Unicode font
တူညီသောအရာ (Grab me with love)
အပိုင်း (၆)/ ဇာတ်သိမ်းပိုင်းပျိုရဲ့သံသယတွေက ဇေထူးရဲ့သူငယ်ချင်းများဖြစ်တဲ့ မေနန္ဒာနဲ့ဒေါက်တာသိမ့်သိမ့်နိုင်အပါအဝင် သူမ မသိတဲ့ ယောကျာ်းနှစ်ယောက် အိမ်မှာကလေးလာကြည့်ရာက စတင်ဖြစ်ပေါ်ခဲ့ပါသည်။ ပျိုကသာမသိပေမယ့် မေကလွဲလို့ သူတို့အားလုံးက ပျိုတို့မင်္ဂလာဆောင်ကို လာတယ်လို့ပြောပါသည်။ ဘယ်သိမှာလဲလေ။ အဲ့ဒီအချိန်တုန်းက ပျို စိတ်ညစ်နေတာပဲ သိတာကို။
“ဇေထူး ကလေးက မင်းနဲ့တစက်မှမတူဘူး ဆေးရုံသွားမေးကြည့်ဦး ကလေးများမှားလာသလားလို့”
“အေးလေ ငါလဲပြောမလို့”
ဇေထူးမျက်နှာကြီးက ကျေနပ်စွာဖြီးလျက်။ ပျိုတို့အိမ်လေးဟာ သူ့သူငယ်ချင်းတသိုက်ရဲ့ တဝါးဝါးတဟားဟား ရယ်သံတွေနဲ့ဆူညံနေသည်။ အဲ့ဒီအထိ ပျို့စိတ်တွေ အဆင်ပြေနေပါသေးသည်။
မီးဖိုထဲမှာ သူငယ်ချင်းတွေကို ဧည့်ခံဖို့ပြင်ဆင်နေတဲ့ဇေထူးကို ပျိုလဲ လာလုပ်ကူပေးနေသည်။ သားလေးကို ဧည့်သည်တွေထိန်းထားပေးတယ်ဆိုတော့ ထိုင်မနေချင်ပေ။ အိမ်လာတဲ့ဧည့်သည်ကို ဧည့်ဝတ်ပြုရမှာ အိမ်ရှင်မ တာဝန်မလား။ ဇေထူးရဲ့ဇနီးဘဝကို သိစိတ်ကရော၊ မသိစိတ်ကပါလက်ခံထားလိုက်ရင်း သူတို့သားအဖနဲ့ပဲ တသက်လုံးအတူတူနေသွားတော့မယ်လို့ ဆုံးဖြတ်ချက်ချထားပြီးပါပြီ။ သားကို ပျို မခွဲနိုင်ပါ။ သူက ဖျော်ရည် ဖျော်နေပြီး ပျိုပန်းသီးခွဲနေရင်း ဧည့်ခန်းထဲက စကားပြောသံကို အာရုံထားမိပေမယ့် သိမ့်သိမ့်နိုင်ရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အချိန်မှာ ပျိုရောဇေထူးပါ စိတ်ဝင်တစား နားစွင့်နေမိကြသည်။
“မေ နင် ကွာရှင်းလိုက်ပြီဆို”
“ဟုတ်တယ် ကွာရှင်းလိုက်တာနှစ်လကျော်ရှိပြီ”
ပျို ဘာရယ်မဟုတ် ဇေထူးကို ကြည့်လိုက်မိတော့ စိတ်မကောင်းတဲ့ပုံတဲ့ မျက်နှာပျက်သွားသလိုပင်။ အင်းလေ သူ့ရဲ့အချစ်ဦးဆိုတော့ စိတ်မကောင်းဖြစ်နေမှာပေါ့။ ဘာမှမဆိုင်တဲ့ပျိုတောင် စိတ်မကောင်းဖြစ်သွားသေးတာပဲ။
“မေရယ် ဘယ်လိုဖြစ်တာလဲ”
“ဒီလိုပါပဲ သဘောထားချင်းမတိုက်ဆိုင်တော့လို့ ကလေးလဲမရှိတော့ပြတ်စဲရလွယ်တာပေါ့ဟာ ဇေထူးရဲ့သားကို မြင်မှ ငါလဲကလေးတစ်ယောက်လောက်ရှိရင်ကောင်းသားလို့တွေးမိသွားတယ် ဒီမှာကြည့်လေ ဘယ်လောက်ချစ်ဖို့ ကောင်းလဲ အရင်က ကလေးမချစ်တတ်ပေမယ့် ဒီကလေးကိုတော့ချစ်တယ်ဟဲ့”
မေကဘာသဘောနဲ့ပြောလိုက်လဲတော့မသိ။ စကားလမ်းကြောင်းလွဲချင်လို့ပြောတာလဲဖြစ်နိုင်ပေမယ့်ပျိုမကြိုက်ပါ။ ပြောနေရင်း သူမပွေ့ထားတဲ့ဇေမင်းပျိုကို နမ်းလိုက်သေးသည်။ ပျိုရဲ့ သားလေးကို ချစ်ပေးလို့ဝမ်းသာပေမယ့် မေ စကားကိုသဘောမကျမိပါ။ ရည်းစားဟောင်းနဲ့ချွတ်စွပ်တူတဲ့ကလေးကိုတရွှတ်ရွှတ်နမ်းနေသေးသည်။ မေရဲ့စကား အဆုံးမှာ အသံတွေလဲစက္ကန့်ပိုင်းလောက်တိတ်သွားသလို ထင်လိုက်ရသည်။ ပျို စိတ်ထင်တာပဲ ဖြစ်မှာပါလေ။
“အော် အေးလေ သားလေးကချစ်ဖို့ကောင်းတာကို နော် မျက်နှာလဲရွှင်တယ်ဟဲ့ ဇေထူးသားလို့မပြောရဘူး”
သိမ့်သိမ့်နိုင်က တိတ်သွားတဲ့စကားဝိုင်းကို ပြန်အသက်သွင်းလိုက်သည်။
“သုံးဆောင်ပါဦး”
ပျို ကိတ်မုန့်၊ ပန်းသီးနဲ့ စပျစ်သီးပန်းကန်ကို စားပွဲတင်လိုက်ပြီး မေလက်ထဲက သားလေးကိုလှမ်းခေါ်လိုက်သည်။
“ရတယ်ပျို မေပွေ့ထားချင်လို့”
“အော် ဟုတ်”
ပျိုထိုင်ပြီးမှ ဇေထူးကလဲ အအေးဗန်းကိုသယ်လာပြီး ပျိုနဘေးမှာဝင်ထိုင်ကာ အအေးခွက်တွေချပေးနေသည်။
“ဒီမှာ သောက်ကြဦး”
“ဆန်းကစ်သီးပဲ မင်းလက်ရာတော့ကြိုက်ပြီးသားပါကွာ သိလားပျို ဒီကောင်က ဟင်းချက်ကောင်းတယ်”
“ဟုတ်လား အဟီး”
ပျိုက မသိသလိုဖြီးပြပြီး ပြန်မေးလိုက်သည်။ လက်ထပ်ပြီးထဲက နေ့တိုင်းနီးပါး သူပဲချက်ကျွေးလာတယ်ဆိုတာ မပြောပြချင်ပါ။ ပျိုက သူ့ရဲ့တစ်ဝက်လောက်တောင်ဟင်းမချက်တတ်တာကို။
“ဟင် ဇေထူးက တစ်ခါမှမချက်ကျွေးဖူးဘူးလား”
မေက အံ့သြသလိုဝင်မေးသည်။ သူမက ရိုးရိုးသားသားမေးတာလားတော့မသိပေမယ့် ပျို စိတ်ထဲမကြိုက်မိ။
“အာ ချက်ကျွေးတာပေါ့ ငါ့မိန်းမကို ပျိုကအလကားလျှောက်စနေတာ”
ဇေထူးက ပျိုဆံပင်ကိုပွတ်ကာ ငုံ့ကြည့်ခဲ့လို့ ပျိုလဲသူ့ကိုမော့ကြည့်ပြီးပြန်ပြုံးပြလိုက်သည်။ ဘာကြောင့်လဲတော့ မသိပေမယ့် ခုချိန်မှာတော့ သူ့ရဲ့ဂရုစိုက်မှုကို ပျို အင်မတန်ကိုခံချင်မိပါသည်။
“အမလေး ဇေထူးရယ် နင့်မိန်းမကိုချစ်တာသိပါတယ်ဟဲ့ လူကြားထဲမှာ ချစ်ရည်ရွှန်းလဲ့မျက်ဝန်းလဲ့ပြာပြာကြီးနဲ့ ကြည့်မနေစမ်းပါနဲ့ သူများတွေများချစ်ကြတာနော် ငါတောင်ယောကျာ်းယူချင်စိတ်ပေါက်လာပြီ”
သိမ့်သိမ့်နိုင်စကားကြောင့် အားလုံးပွဲကျသွားကာ ရယ်သံတွေထွက်လာခဲ့ပေမယ့် မေကတော့ ပြုံးရုံလောက်သာ။ ဘာကြောင့်များ မေကိုပဲ သတိထားမိနေလဲမသိ။ သေချာကြည့်နေတာလဲမဟုတ်ပဲ သူမကိုပဲမြင်နေရသည်။
“ဒီကောင်သိပ်အကဲပိုတာသိလား ကိုယ်ဝန်နဲ့တုန်းကပျိုဘယ်လောက်များစိတ်ကျဉ်းကြပ်လိုက်မလဲ တအားဂရုစိုက် လွန်းတာလေ ငါ့ဆရာမကြီးနဲ့သေချာအပ်ထားပေးတာကို တခုခုဆိုငါ့ကိုဖုန်းဆက်လှမ်းမေးနဲ့ သူလိုအကဲပိုတဲ့ ယောကျာ်းမျိုး တစ်ခါမှမတွေ့ဖူးဘူး ဒါကြောင့်မို့ သူ့သားက သူနဲ့တပုံစံထဲထွက်လာခဲ့တာပေါ့”
ဇေထူးက ရှက်ရယ်ရယ်နေသလို ပျိုကလဲ ကျေနပ်ပြုံးလေးနဲ့ငြိမ်နေမိသည်။ အရင်ကတော့ ပျိုနဲ့မတူပဲ ဇေထူးနဲ့ပဲ တူလို့မကြိုက်ပေမယ့် အခုတော့ အဲ့ဒီစိတ်တွေမရှိတော့ပါ။ သူ့သားပဲလေ အဖေနဲ့တူတာ ဘာဆန်းလို့လဲ။ မေကတော့ သားလေးမျက်နှာကို ကြည့်နေရင်း ဘာတွေတွေးနေလဲမသိ။
“မေ ကလေးငါ့ကိုပေး အအေးသောက်လိုက်ဦး”
မေက ဇေထူးကို ကလေးလှမ်းပေးပြီးပြုံးပြနေသည်။ သူတို့နှစ်ယောက်ရဲ့အကြည့်တွေဆုံချိန်က မဆိုစလောက်သာ ရှိပေမယ့် အငြိလေးတွေပါနေသလို။ ပျိုပဲ သံသယများနေတာများလား။ ငါဘာဖြစ်နေတာလဲလို့ ကိုယ့်ကိုကိုယ် နားမလည်နိုင်တော့။
အဲ့ဒီနေ့ကစပြီး ဇေထူးကို ပျို သတိထားစောင့်ကြည့်တတ်ခဲ့သည်။ စစချင်းတုန်းကတော့ ပုံမှန်ပါပဲ။ ထွေထွေထူးထူး မတွေ့ရလို့ စိတ်ချမလိုဖြစ်ချိန်မှ စဖောက်တော့သည်။ သားလေးတစ်နှစ်ကျော် နို့ဖြတ်ပြီးတဲ့အချိန်မှာမှ သူ့ခြေလှမ်းတွေပျက်လာသလိုခံစားရသည်။ အခုတလော အပြင်မှာနေချိန်တွေပိုများလာသည်။
စက်ရုပ်လိုလမ်းလျှောက်နေတဲ့သားကို ထိုင်ကြည့်နေရင်း ဇေထူးအကြောင်းတွေးနေမိသည်။ အရင်ကဆို နေ့လယ်စာစားပြီးမှ ဆိုင်သွားတတ်တဲ့လူက အခုဆို မနက်စာစားပြီးတာနဲ့ထွက်သွားတတ်သလို ညနေပြန်ချိန်လဲ နောက်ကျပါသည်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပျို ဘာတစ်ခွန်းမှမမေးသလို သူလဲမပြောခဲ့ပါ။ ဒါပေမယ့် သူဘာတွေလုပ်နေလဲဆိုတာ တကယ်ကိုသိချင်ပါသည်။
ဒီတော့လဲ တစ်ခါမှမရောက်ဖူးတဲ့သူ့ဆိုင်ကို လမ်းကြုံလို့ဝင်သလိုသွားကြည့်ဖို့ စဉ်းစားမိသွားသည်။ ပျိုတို့သား အမိဟာ ကိစ္စမရှိရင်အပြင်မထွက်တတ်တဲ့ အိမ်တွင်းပုန်းလေးတွေဖြစ်နေခဲ့ပေမယ့် သားကလူစိမ်းမကြောက်တတ်။ တခါတလေ အပြင်ထွက်တဲ့အခါ တွေ့တဲ့လူတိုင်းကို ပြုံးပြနုတ်ဆက်တတ်နေသေးသည်။ ဒီခေတ်ကလေးတွေများ အတော်လည်ကြပါသည်။ ပျို သူမဆီလျှောက်လာတဲ့သားကို လက်နှစ်ဖက်ဆန့်တန်းကာ ထွေးပွေ့လိုက်ရင်း
“သား ဖေဖေဆီသွားလည်ကြမလား ဟင် မေမေတို့သားအမိအပြင်သွားကြမယ်လေ”
အမေရဲ့ပါးကိုကိုင်ထားပြီး နားလည်သလိုခေါင်းငြိမ့်ပြခဲ့တဲ့ဇေမင်းပျိုကြောင့် ပျိုရယ်လိုက်မိရင်း အပြင်သွားဖို့ ဆုံးဖြတ်လိုက်တော့သည်။ မသွားခင် ဇေထူးဆီဖုန်းဆက်သော်လည်း မကိုင်ပေ။ ဘာတွေအလုပ်ရှုပ်နေပါလိမ့်။ တကယ်တော့ ပျို သံသယဖြစ်တာ မမှားပါ။ ဟိုအရင်တုန်းက ဖုန်းတဂွမ်ဂွမ်ဆက်တတ်သူက အခုတော့ လိုအပ်တဲ့ တခါတရံမှသာ ဆက်တတ်တော့သည်။ အခုလဲ ဖုန်းမကိုင်နိုင်လောက်အောင် ဖုန်းတခြားလူတခြားဖြစ်နေတာလား။ အလုပ်ရှုပ်နေလို့များလား။ သူဘယ်ဆိုင်မှာရှိနေလဲဆိုတာမေးဖို့ဆက်တာကို။ဖုန်းမကိုင်တော့လဲဘာတတ်နိုင်မှာလဲ။
သားအမိနှစ်ယောက်အဝတ်အစားလဲပြီး သားအတွက်လိုအပ်တာတွေထည့်ထားတဲ့အထုပ်ကိုဆွဲကာ တက္ကစီငှား၍ အိမ်နဲ့အနီးဆုံး Shopping Mall ကဆိုင်ကိုထွက်လာခဲ့လိုက်သည်။ တက္ကစီပေါ်ရောက်မှ စိတ်ကူးပေါက်ကာ အင်တာနက်ပေါ်တင်ဖို့ Selfie ဆွဲလိုက်သည်။ အဖေတူဇေမင်းပျိုရဲ့ပဲကတော့ ပြောစရာမလို။ ဓါတ်ပုံရိုက်တာကို ယဉ်ပါးနေတဲ့ခေတ်ကလေးတွေပီပီ ပြုံးရယ်ပြကာ ပဲပေးတတ်လွန်းသည်။
ဖေဖေ့ဆီလည်လည် Baby day out
