အပိုင်း ( ၃ )

5.7K 193 0
                                    

Unicode font

တူညီသောအရာ (Grab me with love)
အပိုင်း (၃)

ပျို ပြောသမျှကို စိတ်ဝင်တစားနားထောင်နေတဲ့မေဇွန်ရဲ့မျက်နှာဟာနားထောင်နေရင်းပြုံးစိစိဖြစ်နေခဲ့သည်။ သူများ စိတ်ညစ်နေပါတယ်ဆို ဒင်းကစပ်ဖြီးဖြီးနဲ့။ တခြားပြောပြစရာလူမရှိလို့ သူ့မျက်နှာကြီးကို သီးခံပြီးပြောနေရသည်။
“ငါစိတ်ညစ်တယ် သူနဲ့မယူချင်ဘူး”
“သူနဲ့မယူချင်ရင်တခြားယူချင်တဲ့လူရှိလို့လား”
“ဟင် အဲ့လိုမဟုတ်ဘူးလေ ဘယ်ယောကျာ်းကိုမှမယူချင်ဘူးလို့ပြောတာ”
“နင့်အမေက နင်အိမ်ထောင်ပြုဖို့အတွက်ရန်ကုန်လာခဲ့တာဆို”
“အင်း အဲ့လိုပြောတာပဲ”
“ဘယ်သူနဲ့တဲ့လဲ”
“မသိဘူး ငါစကားကိုအစမခံဘူး အဲ့ဒါဆက်ပြောမှာစိုးလို့ ဇေထူးဆီသွားလိုက်တာလေ”
“အဲ့ဒါမှ တည့်တည့်တိုးတော့တာပဲမလား ခိ”
ပျို မေဇွန်ကို မျက်စောင်းချီလိုက်ပြီး မိုင်တွေသွားမိသည်။ တကယ်ကြီး ယောကျာ်းယူရတော့မှာလား။ ဇေထူးမြတ်နဲ့ မပြောနဲ့ ဘယ်သူနဲ့မှကိုမယူချင်ပါ။
“နင်က အဲ့ဒီလူနဲ့မယူရင် တခြားလူနဲ့ယူကိုယူရမှာပဲလေ အဲ့ဒီတော့ကိုဇေထူးနဲ့ပဲယူလိုက်တာမကောင်းဘူးလား”
“မကောင်းပါဘူး ဘယ်သူနဲ့မှမယူချင်ဘူး”
“မယူချင်ဘူးလုပ်နေ နင့်အမေက နင့်ကိုကြိုးတုပ်ပေးစားတော့မှာ”
“အမယ် ကြိုးမတုပ်ခင်ထဲက ထွက်ပြေးမှာပေါ့”
“အပြောကတော့ ချောနေတာပဲ လက်တွေ့ကျဘာမှဖြစ်လာမှာမဟုတ်ဘူး ကိုဇေထူးနဲ့ယူပြီးနဲ့ ယောကျာ်း ယောကျာ်းနဲ့ဖြစ်မနေနဲ့”
ပျို မျက်နှာကို မော့ချီကာ ပြန်ပြောလိုက်သည်။
“မဖြစ်ဘူး စိတ်ချ သူနဲ့တသက်လုံးမယူဘူး”
“မယူလို့မရတော့ဘူးမိပျို နင်သူ့အခန်းထဲထိကိုရောက်ပြီးသွားပြီလေ”
“အခန်းထဲက တမင်ဝင်တာမှမဟုတ်တာ ဟဲ့ ငါပြောဦးမယ် သူ့အခန်းကလေ မိန်းကလေးအခန်းထက်တောင် သပ်ရပ်သန့်ရှင်းနေသေးတယ်သိလား မှန်တင်ခုံအသေးလေးလဲရှိတယ် Skin care တွေဆိုဆက်လိုက်ပဲ ခိ”
“အေးလေ နင်အဲ့ဒီလိုလူနဲ့ယူရမှာ ကံကောင်းတာပေါ့”
“ဘာ ဘာကံကောင်းတာလဲ”
“ငါကြည့်နေတာကြာပြီ ယောကျာ်းအများစုက အပြင်ထွက်ရင်သာမွှေးပျံကျော့ကော့နေတာ သူတို့အခန်းသွားကြည့် လိုက် နံဟောင်စုတ်ပြတ်နေတာပဲ တကိုယ်ရည်သန့်ရှင်းမှုကလဲမရှိ အပြင်ကပြန်လာတာနဲ့ တခါထဲထိုးအိပ် တချို့ဆို ခြင်ထောင်ချတာတောင်ထပြီးမချနိုင်ဘူး ခြေထောက်နဲ့ခြင်ထောင်အမိုးကိုခတ်ပြီးချတာတဲ့ ပြီးတော့ တနေကုန် သွားလာထားတဲ့အနံ့အသက်တွေနဲ့ တချို့ဆိုလဲသောက်စားမူးယစ်ပြီးပြန်လာရော ခြေလက်မဆေး ပါးစပ်မဆေးနဲ့ အဲ့ဒီလိုနံဟောင်နေတဲ့လူကြီးနဲ့ တစ်ကုတင်ထဲ အတူတူအိပ်ရတဲ့မိန်းမတွေဘ၀ နင်စဉ်းစားကြည့်စဉ်း”
မေဇွန်စကားကို ရှုံ့မဲ့ကာနားထောင်ရင်း ဇေထူးမျက်နှာကိုမြင်ယောင်သွားမိသည်။ ဒီလူကတော့ အဲ့ဒီလိုလူမဟုတ် ဘူးဆိုတာ သေချာပါတယ်လေ။ တော်သေးတာပေါ့။ အမယ် ဟုတ်ဟုတ် မဟုတ်ဟုတ်ပေါ့။ ငါနဲ့ဘာဆိုင်လို့လဲ။
“တချို့လူတွေကျတော့မိန်းမကပြုပြင်ပေးလို့ရသေးတယ်တချို့ကျမရဘူး အကျင့်တွေနော် နင်အဲ့ဒီလိုလူတွေနဲ့သာ လက်ထပ်ရရင်ဘယ်လိုလုပ်မလဲ ကိုဇေထူးက အဲ့လိုလူတွေထက်စာရင် အပုံကြီးသာပါတယ်ဟဲ့”
“နင် ဇေထူးရဲ့ရှေ့နေလား”
တစ်ခါမှမမြင်ဖူးတဲ့ ဇေထူးဘက်ကနေ ပြောပေးနေတဲ့မေဇွန်ကို ဂြိုလ်ပေးလိုက်သည်။
“ဟုတ်ဘူး ကော်ဖီနှစ်ခါသောက်ထားတဲ့မျက်နှာကြောင့်ပါ ခိ”
“ငါတော့မရချင်ဘူး နင်သိတဲ့အတိုင်း သူကမစိုမခြောက်လေ”
“မစိုမခြောက်ဆိုတော့ပိုကောင်းတာပေါ့ ညီအစ်မလဲလုပ်လို့ရတယ် ယောကျာ်းလဲလုပ်လို့ရတယ် ဘယ်လောက် မိုက်လဲ ခိ”
“ငဇွန် နင်သေတော့မယ်နော်”
“အလကားစတာပါဟာ နင်ပြောပုံအရဆို သူကအမေချစ်သားမို့ အမေရဲ့အကျင့်စရိုက်နဲ့တူနေတာဖြစ်မယ် ငါထင် တာတော့လုံးဝမခြောက်လောက်ဘူး နင်မကြာခင်သိမှာပါလေ နင်နဲ့လက်ထပ်တော့မှာပဲကို”
“ဘာလို့လက်ထပ်ရမှာလဲ လုံးဝပဲ”
“ငါတော့ ကြိုမြင်နေပါပြီကွယ်”
မေဇွန်ရဲ့စပ်ဖြီးဖြီးမျက်နှာကြီးကို အမြင်ကတ်ကတ်နဲ့ မျက်စောင်းတွေပိတ်ထိုးပစ်တော့သည်။
“သေချာပြန်စဉ်းစားကြည့်ပျို ဖြစ်ခဲ့သမျှအရာအားလုံး တစ်ယောက်ယောက်က သေချာဇာတ်ညွှန်းရေးဖန်တီးထား သလိုပဲ အကျိုးအကြောင်းဆီလျော်စွာဖြစ်လာခဲ့တာလေ ဒါသာမန်တိုက်ဆိုင်တာမဟုတ်ဘူး နင်တို့နှစ်ယောက်က တကယ်ဖူးစာပါလို့ ဆုံတွေ့ခဲ့ကြတာ”
“No ဖူးစာ ဘာဖူးစာမှလာလုပ်မနေနဲ့ ငါမရရအောင်ငြင်းမှာ”
ပျို တစ်ယောက်ဘယ်လောက်ပဲ ပိတ်ငြင်းနေပေမယ့် အမေကလုံးဝအလျော့မပေးခဲ့ပါ။ အမေနှစ်ယောက်ဟာလဲ အတော်ကိုပနံသင့်ကာ မမသီ၊ မစိမ့်အေးနဲ့ အဆင်ပြေနေကြသည်။ ပျိုတစ်ယောက်သာ အမျိုးမျိုးသောနည်းလမ်းနဲ့ ဆပ်စလူးတွေခါကာ အချိန်တိုင်းငြင်းနေပေမယ့် အရာမထင်ပေ။
“သမီး ခုနနေသတို့သမီးဝတ်စုံသွားအပ်ဖို့မောင်ဇေထူးလာခေါ်မှာတဲ့ အဆင်သင့်လုပ်ထားတော့လေ”
“မလုပ်ဘူး ပျို ဒီမင်္ဂလာပွဲကိုလုံးဝကန့်ကွက်တယ် ကာယကံရှင်ဆန္ဒမပါပဲအတင်းအကြပ်မလုပ်ပါနဲ့အမေ”
“ဥဒေါင်းပျို အမေကို အသက်ရှည်ရှည်မနေစေချင်ဘူးလား”
“ပျို ယောကျာ်းယူတာနဲ့ အမေအသက်ပိုရှည်တာနဲ့ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ မြေးလေးတွေကအဖိုးအဖွားတွေရဲ့အသက်ရှည်ဆေးဆိုတာမကြားဖူးဘူးလား”
