“ဆောရီး ဆောရီး ပြန်အိပ်တော့နော်ပျို”
ဘာမှပြန်မဖြေပဲ ဖုန်းချသွားသောကြောင့် အတော်စိတ်ဆိုးသွားပြီထင်ပါရဲ့။ ပျိုကို စလိုက်ရလို့ ပျော်နေမိရင်း သူ အိပ်ပျော်သွားတော့သည်။
ပျို ရှုးထပေါက်ရင်း ဇေထူးဖုန်းဆက်တာကို သတိရမိသွားသည်။ အကျင့်ပုတ်က တမင်ဆက်ပြီးစနေတာမှန်း ပျိုရိပ်မိပါသည်။ ညဆယ့်နှစ်နာရီ သူများအိပ်နေချိန်ကို ဖုန်းမှားဆက်စရာလား။
ဖုန်းကနာရီကိုကြည့်လိုက်တော့ လေးနာရီကျော်နေပါပြီ။ ဒီအချိန်ဆို ဒင်းလဲ အိပ်မောကျနေလောက်ရောပေ့ါ။ ပျို ကူလီကူမာပြုံးလိုက်ရင်း ဇေထူးမြတ်ရဲ့ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။ အမယ် မကိုင်ဘူးပေါ့လေ။ အတော်အိပ်ပျော် နေတယ်ထင်ပါ့။ ဘယ်ရမလဲ။ မကိုင်မချင်းခေါ်မှာပေါ့။ ဒုတိယအကြိမ်မြောက်မှ ဖုန်းကိုင်လေသည်။
“ဟဲလို”
ကိုယ်တော်ချောရဲ့မပီမသလေးလံတဲ့အသံကြောင့် ပျို ကြိတ်ရယ်မိလိုက်ရင်း
“ဇေထူး ပျို့ဆီဖုန်းခေါ်ထားလို့လေ အဲ့ဒီအချိန်တုန်းကပျိုအိပ်ချင်မူးတူးနဲ့ဆိုတော့ ဘာလို့ခေါ်မှန်းမမေးလိုက်ရဘူး ဘာလို့ဖုန်းခေါ်တာလဲဟင်”
ဇေထူး သဘောကျကာရယ်လိုက်မိသည်။ ငဆိုးမလေးဟာ သူ့ကို ညမကူးပဲ လက်စားပြန်ချေပါသည်။
“မှားခေါ်မိတာပျို”
“အော် မသိပါဘူး ဆောရီး ဆောရီး ပြန်အိပ်တော့နော်ဇေထူး ဘိုင်ဘိုင်”
ပြောပြောဆိုဆိုနဲ့ဖုန်းချသွားတဲ့ပျိုကို ဇေထူးအသဲယားနေမိသည်။ ဖုန်းကို စားပွဲပေါ်ပြန်တင်လိုက်ရင်း သူပြန်အိပ် မရတော့။ ဥဒေါင်းပျို မင်း ငါ့ကိုရင်ခုန်အောင် တအားလုပ်နိုင်တာပဲကွာ။

5️⃣ တူညီသောအရာ [ Grab me with love ]Where stories live. Discover now