ဇေထူးကိုပါ Tag တွဲပြီးတင်လိုက်သည်။ ပုံထဲကကလေးဟာ အမေထက် ပိုပြီးဂိုက်ပေးကြမ်းနေသေးသည်။ ပျို ကားပေါ်ကနေအပြင်ကိုလိုက်စပ်စုနေတဲ့သားကိုချစ်စနိုးငုံ့နမ်းလိုက်ရင်းသူမရဲ့လက်ရှိဘဝကြီးကိုတွေးမိသွားသည်။ တစ်ကြိမ်တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးတဲ့ဇေမင်းပျိုမေမေဘဝမှာ နေသားကျမှန်းမသိ ကျနေခဲ့ပါပြီ။ ဒီယောကျာ်းနဲ့ ဒီသားလေးသာ သူမရဲ့ကမ္ဘာကြီးဖြစ်နေခဲ့ပါပြီ။ အပျိုဘဝတုန်းက အပြင်သွားချိန်ဟာ ပေါ့ပါးလွတ်လပ်ခဲ့သလောက် အခုတော့ ကလေးပိုးနဲ့ အထုပ်တပိုးတဆွဲနဲ့။ အပျိုမလေးတွေ ရယ်ရယ်မောမော လမ်းလျှောက်သွားနေပုံကို တွေ့ရတော့လဲ အရင်ကငါလဲအဲ့လိုနေခဲ့ရတာပဲလို့ အတိတ်ကို လွမ်းမိသွားသလိုပင်။ အလုပ်လုပ်ရင်း ကျောင်းဆင်းချိန်ဆို သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါးမုန့်စားကြ Shopping ထွက်ကြနဲ့။ အခုတော့ အဲ့ဒီလိုပျော်ပါးဖို့အချိန်မရှိပါ။ အချိန်မရှိတာထက် မလုပ်နိုင်တော့တာလို့ ပြောရင် ပိုမှန်မည်ထင်။ မိုးလင်းလို့ မျက်လုံးမဖွင့်ခင်ကတည်းက သားအတွက်ပဲ ဦးစားပေးစဉ်းစားတတ်ခဲ့သည်။ ကလေး ဝေယျာဝစ္စများနဲ့ အချိန်ကုန်မှန်းမသိ ကုန်သွားတတ်ခဲ့သည်။ ဒါတောင် ဇေထူးက အားလုံးလုပ်ကူလို့သာ။ တစ်ယောက်ထဲသာ လုပ်ရမယ်ဆိုရင် ပျို ရူးသွားလောက်သည်။ အခုတောင် အိမ်ထဲမှာနေရင်း ရူးချင်ချင်ဖြစ်နေတာပဲလေ။ ဘာကိုအလို မကျနေမှန်းမသိ။ ကိုယ့်ဘဝကိုယ် မကျေနပ်တာလား။ ဘယ်သူ့ကိုမကျေနပ်တာလဲမသိ။ တသက်လုံးအလုပ် လုပ်လာပြီး အလုပ်မရှိ၊ ကိုယ်ပိုင်ဝင်ငွေမရှိနေရတဲ့ဘဝကြီးကို စိတ်ကုန်နေတာလား။ ဘာကိုမှ သေချာမသိတတ် တော့။ နောက်ဆုံးတော့ ကလေးတဖက်နဲ့ လူကမအားပေမယ့် စိတ်တွေကအားနေလို့လားမသိ။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပါပဲ ဇေထူးကိုသာ သံသယဖြစ်နေမိတော့သည်။ သူ အပြင်မှာနေချိန်တွေ သိပ်များနေပြီလေ။
Shopping Mall ရောက်တော့ စိပ်စုစိန်လေးဟာ ခေါင်းတွေလည်ပြန်နေအောင် လူတွေကိုလိုက်ကြည့်နေခဲ့သည်။ ပျို သားကို သဘောကျကာရယ်နေမိသည်။ မေမေအပျင်းကြီးပြီး အပြင်မခေါ်လို့ ရန်ကုန်သားတောသားလေး ဖြစ်နေရတာ။ နောက်ဆို တစ်ပါတ်တစ်ခါလောက်အပြင်ထွက်ပေးမှပါ။
သုံးလွှာရောက်တော့ သူ့ဆိုင်ကို အလွယ်တကူရှာတွေ့ပါသည်။ ဆိုင်ရှေ့မှာ ဇေထူးနဲ့မေ စကားပြောနေကြတာကို။ နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းပြောနေကြလို့ ပျိုတို့သားအမိကိုမမြင်ပါ။ သားတောင် အဖေဖြစ်သူကိုမြင်ပြီး တဖေဖေနဲ့လှမ်းခေါ်နေသေးသည်။ တစ်နှစ်ကျော်ပြီဖြစ်တဲ့သားဟာ စကားကောင်းကောင်း မပြောတတ်သေးပေမယ့် မပီတပီနဲ့ ဖေဖေမေမေခေါ်တတ်နေပါပြီ။
သူတို့နှစ်ယောက်ကို ဆက်မကြည့်ချင်တော့လို့ ထွက်လာခဲ့လိုက်သည်။ တော်ပါပြီ။ နောက်ဆို သူ့ဆီဘယ်တော့မှ လိုက်မလာတော့ဘူး။ အဲ့ဒီလိုမြင်ကွင်းတွေထပ်မတွေ့ချင်ပါ။ မေ အိမ်ထောင်ကွဲသွားတယ်လို့ကြားထဲက ပျိုစိတ်ထဲ တမျိုးကြီးဖြစ်နေခဲ့တာပါ။ အခုဆိုင်ရှေ့မှာစကားရပ်ပြောနေကြတာ ရိုးရိုးသားသားလဲဖြစ်နိုင်ပေမယ့် ပျိုကတော့ မကြိုက်မိပါ။ ဇေထူးဆီသွားမယ်ဆိုပြီးထွက်လာခဲ့တဲ့သားအမိ အခုတော့ ဘယ်သွားရမယ်မှန်းမသိ။ ယောင်ချာချာနဲ့ စားသောက်ဆိုင်တွေဘက် ထွက်လာခဲ့လိုက်သည်။ ကြေးအိုးဆိုင်မှာဝင်ထိုင်လိုက်ရင်း အိတ်ထဲက ဖုန်းမြည်လာလို့ ထုတ်ကြည့်လိုက်တော့ ဇေထူးပြန်ခေါ်နေတာပဲ။ အိမ်ကမထွက်ခင်ကတည်းက ဆက်ထားတာကို အခုမှ ပြန်ခေါ်ရလား။ သူ့မေနဲ့တော့ စကားပြောနေပြီး။ အဲ့ဒီတစ်ယာက်နဲ့ ပြောလို့ပြီးမှ ငါ့ဆီပြန်ခေါ်စရာလား။ ပျို ဖုန်းမကိုင်ပါ။ ဘယ်နခါခေါ်ခေါ်မကိုင်ချင်တော့ပါ။ သူအားတဲ့အချိန်မှသာ ပြန်ခေါ်ရလောက်အောင်အထိ ပျိုတို့ သားအမိကို အလေးမထားတော့ဘူးမလား။
ဖုန်းဝင်တာ ငါးခါရှိပြီ။ လုံးဝမကိုင်တော့ ဇေထူး စိတ်ပူလာတော့သည်။ ပျိုဖုန်းဆက်ချိန်တုန်းက အံ့ဆွဲထဲ ထည့်ထားတဲ့ဖုန်းမြည်သံကို မကြားလိုက်မိပါ။ ပြီးတော့ မေနဲ့အမှတ်မထင်တွေ့လို့ စကားပြောနေတာနဲ့ အခုမှ ပြန်ခေါ်ရသည်။ ဒီသားအမိ ဘာဖြစ်နေလို့များပါလိမ့်။ ပျိုရာ ဖုန်းကိုင်စမ်းပါ။ အရေးကြီးရင် သူဖုန်းမကိုင်လို့ မေမေတို့ဆီများ ဖုန်းဆက်ထားမလားတွေးမိလိုက်ရင်း မေမေ့ဖုန်းကို ခေါ်လိုက်သည်။
“မေမေ ပျို မေမေ့ဆီဖုန်းဆက်သေးလား”
“ဟင် သားဆီရောက်နေတာမဟုတ်ဘူးလား သားအမိနှစ်ယောက် ဖေဖေ့ဆီလည်လည်ဆိုပြီး ခုနတုန်းက ပုံတင်ထားတာ မေမေတွေ့လိုက်တယ်”
“ဗျာ ဟုတ်လားမေ သားကြည့်လိုက်ဦးမယ် ဒါပဲနော်မေမေ”
ဇေထူး ဖုန်းချပြီး အင်တာနက်ဖွင့်ကြည့်လိုက်တော့ သားအမိနှစ်ယောက်ပုံတင်ထားတာ တွေ့လိုက်ရသည်။ ချစ်ဖို့ ကောင်းတဲ့သားအမိနှစ်ယောက်ပုံကို Save လုပ်လိုက်ပြီး ပျိုဆီဖုန်းထပ်ခေါ်လိုက်သည်။ ဘာလို့ဖုန်းမကိုင်တာလဲ။ အင်တာနက်ပြန်ဖွင့်ကြည့်ပြန်တော့ ပျိုရဲ့ Account က Active ဖြစ်ပြီးစိမ်းနေပါသည်။ သူ့ဖုန်းကိုတော့ ဘာလို့ မကိုင်တာလဲ။ ခုလေးတင်တွေ့လိုက်ရတဲ့သူတို့သားအမိပုံရဲ့ Caption ကလဲ ပြောင်းသွားပါပြီ။ ဖေဖေ့ဆီ လည်လည်ကို ဖြုတ်ပြီး Baby day out ဆိုတဲ့စာသားသာတွေ့ရတော့သည်။ သူ့ကို Tag ထားတာကိုလဲ ဖြုတ်သွားသည်။ ဇေထူး သိလိုက်ပါပြီ။ ခုနတုန်းက မေနဲ့သူ့ကိုတွေ့သွားပြီဆိုတာ။ ဥဒေါင်းပျိုဟာ အသက်ကသာ သုံးဆယ်ကျော်နေတာ။ ကလေးစိတ်က မကုန်နိုင်သေး။ အခုလဲ တစ်ယောက်ထဲကြိတ်ပြီး စိတ်ကောက်သွားတာ ဖြစ်မည်။ အိမ်လဲ ပြန်သေးပုံမပေါ်။ ဖုန်းခေါ်တာလဲ မကိုင်နဲ့။ အစားပုတ်မကို စားသောက်ဆိုင်တွေဘက် အရင်ဆုံး ရှာကြည့်ရပေမည်။ ဖုန်းကို အဆက်မပြတ်နှိပ်နေရင်း ဆိုင်တွေထဲလိုက်ကြည့်နေရာ သားအမိနှစ်ယောက်ကို ကြေးအိုးဆိုင်ထဲမှာ တွေ့လိုက်ရသည်။ အပြင်ထွက်လာတဲ့အစားပုတ်ဟာ ဘာမှမစားပဲအိမ် မပြန်ဘူးဆိုတာ သူထင်ပြီးသားပါ။
“ပျို ဘာလို့ဖုန်းမကိုင်တာလဲ”
ပျိုက သူ့ကို မျက်လုံးတစ်ချက်လှန်ကြည့်ရင်း ဘာမှပြန်မပြောပဲ ကြေးအိုးသာစားနေသည်။
“အစားပုတ်မ နင်ဖုန်းမကိုင်လို့ ငါဘယ်လောက်ထိစိတ်ပူနေမလဲဆိုတာမသိဘူးလား”
သူကရော ပျိုဖုန်းခေါ်တာကိုင်လို့လား။ မေနဲ့ပဲပြောနေပြီး။ လူကိုလာအပြစ်ပြောနေသေးသည်။ ဒီဆိုင်မှာ ရှိတယ်ဆိုတာ ဘယ်လိုသိပြီးလိုက်လာခဲ့မှန်းမသိ။
“သားရေ ဖေဖေ့ဆီလာပါဦး”
သူ့ကိုဂရုမစိုက်တဲ့ပုံနဲ့ဂျစ်တူးမကို ဆက်မပြောတော့ပဲ ကလေးထိုင်ခုံမှာထည့်ထားတဲ့သားကိုပွေ့လိုက်သည်။
ကလေးကိုသာကျီစယ်နေပြီး ပျိုကိုစကားတစ်ခွန်းမှထပ်မပြောတော့တဲ့ဇေထူးကို ပျိုလဲ လုံးဝမပြောချင်ပါ။ စားသောက်ပြီး ဆိုင်ထဲကထွက်လာမှ သူက မေးလာသည်။
“ဆိုင်ဝင်ဦးမလား”
“မဝင်တော့ဘူး ပြန်တော့မယ် ငါ့ကိုကလေးပေး”
“ငါပွေ့ခဲ့မယ် သားရေ ဖေဖေတို့အိမ်ပြန်ကြမယ်နော်”
“ရတယ် နင်အလုပ်မအားဘူးမလား ငါ့ဘာသာတက္ကစီနဲ့ပြန်လိုက်မယ်”
“ဘာလို့တက္ကစီနဲ့ပြန်ရမှာလဲ ငါလိုက်ပို့မှာပေါ့”
ပျို သူနဲ့အပြိုင်မပြောချင်တော့လို့ ငြိမ်နေလိုက်တော့သည်။ အခုမှလာပြီး ဂရုစိုက်ချင်ယောင်ဆောင်ပြမနေပါနဲ့။ မေနဲ့သူ့ကို မတွေ့လိုက်ဘူးများထင်နေလားပဲ။ လူပုံစံက မှင်သေသေနဲ့လာလှိမ့်နေသေးသည်။ သူ မသိမသာ ပြောင်းလဲသွားတာတွေ သတိထားမိတာကြာပါပြီ။ အရင်ကဆို အိမ်ပြင်မှာ သုံးလေးနာရီလောက်သာ ရှိတတ်သူက တနေကုန်နီးပါး အပြင်မှာပဲ နေတတ်တော့သည်။ ပျိုတို့သားအမိကိုလဲ အရင်လိုဂရုမစိုက်တော့။ သားလေးနို့ မဖြတ်ခင်တုန်းက အစားအသောက်ကိုဂရုစိုက်ပေးခဲ့သလောက် အခုဆို ပျို အချိန်မှန်စားသောက်ရဲ့လားဆိုတာ တောင် သတိမရတတ်တော့။ အိမ်မှာ ရှိတာကိုဖြစ်သလိုစားရင်း ကလေးတစ်ယောက်နဲ့အချိန်တွေကုန်မှန်းမသိ ကုန်နေခဲ့ရတာ။ သူကတော့ အပြင်မှာ သာယာကြည်နူးနေခဲ့သည်။ သူပြောင်းလဲတာတင်မဟုတ် ပျိုလဲ ပြောင်းလဲ နေခဲ့တာပဲ။ ဥဒေါင်းပျိုဆိုတဲ့ မိန်းမဟာ အရင်ကလို ပိန်သွယ်လေးမဟုတ်တော့ပဲ ကလေးအမေပုံ လုံးလုံးပေါက် နေခဲ့ပါပြီ။ အသားကတော့ အရင်ကထက်ပိုဖြူလာသလိုထင်ရပေမယ့် ကလေးနို့တိုက်ရတဲ့ ခန္ဓာကိုယ်က ပုံပျက် ရုံမက ဗိုက်ခေါက်ကသိသိသာသာထူနေသည်။ ဆံပင်တွေလဲထိပ်မှာအနက်နဲ့အောက်က ကာလာဆိုးတာတွေနဲ့ တပိုင်းစီကွဲကာ အတော်ကြည့်ရဆိုးနေသည်။ တနေကုန်အိမ်ထဲမှာ မပြင်မဆင်နဲ့ဖြစ်သလိုနေနေတတ်တဲ့ပျိုဟာ အတော်ကြီးကို မလှမပဖြစ်နေခဲ့ပါပြီ။ အစကတည်းကမလှရတဲ့ကြားထဲ အခုတော့ပိုဆိုးပေါ့။ ဒီပုံစံအတိုင်းကြီး ဆက်မနေချင်တော့ပါ။ တခုခုတော့ ပြောင်းလဲရမှာပေါ့။ ပျိုလဲလူငယ်တစ်ယောက်ပဲလေ။
“နင့်အလုပ်တွေပြီးသွားပြီဆိုရင် သားကိုကြည့်ထားပေးပါလား ငါလုပ်စရာရှိလို့”
ဇေထူးတို့သားအဖနဲ့အတူ ကားပါကင်ကိုသွားတဲ့ခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်ရင်း ပြောလိုက်သည်။
“ဘာလုပ်စရာရှိလို့လဲ ငါနဲ့အတူတူပြန်မယ်လေပျို”
သူ့ရဲ့လက်မောင်းမှာ သားရဲ့အိတ်ကိုချိတ်ပေးလိုက်ပြီး
“ဒီနေ့ကငါပိုင်တဲ့နေ့ပဲ ကလေးထိန်းထားပေးပါ ညနေမှတွေ့မယ် တာ့တာ သားရေ”
“ဘယ်သွားမှာလဲ မေးတာဖြေသွားဦးလေ ပျို”