“ဟမ် မြေးလေး”
ပျို ကယောင်ခြောက်ခြားရေရွတ်မိသွားသည်။ မြေးလေးတဲ့။ မဖြစ်ပါဘူး။ ပျို ယောကျာ်းမယူမှဖြစ်မှာပါ။
“အမေ ပျိုယောကျာ်းမယူပါရစေနဲ့နော်”
“မရတော့ဘူးသမီး တကယ်လို့သမီးမောင်ဇေထူးကိုမကြိုက်ဘူးဆိုရင် အမေပထမစီစဉ်ထားတဲ့တစ်ယောက်နဲ့ပဲ သမီး လက်ထပ်ရလိမ့်မယ်”
ဘယ်က ပထမစီစဉ်ထားတဲ့တစ်ယောက်လဲ။ ပျို စိတ်ညစ်လွန်းလို့ အော်အော်ပြီးသာ ငိုလိုက်ချင်တော့သည်။
“ဘာဆိုင်လို့လဲအမေရယ်”
“သမီးက ဆယ်ကျော်သက်မဟုတ်တော့ဘူး အရွယ်ရောက်နေပြီးသားမိန်းမတစ်ယောက် ရင့်ကျက်သင့်သလောက် ရင့်ကျက်သင့်ပြီလို့အမေထင်တယ် အခုအရွယ်ထိကလေးမဆန်ချင်စမ်းပါနဲ့တော့ပျိုရယ် အမေ မောင်ဇေထူးကို သဘောကျတယ် စီးပွားလဲအရှာတော်တယ် နေတာထိုင်တာလဲ ဟော့ဟော့ရမ်းရမ်းမရှိဘူး အမေသာ သားရှင်ဆို ညီးလိုချွေးမမျိုးနဲ့ သဘောမတူဘူး”
ဒေါ်စိမ့်အေး ဇေထူးကို တကယ်သဘောကျပါသည်။ ကိုယ့်သမီးဆိုးသမျှ၊ ကလေးဆန်သမျှကို စိတ်ရှည်လက်ရှည် ချော့မော့နေပုံကိုတွေ့ပြီးထဲကသူနဲ့သာပေးစားတော့မယ်လို့ ဆုံးဖြတ်လိုက်မိတာပါ။ ဇေထူးအမေကလဲ ပျိုနဲ့ဇေထူး ဘာမှမပတ်သက်တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါသည်။ သူ့သားကကြိုက်နေတော့ လက်ထပ်ပေးချင် ပါတယ်လို့ပြောခဲ့လို့ ဒေါ်စိမ့်အေးကိုယ်တိုင်လဲ လှိုက်လှဲစွာသဘောတူခဲ့မိသည်။ ဒါပေမယ့် ဒီအကြောင်းတွေကို ပျို့ကိုပြောပြလို့မဖြစ်ပါ။ အဖြစ်မှန်တွေသိထားတာသိသွားရင် ဒီမင်္ဂလာပွဲဖြစ်လာတော့မည်မဟုတ်။
“အခုသမီးရှင်လဲ သဘောမတူလို့ရတယ်လေ မတူနဲ့သိလားအမေ မင်္ဂလာပွဲကိုဖျက်လိုက်တော့”
“သမီးရှင်အနေနဲ့တော့ ငြင်းစရာမရှိတဲ့သမက်မို့ ဟန်ဆောင်ပြီးတောင်မငြင်းနိုင်ဘူး မောင်ဇေထူးက သမီးနဲ့ အသင့် တော်ဆုံးယောကျာ်းပဲ သူနဲ့ပဲလက်ထပ်ရမယ် အပိုတွေလုပ်မနေနဲ့ သွားဖို့ပြင်ထား မပြင်ချင်လဲ ဒီပုံစံအတိုင်းသာ လိုက်သွားလိုက်”
ဒီလိုနဲ့ ဥဒေါင်းပျိုတစ်ယောက် ဆောင့်ဆောင့်အောင့်အောင့်နဲ့ဇေထူးကားပေါ်ပါလာခဲ့ရသည်။ မကျေနပ်ကြောင်းပြဖို့ မျက်နှာကို စူပုတ်မော့ချီထားကာ ဒင်းဘက်ကို လုံးဝမကြည့်ပဲ နေလိုက်သည်။ အမယ် သူကလဲ ပျိုအကြောင်းသိသူ ပီပီ စကားတစ်ခွန်းမှမပြော။ သူ့ကဘာသာကားမောင်းနေလို့ ကိုယ်ကသာစပြောရလေသည်။
“ဇေထူးမြတ်”
“အင်း”
“နင်ဘာလို့မငြင်းတာလဲ လက်ထပ်ဖို့ကို”
“နင့်ကြောင့်မငြင်းတာပါ”
“ဘာ ဘာငါ့ကြောင့်လဲ”
“နင်ကမိန်းကလေးလေ ငါ့ကြောင့် နင်နစ်နာမှာစိုးလို့”
ကျေးဇူးရှင်ကြီးနဲ့လာတွေ့နေသေးသည်။
“အမယ် နင်နဲ့ငါက ဘာမှမပတ်သက်ဘူးလေ အဲ့ဒါကိုနင့်အမေကိုသေချာရှင်းပြရမှာပေါ့”
“ပျို အခုမှတော့ ရှင်းပြလဲအပိုပဲလေ”
“ဒါဆို နင်နဲ့တကယ်ကြီးလက်ထပ်ရမှာလား မဖြစ်ဘူး ငါလက်မခံနိုင်ဘူး ထွက်ပြေးမှာ နင်ငါ့ကိုကူညီပါဇေထူး”
ကူညီစရာလား။ ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်ရမှာမို့ပျော်နေပါတယ်ဆို။ သူမနဲ့လက်ထပ်ချင်လွန်းလို့ငြိမ်နေတဲ့သူကို ထွက်ပြေးဖို့တိုင်ပင်ကတည်းက လုံးဝထွက်ပြေးခွင့်မရတော့ဘူးဆိုတာ သူမသိသင့်သည်။ ပျိုနဲ့အခုလိုမျိုး လက်ထပ်ရလိမ့်မယ့်လို့ တစ်ခါမှမတွေးခဲ့ဖူးပါ။ ဒါပေမယ့် မေမေပြောသလို အသက်သုံးဆယ်ကျော်နေပြီ ကလေး ကုလားချစ်တာတွေ၊ မေတ္တာတွေနဲ့အချိန်ဆွဲမနေကြနဲ့ဆိုတဲ့စကားကို ထောက်ခံပါသည်။ ပျိုရဲ့ခေါင်းမာပုံနဲ့ နောက်ဘယ်နှနှစ်လောက်မှ လက်ထပ်ဖို့ဖြစ်လာမလဲမသိ။ လက်ထပ်ဖို့မပြောနဲ့ သူ့ကိုပြန်ကြိုက်လာဖို့ကိုတောင် မနည်းကြိုးစားရမှာပါ။ အချစ်ကိုမယုံကြည်ပါဘူးလို့ တင်းခံနေသူကို ချစ်ရတဲ့ဒုက္ခကလဲမသေးပါ။
“နင့်ဘာသာထွက်ပြေးချင်ပြေးပေါ့ ဘာလို့ငါ့ကိုအကူညီတောင်းနေရတာလဲ”
“နင်လဲ ငါနဲ့မယူချင်ဘူးမလား”
ဇေထူးပြန်မဖြေပါ။ မယူချင်ဘူးလို့ဖြေလဲမဟုတ်တတ်။ ယူချင်ပါတယ်ဖြေလဲ အဲ့ဒီအဖြေကိုသူမ သဘောကျမှာမှ မဟုတ်တာကို။
ဘာမှပြန်မဖြေတော့တဲဇေထူးကို မျက်စောင်းထိုးရုံမှအပ ဘာမှလုပ်လို့မရပါ။ သူက တခါတလေမှာ အဲ့ဒီလို ဘယ်လောက်မေးမေး ပြန်မဖြေတတ်။ ခေါင်းကြောမာတယ်ပြောရမလား။ အမြင်ကတ်စရာတော့ အပြည့်အ၀ ကောင်းပါသည်။ အစဉ်အမြဲစတိုင်လ်ကျနေတဲ့သူဟာ မသိတဲ့လူတွေအမြင်မှာတော့ ခြောက်ချင်ချင်ဖြစ်နေတယ် ဆိုတာ သတိမထားလောက်ပေ။
မင်္ဂလာဝတ်စုံကို ဇေထူးကသာ ဦးဆောင်ရွေးသွားပြီး ပျိုက ကိုယ်နဲ့မဆိုင်သလို ထိုင်နေခဲ့သည်။ ဘာလို့များ ဒီလိုတွေ ဖြစ်လာခဲ့တာလဲ။ အသက်သုံးဆယ်ပြည့်ပြီးချိန်ကစလို့ ပျို မဖြစ်ချင်တဲ့အရာတွေသာ ဆက်တိုက်ဖြစ်ပေါ် နေသလိုပင်။ ဖြစ်နိုင်ရင် အရင်တုန်းကနေ့ရက်တွေဆီကိုသာ အပြေးသွားချင်မိတော့သည်။
“ငါတို့နှစ်ယောက်စလုံးက မြန်မာဆိုတော့ မင်္ဂလာပွဲကိုလဲ မြန်မာဆန်ဆန်ပဲဝတ်ရအောင် နင်ထိုင်မသိမ်းနဲ့ဆို အရမ်းလှမှာပျို”
လှချင်လှ မလှချင်နေပေါ့။ ဒီမင်္ဂလာပွဲကို မဖြစ်စေချင်တဲ့ပျိုက ဘာကိုများ စိတ်ဝင်စားနေရဦးမှာလဲ။ ဖိတ်စာတွေ ရလာတော့လဲ အမေတွေနဲ့ဇေထူးကသာ စိတ်ဝင်တစားကြည့်ရှု့နေကြပေမယ့် ပျို ဟန်ဆောင်ပြီးတောင် အဲ့ဒီ ဖိတ်စာတွေကို မကိုင်ကြည့်မိပေ။ မင်္ဂလာပွဲကို ရန်ကုန်မှာပဲကျင်းပမည်။ နယ်ကအမျိုးတွေကို ရန်ကုန်သာခေါ်မည် ဆိုပြီး မေမေရဲ့အစီအစဉ်တွေကိုလဲ တစ်ခွန်းမှဝင်မစွက်ဖက်။ ဘယ်လိုမှ ငြင်းလို့မရနိုင်တဲ့အဆုံးမှာ ထွက်ပြေးဖို့သာ ဆုံးဖြတ်လိုက်တော့သည်။ ထွက်မပြေးလို့လဲမရ။ ဝါမဝင်ခင် တစ်လအတွင်း အားချင်းစီစဉ်ခဲ့တဲ့မင်္ဂလာပွဲက သဘက်ခါဆိုတော့ ဒီညမပြေးနိုင်ရင် ပျိုဘ၀ ပြန်လမ်းမရှိတဲ့ချောက်နက်ထဲမှာ သေဆုံးသွားရလိမ့်မည်။
သားအမိနှစ်ယောက် တစ်ခန်းထဲအတူတူအိပ်သောကြောင့် ထွက်ပြေးဖို့ကို အမေမရိပ်မိအောင် မနည်းစီစဉ် နေရသည်။ အဝတ်အစားနည်းနည်းပါးပါးသာယူမယ်လို့စိတ်ကူးမိပြီး အိတ်အသေးထဲထည့်လိုက်သည်။ အဝတ်အ စားပဲမဟုတ်။ အသုံးအဆောင်ပစ္စည်းတွေလဲလိုပေဦးမည်။ လိုအပ်မယ်ထင်တာလေးတွေစိတ်ကူးပြီးထည့်နေတဲ့ ပျိုရဲ့အိတ်ဟာ ထင်တာထက်ပိုများနေလို့ ထပ်လျော့ရဦးမည်။ အမေတီဗွီကြည့်နေတုန်း အပြေးအလွှားထည့်နေပါ တယ်ဆိုမှ။ အထုပ်ကို ကျစ်ကျစ်လစ်လစ်ထည့်ပြီးနောက် ဗီရိုအောက်ဆုံးမှာ သေချာထည့်ထားလိုက်သည်။ မနက် စောစော အမေဈေးသွားတဲ့အချိန်လစ်ထွက်ဖို့ကြံစည်ထားပါသည်။ ပျိုသက်ပြင်းချလိုက်ရင်း အမေ့ကိုစိတ်ထဲကနေ တောင်းပန်လိုက်သည်။ ခွင့်လွှတ်ပါအမေ။ သမီး ယောကျာ်းမယူချင်လို့ပါ။ အဲ့ဒီထဲကမှ ဇေထူးနဲ့ပိုပြီးမယူချင်ပါ။ သူ့မှာ ပျိုမကြိုက်တဲ့ဘာမှန်းမသိသောမကြိုက်ခြင်းများစွာရှိနေလို့ပိုပြီးလက်မထပ်ချင်ပါ။ သူနဲ့လက်ထပ်ဖို့တွေးမိရင် ကြက်သီးတွေတောင် တဖြန်းဖြန်းထတတ်ပါသည်။
“ပျို သမီး အိပ်တော့မလို့လား”
“ဟုတ် အိပ်တော့မလို့အမေ”
“အော် နွားနို့သောက်လိုက်ဦး”
“မသောက်တော့ဘူး”
“ရော့ပါ သောက်လိုက် ဒီမှာအမေထည့်ထားပြီးပြီ”
ပျို ဆက်မငြင်းချင်တော့ပဲ နွားနို့တစ်ခွက်လုံးကုန်အောင်မော့ချပြီး ခြေလက်မျက်နှာဆေးကာအခန်းထဲဝင် အိပ်လိုက်တော့သည်။ ထွက်ပြေးဖို့ဆုံးဖြတ်ပြီး စိတ်လက်ပေါ့ပါးသွားတဲ့ပျိုဟာ အိမ်မက်ထဲမှာလဲထွက်ပြေးနေပြီး ပျော်ရွှင်နေခဲ့ပါသည်။
“ပျို သမီး ထတော့ မောင်ဇေထူးတောင်ရောက်နေပြီ”
“အင် ဟင် အစောကြီးရှိသေးတာကို အမေကလဲ”
“မစောတော့ဘူး ကိုးနာရီထိုးတော့မယ်”
“ဟမ်…”
ပျို အမေ့ကို အလန့်တကြားမျက်လုံးဖွင့်ကြည့်လိုက်မိသည်။ ကိုးနာရီထိုးတော့မယ်ဆိုတော့ ပျိုထွက်ပြေးဖို့ စီစဉ် ထားတဲ့အချိန်ကို ကျော်လွန်ခဲ့ပြီပေါ့။ အိပ်ရာကအလျင်အမြန်ထကာ ရေချိုးလိုက်သည်။ မနက်စောစောထပါဖို့ Alarm ပေးထားခဲ့တာကို။ Alarm မြည်သံမကြားလောက်အောင်ပင် အိပ်ပျော်နေခဲ့လေသည်။ ဒီနေ့တနေကုန် အချိန်ရှိပါသေးတယ်။ အခွင့်အရေးရတာနဲ့ထွက်ပြေးတာပေါ့လေ။
“ပျို သွားတော့မလား”
“ဘယ်ကိုသွားမှာလဲ”
“မျက်နှာပေါင်းတင်ဖို့ ခြေသည်းလက်သည်းဆိုးဖို့ ဒီနေ့လုပ်ရမယ်လို့ ပျို့ကိုအလှပြင်ပေးမယ့်အမ မှာထားတယ်လေ”
ပျိုက မှတ်တောင်မမှတ်မိ။ ဘယ်မှတ်မိမှာလဲလေ။ ဦးနှောက်ထဲမှာကို မရှိတာလေ။
“ငါ ဘာမှမစားရသေးဘူး”
“အင်း အိမ်မှာပဲစားမလား အပြင်ထွက်ရင်းတခါထဲစားသွားမလား”
သူပဲဆရာလုပ်နိုင်လွန်းတယ်။ အမေကတော့ မကြာခင်တော်ရတော့မယ်သမက်ကို သဘောကျကာ ပြုံးပြနေလေ သည်။ သမီးကတော့ သူ့ကိုနည်းနည်းလေးမှကို မကြိုက်ဘူးဆိုတာ အမေသိရင်ကောင်းမည်။
တကယ်တမ်းတော့အချိန်မရပါ။ ဘာမသိ၊ညာမသိနဲ့လိုက်လာခဲ့တဲ့ပျိုဟာ တနေကုန် Beauty spa မှာအချိန်ကုန် မှန်းမသိကုန်သွားခဲ့လေသည်။ ဇေထူးကလဲဘာအလုပ်မှ မရှိဘူးလားမသိ။ ပျိုကိုပဲ တချိန်လုံးထိုင်စောင့်နေခဲ့သည်။ ခြေသည်းလက်သည်းပုံဖော်ပြီးတော့ ညနေသုံးနာရီ ထိုးတော့မည်။
“ပျို ဗိုက်ဆာနေပြီမလား တခုခုသွားစားရအောင်”
“မစားတော့ဘူး ပြန်တော့မယ်”
“ငါဆာနေပြီဟ မရတော့ဘူး တခုခုစားမှရတော့မယ်”
အမှန်တော့ ပျိုလဲဆာတာပဲ။ သူ့ကိုအမြင်ကတ်လို့ ဆန့်ကျင်ဘက်ပြောချင်လို့ကို တမင် မဆာဘူးဖြေလိုက်တာပါ။ ကားမောင်းနေတဲ့ဇေထူးကို တစ်ချက်ခိုးကြည့်လိုက်ရင်း ဒီနေ့ရအောင်ထွက်ပြေးမည်လို့ ဆုံးဖြတ်လိုက်လေသည်။
အိမ်ပြန်ရောက်တော့ ငါးနာရီထိုးနေပါပြီ။ အမေလဲမရှိ။ အမေ့ခင်ပွန်းဦးကြည်စိုး ရောက်လို့ ဘုရားဖူးထွက်သွား ကြပုံပင်။ ပျိုကျေနပ်စွာတစ်ချက်ပြုံးလိုက်မိသည်။ အခုမှပဲ အေးအေးဆေးဆေးထွက်ပြေးလို့ရတော့ပေမည်။
လှလှပပပုံဖော်ထားသော ပျိုချောင်းလေးများကို မှန်ရှေ့မှာထောင်ကြည့်ကာ အလှဆုံးပြုံးပြလိုက်သည်။ နင် လွတ်မြောက်ပြီ ပျို။ ဒီလိုလက်သည်းလှလှလေးတွေဆိုးထားတဲ့လက်နဲ့အထုပ်ကိုဆွဲ၊ ခြေသည်းလှလှလေးတွေ ဆိုးထားတဲ့ခြေထောက်နဲ့ အပြင်ကိုထွက်။ အို …. ပျော်စရာကောင်းလိုက်တာ။ စိတ်ကူးတွေယဉ်ပြီး အဝတ်အစား လဲဖို့ ဗီရိုဖွင့်ကြည့်လိုက်စဉ် အံ့သြသွားရသည်။ ပျို့ အကျီၤတစ်ထည်မှမရှိတော့ပေ။
“ဟမ်”
ဗီရိုအောက်က ဖွက်ထားတဲ့အထုပ်လေးကိုသတိရပြီးအလျင်အမြန်ပြန်ဖွင့်လိုက်တော့လဲ ဗီရိုတစ်ခုလုံး ဟောင်းလောင်းနဲ့ ဘာဆိုဘာမှမရှိတော့ပါ။ ဘုရားရေ ပျို့အဝတ်အစားတွေဘယ်ရောက်ကုန်တာလဲ။ စဉ်းစားမရ နိုင်စွာ အမေ့ဆီကို ဖုန်းခေါ်လိုက်သည်။
“အမေ သမီးအဝတ်အစားတွေဘယ်ရောက်ကုန်တာလဲ”
“အော် သမီးထွက်သွားပြီးကတည်းက မောင်ဇေထူးအိမ်ကိုပို့လိုက်ပြီလေ မမသီအိမ်ကကောင်မလေးနှစ်ယောက် လွှတ်ပေးခဲ့တာ သူတို့ဘာသာလုပ်သွားကြတယ် အမေလဲသမီးဦးလေးရောက်လာလို့ အပြင်ထွက်ခါနီးနေတော့ သေချာမကြည့်လိုက်မိဘူး အားလုံးယူသွားတယ်ထင်တယ် ဝတ်စရာမရှိရင်မောင်ဇေထူးအိမ်လိုက်သွားလိုက်နော်”