ကလေးတဖက်နဲ့ သူဘယ်လိုပုံစံဖြစ်ပြီးကျန်နေခဲ့လဲ တစ်ချက်မှလှည့်မကြည့်ပဲ ပြေးထွက်ခဲ့လိုက်သည်။ အခု အချိန်မှာတော့ ပျိုက ဇေထူးမြတ်မိန်းမ၊ ဇေမင်းပျို မေမေ မဟုတ်တော့ပါ။ ဥဒေါင်းပျိုဆိုတဲ့ မိန်းမတစ်ယောက် အဖြစ်နဲ့သာ လွတ်လွတ်လပ်လပ်နေချင်မိသည်။ ဖုန်းကိုစက်ပိတ်ပြီး ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ မဝယ်ဖြစ်တာကြာပြီ ဖြစ်တဲ့ အဝတ်အစားအသစ်သုံးစုံလောက် ဝယ်လိုက်သည်။ ပြီးတော့ အပျိုတုန်းက သွားနေကျဗျူးတီးဆလွန်းဆီသို့ ဦးတည်လိုက်သည်။ မေဇွန်ကိုခေါ်ရမလားလို့တွေးမိလိုက်ပေမယ့် ဒီနေ့ကျောင်းဖွင့်ရက်လေ။ အခုဆိုကျောင်းမှာပဲ ရှိနေမှာပေါ့။ တစ်ယောက်ထဲ ခေါင်းအစခြေအဆုံးအလှပြင်နေရင်း အချိန်တွေကုန်မှန်းမသိကုန်သွားတော့သည်။ ကလေးနဲ့မိနစ်ပိုင်းလောက်တောင် ခွဲမနေဖူးတဲ့ပျိုရဲ့စိတ်တွေဟာ အငြိမ်မနေနိုင်ခဲ့ပါ။ သားလေးအိပ်နေပြီလား။ ကိုယ့်ထက်ပိုဂရုစိုက်တတ်မှန်းသိပေမယ့် သူ့အဖေနဲ့အဆင်မှပြေရဲ့လားနဲ့ စိတ်ပူနေမိပြီး ဖုန်းဆက်ချင်စိတ်တွေ ပေါက်လာခဲ့သည်။ မဆက်ပါနဲ့။ တခါတလေလေး လွတ်လွတ်လပ်လပ်နေရတာကို။ ကိုယ်ပိုင်အချိန်လေးအဖြစ် အေးအေးဆေးဆေး အနားယူမယ်လို့ စိတ်ကူးထားခဲ့ပေမယ် ပျို့စိတ်တွေဟာ ချည်တိုင်ရှိရာသို့ပဲ ရောက်ရောက် နေခဲ့ပါသည်။ ဒါဟာ အိမ်ထောင်သည်ကလေးအမေတစ်ယောက်ရဲ့ စိတ်မလွတ်လပ်ခြင်းတွေများလား။ အားလုံး ပြီးသွားတော့ ညနေခြောက်နာရီတောင်ထိုးနေပြီပဲ။ မဆိုးတော့မဆိုးပါဘူး။ အချိန်ကုန်၊ ငွေကုန်ခံရကျိုး နပ်ပါသည်။ မှန်ထဲမှာတွေ့ရတဲ့ ပုံရိပ်ဟာ အရင်ကဥဒေါင်းပျိုကိုတွေ့လိုက်ရသလိုပင်။ ဆံပင်တွေရှည်ပြီး နည်းနည်းပြည့်လာ တာက လွဲလို့ပေါ့။ အရင်ကလို ဂုတ်ဝဲအကောက်လေးမဟုတ်တော့ပဲ ကျောတဝက်လောက်အရှည်အကောက် ဖြစ်နေခဲ့ပါပြီ။ ဆံပင်ညှပ်မလားလို့ စိတ်ကူးမိပေမယ့် မညှပ်ချင်တော့ပါ။ သားလေးမေမေဖြစ်နေပြီပဲ။ ကလေးမှ မဟုတ်တာ့ပဲလေ။
တက္ကစီပေါ်ရောက်မှ ဖုန်းဖွင့်လိုက်တော့ ဇေထူးခေါ်တာနဲ့တန်းတွေ့နေသည်။
“ဟဲလို”
“ပျို ဖုန်းဘာလို့ပိတ်ထားတာလဲ ငါစိတ်ပူနေတယ်ဆိုတာမင်းမသိဘူးလား”
“မသိဘူး နင့်ကိုပြောပြီးသွားတာပဲလေ ငါကဘာမရိုးမသားလုပ်နေလို့လဲ”
ဟုတ်တယ်လေ။ သူ့လိုမျိုး မိန်းမဖုန်းဆက်တာမကိုင်ပဲ ရည်းစားဟောင်းနဲ့စကားပြောနေလို့လား။
“ဘာပြောသွားလို့လဲ ဘာမှမပြောပဲပြေးသွားပြီး အခုဘယ်ရောက်နေတာလဲ ဘာလုပ်နေလဲ မပြန်လာသေးဘူးလား”
“အခုပြန်လာနေပြီ သားရော အဆင်ပြေလား”
“ပြေတယ် မင်းအမြန်ပြန်လာတော့ သားကမင်းကိုပဲရှာနေတာ”
“လာနေပါပြီဆို ဒါပဲ”
ဆိုးပျိုရဲ့အသံက အလိုမကျမှုတွေနဲ့။ သူ့ကိုစိတ်ကောက်နေမှန်းသိပါသည်။ ဒါပေမယ့်သူနဲ့လက်ထပ်ပြီးကတည်းက တစ်ယောက်ထဲ ဒီလောက်ကြာသည်အထိ အပြင်တစ်ခါမှ မထွက်ဖူးပါပဲ။ ကလေးရလာတော့ မိဆိုးဟာ ဘယ်ကိုမှ မထွက်သလောက်နီးပါး သားလေးနားမှာပဲနေပြီး ဂရုတစိုက်ချစ်နေခဲ့သည်။ အခုမှ ဘာစိတ်ကူးပေါက်ပြီး အချိန် အကြာကြီး အပြင်ထွက်နေမှန်းမသိ။ တခါတလေမှ ထွက်တယ်ဆိုပေမယ့် သူ မကြိုက်ပါ။ ပျို မရှိတဲ့အိမ်ထဲ သားနဲ့ နှစ်ယောက်ထဲနေရင်း သူတို့သားအဖကိုပစ်ထားသလိုခံစားရသည်။ သူကသာ အလုပ်ကိစ္စနဲ့ အပြင်သွားတတ်တာ။ ပြန်လာချိန်ဆို ပျိုနဲ့သားက ကြိုဆိုနေကျလေ။ အခုလို ပျို မရှိချိန်ကြီးကို သူ မခံစားနိုင်ပါ။ တနေကုန် ဖုန်းခေါ်နေ သော်လည်း မမဘုရားက စက်ပိတ်ထားကာ အခုမှဖွင့်လေသည်။ သူမအသံကြားမှ စိတ်သက်သာရာရပါသည်။ ဆိုးပျိုရယ် ငါ့ဘဝမှာ မင်းနဲ့သားလေးမရှိရင်မဖြစ်ဘူး။
“သားရေ မေမေပြန်လာပြီ”
အိမ်ထဲဝင်လာတဲ့ပျိုကို သားအဖနှစ်ယောက်သား အံ့သြပြီး ငေးကြည့်နေရသည်။ ခေါင်းအစ၊ခြေအဆုံး အလှပြင်ခဲ့ရုံမက အဝတ်အစားသစ်တွေပါလဲဝတ်ခဲ့လို့ သားတောင် အမေဖြစ်သူကို ရုတ်တရက်မမှတ်မိသလို ကြည့်နေခဲ့သည်။ ဆံပင်ကိုလဲ အရောင်ပြောင်းကာ မေးဖျားလောက်ကနေစပြီး အလိပ်ကြီးကြီးကောက်ခဲ့သည်။ ပေါင်းတင်ခဲ့တဲ့မျက်နှာက ဖြူနုကာကြည်လင်တောက်ပနေခဲ့သည်။ အရင်ကတည်းက အရမ်းချစ်ရတဲ့ဆိုးပျိုဟာ သူ့မျက်လုံးထဲမှာ အလှကြီးလှနေခဲ့ပါသည်။
“မေမေ့ဆီလာပါဦးသားရဲ့”
သားကို ပွေ့ဖက်နမ်းနေတဲ့ပျိုကိုကြည့်ရင်း ဇေထူးဘဝင်မကျဖြစ်လာခဲ့သည်။ ဘာစိတ်ကူးပေါက်ပြီး လှချင်စိတ်တွေ ပေါက်လာခဲ့တာလဲ။ ပျို လှတာကိုသဘောကျပေမယ့် ရုတ်တရက်ကြီးအလှတွေထပြင်တာကိုတော့ မသင်္ကာပါ။
“တနေကုန်အလှပြင်နေတာပေါ့”
“အင်းလေ အခုလာမယ့်တနင်္ဂနွေနေ့… သဘက်ခါပေါ့ အဲ့ဒီနေ့လဲ ကလေးထိန်းထားပေးဦးနော် Gathering ရှိတယ် ကျောင်းကလုပ်တာတော့မဟုတ်ဘူး ငါတို့မေဂျာကသူငယ်ချင်းတွေပဲနှစ်တိုင်းသီးသန့်လုပ်တာ ငါမသွားတာနှစ်နှစ် ရှိပြီဆိုတော့ ဒီနှစ်တော့သွားမလားလို့”
“မေဇွန်တို့ရောသွားမှာလား”
“အင်း သွားမှာ ညနေပိုင်းလုပ်မှာဆိုတာ့ အိမ်ပြန်နည်းနည်းနောက်ကျမယ် အောင်ထက်ကိုပြန်ပို့ခိုင်းလိုက်မယ်”
ဟိုတနေ့ မေဇွန် ဖုန်းဆက်လာတုန်းကတော့ မလာတော့ဘူးလို့ငြင်းထားပေမယ့် အခုတော့ သွားချင်စိတ်ပေါက်လာ ခဲ့သည်။ အိမ်ထဲမှာပဲ ပိတ်နေခဲ့တဲ့ကိုယ့်ကိုကိုယ် လူတောထဲပြန်ဝင်ဆန့်အောင်လုပ်ရပါဦးမည်။
“ဘာလို့သွားမှာလဲ မသွားတာကြာနေပြီပဲလေ မသွားနဲ့တော့ပေါ့”
ဇေထူး ဟန်မဆောင်နိုင်ပဲတားလိုက်မိသည်။ တကယ်ပဲ ပျိုကိုမသွားစေချင်ပါ။ ပွဲကြီးလဲမဟုတ်ပဲ အလှတွေ တကူးတကပြင်ပြီး သွားရလောက်အောင် ဘယ်သူလာမှာမို့လို့လဲ။
“ဘာဖြစ်လို့လဲ ကလေးခဏပဲထိန်းပေးရမှာကို”
ကလေးမထိန်းပေးချင်လို့မဟုတ်။ အိမ်ပြန်ရောက်တာနဲ့သားကိုသူပဲထိန်းနေကျပါ။ တနေကုန်အိမ်ထဲမှာကလေးနဲ့ပဲ နှစ်ပါးသွားနေရတဲ့ပျိုဟာ စိတ်ပင်ပန်းမှုအနည်းနဲ့အများရှိမယ်ဆိုတာ သူနားလည်ပါသည်။ ဒါကြောင့် တတ်နိုင်သမျှ လုပ်ကူခဲ့ပါသည်။ အခုရက်ပိုင်းကတော့ အသစ်ဖွင့်မယ့်ဆိုင်အတွက် အလုပ်ရှုပ်နေလို့ အရင်ကလို သိပ်မကူလုပ် ပေးနိုင်တော့ပါ။ အရင်ဆိုင်တွေနဲ့ရောင်းမယ့်ပစ္စည်းလဲမတူတော့ ကိုယ်ကြိုက်တဲ့ Brand နဲ့ပစ္စည်းတင်နိုင်ဖို့အတွက် အဆက်အသွယ်တွေလုပ်နေရတာနဲ့ ပိုမအားနိုင်ပါ။ အိမ်ပြန်ရောက်တော့လဲ တနေကုန်ပင်ပန်းလာလို့ သားကို သိပ်မထိန်းကူနိုင်တော့။ ထိုဆိုင်လေးဖွင့်ပြီး သွားရင်တော့ ပုံမှန်ပြန်ဖြစ်သွားမှာပါ။
“မဟုတ်ဘူးပျို ငါမအားလို့ပါ”
“မအားမှာစိုးလို့ စီစဉ်လို့ရအောင် ကြိုပြောနေတာပဲလေ ညနေပိုင်းသုံးလေးနာရီလောက်လေးကို ငါ့အတွက်အချိန်မ ပေးနိုင်ဘူးလား ရတယ် နင်မအားလဲ ကလေးကို အန်တီဆီခဏထားခဲ့လိုက်မယ် ငါအပြန်မှဝင်ခေါ်လိုက်မယ်”
ဟုတ်တယ်လေ။ သူကတော့နေချင်သလိုနေပြီး သူမကိုတော့ တမင်ကပ်သပ်အကျင့်ပုတ်နေသလိုပင်။ စိတ်တိုချိန် ပြုမှုနေကျပုံစံအတိုင်း မျက်မှောင်ကုတ်ပြီးစကားမပြောတော့တဲ့ဇေထူးကို ပျိုလဲ အဖက်လုပ်ပြီး ထပ်မပြောတော့ပါ။ ပျိုလဲ လူပဲလေ။ တသက်လုံးအိမ်ထဲမှာပဲ နေရတော့မှာလား။ အခုအချိန် ပျိုဟာသူနဲ့ကွာရှင်းကြမယ်ဆိုရင် ဘာမှ မလုပ်တတ်၊ ဘာမှပိုင်ဆိုင်ခြင်းမရှိတဲ့ သူမဘဝဟာ အတော်ကို ဖရိုဖရဲဖြစ်မှာသေချာပေါက်ပင်။ အဲ့ဒီအကြောင်း စဉ်းစားမိတဲ့အချိန်မှာတော့ အတော်ကိုဝမ်းနည်းအားငယ်သွားရသည်။ သူ့ဆိုင်အလုပ်တွေကူရမယ်လို့ပြောထားပြီး ခုချိန်ထိတစ်ခါမှလဲ ဆိုင်ကိုမခေါ်သွားပါပဲ။
ပျိုတို့နှစ်ယောက်ဟာ ချစ်လွန်းကြိုက်လွန်းလို့လက်ထပ်ခဲ့ကြတာလဲမဟုတ်။ ဖြစ်လာတဲ့ဘဝကိုလက်ခံလိုက်ပြီး အကောင်းဆုံး နေထိုင်ခဲ့ကြသူတွေပါ။ မေနန္ဒာဆိုတဲ့ သူ့ရဲ့အချစ်ဦးပြန်ပေါ်လာတော့ တကယ်လို့များ ဇေထူးက ကွာရှင်းချင်တယ်လို့တောင်းဆိုလာရင် သူမ ဘာဆက်လုပ်နေရမှာလဲ။ ပျိုဟာ ဒီယောကျာ်းအပေါ်မှီခိုနေခဲ့တာ သားလေးကိုယ်ဝန်ရှိကတည်းကပါ။ အလုပ်ထွက်ပြီး ဒီမိသားစုဘဝလေးကို ခင်တွယ်နေခဲ့တာ ဥဒေါင်းပျိုဆိုတဲ့ ပျိုရဲ့ဖြစ်တည်မှုကို မေ့နေလောက်တဲ့အထိပင်။ ဇေထူးကို မချစ်ပေမယ့် သားလေးကိုချစ်သည်။ သူ့ကိုခွဲနိုင်ပေမယ့် သားလေးကိုမခွဲနိုင်ပါ။ သူ တခြားမိန်းမနဲ့ယူသွားရင်လဲ သားလေးကို ပျိုသာခေါ်ထားချင်ပါသည်။ ဒါပေမယ့် ကိုယ့်ဝမ်းကိုယ်တောင် ဝအောင်မနည်းရှာစားရမယ့်အခြေအနေမှာ ဘယ်လိုခေါ်ထားလို့ရမှာလဲလေ။
သားကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်ရင်း ဘာဖြစ်မယ်မှန်းမသိတဲ့ရှေ့ရေးကို တွေးနေမိကာ အားအင်တွေ ပျောက်ဆုံးသလို ခံစားနေရသည်။ ကိုယ့်ဘဝရှေ့ရေးအတွက် ဒီအတိုင်း ဆက်မနေသင့်တော့ပေ။
လမ်းပျောက်နေတဲ့သူက လမ်းစတစ်ခုခုတော့ ကြိုးစားရှာဖွေသင့်တယ်မလား။
===========================================================
ပျိုတို့သူငယ်ချင်းတွေရဲ့ Gathering ကို မသွားနိုင်အောင် အလှပြင်ဆိုင်မှာ ဆံပင်ကောက်၊ဆေးဆိုး၊ ပေါင်းတင်နဲ့ နာရီများစွာကြာခဲ့တဲ့သူမဟာ ညရောက်တော့ဖျားပါတော့သည်။ အပူရှိန်တွေ တရိပ်ရိပ်တက်နေတဲ့ပျိုကို ဇေထူး ရေပတ်အုပ်ပေးရင်း သနားလဲသနား၊ ရယ်လဲရယ်ချင်မိသည်။ ဆံပင်ခွေခွေလေးတွေကြားထဲက ပေါ်နေတဲ့ မျက်နှာဖောင်းဖောင်းလေးဟာ အနည်းငယ်ချောင်ကျသွားသလိုပင်။
တညလုံးဖျားခဲ့ပေမယ့် မနက်ရောက်တော့အဖျားကျသွားခဲ့ပါပြီ။
“ပျို ငါဆိုင်ခဏသွားလိုက်ဦးမယ် ကလေးကိုငါပဲခေါ်သွားလိုက်မယ် ဆန်ပြုတ်ပြုတ်ထားပေးတယ် ဗိုက်ဆာတဲ့ အချိန်စားလိုက်ဦးနော် ပြန်လာရင်ဆေးခန်းသွားမယ်”