မောင်ဇေထူးအခန်းထဲကို ဘာလို့လိုက်ယူရမှာလဲ။ ဘယ်သူ့ကိုစိတ်ဆိုးရမယ်မှန်းမသိတော့။ ငါးနာရီကျော်နေပြီ။ ထွက်ပြေးဖို့လဲ တလွဲတွေဖြစ်ကုန်ပြန်ပြီ။ ထိုင်နေလို့လဲမဖြစ်။ အချိန်ရှိခိုက်လုံလစိုက်ရပေမည်။
ဇေထူးအိမ်ကိုလိုက်လာတော့ ကိုယ်တော်ချောက ရေမိုးချိုးရှင်းသန့်နေပြီး ကော်ဖီတစ်ခွက်နဲ့တောင်ငြိမ့်နေပြီ။ ပျို ကသာ ထွက်ပြေးဖို့ ပြာလောင်ခတ်နေတာ။ ဒင်းက အေးဆေးနေတော့လဲ မနာလိုမိပြန်သည်။
“ပျို ဘာဖြစ်လို့လဲ”
“ငါ့ ငါ့အကျီၤလာယူတာ”
“အော် အခန်းထဲမှာဝင်ယူလိုက်လေ”
ဟင် သူကသိနေတယ်ပေါ့။ ဒါတွေပြောင်းရွေ့တာကို။ သိမှာပေါ့လေ။ သူ့အိမ် သူ့အခန်းထဲထိ လာထားပါတယ် ဆိုမှတော့ အိမ်သော့မထားခဲ့လို့ဖြစ်မလား။ ဘာဆိုဘာမှမသိရတာက ပျိုတစ်ယောက်သာ။ ဒီအကြောင်းတွေကို တနေကုန်အတူတူရှိနေချိန်မှာ ဒင်းက တစ်ခွန်းတောင်မဟခဲ့ပါ။
သူ့အခန်းထဲကို ဝင်လိုက်မှ ကြက်သီးမွေးညင်းတွေထလောက်အောင်ထိ ရင်တုန်သွားရသည်။ မနက်ဖြန်အတွက် မင်္ဂလာဦးအခန်း ကြိုတင်ပြင်ဆင်ထားပုံပင်။ ဟိုတနေ့ကပျိုရောက်ဖူးတဲ့အခန်းနဲ့ခြားနားစွာ။ ပရိဘောဂတွေကအစ အားလုံးအသစ်တွေဖြစ်နေခဲ့သည်။ ပြီးတော့ မင်္ဂလာကုတင်ကိုလဲ ပန်းနုရောင်တွေနဲ့အလှဆင်ထားသည်။ ဒါတွေ ကြည့်နေဖို့အချိန်မရှိတော့။ ဗီရိုအမြန်ဖွင့်ကြည့်လိုက်တော့ ပျိုအကျီၤတွေ စီစီရီရီသပ်သပ်ရပ်ရပ်ထည့်ထားတာကို တွေ့လိုက်ရသည်။ ပျို သေချာထည့်ထားတဲ့အထုပ်ကိုလဲ ဖြည်ပြီးမှထည့်သွားပုံပင်။
“ပျို ငါဝင်ခဲ့မယ်နော်”
“မဝင်ခဲ့နဲ့”
“ဘာဖြစ်လို့လဲ”
မဝင်စေချင်လို့ မဝင်ခိုင်းတာကို ဘာဖြစ်လို့လဲလာမေးနေပြန်သည်။
“ဝင်လာပြီနော်”
ပျို အခန်းတံခါးကိုလော့ခ်ချဖို့အပြေးသွားလိုက်သော်လည်း မမှီလိုက်ပါ။ သူက တံခါးဆွဲဖွင့်ပြီးနေမို့ လမ်းတပိုင်းမှာပဲ ဟန်မပျက်ရပ်နေလိုက်သည်။ ဒီအခန်းထဲမှာ သူနဲ့နှစ်ယောက်ထဲရှိနေရမှာကို မကြိုက်ပါ။
“ဘာလုပ်နေတာလဲပျို အခန်းကိုရော စိတ်တိုင်းကျရဲ့လား”
“မကျဘူး”
“ဟုတ်လား ဘယ်ဟာကို မကြိုက်တာလဲ မကြိုက်တာတွေပြန်လဲပေးမယ်”
“အားလုံး နင်အပါအဝင်”
မျက်တောင်တွေစင်းချကာ သူ့ကိုစွေစောင်းကြည့်နေတဲ့ ပျိုရဲ့အဖြေစကားကြောင့် ဇေထူး တဟားဟားအော်ရယ်မိ သွားသည်။ စကားပြောပုံက ချစ်စရာကောင်းလွန်းနေသည်။
သူ့ကိုမုန်းလိုက်တာ။ တကယ် အတည်ပြောနေတာကို လာရယ်ပေးနေတယ်။
“ငါ့ကိုတော့ ဘယ်လဲလို့ရမလဲပျိုရယ် နင်က ကလေးကျနေတာပဲ”
ချစ်ခိုးချစ်လျှံတွေဝေနေတဲ့သူ့အကြည့်တွေကြောင့် စိတ်ထဲတမျိုးဖြစ်သွားရင်း မျက်နှာလွဲလိုက်မိသည်။
“အော် ဒါနဲ့ ငါရဲ့အိတ်တစ်အိတ်ထဲ မှတ်ပုံတင်နဲ့ဘဏ်စာအုပ်ထည့်ထားတာ ဘယ်နားထားသွားလဲ”
မေ့မှာစိုးလို့ မှတ်ပုံတင်၊ဘဏ်စာအုပ်သာမက ATM Card တွေပါအထုပ်လေးထဲ သေချာထည့်ထားခဲ့တာပါ။
“ဟုတ်လား ငါမသိဘူးလေ နင်နဲ့ငါတူတူရှိနေတာကို ခဏ ငါ့အမေကိုမေးကြည့်ပေမယ်”
သူဖုန်းဆက်နေစဉ် ပျို အဝတ်အစားလဲဖို့ထုတ်ယူလိုက်သည်။ ထွက်ပြေးဖို့လေးငါးစုံကို ဘယ်အိတ်နဲ့ထည့်ယူသွား ရမယ်မှန်းမသိ။ ဒီကြားထဲ ဇေထူးမြတ်ကအခန်းထဲရှိနေသေးသည်။ ကြံစမ်း ဥဒေါင်းပျို။ နင်ဒီနေ့မှထွက်မပြေးရင် နောက်ထပ်အခွင့်အရေးမရှိတော့ဘူး။
“ပျို မေမေက Safe ထဲထည့်ထားပေးတယ်တဲ့”
“ဟမ်”
မှန်တင်ခုံဘေးရှိနေတဲ့မီးခံသေတ္တာထဲမှာပေါ့။ ဘာလို့များ အဲ့ဒီလောက်လုံလုံခြုံခြုံသိမ်းသွားပေးပါလိမ့်။
“ငါ့ကိုထုတ်ပေးပါလား”
“ဘာဖြစ်လို့လဲ အရေးကြီးလို့လား”
“ဟင် အော် ဘဏ်လက်ကျန်ဘယ်လောက်ရှိလဲသိချင်လို့ပါ”
“အဲ့ဒါဆိုနောက်မှကြည့်တော့ ငါ့ဆီမှာသော့မရှိဘူး အမေဆီပါသွားတယ် ငါအပြင်သွားမှာမို့ Password ဖြုတ်ပေးပြီး သော့ပေးထားခဲ့တာ မေမေက ပျောက်မှာစိုးလို့ ဒီထဲထည့်ပေးခဲ့တာထင်တယ်”
သွားပြီ။ ပျိုဘဝဟာ ပြန်လမ်းမရှိတဲ့ချောက်ကမ်းပါးထဲ ကျခြင်းမလှကျတော့မယ်ထင်ပါရဲ့။ မှတ်ပုံတင်နဲ့ပိုက်ဆံ မရှိမှတော့ ဘယ်လိုပြေးမလဲ။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်ပြေးရလောက်အောင်ထိ ပျိုသတ္တိမရှိပါ။ ရှိတဲ့ သူငယ်ချင်းအရင်းနှစ်ကောင်ကလဲ ဇေထူးနဲ့လက်ထပ်မှာကို အားပေးသူဆိုတော့ အကူညီတောင်းရမယ့်သူ တစ်ယောက်မှမရှိပါ။ ကံတရားရယ် ဘာကြောင့်များ ဒီလိုကြီးယောကျာ်းလာယူခိုင်းနေလဲ။
ဟန်မဆာင်နိုင်အောင် ပျက်ယွင်းသွားတဲ့ပျိုမျက်နှာကိုကြည့်ပြီးစိတ်မကောင်းသော်လည်း သူ မတတ်နိုင်ပါ။ မင်္ဂလာ ပွဲကနေ ထွက်ပြေးခိုင်းရလောက်အောင်ထိ ပျိုကိုသူအလိုမလိုက်နိုင်ပါ။ ထွက်ပြေးလို့မရအောင် သူမအမေနဲ့သူ ပူးပေါင်းကြံစည်ထားတာ သူမ လုံးဝမရိပ်မိခဲ့ပေ။
ပျို နောက်ဆုံးအနေနဲ့ အကြံထုတ်ကာ ဇေထူးကိုပြောလိုက်သည်။
“ဇေထူး လက်ထပ်ပြီးရင် နင်ငါ့ကိုအလိုလိုက်ရမယ်နော်”
မထင်မှတ်ထားတဲ့စကားကြောင့် ဇေထူးကြောင်အမ်းအမ်းဖြစ်သွားပြီး ရင်ခုန်သွားမိသည်။ သူမ ထွက်ပြေးဖို့ အကြံအစည်ကို လက်လျော့လိုက်ပုံရသည်။
“အင်း လိုက်သင့်တာဆိုလိုက်မှာပေါ့”
“ဘာလိုက်သင့်တာလဲ ငါ့စိတ်တိုင်းကျအလိုလိုက်မယ်လို့ကတိပေး”
“အင်းပါ အင်း”
ဇေထူး ငိုချတော့မလိုဖြစ်နေတဲ့မျက်နှာကိုကြည့်ပြီး မအင်းပဲမနေနိုင်တော့လို့ ကတိပေးလိုက်မိလေသည်။
==========================================================
“ဥဒေါင်းပျို ထစမ်း”
မထပါ။ လုံးဝမထချင်ပါ။ ထတာနဲ့ဇေထူးမြတ်နဲ့အတူလိုက်သွားရမှာကို သိသိကြီးနဲ့။ ပျို ဇွတ်အတင်း မျက်စိမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ အမေက ပျို တစ်ချက်မှမလှုပ်လို့စိတ်ဆိုးလာတော့သည်။
ဒီညဟာ ပျိုနဲ့ဇေထူးရဲ့မင်္ဂလာဦးညပါ။ ဇေထူးက သူ့သူငယ်ချင်းတွေနဲ့သွားပြီး သောက်စားပျော်ပါးနေချိန် ပျော်ရွှင် မြူးတူးစွာ ဒီဘက်အိမ်ကိုအပြေးလာပြီး အိပ်ချင်ယောင်ဆောင်နေခဲ့သည်။ သူနဲ့ပျို တစ်အိမ်ထဲအတူတူမနေချင်ပါ။ မနက်ဖြန်အမေတို့ပြန်တာနဲ့ ဒီဘက်အိမ်ပြောင်းနေဖို့ စိတ်ကူးထားပါသည်။ ဒီညတော့ ဒီအိမ်မှာပဲ အိပ်ပျော်ချင် ယောင်ဆောင်ကာ နေလိုက်မည်။ ဒါဆိုသူ့အိမ်မှာ တစ်ညမှနေစရာမလိုတော့ဘူးလေ။
အဲ့ဒီဇေထူးဟာ သူ့ဘာသာအိပ်ပါလား။ ဘာလို့လာခေါ်နေလဲမသိ။ သူနဲ့အတူတူလိုက်ခဲ့မယ်များထင်နေလားပဲ။ ဆုတောင်းလေ။ ပျို အိပ်ချင်ယောင်ဆောင်နေတာကို ဇေထူးရော ပျိုအမေပါသိပါသည်။
“ကဲ သားရေ သူ့ကိုနိုးလို့မရတဲ့အတူတူ သားလဲဒီမှာပဲအိပ်လိုက်တော့”
ဟင်။ ဘာလို့အိပ်ရမှာလဲ။ သူ့အိမ်ကိုရှိနေတာကို။ သူ့အိမ်မှာပဲ ပြန်အိပ်ပါစေလား။
အိပ်ပျော်နေသူကြီးက အလိုမကျစွာ မျက်မှောင်ကျုံ့သွားတာကို ကြည့်ပြီး ဇေထူး ခပ်တိုးတိုးရယ်လိုက်မိသည်။ ပျို အမေက တမင်ပြောမှန်း သူ သိပါသည်။ ဒါကြောင့် သူလဲပိုပိုသာသာပြန်ပြောလိုက်သည်။
“မအိပ်တော့ဘူးအန်တီ ကျွန်တော်သူ့ကိုပွေ့သွားလိုက်တော့မယ်”
“အော် အဲ့ဒါလဲကောင်းသားပဲ ပွေ့ခေါ်သွားလိုက်”
ပျို ဟန်မဆောင်နိုင်တော့ပဲ ဝုန်းခနဲထထိုင်လိုက်သည်။ ဒင်းကများ ပွေ့စရာလား လူကို။ အခုအချိန်မှာ သူမဘက်မှာ တစ်ယောက်မှမရှိသည့် တလောကလုံးကလူတွေအားလုံးကိုမုန်းပါသည်။ ကုတင်ပေါ်မှ ဆောင်ဆောင့်အောင့် အောင့်ထကာ စကားတစ်ခွန်းမှမပြောပဲ ထွက်လာခဲ့လိုက်သည်။
ဇေထူးနဲ့ဒေါ်စိမ့်အေးတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အသံတိတ်ပြုံးလိုက်မိသည်။
ဇေထူးအိမ်ထဲရောက်တော့ ဆော့နေတဲ့စနိုးမတို့သားအမိကိုတွေ့ရလို့ အမြင်ကတ်စွာမျက်စောင်းထိုးလိုက်မိသည်။ သူကတော့ ကလေးတွေနဲ့ပျော်လို့။ ပျိုကသာ သူ ကလေးမွေးတာကို လာလုပ်ကူမိလို့ အခုလိုဒုက္ခရောက်နေရတာ။
“ပျို ရေသောက်ဦးမလား”
“မသောက်ဘူး”
အနောက်ထဲဝင်ကာ ရေသွားသောက်နေတဲ့ဇေထူးကိုကြည့်ပြီး ပျို အခန်းထဲပြေးဝင်ကာ လော့ခ်ချလိုက်သည်။ ဒီညတော့ ဧည့်ခန်းထဲမှာအိပ်လိုက်တော့ဇေထူးရေ။ ဒါမှမဟုတ်လဲ အပေါ်ထပ်ကအခန်းလွတ်တွေထဲ သွားအိပ်။
“ပျို တံခါးဖွင့်ဦးလေ ဘာလို့လော့ခ်ချထားရတာလဲ”
“မဖွင့်ဘူး အပြင်မှာအိပ်”
“ပျို”
ဘယ်လောက်ခေါ်ခေါ်ဖွင့်ပေးဖို့အစီအစဉ်မရှိပါ။ အခုမှ စိတ်သက်သာရာရသွားတဲ့ပျို ရေချိုးခန်းထဲဝင်ကာ အေးဆေး ရေချိုးနေလိုက်သည်။ ဆောရီးပါ ဇေထူးရေ။ ဒီညတော့ နင့်အခန်းခဏငှားလိုက်ဦး။ နောက်ရက်မှာ ငါ ပြန်ပေးပါမယ်။ ရေချိုးပြီး သီချင်းလေးတအေးအေးနဲ့ထွက်လာတဲ့ပျိုဟာ ကုတင်ပေါ်မှာငုတ်တုတ်ထိုင်နေတဲ့ ဇေထူး ကိုတွေ့ပြီး တုန်တောင်တုန်သွားရသည်။ ပုခုံးပေါ်ကတဘက်ကိုဆွဲဖုံးလိုက်ရင်း အလန့်တကြားမေးလိုက်မိသည်။
“နင် နင် ဘယ်လိုဝင်လာတာလဲ”
“ပျိုရယ် ဒီအိမ်ကငါစိတ်တိုင်းကျဆောက်ထားတဲ့ငါ့အိမ်ပါ ငါ့မှာဒီအခန်းထဲဝင်ဖို့နည်းလမ်းတွေအများကြီးရှိတယ်”
ဇေထူး သော့ဖွင့်ပြီးဝင်လာတာလို့မပြောပဲ လျှောက်ပြောလိုက်သည်။
“အခုချက်ချင်းပြန်ထွက်”
ပျို အိမ်ကြီးရှင်လေသံနဲ့အခန့်သား မောင်းထုတ်လိုက်သည်။ သူနဲ့အတူတူမနေချင်ပါဘူးဆို။
“ပျို မရစ်နဲ့ကွာ ငါလဲတနေကုန်ပင်ပန်းထားတာ နားချင်ပြီ”
“နင်ပြောတော့ငါ့ကိုအလိုလိုက်မယ်ဆို ကတိပေးထားပြီး”
“အင်းလေ အခုကဘာဖြစ်နေလို့လဲ”
“ငါနဲ့အတူတူလာမအိပ်နဲ့ တခြားမှာသွားအိပ်”
ဇေထူး သဘောပေါက်သလိုပြုံးစိစိဖြစ်သွားလို့ ပျိုစိတ်တိုကာ ရန်ရှာလိုက်ပြန်သည်။
“နင်ဘာရယ်တာလဲ”
“ရော် ဘာမှမရယ်ဘူး ငါပင်ပန်းလွန်းလို့ ဒီကုတင်မှာတော့အိပ်ပါရစေ နင်လဲစိတ်ချလက်ချအိပ် နင့်ကိုဘာမှ မလုပ်ဘူး လက်ဖျားနဲ့တောင် မထိဘူး အိုကေနော်”
မယုံကြည်သလိုကြည့်နေတဲ့ပျိုကို ခေါင်းခါပြပြီး ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။ ဒီအပျိုကြီးဟာ သူ့ကိုဘက်ပေါင်းစုံ ကနေ ဂျစ်တိုက်မှာ သူကြိုတွက်ထားပြီးသားပါ။ သူကလဲ သူမကို အနိုင်မယူရက်ပါ။ တရားဝင်လက်ထပ်ထားပြီး ပြီပဲ။ သူမကို သူပိုင်ဆိုင်နေပြီးပါပြီ။ သူမကို ချစ်ခွင့်ရအောင် အနီးကပ်နေရင်း ကြိုးစားရပေဦးမည်။ သူဟာ ဥဒေါင်းပျိုရဲ့ ကာမပိုင်လင်ယောကျာ်းဆိုတာထက် သူမရဲ့ချစ်မြတ်နိုးရသောခင်ပွန်းအဖြစ်သာ တည်ရှိလိုပါသည်။ သူမ အလိုမတူပဲ ဘယ်အရာကိုမှ အတင်းအကြပ်မရယူချင်ပါ။
သူ ရေချိုးခန်းထဲကပြန်ထွက်လာတော့ ဥဒေါင်းပျိုတစ်ယောက် ခေါင်းအုံးနဲ့စောင်ယူပြီး အပြင်ထွက်ဖို့ပြင်နေသည်။
“ဘယ်သွားမလို့လဲ”
“အပေါ်ထပ်မှာအခန်းရှိတယ်မလား ငါအပေါ်ထပ်မှာသွားအိပ်မလို့”
“ဒီမှာပဲအိပ်ပါ”
“ဟင် မအိပ်ချင်ပါဘူး”