ဖျားနေတဲ့လူကိုပစ်ပြီး ဆိုင်ကိုသွားဦးမည်တဲ့။ ဘာတွေများအရေးကြီးလို့လဲ။ သူဟာ ပျိုကို နည်းနည်းမှဂရုမစိုက် တော့ပါ။ အရင်တုန်းက မနေတတ်အောင် ဂရုစိုက်ခဲ့သမျှ အခုတော့ ပစ်ထားရက်တဲ့အနေအထားတောင် ရောက်နေခဲ့ပါပြီ။ အင်းလေ သူ့ကလေးမွေးထားပေးပြီးပြီပဲ။ ဂရုစိုက်စရာမှမလိုတော့တာ။
ဇေထူး ကလေးခေါ်ပြီး ထွက်လာခဲ့လိုက်သည်။ အမှန်ဆို ဒီနေ့မသွားဘူးလို့လုပ်ထားတာပါ။ ပျို အနားမှာနေပေး ချင်မိသည်။ ဆိုင်အသစ်ပြင်ဖို့ အပ်ထားတဲ့အဖွဲ့က လိုအပ်တာတွေပြောဖို့ဖုန်းဆက်လာလို့ ခဏထွက်လာခဲ့ရသည်။ ဖျားနေတဲ့ ပျိုကို ကောင်းကောင်းနားစေချင်လို့ သားကိုပါခေါ်ခဲ့လိုက်သည်။
သူတို့သားအဖထွက်သွားမှ ပျိုတစ်ယောက်ထဲ ဝမ်းနည်းစွာငိုချလိုက်မိသည်။ တိတ်ဆိတ်သွားတဲ့အိမ်ထဲမှာ သူမ တစ်ယောက်ထဲအထီးကျန်နေသလိုခံစားနေရသည်။ အရင်တုန်းက တစ်ယောက်ထဲဘယ်လိုနေခဲ့မှန်းမသိ။ အခုတော့ တစ်ယောက်ထဲမနေတတ်သလိုဖြစ်နေခဲ့တော့သည်။ သူတို့သားအဖရှိမှ ဘဝကြီးက ပြည့်စုံသလို ဖြစ်နေပါပြီ။ တကယ်လို့များ တစ်ယောက်ထဲသာနေရတော့မယ်ဆိုရင် ဘယ်လိုနေရပါ့မလဲ။ ဆိုင်ကိုခဏ သွားတာကို ဘာတွေလျှောက်တွေးပြီး ဝမ်းနည်းနေမှန်းမသိတဲ့ ကိုယ့်အဖြစ်ဟာ ရယ်ဖို့တော့ကောင်းပါသည်။ ပျို သက်ပြင်းချလိုက်ရင်း အိပ်ပျော်အောင် အိပ်လိုက်သည်။ အလကားနေရင်း လျှောက်တွေးပြီးကိုယ့်ကိုကိုယ် နှိပ်စက်နေခဲ့တာမလား။ တခါတလေ ငါရူးသွားပြီလားလို့တောင် ထင်မိပါသည်။
အိပ်ရာနိုးတော့ ကိုယ်ပူကျသွားပြီး ခေါင်းလဲမကိုက်တော့။ ဆေးခန်းသွားစရာမလိုပဲ ပျောက်သွားပြီထင်ပါရဲ့။ ဟို သားအဖထွက်သွားတာ သုံးနာရီလောက်ရှိပြီ။ ကလေးတဖက်နဲ့အလုပ်ရော ကောင်းကောင်းလုပ်ရပါ့မလား။ သားလဲ ပျင်းနေမလားတွေးမိရင်း ဇေထူးဆီဖုန်းဆက်သည်။
“သား လူစိမ်းတွေနဲ့အဆင်ပြေရဲ့လား”
“ပြေပါတယ် နင်ရောသက်သာလား ငါနောက်တစ်နာရီလောက်ဆိုပြန်လာတော့မှာ ဘာစားချင်လဲပျို”
“ဘာမှမစားချင်ဘူး သားအဆင်ပြေလားလှမ်းမေးတာ အိပ်ချိန်တောင်ကျော်နေပြီ အိပ်ရောအိပ်ရဲ့လား”
“မအိပ်ဘူး တနေကုန်ဆိုင်ကကောင်လေးတွေနဲ့ပျော်နေတာ”
“ဟင် နင်ကဘယ်သွားနေလို့ကလေးကို သူများနဲ့ထားခဲ့ရတာလဲ”
ပျို မကြိုက်ပါ။ ကလေးကိုသူစိမ်းလက်ထဲ ငါးမိနစ်ပြည့်အောင်တောင်မထားချင်တာ။
ဇေထူး ဘာပြန်ဖြေရမှန်းမသိဖြစ်သွားသည်။ သူ့ဆိုင်ရှေ့က ဆိုင်သစ်ပြင်ဆင်နေတဲ့ဆီသွားတော့ သားကိုမခေါ်သွား ချင်လို့ ထားထားခဲ့တာပါ။ ဒီဆိုင်ဖွင့်မယ်ဆိုတာကို ပျိုကို တမင်အသိမပေးတာပါ။ သူမအတွက် ကလေးပစ္စည်းတွေ သီးသန့်ရောင်းတဲ့ဆိုင်ဖွင့်ပေးပြီး သူမအံ့သြသွားအောင် လက်ဆောင်ပေးဖို့စီစဉ်ထားခဲ့ပါသည်။
“ငါလဲရှိတယ်လေ ကလေးကိုသူများတွေလဲထိန်းကူတယ်လို့ပြောတာ”
“အင်း အင်း ဒါပဲနော်”
သားကို စိတ်မချပါ။ သူများလက်ထဲ ဟိုလူနမ်း၊ဒီလူနမ်းနဲ့ ဒီခေတ်ကြီးမှာရောဂါကူးမှာလဲကြောက်ရသေးသည်။ ပြီးတော့ ကိုယ့်ကလေးမှမဟုတ်တာ။ ဘယ်သူကစိတ်ရှည်လက်ရှည် အကြာကြီးထိန်းပေးချင်မှာလဲ။ မဖြစ်ပါဘူး။ သွားခေါ်မှာပါ။
တကယ်တော့ မလိုက်သွားမိရင် အကောင်းသား။ အခုလိုလိုက်လာခဲ့မိတာကို နောင်တတွေရလို့မဆုံးတော့။ ပျို ရှေ့မှာ ကြည့်နူးဖွယ်ကောင်းတဲ့မိသားစုလေးကို တွေ့လိုက်ရတဲ့အချိန်မှာ လူကဘာဖြစ်သွားမှန်းမသိ။ ရင်ထဲမှာ ဖော်မပြတတ်တဲ့ခံစားချက်တွေက သူမကို နာကျင်စေပါသည်။ စက်လှေကားစီးပြီး သုံးလွှာရောက်ချိန်မှာ သူတို့ကို တွေ့လိုက်ရတာဖြစ်သည်။ မေက သားကိုပွေ့ထားပြီး ဇေထူးက သားအထုပ်ကို ကိုင်ဆွဲကာ ရယ်ရယ်မောမောနဲ့ လမ်းလျှောက်လာနေကြတာကိုရပ်ကြည့်နေမိသည်။ တွေ့တဲ့သူတိုင်းကို သူတို့ကိုမိသားစုလို့သာ ထင်ကြပေမည်။ ရှေ့တည့်တည့်မှာ ရပ်ကြည့်နေတဲ့ပျိုကို မမြင်နိုင်လောက်အောင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြည်နူးနေတဲ့နှစ်ယောက်ကို မတွေ့ချင်သော်လည်း သူတို့လက်ထဲကသားလေးကို ခေါ်ရပေဦးမည်။
“ပျို နေလဲမကောင်းသေးပဲ ဘာလို့လိုက်လာတာလဲ”
အခုမှတွေ့သွားတဲ့ဇေထူးက အံ့သြသလိုမေးနေသည်။ ကလေးအမေပဲ။ ကိုယ့်ကလေးကိုစိတ်မချလို့ လိုက်လာတာ ပေါ့။ အဲ့လောက်ထိ အံ့သြပြနေစရာလိုလို့လား။
“သားကို စိတ်မချလို့ မေ သားကိုပေး”
ပျို ဘာမှမဖြစ်သလိုပြန်ဖြေလိုက်ပေမယ့် စိတ်ထဲမှာတော့သူတို့နှစ်ယောက်ကို ဆောင့်တွန်းပစ်ချင်မိသည်။ မေကို ပြုံးပြနုတ်ဆက်လိုက်ရင်း သားကိုလှမ်းခေါ်လိုက်သည်။ အမေကိုတွေ့ရလို့ပျော်နေတဲ့သားကလဲ လက်နှစ်ဖက် ဆန့်တန်းပေးကာ လိုက်လာခဲ့လေသည်။
“ကလေးလာခေါ်တာ ငါပြန်တော့မယ် မေ ပြန်လိုက်ဦးမယ်နော်”
“အတူတူပြန်မယ်လေ ငါလဲအခုပြန်ဖို့လုပ်နေတာ”
“ရတယ်လေ နင်အလုပ်ကိစ္စရှိသေးတယ်မလား ငါ့ဘာသာပြန်နှင့်လိုက်မယ်”
ဇေထူး ထွက်ဖို့ပြင်နေတဲ့ပျိုရဲ့ပုခုံးကို ခပ်တင်းတင်းဆွဲဖက်ထားလိုက်သည်။ တဇွတ်ထိုးနဲ့ ကားငှားပြီးပြန်တော့မှာ သိသည်။ မေနဲ့အတူတွေ့လိုက်ရလို့ အရမ်းစိတ်ဆိုးနေပြီထင်ပါရဲ့။
“မေ ငါတို့ပြန်တော့မယ်နော်”
“ဟုတ်ကဲ့ကိုဇေ နောက်ရက်မှတွေ့တာပေါ့”
ဘာကိစ္စတွေရှိသေးလို့ နောက်ရက်တွေ့ရဦးမှာလဲ။ တွေ့စရာအကြောင်းတွေ မကုန်နိုင်တော့ဘူးလား။ စိတ်ထဲက ဘုဂလန့်လိုက်ပြောနေပေမယ့် မျက်နှာကပြုံးပြနေရတဲ့လူတွေက ရင့်ကျက်တယ်ဆိုတဲ့လူတွေများလား။ အဲ့လို သာဆို ပျို အတော်ကို ရင့်ကျက်နေပါပြီ။
“ဘာစားချင်လဲပျို”
“မစားတော့ဘူး အိမ်ပဲပြန်ချင်တယ်”
“တခုခုစားပါဦးလား ဆန်ပြုတ်ပဲသောက်ထားတာမလား”
ပျို ဘာမှပြန်မဖြေလို့ ဇေထူးလဲဆက်မမေးတော့ပေ။ ဆိုးပျိုဟာ သူ့ကိုအတော်ကြီးကို စိတ်ကောက်နေပါပြီ။ သူ့ကို သဝန်တိုလို့ ဝမ်းသာသော်လည်း သူမ စိတ်ဆင်းရဲနေတာကိုတော့ သူ မကြည့်ရက်နိုင်ပေ။ ရက်ပိုင်းလောက်ပဲ စောင့်ပေးပါပျိုရယ်။ မင်းအတွက်လက်ဆောင်လေးပြီးသွားတဲ့အခါ သံသယတွေအားလုံးရှင်းသွားမှာပါ။
“ကိုယ်ပူကျသွားပြီလား ဆေးခန်းသွားမယ်နော်”
ကားပေါ်ရောက်တော့ ဇေထူး ပျိုရဲ့နဖူးကိုစမ်းကြည့်လိုက်သည်။ သားကိုလက်တစ်ဖက်နဲ့ဖက်ထားရင်း တစ်ဖက်က အခုမှ လာဂရုစိုက်ပြနေတဲ့သူ့လက်ကို ရိုက်ထုတ်ပစ်လိုက်သည်။
“မသွားတော့ဘူး နေကောင်းသွားပြီ အိမ်ပြန်မယ်”
“ပျို ခေါင်းမမာနဲ့ကွာ”
ပျို သားရဲ့ပါးပေါ်ကနုတ်ခမ်းနီကို တစ်သျှူးအစို တစ်ရွက်ထုတ်ကာ ဖျက်ပေးနေမိသည်။ ကလေးကို ဒီလိုနုတ်ခမ်းနီ အရာတွေပေအောင်နမ်းတာကို မုန်းပါသည်။ ဘယ်သူနမ်းမှန်းတော့မသိ။ နုတ်ခမ်းနီကလဲ တော်ရုံနဲ့ဖျက်မရအောင် စွဲနေသေးသည်။ ဇေထူး စူပုတ်နေတဲ့ပျိုရဲ့မျက်နှာကို ငုံ့ကြည့်လိုက်ရင်းသနားနေမိသည်။ သူမကို ဝမ်းသာစေချင်လို့ လုပ်ထားတဲ့အရာတွေက အလကားနေရင်း အထင်လွဲပြီးစိတ်ဆင်းရဲစရာတွေဖြစ်နေခဲ့သည်။ သူ ပျိုကို ကိုယ်ချင်း စာပါသည်။ မနေ့တုန်း သားနဲ့နှစ်ယောက်ထဲ အိမ်ထဲမှာနေရင်း သူမကိုပဲမျှော်နေခဲ့မိသည်။ ပျိုလဲ သားနဲ့နေရင်း တနေကုန်အလုပ်ရှုပ်နေတဲ့သူ့ကို မျှော်နေလိမ့်မည်ဆိုတာ သိပါသည်။
အိပ်ငိုက်နေတဲ့ကလေးကို ချော့သိပ်ရင်းပါလာတဲ့ပျိုဟာ သူ့ကိုစကားတစ်ခွန်းမှမပြောတော့ပါ။ အဲ့လိုကြီး စိတ်ကောက်နေတော့လဲ မနေတတ်ပေ။ သူမ စိတ်ဆင်းရဲနေတာသိသိကြီးနဲ့ပစ်မထားရက်တော့။
ပျို အိမ်ရောက်တော့ သားကိုကုတင်ပေါ်ချသိပ်လိုက်သည်။ အခန်းထဲဝင်လာတဲ့ဇေထူးကြောင့် သူမအပြင်ထွက်ဖို့ အခန်းတံခါးဖွင့်နေစဉ် ဇေထူးက နောက်ကျောကနေသိုင်းဖက်ပြီး စကားလာပြောသည်။ ပျို ရုန်းသော်လည်း လွှတ်မပေး။ သူ့မိန်းမပဲလေ။ ဖက်တာတော့ခံရမှာပေါ့။
“ပျို ငါဆိုင်အသစ်ဖွင့်ဖို့လုပ်နေတာ နှစ်လလောက်ရှိပြီ အဲ့ဒါကြောင့်အလုပ်ရှုပ်နေလို့ အပြင်မှာနေချိန်များနေတာ”
ဒါ ပျိုကို ဖြေရှင်းချက်ပေးနေတာလား။ သူမစိတ်ထဲဘာဖြစ်နေလဲဆိုတာ သိသိကြီးနဲ့ပစ်ထားပြီး။ အခုမှ သူနဲ့မေကို မျက်နှာချင်းဆိုင်တွေ့လိုက်တော့မှ မလုံမလဲဖြေရှင်းချက်လာပေးနေတာလား။
“မေနဲ့အထင်မလွဲပါနဲ့နော် သူနဲ့ငါဘာမှမပတ်သက်ဘူး”
ဘာမှမပတ်သက်တဲ့လူနှစ်ယောက်က အလုပ်မအားတဲ့ကြားထဲ ဘာလို့နေ့တိုင်းတွေ့နေရတာလဲ။ ဒါတောင် နှစ်ရက်ပဲ သွားရသေးတာ။ သွားတိုင်းသူတို့နှစ်ယောက်ကို တန်းတွေ့တာပင်။ ဘာမှမပတ်သက်ဘူးလို့ပြောတာနဲ့ ပျိုက ယုံပေးရမယ်ပေါ့။ တခြား ကျေနပ်လောက်တဲ့ဖြေရှင်းချက်တွေ ထပ်ပေးပါဦးလေ။
ဇေထူး ပျိုရဲ့ဆံပင်တွေကိုနမ်းလိုက်ရင်း
“ဆံပင်တွေက ဆေးနံ့တွေနဲ့”
“ဘယ်သူက နမ်းခိုင်းလို့လဲ လွှတ်ပါ”
“မလွှတ်ဘူး မနက်ဖြန် Gathering မသွားနဲ့တော့နော် နေလဲမကောင်းသေးဘူးဆိုတော့ အိမ်မှာပဲနေတော့”
“မနေပါဘူး မနက်ဖြန်သားနဲ့အန်တီတို့ဆီသွားလည်မှာ”
“အင်း အဲ့ဒါဆိုငါလိုက်ပို့ပေးမယ်လေ ညနေပြန်ရင်ဝင်ကြိုမယ်”
“အကြာကြီးမနေပါဘူး နေ့လယ်စာစားပြီးရင်ပြန်ခဲ့မှာ သားလေးအဖိုးအဖွားတွေနဲ့မတွေ့တာကြာလို့လိုက်ပို့ချင်လို့”
“အင်း အဲ့ဒါဆိုလဲ ပြန်မယ့်အချိန်ဖုန်းဆက်ခဲ့ လာကြိုပေးမယ် Gathering မသွားနဲ့နော်”
“ဘာလို့ မသွားခိုင်းစေချင်နေတာလဲ”
သဝန်တိုလို့ပေါ့။ အရင်တုန်းကကြိတ် Crush ခဲ့ဖူးတဲ့သူတွေနဲ့မတွေ့စေချင်လို့ပေါ့။ ကျောင်းတက်တုန်းကတော့ ဇာတ်လမ်းလေးတွေရှိခဲ့ဖူးမှာပဲလေ။
“နင်မှနေမကောင်းသေးတာ ငါစိတ်မချဘူး နော် မသွားနဲ့တော့”
“မသိသေးဘူး စဉ်းစားလိုက်ဦးမယ်”
အမှန်တော့ ပျို မသွားတော့ဘူးလို့စဉ်းစားထားပြီးသားပါ။ သူ့ကိုအမြင်ကတ်လို့ ဒီတိုင်းပြန်ပြောလိုက်သည်။ သူကတော့ တမေမေနဲ့ ကိုဇေ ကိုဇေနဲ့သာယာကြည်နူးနေပြီး။ ပျိုကိုတော့ လှောင်အိမ်ထဲထည့်ထားချင်ပုံပင်။
“မစဉ်းစားနဲ့တော့ မသွားရဘူး”
ဇေထူး ပျိုရဲ့ပါးနဲ့ပါးချင်းကပ်ပြီးပြောလိုက်သည်။ သူမကို သားနဲ့သူ မပါပဲ ဘယ်ကိုမှ မသွားစေချင်ပါ။ တသားမွေး၊ တသွေးလှနေတဲ့ပျိုကို စိတ်မချပါ။ အရင်ကလိုပိန်သွယ်လေးမဟုတ်ပဲ ပြည့်ပြည့်လေးနဲ့ဆံပင်ရှည်ကောက်ကောက် လေးများနဲ့ ပိုပြီးဆွဲဆောင်မှုရှိနေပါသည်။ ကလေးမပါပဲတစ်ယောက်ထဲသွားနေရင် ဘယ်သူကမှ ကလေးအမေလို့ ထင်ကြမည်မဟုတ်ပေ။ သူ့မျက်လုံးထဲအရင်ထက်ပိုလှလာတဲ့ပျိုကို တစ်ယောက်ထဲ ဘယ်ကိုမှမလွှတ်ချင်ပါ။
ယောကျာ်းတွေများမုန်းဖို့ကောင်းလိုက်တာ။ သူတို့ကတော့နေချင်သလိုနေပြီး သူမဒါလေးသွားမှာကို ပိတ်ပင် တားဆီး နေလေသည်။ ပျိုလဲ သူ့ကို မေနဲ့မတွေ့ရဘူးလို့ တားခွင့်ရှိမလားသိချင်ပါသည်။ အဲ့ဒီလိုပြောရင် သူဘယ်လိုများပြန်ဖြေမလဲ သိချင်မိသော်လည်း အထင်မလွဲနဲ့ ဘာမှမပတ်သက်ဘူးလို့ ပြောထားပြီးသားမလား။ ဘာများ ထပ်မေးစရာလိုသေးလို့လဲ။
===========================================================
“ပျို ဒီနေ့ညနေစာအပြင်မှာစားကြမယ် အဆင်သင့်လုပ်ထားနော် ငါးနာရီလောက်လာကြိုမယ်”
“အင်း ဘယ်မှာသွားစားမှာလဲ”
“နင်ကြိုက်တဲ့ဆိုင်သွားမယ်လေ စဉ်းစားထားလိုက်”
“သားကို ကစားကွင်းလဲပို့ချင်သေးတယ်”
“အိုကေ ညနေသွားမယ်နော် သားရေ တာ့တာ”
သားအမိနှစ်ယောက်ကိုနမ်းပြီးထွက်သွားတဲ့ဇေထူးကို ပျိုရဲ့ခင်ပွန်းအဖြစ်လက်ခံထားခဲ့ပြီးပါပြီ။ သူနဲ့အတူတူနေရင်း ဖြစ်လာခဲ့တဲ့သံယောဇဉ်တွေကြား ရုန်းထွက်လို့မှမရနိုင်ခဲ့ပဲလေ။ မေနဲ့အတူတူသာတွဲမမြင်ထားဘူးဆို ပျို အခုလို စိတ်ဆင်းရဲနေခဲ့မှာမဟုတ်။ သူကတော့ ဘာမှမပတ်သက်ဘူးလို့ပြောတာပင်။ ဒါပေမယ့် ရည်းစားဟောင်းတွေလေ။ အတူတူတွဲသွား၊တွဲလာနဲ့ ပတ်ဝန်းကျင်အမြင်မသင့်တော်သလို ကြာရင်ငြိနိုင်ပါသည်။ ပြီးတော့ တစ်ယောက်က အိမ်ထောင်ကွဲ တစ်ယောက်ကအိမ်ထောင်ရှိတဲ့လူလေ။ အဲ့လိုတွေ မနေသင့်ဘူးဆိုတာ ငယ်တော့တဲ့သူတွေလဲ မဟုတ်။ နားလည်သင့်ပါသည်။ တခါတလေတွေ့တာအကြောင်းမဟုတ်။ နေ့စဉ်နေ့တိုင်း တွေ့နေတာတော့ လွန်လွန်းပါသည်။ ဒါကို အထင်မလွဲနဲ့ဆိုတော့လဲ။ ပျို သက်ပြင်းချလိုက်ရင်း
“ဇေမင်းပျို သားဖေဖေကို မေမေယုံသင့်ရဲ့လား”
သားက ခေါင်းငြိမ့်ပြခဲ့သည်။ ဖေဖေလို့ပြောတာနဲ့ ဘာမေးမေးခေါင်းငြိမ့်ပြမယ့် အဖေချစ်သားလေးပင်။ တနေကုန် အတူရှိနေတဲ့အမေကို အဖေပြန်လာချိန်ဆို ဂရုမစိုက်တော့။ သူနဲ့ကစားကူတဲ့အဖေကိုသာ မျှော်တတ်နေသလိုပင်။ မဟုတ်ပါဘူး။ ဗိုက်ထဲမှာထဲက အဖေကိုပဲပိုချစ်ခဲ့တဲ့ ပျိုရဲ့သားပါ။
လေးနာရီခွဲကတည်းက သားအမိနှစ်ယောက်ပြင်ဆင်ပြီး ဇေထူးကိုမျှော်နေခဲ့သော်လည်း ငါးနာရီကျော်ချိန်အထိ ပေါ်မလာပေ။ ဘာများဖြစ်နေလို့လဲမသိ။ ပျို ဇေထူးဆီ ဖုန်းခေါ်လိုက်သည်။
“ပျို ဒီမှာနည်းနည်းအရေးကြီးနေလို့ နောက်ကျမယ် နင်ဗိုက်ဆာနေလိမ့်မယ် စားထားနှင့်တော့ မနက်ဖြန်ညနေမှ သွားတော့မယ်နော်”
ပျို ဘာမှမမေးရသေးခင်ဖုန်းချသွားလေသည်။ ဘာတွေအရေးကြီးနေလို့လဲ။ အပြင်သွားဖို့ပြင်ဆင်ပြီးစောင့်နေတဲ့ ပျိုတို့သားအမိဟာ ညနေစားဖို့ဘာမှမချက်ထားပါ။ အခုအချိန်မှလဲချက်မနေချင်တော့။ သားကလဲ အပြင်သွားရ မယ်မှန်း နားလည်နေပြီး ပျော်နေပုံပင်။ ဇေထူးမပါဘဲ နှစ်ယောက်ထဲအပြင်သွားစားဖို့သာ ထွက်လာခဲ့တော့သည်။
တခါတလေ တချို့သောတိုက်ဆိုင်မှုတွေက အံ့သြစရာကောင်းလွန်းလှသည်။ ပျိုဟာ ညနေစာစားဖို့ ဖျက်လိုက်တဲ့ ဇေထူးကို သံသယဝင်ဖို့ သတိမရခဲ့ပေ။ သူဘာတွေလုပ်နေလဲ။ ဘယ်သူနဲ့တွေ့နေလို့လဲဆိုပြီး မသင်္ကာတဲ့ အတွေး လုံးဝမ၀င်မိခဲ့သော်လည်း။
အနီးနားကဆိုင်ကိုသွားစားဖို့ ထွက်လာတဲ့ပျိုဆီသို့ ကားပေါ်ရောက်မှ ဇေထူးအမေကအိမ်ကိုလာဖို့ဖုန်းဆက်လာလို့ လမ်းကြောင်းပြောင်းကာ ယောက္ခမအိမ်ကို ထွက်လာခဲ့လိုက်သည်။ မီးပွိုင့်ရောက်လို့ကားတွေပိတ်နေချိန် ကားပေါ်မှာ သားအမိနှစ်ယောက်သား ပတ်ဝန်းကျင်ကို မကြည့်မိပဲ ကျီစယ်နေကြသည်။
“အမတို့ သားအမိကပျော်နေတာ ဟိုဘက်ကားထဲကစုံတွဲကတော့ပြသနာတက်နေတယ်ထင်တယ်”
တက္ကစီမောင်းတဲ့ကောင်လေးရဲ့စကားကြောင့် ဘေးဘက်ကကားကို ဘာရယ်မဟုတ် လှမ်းကြည့်လိုက်မိသည်။ အဲ့ဒီကားရှေ့ခန်းက ပျိုထိုင်နေတဲ့နောက်ခန်းနဲ့ ကွက်တိယှဉ်ရပ်နေတာဆိုတော့ ကားထဲကလူတွေကို သဲသဲကွဲကွဲ တွေ့မြင်ရပါသည်။ မကြည့်လိုက်မိရင် အကောင်းသား။ ပျိုမှာ ပါးစပ်အဟောင်းသားနဲ့ငေးကြည့်နေမိသည်။ ငိုနေတဲ့ မေကို စိတ်ရှည်လက်ရှည်ချော့နေတဲ့ ပျိုရဲ့ခင်ပွန်းပါလား။ သူတို့စီးထားတဲ့ကားက ဇေထူးကားမဟုတ်။ မေရဲ့ ကားသာဖြစ်လိမ့်မည်။ ဒါကြောင့်ပျို သတိမထားမိတာပေါ့။
ဆံပင်ရှည်တွေနဲ့မျက်နှာကို ကွယ်ဝှက်ထားတယ်ဆိုပေမယ့် ဇေထူးပြောသမျှကို ခေါင်းတငြိမ့်ငြိမ့်နဲ့နားထာင်ပြီး တစ်သျှူးနဲ့ မျက်လုံးကိုသုတ်နေတာမို့ ငိုနေတာသေချာပါသည်။ ငိုနေတဲ့ချစ်သူမိန်းကလေးကိုချော့နေတဲ့ ယောကျာ်းလေးပုံစံက ကြည့်လို့တော့ကောင်းပါသည်။ ပုခုံးလေးကိုတောင် ခပ်ဖွဖွပုတ်ပေးလိုက်သေးသည်။ မေက အတော်ဝမ်းနည်းနေပုံပင်။ ဇေထူးက သူတို့ကိုစိတ်ဝင်တစားကြည့်နေတဲ့ ဒီဘက်ကားက ပျိုကိုသတိထားမိသွားပုံ ပေါ်ပြီး တစ်ချက်ကြည့်ခဲ့လေသည်။ ပျို သူ့ကို နာကျည်းစွာတစ်ချက်ပြုံးပြလိုက်သည်။ မထင်မှတ်ပဲပျိုကို တွေ့လိုက်ရလို့ ဇေထူးက ကြောင်တောင်တောင်ဖြစ်နေပြီး ဘာဆက်လုပ်ရမလဲမသိ ဖြစ်သွားပုံပေါ်သည်။ ခိုးကြောင်ခိုးဝှက်လုပ်တာ လူမိသွားတော့လဲ ဒီလောက်တော့ ဖြစ်သင့်တာပေါ့။ မီးပွိုင့်စိမ်းသွားလို့ ပျိုတို့ကားလဲ ထွက်ခဲ့ပြီး သူတို့ဘယ်လိုပုံစံကျန်ခဲ့သလဲ မသိတော့။
ရင်ထဲမှာတနုံ့နုံ့နဲ့ ဘယ်လိုဖြစ်နေမှန်းမသိ။ ပျို ပိုင်ဆိုင်တာတွေအားလုံးဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ အစကတည်းက သူမ ပိုင်ဆိုင်တာဘာမှမရှိပါပဲ။ ဘာကိုဆုံးရှုံးသွားသလို ခံစားနေမိတာလဲ။ သူတို့နှစ်ယောက် ကားပေါ်မှာ ဘာပြသနာတွေဖြစ်နေတာလဲ။ ငယ်ချစ်ဦးနှစ်ယောက်ပြန်လည်ပေါင်းစပ်ဖို့ ပျိုက နောက်ဆုတ်ပေးရ တော့မှာလား။ သားနဲ့မိန်းမကိုတောင် အချိန်မပေးနိုင်ပဲ ဒီမိန်းမနဲ့အတူရှိနေမှတော့ သူ့ကိုပဲ အလေးအနက် ထားလို့ပေ့ါ။ သားကိုရင်ခွင်ထဲပိုက်ထားရင်း မငိုမိအောင် တင်းထားရသည်။ အရေးကြီးကိစ္စဆိုတာ မေနဲ့တွေ့ဖို့လား ဇေထူးရယ်။
ယောက္ခမအိမ်မှာ မနည်းဟန်ဆောင်ပြီးနေနေရပေမယ့် ပျို စိတ်နဲ့ကိုယ်နဲ့မကပ်ပါ။ ဇေထူးအကြောင်းကို သူ့မိဘတွေကိုလဲ မပြောပြချင်ပါ။ ပျို့အမေကိုလဲမပြောချင်။ သူငယ်ချင်းတွေကိုလဲမပြောချင်။ ဘယ်တစ်ဦး တစ်ယောက်ကိုမှ မပြောပြချင်ပဲ သူတို့နဲ့အဝေးဆုံးကိုသာ ထွက်သွားချင်မိတော့သည်။
“ပျို သမီးနေမကောင်းဘူးလား”
“ရှင် နေကောင်းပါတယ်အန်တီ”
“ထမင်းလဲကောင်းကောင်းမစားဘူး တမိုင်မိုင်တတွေတွေနဲ့ဘာဖြစ်နေတာလဲ သားနဲ့ပြသနာတက်လို့လား”
“ရှင် မဟုတ်ပါဘူးအန်တီ”
တရှင်ရှင်နဲ့ မျက်လုံးပြူးနေတဲ့ပျိုကို ဒေါ်သီသီမြတ်သတိထားကြည့်နေတာ အိမ်ထဲဝင်လာထဲကပါ။ မျက်စိပျက်၊ မျက်နှာပျက်နဲ့ဝင်လာတဲ့ပျိုဟာ ထမင်းလဲ ကောင်းကောင်းမစား။ စားပြီးတော့လဲ ကလေးက အဖိုးနဲ့အတူ ခွေးတွေနဲ့ ဆော့နေတာကိုကြည့်ပြီး တစ်ယောက်ထဲ ငိုင်ငိုင်ကြီးထိုင်နေခဲ့တာ ကြာပါပြီ။
“ထမင်းစားမကောင်းလဲ အသီးတော့စားပါသမီးရဲ့”
“ဟုတ်ကဲ့”
စားပွဲပေါ်တင်ထားတဲ့ နဂါးမောက်သီးတစ်စိတ်ကို အန်တီကျေနပ်အောင် ခရင်းနဲ့ထိုးပြီး အမြန်စားပြလိုက်ရသည်။ ဒီအချိန်မှာပဲ စားပွဲပေါ်တင်ထားတဲ့ပျိုရဲ့ဖုန်းလေး မြည်လာခဲ့သည်။ ဇေထူးမြတ်။ မကိုင်ချင်ပါ။ သူ့အသံကြားတာနဲ့ ပျိုရန်ရှာမိလိမ့်မည်။ ဖုန်းအသံကိုပိတ်လိုက်ပြီး စားပွဲပေါ်မှောက်ကာချထားလိုက်သည်။ ဘယ်နှခါခေါ်ခေါ် ကိုင်မယ် မထင်ပါနဲ့ဇေထူးရယ်။ နင်အားတဲ့အချိန်မှခေါ်တာကို ငါကဝမ်းသာအားရကိုင်ပေးနေရဦးမှာလား။ နင်ပြောပြမယ့် ဖြေရှင်းချက်တွေကို မျက်စိမှိတ်ပြီး ယုံပေးနေရဦးမှာလား။
သားဟာ အဖေနဲ့ရုပ်ပဲတူတာမဟုတ်။ အမူအကျင့်တွေရော ခွေးချစ်တတ်ပုံချင်းပါတူလေသည်။ ဒီအိမ်ရောက်တာနဲ့ ခွေးလေးတွေကိုဖက်ပြီး ပျော်နေတတ်သည်။ သား မပျင်းရအောင်ခွေးတွေပြန်ခေါ်ထားရင်ကောင်းမလား။မြေးအဖိုး နှစ်ယောက်ခွေးတွေနဲ့ဆော့နေတာကိုကြည့်ရင်း ဇေထူးအကြောင်းကိုတွေးမိမှာစိုးလို့ လျှောက်တွေးနေမိသည်။
ဒေါ်သီသီမြတ် အခန်းထဲဝင်ပြီး ဇေထူးဆီဖုန်းခေါ်လိုက်သည်။ ပျိုရဲ့ပုံစံကိုကြည့်ပြီး မသင်္ကာပါ။ သူတို့နှစ်ယောက် ပြသနာဖြစ်နေကြတာသေချာပါသည်။