“ပျို ငါပြောထားပြီးပြီလေ နင်ဘယ်အခန်းနေနေ ငါရအောင်ဝင်လို့ရတယ် ငါ့အိမ်အကြောင်းငါအသိဆုံး နင့်ကိုမ ကောင်းကြံစည်ချင်ရင် ဒီအိမ်ထဲမှာ ငါအချိန်မရွေး ကြံစည်လို့ရတယ် လက်ဖျားနဲ့တောင်မထိဘူးလို့ပြောထားပြီးပြီပဲ ဒီထက်ပိုပြီး ဘာကိုစိတ်ပူနေတာလဲ နင့်စိတ်ထဲမှာငါ့အပေါ်မရိုးမသားဖြစ်နေလို့လား ညစ်ညစ်ပတ်ပတ်ဘာတွေ တွေးနေလဲ ပြောစမ်း”
ကြည့်စမ်း။ ဇေထူးမြတ်ဟာ ပျိုကိုများစွပ်စွပ်စွဲစွဲ။ သူမရှက်သွားမိပြီး ရန်ရှာလိုက်သည်။
“ဘာ ဘာညစ်ညစ်ပတ်ပတ်လဲ”
“နင်စိတ်က ရိုးသားတယ်ဆို ဘယ်မှမသွားနဲ့ ဒီမှာပဲအိပ် ကုတင်ကအကျယ်ကြီးပဲလေ အိပ်ပျော်သွားမှ ငါ့ဘက်ကို မကျူးကျော်ခဲ့နဲ့ အဲ့ဒီအချိန်ကရင်တော့ လက်ဖျားနဲ့မထိဘူးဆိုတဲ့စကားကို အာမမခံနိုင်တော့ဘူး”
“ဘာ…”
“ဟုတ်တယ်လေ တွန်းထုတ်ပစ်မှာပေါ့ ငါ့နားလာကပ်အိပ်ရင်မကြိုက်ဘူး”
အမူအယာနဲ့တကွလုပ်ပြနေတဲ့ ပြောင်စပ်စပ်မျက်နှာကြီးကို မျက်စောင်းထိုးရင်း အိပ်သင့်မအိပ်သင့် စဉ်းစားနေမိသည်။ သူကမစိုမခြောက်ပဲလေ။ ဒါမျိုးတွေစိတ်ဝင်စားမယ့်မထင်ပါ။ ပြီးတော့ ကတိလဲပေးနေတာပဲ။ သူပြောသလို သူ့အိမ်ပဲ။ နှစ်ယောက်ထဲရှိနေတဲ့အိမ်ထဲမှာ မကောင်းကြံစည်ချင်ရင်အလွယ်လေးပါ။
“ကဲ အစ်မတော် ရှည်ရှည်ဝေးဝေးစဉ်းစားမနေနဲ့ ဟိုဘက်အခြမ်းသွားအိပ် ငါလဲ အကျီၤဝတ်ပြီးအိပ်တော့မယ် တနေကုန် ပြုံးပြဖြီးပြနဲ့ ခြေထောက်တွေညောင်း ခါးတွေနာနေတာ အနားယူမှဖြစ်တော့မယ်”
ဇေထူးကပြောပြောဆိုဆိုနဲ့မီးပိတ်လိုက်လို့ ပျိုလန့်သွားမိပေမယ့် အခန်းထဲမှာညအိပ်မီးမှိန်မှိန်လေးလင်းနေသေးလို့ တော်ပါသေးသည်။ သူ အဝတ်အစားဝတ်နေတာကိုကျောပေးပြီး ကုတင်ပေါ်မဝံ့မရဲတက်လိုက်ကာ ကုတင်တဖက် ခြမ်းမှာ ကပ်အိပ်လိုက်သည်။ ဒါပေမယ့် ဖက်လုံးဖက်အိပ်တာ အကျင့်ပါနေတဲ့ပျိုက ခလယ်မှာရှိနေတဲ့ဖက်လုံးကို ဆွဲလိုက်စဉ် ကုတင်ပေါ်တက်လာတဲ့ဇေထူးက ဦးအောင်ဆွဲယူသွားခဲ့သည်။
“ဟင် ငါယူမလို့လေ”
“ငါဖက်လုံးမဖက်ပဲမအိပ်တတ်ဘူး”
“နင်တစ်ယောက်ပဲ မအိပ်တတ်တာလား ငါလဲမအိပ်တတ်ဘူး င့ါကိုပေး”
“ဟာ ပျိုရာ ငါ့ကိုဒါလေးတော့အလျော့ပေးစမ်းပါ”
“အမယ် ဘာဒါလေးလဲ ဒီအိပ်ရာတွေပြင်ဆင်တာနင်သိတာပဲ ဖက်လုံးတစ်လုံးပဲထားထားတာ နင့်အပြစ် အဲ့ဒီတော့ နင်မဖက်နဲ့ ငါပဲဖက်မယ် ပေးလို့”
“ရော့ ရော့”
ဇေထူး အလျော့မပေးချင်တဲ့ပုံစံမျိုးနဲ့ပေးလိုက်သော်လည်း သူ့စိတ်ထဲမှာတော့ အစထဲကပေးချင်ပါသည်။ ပျိုက ဖက်လုံးရသွားလို့ ကျေနပ်ကာ သူ့ဘက်ကိုကျောပေးအိပ်လိုက်သည်။
“မနက်ဖြန်ကျမှ ဖက်လုံးအသစ်ထုတ်ရမယ် အပေါ်ထပ်မှာရှိဦးမယ်ထင်တယ်”
“မနက်ဖြန်ဒီဖက်လုံးကိုနင်ဖက်လို့ရပြီ အမေတို့ပြန်သွားရင် ငါဟိုဘက်အိမ်ပဲပြောင်းနေတော့မှာ”
“ဟုတ်လား ငါကြားထားတာတော့ အဲ့ဒီအိမ်ကို လူသစ်တွေပြောင်းလာတော့မယ်ဆို”
“ဘာလူသစ်လဲ ဘယ်သူတွေပြောင်းလာမယ်လို့ကြားထားတာလဲ”
“နင့် Step-father ဘက်က အမျိုးတွေဆိုလား”
ဟင် ရက်စက်လိုက်ကြတာ။ ပျို မလှုပ်နိုင်အောင် အဖက်ဖက်ကဖြတ်တောက်ပစ်ကြပါလား။ ပျိုကိုမွေးထားတဲ့ အမေက ပျိုထက်ပိုလည်ပါသည်။ အခုမှ သံသယဝင်ဖို့သတိရသည်။ ပျိုထွက်ပြေးမယ့်ညက အမေနွားနို့တိုက်တာ အိပ်ဆေးတွေများထည့်ထားသလား။ လုပ်ရက်လိုက်တာအမေရယ်။ ကိုယ့်သမီးလေးကို နည်းနည်းမှမနေမြောဘူး လားမသိ။  ဒီလူလက်ထဲ ဝကွက်အပ်ပြီး ထားခဲ့တော့သည်။ ပျို ဝမ်းနည်းစွာ တိတ်တိတ်လေးငိုနေရာမှ မထိန်းနိုင် တော့ပဲ ရှိုက်သံထွက်လာခဲ့သည်။
“ဟာ ပျို ဘာလို့ငိုနေတာလဲ”
ငြိမ်သွားပါတယ်လို့ထင်နေတာ။ ကြိတ်ငိုနေတာကို။ အတော်စိတ်ညစ်သွားပုံပေါ်သည်။ ဇေထူး ထထိုင်လိုက်ရင်း
“ပျို ထဦး ဘာလို့ငိုနေတာလဲ”
“မထဘူး ငါ့ကိုအကျင့်ပုတ်ထားပြီးမှ လာမေးမနေနဲ့ အီး ဟီးးးး”
“ငါလား ငါကဘာအကျင့်ပုတ်လို့လဲ”
“ဟုတ်တယ် နင် နင် နင့်ကြောင့်ငါ့ဘဝအခုလိုဖြစ်နေတာ”
“ဘာဖြစ်နေလို့လဲပျို”
“ယောကျာ်းမရချင်ပဲယူရတာလေ အဲ့ဒါနင့်ကြောင့်လေ”
“အမ် ပျိုရာ အဲ့ဒီဓါတ်ပြားဟောင်းကြီးပြန်မဖွင့်ပါနဲ့တော့ တနေကုန်ပင်ပန်းထားတာကို မငိုနဲ့တော့ အိပ်တော့”
မှန်းချက်နဲ့နှမ်းတွက်မကိုက်လို့ ဝမ်းနည်းသွားမှန်း ဇေထူးသိပါသည်။ ဒီအတွက် သူမ ကျေနပ်အောင်လို့ သူ မလုပ်ပေးနိုင်ပါ။ ငိုရှိုက်သံသဲ့သဲ့ထွက်နေသေးတဲ့ ကလေးဆန်လွန်းတဲ့ပျိုကို ဘယ်လိုချစ်မှန်းမသိ။ တကယ်ဆို သူမကို ရင်ခွင်ထဲဆွဲသွင်းပြီး ချော့ချင်မိပေမယ့် လက်ဖျားနဲ့တောင်မထိဘူးလို့ ကတိပေးထားမိတာဆိုတော့။ သူ ပျိုရင်ထဲမှာ အပြည့်အဝနေရာယူနိုင်တဲ့ တနေ့ကို အမြန်ရောက်ချင်မိတော့သည်။
=========================================================
ပျို ဒီနေ့ အလုပ်ပြန်ဆင်းတော့မည်။ ဟန်းနီးမွန်းကတော့ သွားမနေပါဘူး။ သူကလဲသွားဖို့ မပြောသလို ပျိုကလဲ မသွားချင်ပါ။ တကယ်ချစ်လို့ကြိုက်လို့ယူကြတာမှမဟုတ်ပဲ။ မင်္ဂလာဆောင်ဖို့ခွင့်တစ်ပါတ်တောင် အမေဆူလွန်းလို့ ယူထားရတာ။ အဲ့ဒီမင်္ဂလာသာမဆောင်ရင် ဘာခွင့်မှယူစရာမလိုပါ။ မင်္ဂလာဆောင်ပြီးနောက်ရက် ရုံးပြန်တက်ဖို့ ချိန်ကိုက်ပြီးခွင့်တင်ထားခဲ့တာပါ။ ကျောင်းကတော့ တင်သလောက်ခွင့်ပေးမယ်ဆိုပေမယ့် မယူချင်ပါ။ ဘာမှလဲ ထွေထွေထူးထူးလုပ်စရာမရှိ၊ ဘယ်မှလဲမသွားပါပဲ။ ဒီအိမ်ထဲမှာ ဇေထူးနဲ့နှစ်ယောက်ထဲ ၂၄ နာရီရှိမနေချင်ပေ။