“ဟဲလို မေမေ ပျို မေမေ့ဆီရောက်နေတာလား”
“ဟုတ်တယ်သား မေမေ ညနေကလာဖို့ဖုန်းဆက်ခေါ်လိုက်တာ သားမအားလို့မလိုက်လာနိုင်ဘူးဆို သားတို့ ဘာပြသနာဖြစ်နေကြတာလဲ”
ဇေထူးဘာပြန်ဖြေရမယ်မှန်းမသိ။ ဘာပြသနာမှမဖြစ်တာတော့မဟုတ်။ ခဏနဲ့ရှင်းပြလို့မရတဲ့ပြသနာအကြီးကြီးပါ။ ပျို သူ့ကိုအရမ်းစိတ်ဆိုးနေလောက်ပြီဆိုတာ သိပါသည်။
“ပျို အထင်လွဲနေတာမေမေ သားအခုလာခဲ့မယ်”
“အေး အေး ကားကောင်းကောင်းမောင်းခဲ့ဦး”
“ဟုတ်ကဲ့မေမေ”
ဒီနှစ်ယောက်ဟာ ကလေးတစ်ယောက်ရပြီးချိန်အထိ ဘာတွေအဆင်မပြေဖြစ်နေကြလဲမသိတတ်တော့။ သူမကတော့ လူကြီးပီပီ မဖြစ်သင့်တာမဖြစ်ရအောင် ထိန်းပေးရပေမည်။ ဒေါ်သီသီမြတ်အခန်းပြင်ထွက်လားတော့ ပျိုက ပြန်ဖို့ရန်ပြင်နေသည်။
“ခုနှစ်နာရီခွဲနေပြီအန်တီ ပျိုတို့ပြန်တော့မယ်”
“နေဦးလေပျိုရဲ့ သားလာကြိုမယ်တဲ့”
ပျို ဘာမှပြန်မပြောပဲ ငြိမ်သွားလေသည်။ သားမကောင်းကြောင်းလဲ တစ်ခွန်းမှမပြော။ ဘာဖြစ်လာသလဲ မေးတော့လဲ မဖြေနဲ့။ မိုင်တွေနေတဲ့ ဥဒေါင်းပျိုဟာ ဘာတွေဖြစ်နေမှန်းမသိ။
ဇေထူးရောက်လာချိန်မှာတော့ မေမေက အနောက်ထဲခေါ်ပြီး တိတ်တိတ်မေးသည်။
“သားတို့ပြသနာတက်ထားကြတာလား”
“ဟုတ်တယ်မေမေ ပျို ဘာပြောသေးလဲ”
“ဘာမှမပြောလို့မေးနေရတာပေါ့သားရယ် ပျိုပုံစံကိုကြည့်ဦး စိတ်နဲ့ကိုယ်နဲ့မကပ်သလိုပဲ သားဘာလုပ်လိုက်တာလဲ”
“သားနဲ့မေကိုတွေ့သွားပြီး အထင်လွဲသွားတာပါ”
“ဘယ်သူ… မေဆိုတာ မေနန္ဒာလား”
“ဟုတ်တယ်မေမေ”
မေနန္ဒာဆိုတဲ့နာမည်ကြားတာနဲ့ဒေါ်သီသီမြတ်မျက်နှာတင်းမာသွားရသည်။
“ရည်းစားဟောင်းနဲ့ဘာလို့ပတ်သက်နေရတာလဲသားရယ် ဘယ်လောက်ပဲရိုးသားတယ်ပြောပြော အရင်ရည်းစားနဲ့ တွဲသွားတွဲလာလုပ်နေတာကို ဘယ်မိန်းမမှ ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး ပျိုကျေနပ်အောင်ပြန်ချော့လိုက်ပါ နောက်ဆို သူနဲ့ပတ်သက်ပြီး ပြသနာတက်တဲ့အကြောင်းမကြားချင်ဘူး သားမိန်းမနဲ့ကလေးထက် ဘယ်အရာကမှ အရေးမကြီးဘူးဆိုတာ ခေါင်းထဲထည့်ထားပါ”
မေမေရဲ့ဆုံးမစကားက အပြည့်အဝမှန်တယ်ဆိုတာ ဇေထူးသိပါသည်။ ဒါပေမယ့် သူလဲ မေ တကယ်အကူအညီ လိုအပ်နေလို့ ကူညီပေးခဲ့တာပါ။ အဖြစ်မှန်ကို ပျိုသိသွားရင်တော့ သူ့ကိုခွင့်လွှတ်မှာပါ။ ပျိုက အင်မတန်စိတ်ရင်း ကောင်းတဲ့သူတစ်ယောက်ပဲလေ။
“ဟုတ်ကဲ့ပါမေမေ သားတို့ပြန်တော့မယ်နော်”
အိမ်ပြန်လမ်းတလျှောက် စကားမပြောပဲငြိမ်သက်နေတဲ့ပျိုကို ဇေထူးလန့်နေမိသည်။ အခုလိုအခြေအနေကြီးက မုန်တိုင်းမလာခင် ငြိမ်သက်နေတဲ့သဘောများလား။ သူ့ကိုစိတ်ဆိုးထုနှက်ပြီးအပြစ်တင်ဖို့ကောင်းပါသည်။ သားကို ရင်ခွင်ထဲပိုက်ထားရင်း သူ့ကိုလုံးဝမကြည့်တဲ့ဆိုးပျိုကျေနပ်အောင် ဘယ်ကနေစပြောရမယ်မှန်းမသိတော့။
ဇေထူး အိမ်ပြန်ရောက်တော့ သားကို ရေပတ်တိုက် အဝတ်အစားလဲပေးနေတဲ့ပျိုနဘေးကနေ မျက်နှာလို၊ မျက်နှာရလုပ်ပြီး လိုအပ်တာတွေ ကူလုပ်ပေးနေသော်လည်း သူမကတော့ သူ့ကိုနည်းနည်းမှအဖက်မလုပ်။ ကြည့်လဲ မကြည့်။ သူရှိနေတယ်လို့ကို သဘောထားပုံမရ။ ကလေးပိုးပြီး လမ်းလျှောက်ကာချော့သိပ်နေတဲ့ပျိုရဲ့ ဘေးနားကနေ ထပ်ချပ်မကွာလိုက်နေသော်လည်း သူ့ကိုတစ်ချက်မှမကြည့်ပါ။
အိပ်ပျော်သွားတဲ့သားကို ကုတင်ပေါ်ချသိပ်လိုက်ရင်း တစ်ချက်နမ်းလိုက်သည်။ ဘာမှမသိရှာပဲ အပြစ်ကင်းမဲ့စွာ အိပ်ပျော်နေတဲ့သားလေးကို မိတကွဲ၊ဖတကွဲနဲ့ မနေစေချင်ပါ။ သားရယ် မေမေဘာဆက်လုပ်ရမလဲ။
“ပျို ငါပြောစရာရှိတယ်”
ဘာပြောမလို့လဲ။ မေနဲ့လက်ထပ်ချင်ပါတယ်။ ကွာရှင်းပေးပါလို့ပြောမလို့လား။ အဲ့ဒီလိုတောင်းဆိုလာရင် ပျို ဘာဆက်လုပ်ရမှာလဲ။ အခုအချိန်မှာ ဖြေရှင်းတာပဲဖြစ်ဖြစ် ဘယ်လိုစကားမျိုးကိုမှ မကြားချင်မိပါ။ သူ့ဘာသာ ဘယ်လိုနေနေ ကိုယ်နဲ့မဆိုင်ဘူးလို့ သဘောထားလိုက်ရင် စိတ်တွေငြိမ်းချမ်းသွားမည်ထင်ပါသည်။ အခုက ကိုယ့်ယောကျာ်း၊ ကိုယ့်ခင်ပွန်းလို့ သတ်မှတ်နေလို့ ဒီလိုစိတ်ဆင်းရဲနေရတာမလား။
အဝတ်အစားလဲဖို့ ကုတင်ပေါ်ကဆင်းချိန်မှာ ဇေထူးက သူမကို ဆွဲယူဖက်ထားလေသည်။ အတင်းဖက်ထားတဲ့ သူ့ရင်ခွင်ထဲကနေ ပျို ရုန်းမထွက်ပဲ ငြိမ်နေလိုက်သည်။ အခုအချိန်ထိသူ့မိန်းမအဖြစ် ရှိနေသေးတာပဲ။ လုပ်ချင်တာ လုပ်ပါစေတော့။
ဘာခံစားချက်မှမရှိတဲ့မျက်နှာမျိုးနဲ့ငြိမ်နေတဲ့ပျိုကို လှုပ်ရှားလာအောင်ဆောင့်ဆွဲခါပစ်ချင်မိတော့သည်။ အရင်ကဆို တစ်ခုမဟုတ် တစ်ခုတော့ ပြန်ပြောနေကျ။ အခုလို ငြိမ်နေပုံကြီးက သူ့ကိုစိတ်ကုန်သွားပြီဆိုတဲ့သဘောများလား။ သူ့ရင်ထဲမှာ စိုးရိမ်စိတ်တွေ တရိပ်ရိပ်နဲ့တက်လာခဲ့သည်။
“ပျို နင်ငါ့ကိုမေးလေ တခုခုအပြစ်တင်သင့်တယ်မလား”
သူကပဲ ပြန်ပြီးစိတ်ဆိုးနေရသေးသည်။ ပျို ဘာကိုမှမမေးချင်တော့လောက်အောင် စိတ်နာနေမိပါသည်။
“ငါရှင်းပြမယ် ယုံသင့်မယုံသင့်ကိုတော့ နင့်ဘာသာဆုံးဖြတ်ပါ ပြီးတာ့ ကွဲမယ်ကွာမယ်လဲငါ့ကိုတစ်ခွန်းမှ မပြောပါနဲ့ နင့်ကိုဘယ်တော့မှကွာပေးမှာမဟုတ်ဘူး”
အရင်ဆုံးစကားကိုပိတ်ပြောထားလိုက်သည်။ သူမ ပါးစပ်ကနေကွဲဖို့ကွာဖို့တောင်းဆိုလာမှာကို မကြားချင်မိပါ။
“မေနဲ့ငါ တကယ်ကို ဘာဆိုဘာမှမပတ်သက်ဘူးပျို သူ့ယောကျာ်းနဲ့ကွဲပြီးတော့ သူ့ဘာသာကုမ္ပဏီထောင်ပြီး သူ့ရုံးခန်းကို ငါ့ဆိုင်ရှိတဲ့ Shopping Mall အပေါ်ထပ်မှာဖွင့်ထားတာ အဲ့ဒါကြောင့် တခါတလေတွေ့မိကြတာပါ သူနဲ့တစ်ခါမှကြိုမချိန်းဖူးခဲ့ပါဘူး ဒီလိုပဲ လမ်းမှာကြုံလို့နုတ်ဆက်တဲ့သဘောမျိုးပဲရှိပါတယ် ဟိုတနေ့ကသားနဲ့လဲ အဲ့ဒီလိုပဲ အိမ်ပြန်လာဖို့ဆိုင်ကထွက်လာတုန်း သူနဲ့တွေ့လို့ကလေးကို ခဏခေါ်ပွေ့တာပါ အဲ့ဒါတော့ယုံပေးပါပျို ပြီးတော့ဒီနေ့ အိမ်ပြန်လာဖို့ကားပါကင်ဆင်းလာတော့ အဲ့ဒီမှာ မေနဲ့ သူ့အရင်ယောကျာ်းပြသနာတက်နေတာ တွေ့လိုက်ရတယ် ငါနဲ့မဆိုင်လို့ဝင်မပါဖို့စိတ်ကူးပေမယ့် သူ့ယောကျာ်းက မေကိုဆွဲထိုးလိုက်တယ်”
သူ့ဖြေရှင်းချက်တွေကို စိတ်မဝင်စားသလို ငြိမ်နေခဲ့ပေမယ့် မေရဲ့အကြောင်းကိုတော့ စိတ်ဝင်စားသွားမိသည်။ မေကို ဘာလို့သူ့ယောကျာ်းကဆွဲထိုးလိုက်တာလဲ။ ကွာရှင်းပြီးသားကြီးကို။
“အဲ့ဒါကြောင့် ငါမနေနိုင်တော့လို့ သွားတားရင်း သူတို့ပြသနာထဲပါသွားရတာ ငါလဲ အစတုန်းကသူတို့လင်မယား ကွဲတာ မေကြောင့်လို့ပဲထင်ခဲ့မိတာလေ မေနဲ့ငါချစ်သူဘဝတုန်းကလဲ သူကအရမ်းချမ်းသာချင်တဲ့မိန်းမဆိုတော့ သူလဲငါ့ကိုလက်မထပ်ချင်သလို ငါလဲသူ့ကိုလက်မထပ်ရဲတော့ဘူး အဲ့ဒါကြောင့် ငါတို့ကွဲသွားကြတာ ကျောင်းပြီးတာနဲ့ အခုယောကျာ်းနဲ့လက်ထပ်သွားပြီး အဆင်ပြေနေတယ်ထင်ခဲ့တာ”
ဇေထူး စကားပြောနေရင်း ပျိုရဲ့မျက်နှာကိုငုံ့ကြည့်လိုက်တော့ စိတ်ဝင်တစားနားထောင်နေတဲ့ရုပ်လေးပြောင်းနေလို့ ကြိတ်ပြီးသက်ပြင်းချလိုက်မိသည်။ တော်ပါသေးရဲ့။ ခုနတုန်းကလို ခံစားချက်မရှိတဲ့ရုပ်မဟုတ်တော့လို့။
“ဒါပေမယ့်လက်ထပ်ပြီးသုံးလေးလမှတင် အဲ့လိုမထင်ရင်မထင်သလိုအရိုက်ခံခဲ့ရတယ်တဲ့ အရင်ထဲက သူများထက် သာချင်တဲ့လူဆိုတော့ အဲ့လိုတွေဖြစ်နေခဲ့တာကို ဘယ်သူ့ကိုမှဖွင့်မပြောရဲလို့ လူတွေကြားမှာ အဆင်ပြေသလို ဟန်လုပ်နေခဲ့ရတာတဲ့ လူတွေကဲ့ရဲ့မှာစိုးလို့အိမ်ထောင်မကွဲချင်လို့ ပြောင်းလဲသွားမလားလို့စောင့်နေပေမယ့် ဘာမှ ထူးခြားမလာခဲ့ဘူးတဲ့ ဒါကြောင့်အဲ့ဒီလူနဲ့ ကလေးမယူခဲ့ဘူး ဆယ်နှစ်လောက်အတူတူနေခဲ့ပြီးတော့ ဒီလိုပုံစံနဲ့ တသက်လုံးအတူတူနေဖို့ မဖြစ်နိုင်တော့လို့ ကွာရှင်းဖို့တောင်းဆိုခဲ့တာ လုံးဝမကွာပေးဘူး ဒါကြောင့်တရားစွဲပြီး တစ်နှစ်လောက်ကြာမှကွာရှင်းခွင့်ရခဲ့တာတဲ့”
အံ့သြစရာ။ ဒီလောက်လှတဲ့မိန်းမဟာ ဘာကြောင့်များ အိမ်ထောင်ရေးကံမကောင်းရတာလဲ။ ပျို မေကို ဇေထူးနဲ့ ပတ်သက်ပြီးမကြည်ပေမယ့် အခုလိုကြားရတော့ သနားမိသည်။ သူမကတော့ ကြင်နာတတ်တဲ့ဇေထူးကြောင့် အဲ့လိုအရိုက်ခံရဖို့မပြောနဲ့ လက်နဲ့တောင် တစ်ခါမှ အရွယ်မခံခဲ့ရဘူးမလား။ အမယ် ဘာတွေတွေးလိုက်မိပါလိမ့်။
“အခုလဲ သူနဲ့ပြန်ပေါင်းဖို့လာပြောတာကို မေကလက်မခံလို့စိတ်တိုပြီးထိုးလိုက်တာ မေရဲ့မျက်နှာ ချက်ချင်းညိုမဲ ဖူးယောင်သွားတာ”
ဟုတ်မှာပါ။ ကားပေါ်မှာတောင်သူ့မျက်နှာကိုဆံပင်တွေနဲ့ဖုံးထားတာမလား။ သနားပါတယ်။ ဘယ်လောက်တောင် နာလိုက်မလဲ။ သူ့ယောကျာ်းကလဲ ကြောက်စရာကြီး။ မိန်းမတစ်ယောက်ကို ထိုးကြိတ်တယ်ဆိုတာ မဖြစ်သင့်ပါ။
သူပဲအထိုးခံလိုက်ရသလို မျက်နှာပျက်သွားပြီး ခန္ဓာကိုယ်ကျုံ့သွားတဲ့ပျိုကြောင့် ဇေထူးရယ်လိုက်မိသည်။
“ငါ့ကိုတော့စိတ်ချပါ နင့်ကိုဘယ်တော့မှအဲ့လိုလုပ်မှာမဟုတ်ဘူး”
အမယ် အရေးထဲ သူ့ဂုဏ်သူဖော်ပြနေသေးသည်။ ပျို ငုံ့ကြည့်နေတဲ့ဇေထူးကို မျက်စောင်းထိုးလိုက်မိသည်။ အခုချိန်အထိတော့ တကယ်ပဲ လူကိုနာကျင်အောင် တစ်ခါမှမလုပ်ဖူးသေးပါ။ ဒါပေမယ့် သူကြောင့် စိတ်ကတော့ ခဏခဏနာကျင်နေရသလိုပင်။
ပျို မျက်စောင်းထိုးခဲ့လို့ ဇေထူးရင်ထဲ အတော်ကို ငြိမ်းချမ်းသွားရသည်။ တော်ပါသေးရဲ့။ ခဏနဲ့စိတ်ပြေသွားလို့။
“အဲ့လိုတွေဖြစ်နေတော့တစ်ယောက်ထဲမထားခဲ့ရက်လို့ သူ့အိမ်အထိလိုက်ပို့ပေးနေတာပါ သူ့ကို ရည်းစားဟောင်း တစ်ယောက်လိုခံစားချက်မျိုး လုံးဝမရှိပါဘူး သူငယ်ချင်းတစ်ယောက်လို ညီမတစ်ယောက်လို စောင့်ရှောက်ပေးချင် တဲ့သဘောမျိုးပဲရှိတာပါ သူကလဲနင်ဖုန်းဆက်လာတော့ နင့်ကိုအားနာနေခဲ့တာပါ နောက်ကိုငါ အနေအထိုင် ဆင်ခြင်ပါ့မယ် ငါ့ဘဝမှာနင်နဲ့သားပဲရှိတာပါ ဒါကြောင့် ပျို ငါ့ကိုစိတ်မဆိုး ပါနဲ့နော် ပြီးတော့ စိတ်လဲမနာနဲ့တော့”
အဲ့ဒီလိုပြောပြတာနဲ့ပဲ ပျိုစိတ်နာတာတွေချက်ချင်းပြေပျောက်ရမယ်ဆိုတဲ့သဘောမျိုးလား။ တနေကုန် အပြင်မှာ နေတတ်တာကရော ဆိုင်အသစ်ဖွင့်လို့ဆိုပြီး အကြောင်းပြချက်ပေးဦးမှာမလား။ ဒါပေမယ့် ပျို တကယ်ပဲ စိတ်ပြေသွားခဲ့ပါသည်။ ခုနတုန်းကလောက် ခံစားချက်မပြင်းထန်တော့ဘူးဆိုပေမယ့် စိတ်ထဲခုနေပါသေးသည်။
“ပျို င့ါကိုစိတ်မနာနဲ့တော့နော် နင့်ကိုအရင်ကအနိုင်ကျင့်ခဲ့သလိုဖြစ်ပေမယ့်အဲ့ဒါကြောင့်ပဲသားလေးရလာခဲ့တာလေ”
ဇေထူးစကားကြောင့် ပျို မျက်နှာတွေထူပူသွားရသည်။
“သားကိုချစ်ရင် ငါ့ကိုခွင့်လွှတ်ပါနော် အဲ့ဒါကြောင့်နင်ငါ့ကိုစိတ်နာနေတာငါသိတယ်”
လူကိုတင်းတင်းကြပ်ကြပ်ဖက်ထားရုံမက မျက်နှာချင်းပါလာပူးကပ်ပြီးနေပြောနေလို့ ပျို မနေတတ်တော့။
“လွှတ်ပါ”
“မလွှတ်ပါဘူး ငါ့မိန်းမငါဖက်တာဘာဖြစ်လဲ”
“ဘယ်သူလဲနင့်မိန်းမ လွှတ်ပါ ငါမနေတတ်ဘူး”
“ဖက်ထားပါရစေပျိုရယ် ငါနင့်ကိုအရမ်းချစ်လို့ပါ”
သူ့ကို အံ့သြပြီးကြည့်နေတဲ့ပျိုရဲ့ပါးပြင်ကို ကြင်နာစွာငုံ့နမ်းလိုက်ရင်း
“ဟုတ်တယ် ငါနင့်ကိုအရမ်းချစ်တယ်ပျို”
သူ့အသံက တိုးတိုးလေးပေမယ့် ပျိုနားထဲတော့ အကျယ်ကြီးကြားမိပြီး ရင်တွေတုန်နေမိသည်။
အံ့သြစရာ။ အရင်တုန်းက မုန်းခဲ့တဲ့၊ လုံးဝမကြိုက်ခဲ့ရတဲ့ချစ်ရည်ရွှန်းလဲ့နေတဲ့ သူ့အကြည့်တွေကို ရင်ခုန်တတ်ခဲ့ပြီ။ ဒုက္ခပါပဲကွယ်။ ပျိုဟာ ကလေးတစ်ယောက်အမေဖြစ်မှ အပျိုဖြန်းလေးလို အချစ်ကိုခံစားတတ်တော့သည်။
“နင့်ကိုစတွေ့ကတည်းကချစ်ခဲ့ရတာ ပေတိပေစုတ်နဲ့ဂျစ်တူးမကို ဘာကြောင့်ချစ်သွားမှန်းမသိပါဘူး”
“အောင်မာ ဘာပေတိပေစုတ်လဲ”
“ဟုတ်တယ်လေ ပျင်းကလဲပျင်းသေး အလှကလဲမပြင် ထမင်းဟင်းလဲမချက်တတ်”
“နင်တော်တော့နော် နင့်ကိုဘယ်သူကလာချစ်ခိုင်းခဲ့လို့လဲ”
သူများဂုဏ်ပုဒ်တွေကို ဖော်ပြီး စပ်ဖြီးဖြီးလုပ်နေတဲ့ဇေထူးရင်ဘတ်ကို ထုရင်း ပြန်မေးလိုက်သည်။
“ချစ်ခိုင်းရင်လဲ ချစ်မယ့်ကောင်လားငါက မိဆိုးပျိုကို ချစ်တာအကြောင်းပြချက်မရှိပါဘူးဗျာ”
ပျို သူ့စကားတွေကိုနားထောင်ရင်း ရင်ထဲနွေးနွေးလေးဖြစ်နေမိသည်။ ပျိုကတော့ သူ့ကိုချစ်တာ အကြောင်းပြချက် ရှိပါသည်။ သူ ပျိုကိုအရမ်းချစ်လို့ ပြန်ချစ်မိတာပဲဖြစ်ပါသည်။
“ပျို နင်ရောငါ့ကိုချစ်လား”
“ဟင် မချစ်ပါဘူး”
ပျို အလန့်တကြားလိမ်ညာပြီးပြန်ဖြေလိုက်မိသည်။ သူ့ကိုချစ်တယ်လို့ ဝန်ခံဖို့ကိုရှက်နေမိပါသည်။
“ဟုတ်လို့လား မညာနဲ့နော် နင့်ရင်ခုန်သံတွေငါကြားနေရတယ်”
“ဘာရင်ခုန်သံလဲ လွှတ်စမ်းပါ ပူလို့ချွေးတွေတောင်ထွက်လာပြီ”
ဆိုးပျိုဟာ သူများရင်ခုန်နေပါတယ်ဆို။ ပူလို့ချွေးထွက်တဲ့အကြောင်းလာပြောနေသေးသည်။ ဂွစာမိဆိုးကို ဒါတွေကြောင့်လဲ ပိုချစ်နေရတာဖြစ်မည်။
“အင်း အဲ့ဒါဆိုလဲ မနက်ဖြန်ညနေအဖြေပြန်ပေးနော်”
“ဘာအဖြေလဲ ကလေးတစ်ယောက်တောင်ရနေပြီးမှ အဲ့လိုတွေလုပ်ဖို့လိုသေးလို့လား”
“လိုတာပေါ့ နင်ပြောဖူးတယ်လေ Step by step ဆို ငါလဲကိုယ့်မိန်းမဆီက ချစ်တယ်ဆိုတဲ့စကားလေး ကြားချင် သေးတာပေါ့”
“အမယ် အဲ့ဒီစကားပြန်ဖြေမယ်လို့ဘယ်သူပြောလို့လဲ”
“နင့်မျက်လုံးတွေကပြောနေတာလေ”
“တော်ပါ လွှတ်တော့”
ခုနတုန်းက ဝမ်းနည်းနေရသမျှ အခုတော့ ပျော်ရွှင်နေမိသလိုပင်။ စိတ်လှုပ်ရှားနေပုံရတဲ့ပျိုကို ဇေထူး သနားလို့ လွှတ်ပေးလိုက်သည်။ သူ့ကို ထပ်ပြီးစိတ်ဆိုးသွားမှာစိုးရိမ်ပါသည်။
ပျို အကျၤီလဲဝတ်ဖို့ ဗီရိုထဲကထုတ်နေတော့လဲ ဇေထူးက ဘေးနားလာရပ်နေသည်။
“ငါ့အတွက်လဲထုတ်ပေးလေ”
“ကိုယ့်ဘာသာထုတ်ပါလား”
“နင့်ယောကျာ်းပဲပျိုရာ ဒီလောက်တော့လုပ်ပေးပါ”
လာနွဲ့နေတဲ့လူကို မျက်စောင်းထိုးလိုက်မိသည်။ တကယ်ပဲ လုပ်နေပုံကအခြောက်မကြီးနဲ့တူပါသည်။အဲ့ဒီစကားကို ယောင်ပြီးတော့တောင်မထွက်ရဲတော့ပါ။ ပျို သူ့ကိုကြောက်ပါသည်။
“အရင်ကပြောတော့ ကိုယ့်ဝန်ကိုယ် ထမ်းကြမယ်ဆို”
“အခုတော့အဲ့လိုမဟုတ်တော့ဘူး ငါချစ်တဲ့နင့်ကို ငါလုပ်ပေးချင်တာအားလုံးလုပ်ပေးမှာပဲ နင်လဲ လုပ်ပေး”
“မလုပ်ပေးပါဘူး”
ပျို ပါးစပ်ကသာ မလုပ်ပေးဘူးပြောနေပေမယ့် သူ့အဝတ်အစားတွေထည့်ထားတဲ့ဗီရိုကိုဖွင့်ပြီး ညအိပ်ဝတ်စုံတစ်စုံ ထုတ်ပေးလိုက်သည်။ ဇေထူး အကျီၤကိုယူလိုက်ရင်း ပျိုပါးကိုနမ်းရှိုက်ကာတိုးတိုးလေးပြောလိုက်သည်။
“ကျေးဇူး မိန်းမ မနက်ဖြန် အဖြေပြန်ပေးနော်”
ပျို သူမမြင်အောင် ရှက်ပြုံးလေးပြုံးလိုက်မိပါသည်။
============================================================
“ဒီနေ့ဆိုင်လိုက်ခဲ့နော်”
“ဟင် ကြိုလဲမပြောဘူး”
“လုပ်ပါ လှလှလေးပြင်ပြီးလိုက်ခဲ့ပါ နင့်ကိုပြစရာရှိလို့”
“ဘာပြမလို့လဲ”
“ရောက်ရင်သိမှာပေါ့ နော် သား မေမေက အရမ်းစကားများတာပဲ ဖေဖေခေါ်တာပဲ လိုက်သွားပေါ့လို့ ပြောလိုက် သား”
ကလေးပွေ့ထားတဲ့ဇေထူးကိုမျက်စောင်းထိုးလိုက်ရင်းရေချိုးဖို့အခန်းထဲဝင်ခဲ့လိုက်သည်။မိုးကြိုးမုန်တိုင်းတွေပြီးသွားလို့ သက်တန့်လေး ထွက်နေသလိုပင်။ အရာရာတိုင်းဟာ ကြည်နူးစရာတွေပဲ ဖြစ်နေခဲ့သည်။ ပျိုဟာ အမှတ်သည်းခြေမရှိတဲ့ မိန်းမတစ်ယောက်ပါ။ သူပြောသမျှကို ဘာလို့ယုံကြည်နေမှန်းမသိ။ ဒါပေမယ့် အခုလက်ရှိ အခြေအနေကို ပျို ကျေနပ်ပါသည်။ ပျို သူ့ကိုချစ်သည်။ ပျိုရဲ့ဖြစ်တည်မှု မရှိတော့ရင်တောင်မှသူနဲ့သားနဲ့ပဲ တသက်လုံးအတူတူနေချင်မိတော့သည်။ အချစ်ကိုမယုံကြည်တဲ့ပျိုက သူ့ကိုတော့ယုံကြည်ချင်ပါသည်။
ပြီးတော့ မေနန္ဒာကိုလဲ သနားမိသည်။ ပျိုတို့မိသားစုကိုကြည့်ပြီး သူ့ဘဝသူ အားငယ်ချင်လဲငယ်လိမ့်မည်။ ပျိုကို မနာလိုချင်လဲလိုလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူမရွေးချယ်ခဲ့တဲ့လမ်းပဲလေ။ ဒီလိုရိုက်နှက်တတ်တဲ့ယောကျာ်းကို ဆယ်နှစ်လောက်သီးခံပေါင်းလာတဲ့သတ္တိကိုတော့ လေးစားပါသည်။ ပျိုသာဆို တစ်ချက်ရိုက်တာနဲ့ ကြောက်ပြီး အရိပ်တောင်မမြင်နိုင်အောင် ထွက်ပြေးပြီးနေလောက်ပြီ။ လူတွေကဲ့ရဲ့ချင်ကဲ့ရဲ့ပါစေ။ အသားတော့အနာမခံချင်ပါ။ ဥဒေါင်းပျိုက အဲ့ဒီလို သတ္တိခဲဖြစ်လေသည်။
အရင်က ပျို အချစ်ကိုအယုံအကြည်မရှိသလို အိမ်ထောင်လဲမပြုချင်ပါ။ ကိုယ့်မိဘတွေရဲ့အချစ်ဇာတ်လမ်းကို ကြည့်ပြီး အချစ်ကိုမယုံတော့တာဆိုရင်လဲ မမှားပေ။ အမေ့ကိုအရမ်းချစ်တဲ့အဖေကို မေ့ပစ်ရက်ပြီး ငယ်ချစ်ဟောင်းနဲ့ လက်ထပ်သွားတဲ့အမေကို တိတ်တိတ်လေးစွပ်စွဲနေခဲ့မိတာက အဖေမဆုံးခင်ကတည်းက အချစ်ဟောင်းကိုပဲ ချစ်ပြီးနေလာခဲ့တာဆိုပြီးပေါ့။ အဖေနဲ့အတူတူရှိနေရင်း အဲ့ဒီလူကြီးကိုပဲချစ်နေခဲ့လို့ အဖေဆုံးတာနဲ့ အဲ့ဒီလူနဲ့ပဲလက်ထပ်ခဲ့တာလားဆိုပြီး စိတ်နာခဲ့ဖူးပါသည်။ တကယ်အချစ်မခံခဲ့ရတဲ့အဖေ့အဖြစ်ကို တွေးပြီး သနားနေမိသည်။ ဒါကြောင့် ပျိုဟာ ဘယ်တစ်ဦးတစ်ယောက်ရဲ့အချစ်ဦးမှမဖြစ်ချင်သလို သူများရဲ့ အစားထိုးခံဘဝကိုလဲ မဖြစ်ချင်ခဲ့ပါ။
အခုအချိန် သူမ နားလည်လာတာတစ်ခုကတော့ အိမ်ထောင်ရေးဆိုတာ ဦးနှောက်နဲ့ရွေးရွေး၊ နှလုံးသားနဲ့ပဲရွေးရွေး တသက်လုံးလက်တွဲသွားနိုင်ဖို့ဆိုတာသူတို့နှစ်ဦးနဲ့သာသက်ဆိုင်ပါသည်။ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကိုအကောင်းဆုံး ဖန်တီးတည်ဆောက်ရမှာ သူတို့တာဝန်သာဖြစ်သည်။ တသက်လုံးအတူတူနေသွားရမယ့်သူ နှစ်ဦးကြား နားလည်မှုဆိုတာလဲ အရေးကြီးလွန်းလှသည်။ အမေဟာ အဖေသာသက်ရှိထင်ရှားရှိနေရင် ရည်းစားဟောင်းကို စိတ်နဲ့တောင်မဖောက်ပြားလောက်ဘူးဆိုတာ အခုတော့ ပျို သိခဲ့ပါပြီ။ ပျိုက အမေတူသမီးပဲလေ။ အနေအထိုင် တည်တန့်သော အိနြေ္ဒရသော အမေကို ရည်းစားဟောင်းကတန်ဖိုးထားချစ်မြတ်နိုးခဲ့လို့သာ ကလေးတစ်ယောက် အမေကို လက်ထပ်တာပေါ့။ ပိုက်ဆံရှိတဲ့မုဆိုးဖိုက တခြားငယ်ရွယ်တဲ့အပျိုတွေကိုလက်ထပ်လို့ရနိုင်ရဲ့သားနဲ့လေ။
မေနန္ဒာလဲ သူမရွေးချယ်ခဲ့တဲ့လူမှန်ကန်ခဲ့ရင် ဇေထူးကို အပေါ်စီးကနေ ပြုံးပြုံးကြီးဆက်ဆံနိုင်ပေလိမ့်မည်။ ပျို ကိုလဲခပ်နှိမ်နှိမ်အပြုံးနဲ့နုတ်ဆက်နိုင်ပေလိမ့်မည်။ အခုတော့ အဲ့လိုယောကျာ်းနဲ့လက်ထပ်ခဲ့ရတဲ့သူမဝဋ်ကြွေးတွေ ကျေပါစေလို့သာ ပျို ဆုတောင်းပေးပါသည်။ အရမ်းလှတဲ့မေကို မြတ်နိုးတန်ဖိုးထားတဲ့သူတစ်ယောက်တော့ ပေါ်လာဦးမှာပါ။
“ပျို ငြိမ်လှချည်လား ဘာတွေတွေးနေတာလဲ”
“ဘာမှမဟုတ်ပါဘူး ဘာပြစရာရှိတာလဲလို့တွေးနေတာပါ”
“အင်းးးး သားလေးမွေးပေးလို့ လက်ဆောင်ပေးမလို့”
“လက်ဆောင်???”