“ဟင် ပျိုဘယ်သွားမလို့လဲ”
မနက်စာစားဖို့ ပျိုကိုဧည့်ခန်းထဲမှာထိုင်စောင့်နေတဲ့ဇေထူး အံ့သြပြီးမေးလိုက်မိသည်။
“ကျောင်းသွားမလို့လေ ဇေထူး ငါအပေါ်ထပ်အခန်းမှာနေမယ်နော် မသွားခင်အမေ့ကိုသွားနုတ်ဆက်လိုက်ဦးမယ် အမေတို့ ကိုးနာရီလောက်ပြန်မယ်ထင်တယ်”
“ခဏစောင့်ဦး နင့်အတွက်မုန့်နဲ့ကော်ဖီထည့်ပေးလိုက်မယ် ပြီးတော့အန်တီတို့ကိုနုတ်ဆက်ဖို့ ငါလဲလိုက်မယ်”
“အမြန်လုပ်လေ ငါနောက်ကျတော့မယ်”
လွယ်ထားတဲ့အိတ်ကိုဖွင့်ပြီး ဖုန်းထည့်ရင်းလမ်းလျှောက်နေတဲ့ပျိုဟာ ရှေ့နားလာရပ်တဲ့ ဘလက်ကီကိုမမြင်ပဲ ခလုတ်တိုက်မိကာ မှောက်ခုံလဲကျသွားလေသည်။ ရုတ်တရက်ကြီးဆိုတော့ ကိုယ့်ကိုကိုယ်ဘာဖြစ်သွားမှန်းတောင် မသိတော့။ မရှု့မလှကြမ်းပြင်ပေါ်လဲကျသွားတော့သည်။
“ဟာ ပျို ဘယ်လိုဖြစ်တာလဲ”
ဇေထူး ကော်ဖီဖျော်နေရာမှာ ပြေးလာပြီး ပျိုကို ဆွဲထူလိုက်သည်။
“အာဟားးး ဒူးပြဲပြီလားမသိပါဘူး နာလိုက်တာ ဇေထူး နင့်ခွေးတွေကိုုငါမုန်းလိုက်တာ သခင်ရောခွေးရော ငါ့ကိုပဲ ဒုက္ခပေးနေကြတာ”
ငိုချတော့မလိုရှုံ့ရှုံ့မဲ့မဲ့ဖြစ်နေတဲ့ပျိုကိုကြည့်ပြီး ရယ်ချင်ပေမယ့်မရယ်ရက်တော့ပါ။
“လာ လာ ထိုင်ဦး ဒူးနာသွားတာလား ငါကြည့်ပေးမယ်”
ပျို ခုံမှာထိုင်ဝင်လိုက်ရင်း တဆက်ထဲ ရန်ရှာလိုက်သည်။
“ဟမ် နင်က ကြည့်ပေးစရာလား ဖယ် နင်ဟိုဘက်လှည့်နေ”
“ဘာလို့လှည့်ရမှာလဲ”
“ဒူးကိုကြည့်မလို့လေ ထဘီလှန်ကြည့်ရပါမယ်ဆို နင်ပါလိုက်ကြည့်စရာလား”
နားမလည်တာလား၊ တုံးတာလားမသိတဲ့ ဇေထူးကို စိတ်တိုတိုနဲ့ပြောပစ်လိုက်တော့သည်။
“အော် မသိဘူးလေ ငါကစိတ်ပူတာပဲသိတယ် ဒါဆိုကော်ဖီဖျော်လိုက်ဦးမယ် နင်ကျောင်းကိုယူသွားဖို့ ထည့်ပေး လိုက်မယ်နော်”
ဘာမှပြန်မဖြေပေး မျက်ရည်တွေဝဲပြီးဂြိုလ်ပေးနေသူဟာ အတော်နာသွားပုံပင်။ ခွေးတွေနဲ့ ဥဒေါင်းပျိုနဲ့လဲ ခက်တော့ ခက်နေပါပြီ။ အခုဆို ပေါက်စနှစ်ကောင်ပါတိုးလာတော့ ငါးကောင်ရှိနေပြီ။ ဟိုကောင်တွေဆော့တာနဲ့ သူမကနမော်နမဲ့နဲ့ တစ်ခုမဟုတ်တစ်ခုတော့ဖြစ်ပြန်ဦးမည်။
“ညိုမဲသွားပြီ ဒူးနှစ်ဖက်လုံး”
မဲမှာပေါ့လေ။ အားရပါးရလဲသွားတာကို။ အတော်ကိုနာသွားမှာပါ။ ဇေထူးသက်ပြင်းချလိုက်ရင်း
“နာနေမှာပေါ့ပျို ဒီနေ့ကျောင်းမသွားနဲ့တော့လေ”
“သွားမှာ”
သူ ဘာပြောပြော အကန်တွေချည်းပြန်ပြောတော့မှာ သေချာပါသည်။ ပျို ကျောင်းယူသွားဖို့ ကော်ဖီဗူးနဲ့မုန့်ဗူးကို အိတ်ထဲထည့်ရင်း ပြောလိုက်သည်။
“သွားစို့ အန်တီတို့ကိုသွားနုတ်ဆက်မယ်ဆို ကျောင်းကိုငါလိုက်ပို့မယ်”
ဇေထူး မုန့်အိတ်ကိုဆွဲပြီး ရှေ့ကထွက်ခဲ့သော်လည်း ပျိုက သိပ်မြန်မြန်မလျှောက်နိုင်ပေ။ ခရမ်းပုတ်ရောင်လို ညိုသွားတဲ့ဒူးနှစ်ဖက်လုံးက ဘယ်တော့မှအကောင်းအတိုင်းပြန်ဖြစ်မလဲမသိ။
ပျို မပါလာလို့လှည့်ကြည့်လိုက်မှခပ်လှမ်းလှမ်းကနေဖြည်းဖြည်းလမ်းလျှောက်နေတာကိုတွေ့လိုက်ရသည်။ ဇေထူး မုန့်ထုပ်ကိုကားထဲထည့်လိုက်ပြီး ပျိုဘေးနားကနေ ဖြည်းဖြည်းလျှောက်လာခဲ့သည်။
“ကျောင်းမသွားနဲ့တော့ကွာ ဒီလိုပုံစံကြီးနဲ့”
“သွားမှာ”
မျက်နှာဆိုးကို တပြားသားမှမလျော့သလို လေလဲမလျော့။ ဒီပုံစံနဲ့ဘယ်လိုသွားလို့ဖြစ်မှာလဲ။ အခုသွေးပူနေတုန်း တောင် နာနေတာ။ တဖြည်းဖြည်းနဲ့ပိုနာလာဖို့ပဲရှိပါသည်။
“ဟော သမီးတို့ လာကြ စားပြီးပြီလား”
နှစ်ယောက်လုံး အမေနဲ့ဦးကြည်စိုး မနက်စာစားနေတဲ့ စားပွဲမှာပဲဝင်ထိုင်လိုက်ကြသည်။
“မစားရသေးဘူးအမေ ကျောင်းရောက်မှစားတော့မယ်”
“ဟင် သမီးကခွင့်ယူထားတာမဟုတ်ဘူးလား”
“မနေ့အထိပဲယူထားတာလေ ဒီနေ့ကစပြီးတက်ရတော့မှာ အမေတို့ဘယ်အချိန်ပြန်မှာလဲ”
အမေက ပျိုအဖြေကို စိတ်တိုင်းမကျသလိုတစ်ချက်ကြည့်ခဲ့သည်။
“သွားတော့မှာ မနက်စာစားပြီးတာနဲ့”
“အဲ့ဒါဆိုသမီးလဲကျောင်းသွားတော့မယ် အမေ့ကိုလာနှုတ်ဆက်တာ သမီးကန်တော့မလို့”
ပျိုနဲ့အတူဇေထူးပါ လိုက်ကန်တော့ဖို့ထိုင်ချလိုက်တော့ ပျိုကဇေထူးကိုတစ်ချက်စွေကြည့်ခဲ့ပေမယ့် ဘာမှမပြောပေ။
အမေနဲ့အတူထိုင်နေတဲ့ပျိုရဲ့ဖေဖေလေးကို မကန်တော့ချင်ပေမယ့်လဲ ကန်တော့လိုက်ရသည်။ အခုအချိန်ထိပျိုဟာ သူ့ကို အသိအမှတ်မပြုချင်သေးပေ။ အဲ့ဒီဦးလေးကြီးကို အရင်ကခင်မင်မိပေမယ့် အမေနဲ့လက်ထပ်ပြီးထဲက စကား မပြောဖြစ်တော့တာ အတော်ကြာပါပြီ။ အမေကပြုံးရွှင်စွာဆုတွေတလှေကြီးပေးနေလေသည်။ သမက်ဖြစ်သူကိုလဲ တသားသားနဲ့ချစ်လို့မဆုံးတော့။ သမီးကိုတောင် အဲ့ဒီလောက် တဖွဖွမခေါ်ဘူးလောက်ပေ။ အမေပြန်တော့မယ် ဆိုတော့ စိတ်ထဲဝမ်းနည်းလာကာ ငိုချင်မိတော့သည်။
“အမေ သမီးသွားတော့မယ် ကျောင်းနောက်ကျမှာစိုးလို့”
“အေး အေး သား အန်တီ့သမီးလေးကို စောင့်ရှောက်ပေးပါကွယ်”
“စိတ်ချပါအန်တီ”
“လင်မယားနှစ်ယောက်ရန်မဖြစ်ပဲ ချစ်ချစ်ခင်ခင်တည့်တည့်ရှု့ရှု့နေကြနော် ပျို အမေစိတ်ချမယ်နော်”
ပျိုက မထုံတက်သေးဘာမှပြန်မဖြေသလောက် ဇေထူးကတော့ ခေါင်းတငြိမ့်ငြိမ့်လုပ်နေခဲ့သည်။
“သမီးက နည်းနည်းဆိုးလို့ သားသီးခံပေးပါကွယ် တခါတလေကလေးထက်ပိုဆိုးတယ်”
“ဘယ်မှာဆိုးနေလို့လဲအမေကလဲ သူကသာမကောင်းတာ သူ့ကြောင့်… ”