“အင်း ပြီးတော့ လက်ဆောင်ပြန်တောင်းစရာလဲရှိတယ်”
“ဘာပြန်တောင်းမလို့လဲ”
“အဲ့ဒါတော့ အိမ်ပြန်ရောက်မှပြောမယ် အခုတော့ ငါပေးမယ့်လက်ဆောင်ကိုအရင်ကြည့်လိုက်ပါဦး”
ဘာလက်ဆောင်မို့လို့ သူ့ဆိုင်ကိုခေါ်သွားရတာလဲ။ သိပ်မကြာခင်သိရတော့မှာပဲလေ။ အခုပဲသွားနေပြီကို။ ပျို ထပ်မမေးချင်တော့ပါ။ ပွေ့ထားတဲ့သားကလဲ အငြိမ်မနေ။ ကားပေါ်ကနေ တွေ့သမျှ၊မြင်သမျှကို ခေါင်းတပတ်လည်အောင် ကြည့်ကာ လျှောက်စပ်စုနေလေသည်။
“သား အရမ်းစပ်စုတာပဲကွာ ဒါလဲအဖေတူတာဖြစ်မယ်”
“ငါ့အမေပြောတာတော့ ငါငယ်ငယ်ကအရမ်းအေးတာတဲ့ စပ်စုတာကအမေတူတာဖြစ်မယ်”
“ဟင် မကောင်းတာကျတော့ငါနဲ့လာတူခိုင်းနေတာ အားလုံးနင့်ကိုပဲတူတာ သိလား”
ဟုတ်တယ်လေ။ သူနဲ့တူတယ်ဆိုပြီး တဟဲဟဲပျော်နေခဲ့ပြီး။ မကောင်းတာမှ ပျိုနဲ့တူစရာလား။
“အင်း ဖြစ်နိုင်ပါတယ် ငါ့ကိုအရမ်းချစ်လို့ ငါနဲ့ချွတ်စွပ်တူတာလေးမွေးပေးတာပေါ့ ဟုတ်တယ်မလား”
လူလည်ကြီးကို ပြန်မပြောချင်တော့လို့ ငြိမ်နေလိုက်တော့သည်။ ဇေထူး ဘာမှပြန်မစွာတော့တဲ့ပျိုကို သဘောကျကာ ရယ်နေမိသည်။
ဆိုင်ရောက်တော့သားရဲ့အထုပ်တွေထားပြီး သူ့ဆိုင်နဲ့မျက်နှာချင်းဆိုင်က ကလေးပစ္စည်းဆိုင်ကိုထွက်လာခဲ့သည်။
“ဒီဆိုင်က အရင်ထဲကရှိတာလား ခုမှဖွင့်တာထင်တယ် အရင်ကမတွေ့ဖူးလိုပဲ”
ပျို အရင်ကလာတုန်းက သေချာသတိမထားမိလို့လားမသိ။ ဒီဆိုင်ကို မတွေ့သလိုပင်။
“သဘက်ခါမှဖွင့်မှာလေ အခုတော့ပစ္စည်းတွေသေချာခင်းနေတုန်းပဲ”
ဆိုင်ဝန်ထမ်းလေးငါးယောက် ပစ္စည်းတွေစီထည့်နေတာတွေ့ရပေမယ့် အားလုံးခင်းကျင်းပြီးသလောက်ဖြစ်နေပါပြီ။
ဆိုင်လေးက မဆိုးလှပေ။ ကလေးပစ္စည်းတွေစုံစုံလင်လင်ရှိပါသည်။ ပျို သဘောကျကာ လျှောက်ကြည့်နေမိသည်။
“အော် နောက်ကို ဒီဆိုင်မှာသားအတွက်လိုတာလေးတွေလာဝယ်ရမယ်”
“ဒီမှာပဲလာဝယ်ရမှာပေါ့ နင့်ဆိုင်နင်အားမပေးလို့ဘယ်သူ့ဆီအားပေးရမှာလဲ”
“ဟင် ဘယ်လို”
“ဒီဆိုင်က နင့်ကိုငါပေးတဲ့လက်ဆောင်ပဲ ဘယ်လိုလဲ သဘောကျရဲ့လား”
ဒီဆိုင်က ပျိုအတွက်လက်ဆောင်တဲ့။ သူပြောတဲ့လက်ဆောင်ဆိုတာ ဒီလို ဆိုင်လေးဖြစ်နေမယ်လို့ မထင်ထားခဲ့ပါ။ အလုပ်မရှိ၊ အကိုင်မရှိစိတ်ဓါတ်ကျချင်ချင်ဖြစ်နေတဲ့ပျိုကို သူသတိထားမိခဲ့မှာပေါ့။ အမြဲတမ်း သူမတို့သားအမိကို အရိပ်တကြည့်ကြည့် ကြည့်နေခဲ့တဲ့သူပဲလေ။ မသိပဲနေပါ့မလား။ ပျို ဝမ်းသာလွန်းလို့ ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်နေမိသည်။
ပြူးကြောင်ကြောင်ကြည့်နေတဲ့ပျိုကို အိမ်မှာသာဆို ဖက်နမ်းပစ်မိတော့မည်။ အခုတော့ ပါးကိုသာဆွဲညစ်လိုက်ရင်း
“လာခဲ့ ဆိုင်ဝန်ထမ်းတွေနဲ့မိတ်ဆက်ပေးမယ်”
ပျိုမှာ သူမိတ်ဆက်ပေးသမျှကို လိုက်ပြုံးပြနေရင်း အံ့သြနေမိသည်။ ဒီဆိုင်ဖွင့်မယ်လို့တစ်ခွန်းမှလဲ မပြောခဲ့ပါပဲ။ ဆိုင်သစ်ဖွင့်မယ်လို့ ပြောဖူးပေမယ့် ပျိုအတွက်လို့ တစ်ခါမှမပြောဖူးပေ။ သူ့ရဲ့ယောကျာ်းလေးအဝတ်အစားဆိုင်ခွဲ ဖွင့်မယ်လို့ပဲ ထင်ခဲ့မိတာပေါ့။
ဇေထူးက ပျိုကို အံ့သြအောင်လုပ်လိုက်ရလို့ ကျေနပ်နေပုံပင်။ ဒါပေမယ့် ဒီဆိုင်ဖွင့်နေစဉ်အတောအတွင်းမှာတော့ ပျို သူ့ကို အများကြီး အထင်လွဲနေခဲ့လို့ အားနာသွားမိသည်။ အစကတည်းက ပွင့်ပွင့်လင်းလင်းပြောပြထားရင် သူလဲ အေးအေးဆေးဆေးစီစဉ်နိုင်သလို ပျိုလဲစိတ်ဆင်းရဲရမှာမဟုတ်ပေ။ ဒါပေမယ့်လဲ အပြစ်မတင်ရက်တော့ပါ။ ဒီလူသားဟာ သူမကိုခံစားချက်အမျိုးမျိုး ပေးစွမ်းနိုင်ပါသည်။
အိမ်ပြန်ရောက်တာ့ သားလေးလဲအိပ်ပျော်နေပြီ။ သားကို ကုတင်ပေါ်ချသိပ်လိုက်ရင်း ပျိုလဲ သားကိုဖက်ပြီးဘေးမှာ ဝင်အိပ်လိုက်သည်။ သားရေ သားဖေဖေက မေမေ့ကို အရမ်းချစ်တာလားဟင်။ သားသာ အိပ်မပျော်နေဘူးဆို ခေါင်းငြိမ့်ပြခဲ့မှာသေချာပါသည်။
“ပျို ပင်ပန်းနေပြီလား”
“အင်း နည်းနည်းပါ”
ဇေထူးက သားကိုငုံ့နမ်းလိုက်ရင်း ကုတင်ပေါ်တက်ထိုင်လိုက်သည်။
“သားတောင် တော်တော်ကြီးလာပြီပဲ”
“အင်းနော် တဖြည်းဖြည်းနဲ့လူပျိုကြီးဖြစ်တော့မယ်”
အခုမှ တစ်နှစ်ကျော်ပဲရှိသေးတဲ့ကလေးကို လူပျိုကြီးဖြစ်တော့မယ်ပြောနေတဲ့ ပျိုကို ဇေထူးရယ်လိုက်မိသည်။
“ဘာရယ်တာလဲ”
“အော် နင်လဲယောက္ခမဖြစ်တော့မှာပေါ့လို့ တွေးမိသွားလို့ပါ”
ဇေထူးစကားကြောင့် ပျို လန့်သွားပြီး ခေါင်းခါလိုက်မိသည်။
“မဖြစ်ချင်ပါဘူး ငါတို့တောင်သုံးဆယ်ကျော်မှလက်ထပ်တာပဲ သားလဲအဲ့ဒီအချိန်မှယူချင်ယူပါစေပေါ့”
“ဒါက ငါတို့ဆန္ဒအတိုင်းဖြစ်တာမှမဟုတ်တာ ငယ်ရင်လဲသားကြိုက်တဲ့လူပေါ်လာရင်ဘယ်လိုလုပ်မလဲ”
“သူ့အဖေလိုပေါ့နော် ငယ်ငယ်ရွယ်ရွယ်နဲ့ရည်းစားတွေထားချင်ထားနေမှာပေါ့”
သူ့ကိုဂြိုလ်ပေးရင်ပြောနေတဲ့ ပျိုကိုပါးဆွဲလိမ်လိုက်ရင်း
“ဒါပဲလေ အဖေတူသားပါဆို”
“အမယ် မတူရပါဘူးနော်”
“ဘာဖြစ်လို့လဲ”
ဘာဖြစ်ရမှာလဲ။ သူ့အဖေလို လူပျိုလှည့်တာကို အိမ်ခေါ်ပြီးချက်ပြုတ်ကျွေးမွေးနေမှာစိုးလို့ပေ့ါ။
“ဘာမဖြစ်ပါဘူး ဇေထူး သားကို ထမင်းဟင်းချက်မသင်ပေးနဲ့နော်”
သူမစကားကို ဟာသတစ်ပုဒ်ကြားလိုက်ရသလို အော်ရယ်နေတဲ့ဇေထူးကို မျက်စောင်းထိုးလိုက်မိသည်။
“ရှုး ဘာလို့အကျယ်ကြီးအော်ရယ်နေတာလဲ ကလေးနိုးသွားမယ်”
“သူဝါသနာပါရင် သင်ပါစေကွာ”
“မသင်ပေးရပါဘူးနော် ငါကတော့သားကိုမီးဖိုချောင်ထဲလုံးဝမ၀င်ခိုင်းဘူး”
စိတ်ပုတ်တယ်ပဲ ပြောကြပါတော့။ ပျို သားကို သူ့အဖေလို ငမ်းကြောထပြီး မိန်းကလေးတွေကို ချက်ပြုတ် ကျွေးမွေးနေတဲ့ပုံကြီး မမြင်ချင်ပါ။
“ဘာဖြစ်လို့လဲ သားလဲငါ့လို ဆော်ဝိုက်နည်းနဲ့ဝိုက်နေမှာစိုးလို့လား”
“အောင်မာ မဟုတ်ပါဘူးနော်”
ပျို ရှက်သွားပြီး မဟုတ်ဘူးလို့ငြင်းလိုက်ပေမယ့် တကယ်အဲ့ဒီလိုဖြစ်မှာစိုးရိမ်နေတာပဲလေ။
“အဲ့ဒါဆို နင်ငါ့ကို ကောင်းကောင်းဆက်ဆံပေါ့ ကိုယ့်ယောကျာ်းကိုရိုရိုသေသေဆက်ဆံရင် သားကိုလဲ သူ့မိန်းမက ကောင်းကောင်းမွန်မွန်ပြန်ဆက်ဆံလိမ့်မယ် ဒါမှမဟုတ်ရင် ဝဋ်လည်နေလိမ့်မယ်နော်”
“အော် နင်အတော်နစ်နာနေဦးမယ်နော် ဇေထူး”
မျက်နှာရူးနေသူက တခွိခွိရယ်နေသလောက် ပျို ဝဋ်လည်မှတကယ်ကိုကြောက်မိသွားသည်။
“သား ငယ်ငယ်လေးနဲ့အိမ်ထောင်ကျသွားရင်ဘယ်လိုလုပ်မလဲ သူ့မိန်းမကသားကိုနိုင်စားနေရင်ရော”
ပျိုဟာ မျက်နှာပျက်ကာ အဝေးကြီးလိုနေသေးတဲ့ရှေ့ရေးကိုကြိုတွေးပြီး ငိုချတော့မလိုဖြစ်နေပြန်သည်။
“ဘာတွေစိတ်ပူနေတာလဲပျိုရယ် ရောက်လာဖို့က အဝေးကြီးလိုသေးတာကို တကယ်လို့များ သားတကယ်ချစ်တဲ့ မိန်းကလေးနဲ့ဆိုရင်ပေးစားရမှာပေါ့ ပြီးတော့ သူ့ဘာသာချစ်လို့ လုပ်ပေးချင်လို့ သူ့မိန်းမသူလုပ်ပေးတာကို ဘယ်လိုတားလို့ရမှာလဲ အဲ့ဒီလိုလုပ်ပေးဖို့ထိုက်တန်တဲ့မိန်းကလေးဆိုရင်တော့ သူလက်ထပ်ပါစေ”
သူက အဖေဆိုတော့ အေးအေးဆေးဆေးပြောနိုင်တာပေါ့။ ပျိုက ဝမ်းနဲ့လွယ်မွေးထားရတဲ့အမေလေ။ နောက်ရက် ဇေထူးအမေကိုတွေ့မှ သေချာမေးကြည့်ရပါဦးမည်။ အန်တီလဲ သူ့သားပျိုကိုလုပ်ပေးနေတာတွေကိုကြည့်ပြီး ရင်နာချင်နာနေမှာပေါ့။ အခုမှ ပျို အန်တီကိုစာနာရကောင်းမှန်းသိတော့သည်။
“လုပ်ပေးဖို့ထိုက်တန်တယ် မတန်ဘူးဆိုတာက ဘာနဲ့ဆုံးဖြတ်ရမှာလဲ”
“အဲ့ဒါက သားဆုံးဖြတ်လိမ့်မယ် နင်နဲ့ငါဝင်ပါစရာမလိုဘူး လာပါ ပြောစရာရှိလို့ အပေါ်ခဏလိုက်ခဲ့”
“ဒီမှာပြောလို့မရဘူးလား”
ပျို အိပ်နေရာကမထပဲ အထွန့်တက်လိုက်သေးသည်။
“မရဘူး ထ လက်ဆောင်တောင်းမလို့”
“လက်ဆောင် ဟုတ်သားပဲ ဘာလက်ဆောင်ပြန်ပေးရမှာလဲ”
“အပေါ်လိုက်ခဲ့ပါဆို”
ဇေထူးက ပျိုလက်ကိုဆွဲကာ အပေါ်ထပ်က ပျို အရင်ကနေခဲ့တဲ့အခန်းထဲ ခေါ်ခဲ့သည်။ သူမပုခုံးကို ဖွဖွလေးဖက် လိုက်ရင်း မွေးနေ့လက်ဆောင်ပေးထားတဲ့ Mini house ရှေ့မှာရပ်လိုက်သည်။
“ငါ့ကို အဖြေပြန်ပေးတော့လေ မနေ့တုန်းကပြောတာ ဒီနေ့အဖြေပြန်ပေးမယ်ဆို”
“ဟင် ငါမပြောပါဘူး သူပဲပြောထားပြီး”
“ဘယ်သူပြောပြော ပြန်ဖြေတော့ ငါ့ကိုချစ်လား”
“အာ ဘယ်လိုကြီးလာမေးနေတာလဲ”
မျက်နှာနီရဲပြီးရှက်သွားတဲ့သားမေမေကို ဇေထူးဘယ်လိုချစ်မှန်းမသိ။
“အပျိုလဲမဟုတ်တော့ပဲ ခုချိန်ထိရှက်နေတုန်းလား ပျိုရယ်”
“ဘာဆိုင်လို့လဲ”
ဟုတ်တယ်လေ။ ကလေးအမေဆိုပေမယ့် နှလုံးသားလေးက အခုချိန်ထိ နုသစ်နေသေးတာကို။
“အဲ့ဒါဆိုလဲ အဖြေပေးတော့လို့ ချစ်တယ်လို့ပြော”
“လူလည်မကျနဲ့လေ အဖြေပေးတာက ငါပေးချင်သလိုပေးမှာပေါ့”
“အင်း အဲ့ဒါဆိုဖြေတော့ လုပ်ကွာ ဒီမှာစောင့်နေရတာ ပျို”
မျှော်လင့်တကြီးစောင့်မျှော်နေတဲ့သူ့မျက်ဝန်းတွေကြောင့် သူ့ကိုမစရက်တော့။ ပျို ဟန်မဆောင်ပဲ အရိုးသားဆုံး ပြန်ဖြေလိုက်တော့သည်။
“နင့်ကိုငါ အရမ်းချစ်ပါတယ်ဇေထူးရယ်”
“ဟင် ဘာပြောလိုက်တာလဲ မကြားလိုက်လို့ ထပ်ပြောပြဦး”
ဇေထူး ရှက်နေတဲ့ပျိုကို ဆွဲဖက်လိုက်ရင်း ကျီစယ်လိုက်သည်။ သူမက သူ့ရင်ဘတ်ကိုထုလိုက်ပြီး ရှက်လွန်းလို့ မျက်နှာကို သူ့ရင်ခွင်ထဲမှာ ဖွက်ထားလိုက်မိသည်။
“ပျို ဆိုင်လေးက သားလေးမွေးပေးလို့ ကျေးဇူးတင်လို့လက်ဆောင်ပေးတာ နင်ကြိုက်ရဲ့လား”
“အင်း ကြိုက်တယ်”
“အဲ့ဒါဆို ငါ့ကိုလက်ဆောင်တစ်ခု ပြန်ပေးနော်”
“ဘာပြန်ပေးရမှာလဲ ငါကအများကြီးမှမတတ်နိုင်တာ”
“ငါအခုတောင်းမယ့်လက်ဆောင်က နင်ပဲပေးနိုင်တဲ့ဟာ နင်တစ်ယောက်ကလွဲပြီးတခြားဘယ်သူမှမပေးနိုင်ဘူး”
“ဟုတ်လား ဘာကြီးလဲ”
ပျို စိတ်ဝင်တစားမေးလိုက်မိသည်။ သူမတစ်ယောက်ပဲ ပေးနိုင်တဲ့အရာက ဘာများလဲ။
ဇေထူးက အိမ်လေးကို လက်ညှိုးထိုးပြလိုက်ရင်း
“ဒီမှာကြည့် ဒီအိမ်လေးထဲကမိသားစုလေးလို ဖြစ်ချင်လို့ သမီးလေးတစ်ယောက်လောက် ထပ်မွေးပေးပါ”
“အာ နင်နော်”
ယောကျာ်းတွေများမကောင်းပါဘူးရှင်။ သူ့ကိုချစ်တယ်လို့ပြောလိုက်တာနဲ့ နောက်ထပ်ကလေးတစ်ယောက် တောင်းဆိုနေတော့သည်။ သူ့ကိုမျက်စောင်းထိုးလိုက်ပေမယ့် သူတောင်းတဲ့လက်ဆောင်ကို ပျို ပေးမှာပါ။
ပျိုတို့နှစ်ယောက်ကြား မတူညီတာတွေအများကြီးရှိခဲ့သော်လည်း တူညီသောအရာတစ်ခုလေးကြောင့် ဒီခင်ပွန်းသည်ကို ဘယ်တော့မှမခွဲတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါသည်။ ထိုအရာကား သူလဲပျိုကိုချစ်သလို၊ ပျိုလဲ သူ့ကို အရမ်းကို ချစ်ရသည်မဟုတ်ပါလား။ ပျိုတို့နှစ်ယောက်ရဲ့အချစ်တွေ ထပ်တူကျခဲ့ပါသည်။
ကလေးတစ်ယောက်ရပြီးမှ သမီးရည်းစားဘဝကို ပြန်လည်ရောက်ရှိနေကြတဲ့ သူတို့လင်မယားလိုအဖြစ်မျိုး တချို့လူများလဲ ကြုံဖူးကြမည်ထင်ပါသည်။ ဒီတော့ နားလည်ပေးပါဗျာ။ ကျွန်တော်သူ့ကိုအရမ်းချစ်တယ်ဗျ။
ESTÁS LEYENDO
5️⃣ တူညီသောအရာ [ Grab me with love ]
Romanceဇေထူးမြတ်နဲ့ ဥဒေါင်းပျိုတို့ နှစ်ဦးသား အိမ်နီးနားချင်းဖြစ်ပြီးနောက် မထင်မှတ်ထားဘဲ လက်ထပ်ခဲ့ရပြီး မတည့်အတူနေ လင်မယားနှစ်ယောက် ဘာဆက်ဖြစ်မယ်ဆိုတာ အားပေးဖတ်ရှူ့ပေးပါဦးရှင်