ငိုချင်ရက်လက်တို့ပျို ဆက်မပြောနိုင်တော့ပဲ မျက်ရည်တွေကျလာတော့သည်။ အမေက ကိုယ့်သမီးကို တစ်စက်မှ အကောင်းမမြင်ပါ။ သူမဟာ မဖြစ်ချင်တာတွေဆက်တိုက်ဖြစ်နေလို့ ဝမ်းနည်းရတဲ့ကြားထဲ အမေကပါအကောင်း မမြင်တော့ ဘာကို စိတ်ဆိုးမှန်းမသိဆိုးကာငိုမိတော့သည်။ မရချင်တဲ့ယောကျာ်းကို အတင်းပေးစားပြီး။ တစ်ယောက်ထဲရှိတဲ့သမီးလေး ဘယ်လိုခံစားနေရတယ်ဆိုတာ ထည့်မတွက်ပဲ ဇေထူးဆီမှာပဲ အပ်နေတော့သည်။ ပျိုဟာ အလုပ်စလုပ်ထဲက လစာမလောက်ရင်တောင် အမေ့ဆီကပြန်မတောင်းပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်အောင် ကြိုးစားပြီး နေခဲ့တာပါ။ ဒါကို မနေ့တနေ့ကမှတွေ့ဖူးတဲ့ဇေထူးကိုပဲ ဇွတ်အားကိုးအပ်နှံပြနေတော့ ပျို မငိုလို့ဘယ်သူငိုမှာလဲ။
“ပျို မငိုနဲ့လေ ဘာဖြစ်လို့ငိုတာလဲ”
“အော် သမီးရယ် ဘာလို့ငိုနေတာလဲ ကဲ ကဲ ကျောင်းနောက်ကျတော့မယ်သွားတော့”
ချော့လေပိုငိုလေဖြစ်မှာသိတဲ့အမေက ပျိုကို တစ်ချက်တောင်မချော့ပဲ မောင်းထုတ်နေသေးသည်။ ပျိုမျက်ရည်တွေ သုတ်ရင်း ထွက်ခဲ့လိုက်သည်။ အမေရယ် သမီးကိုနည်းနည်းလောက်နားလည်ပေးရင်ကောင်းမယ်။
“အန်တီနဲ့ဦး သွားလိုက်ဦးမယ်ခင်ဗျ”
နုတ်ဆက်လို့မပြီးနိုင်တဲ့ဇေထူးမြတ်ကို ထားခဲ့လိုက်သည်။ ဇေထူးက ပျိုနောက်ကိုပြေးလိုက်ခဲ့ရင်း။
“ပျို ငါလိုက်ပို့ပေးမယ်နော်”
အိမ်ထဲပြန်ဝင်ပြီးမျက်နှာသစ်ရဦးမည်။ ငိုထားတဲ့ရုပ်နဲ့ဘယ်လိုလုပ်ကျောင်းသွားလို့ရမှာလဲ။
“ငါ မျက်နှာသစ်လိုက်ဦးမယ်”
“ကျောင်းမသွားနဲ့တော့ ဒီတစ်ရက်တော့နားလိုက်ပါ”
သူမကိုယ်တိုင်လဲ မသွားချင်တော့ပါ။ ဒီအိမ်မှာလဲမနေချင်နဲ့။ စိတ်ဆင်းရဲပါတယ်။
“နော် ခွင့်လှမ်းတင်လိုက်တော့”
ပျိုက ဘာမှပြန်မဖြေပဲ အိမ်ထဲဝင်သွားလို့ ဇေထူးကားထဲကမုန့်ထုပ်ကိုပြန်ဖွင့်ယူလိုက်သည်။ သွားမယ်ဆိုရင် သွားမှာပဲဆိုပြီး ဆောင့်အောင့်ပြောခဲ့မှာလေ။ ပျို့အကြောင်းကိုသူ ကောင်းကောင်းကြီးနောကျေနေပါပြီ။
မှုန်ကုတ်ကုတ်နဲ့ကော်ဖီသောက်နဲ့ပျိုဟာ စိတ်ဆိုးစရာအကြောင်းကိစ္စအတော်များနေပုံပင်။ ပျိုအမေက သမီးကို စိတ်မချလို့ သူ့ကိုတိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ သမီးလေးကိုစောင့်ရှောက်ပေးဖို့ ပြောတတ်ပါသည်။
“သမီးက ပုံစံကသာ ဂျစ်တစ်တစ်ဖြစ်နေပေမယ့် စိတ်ရင်းကောင်းရှာပါတယ် အန်တီနောက်အိမ်ထောင်ပြုလိုက်တဲ့ အချိန်ကစပြီး အရင်က ဥဒေါင်းပျိုပုံစံပျောက်သွားပြီး တလောကလုံးကိုဂရုမစိုက် အရွဲ့တိုက်ချင်တဲ့အခုလိုပုံစံဖြစ် သွားတော့တာပဲ အဖေကိုအရမ်းချစ်တဲ့သမီးဆိုတော့ သူ့အဖေအပေါ်သစ္စာမရှိဘူးဆိုပြီး အမေကို စိတ်နာသွားခဲ့ တာ အန်တီပြောစကားကိုလဲလုံးဝနားမထောင်တော့ဘူး အန်တီကတစ်ဆို သူကနှစ်ပဲ အမေကိုဆန့်ကျင်ဖို့ပဲ စဉ်းစားနေတော့တာ”
ပျိုပုံစံက တမျိုးလေးလို့ထင်ခဲ့မိတာ ဒါကြောင့်ကိုး။
“ကိုကြည်စိုးကလဲ သမီးကိုအလိုလိုက်ရှာပါတယ် သားအမိနှစ်ယောက်စိတ်ဝမ်းကွဲရတာသူ့ကြောင့်ဆိုပြီး စိတ်မ ကောင်းဖြစ်နေခဲ့တာ အန်တီတို့လက်ထပ်တာကို ကိုကြည်စိုးသားက နားလည်ပေးနိုင်ပေမယ့် ပျိုကတော့ အသက် ဆယ့်ခုနှစ်နှစ်တောင်မပြည့်ချင်သေးတဲ့အရွယ်ဆိုတော့ အမေနောက်အိမ်ထောင်ပြုတာကို ရှက်တာလဲပါမှာပေါ့လေ ကျောင်းပိတ်ရင်တောင် အိမ်ကိုတစ်ခါမှပြန်မလာတော့ဘူး သမီးနဲ့တွေ့ချင်ရင်အန်တီပဲ ရန်ကုန်လာရတာ သူနေဖို့ တိုက်ခန်းဝယ်ပေးမယ်ဆိုတာတောင် အဝယ်မခံဘူး အဆောင်မှာနေပြီး ကျောင်းတက်ခဲ့တာ ကျောင်းပြီးတာနဲ့ အလုပ်လုပ်ပြီး အမေဆီကပိုက်ဆံမတောင်းတော့တာခုချိန်ထိပဲ ဒီအိမ်ကိုပြောင်းနေဖို့တောင် မနည်းပြောခဲ့ရတာ ပထွေးနဲ့ပတ်သက်ပြီး ဘာတစ်ခုမှအကူညီမယူချင်တဲ့ သဘောပေါ့ ဒါကြောင့်သားကို အလေးအနက် မေတ္တာရပ်ခံ ချင်ပါတယ် သမီးလေးကိုကြင်ကြင်နာနာဆက်ဆံပေးပါနော် သမီးလေးကသနားဖို့ကောင်းပါတယ်”
“စိတ်ချပါအန်တီ”
ဒေါ်စိမ့်အေး ဇေထူးကိုစိတ်ချပါသည်။ ဟိုအရင်နေ့တုန်းက သူတို့အိမ်ရှေ့မှာစကားပြောနေတာကို ကြားပြီး ကတည်းက ဇေထူးနဲ့သာပေးစားဖို့ဆုံးဖြတ်လိုက်မိတာပါ။ သမီးက ကလေးဆန်ပြီး ဆိုးပေသလောက် ဇေထူးက သမီးကိုအတော်ချစ်ပြီး စိတ်ရှည်လက်ရှည်ပုံမို့ စိတ်ချသွားခဲ့တာပါ။
ယောက္ခမကြီး စိတ်မချလဲ မချချင်စရာ။ ပျိုရဲ့အခုလိုပုံစံမျိုးနဲ့ တခြားယောကျာ်းနဲ့သာရရင် မလွယ်လောက်ပေ။
“ငါ အပေါ်ထပ်မှာအိပ်မှာနော်”
“ဘာဖြစ်လို့လဲပျို”
“နင်နဲ့အတူတူမအိပ်ချင်ပါဘူး”
“ငါတို့ကလင်မယားဖြစ်နေပြီလေ အတူတူအိပ်ရမှာပေါ့”
“မအိပ်ဘူးဆို မအိပ်ဘူးပဲ နင်ပြောတော့အလိုလိုက်မယ်ဆို”
အဲ့ဒီစကားတစ်ခွန်းကိုပဲနင်းကာ အနိုင်ယူနေတော့သည်။ သူမရဲ့အကြံအစည်ကိုမရိပ်မိပဲ ကတိပေးမိတာကိုက သူ့အမှားပင်။
သူ့ဘာသာလက်ဖျားနဲ့မထိဘူးလို့ ဘယ်လောက်ပြောပြော။ စိတ်ကျဉ်းကြပ်စွာ သူနဲ့တစ်ခန်းထဲအတူမနေချင်ပါ။ှှ
“အင်းလေ အခုလဲအလိုလိုက်နေတာပဲလေ စောစောထပြီးမနက်စာပြင်ကျွေးတဲ့ယောကျာ်းဘယ်မှာရှိနေလို့လဲ”
“တော်ပြီ နင့်မုန့်တွေငါမစားတော့ဘူး”
“အာ ပျို ငါကစတာပါ စိတ်မကောက်နဲ့တော့ မပြောတော့ဘူး”
“အောင်မာ သူ့ကိုများဘယ်သူကစိတ်ကောက်နေလို့လဲ”
နုတ်ခမ်းစူထော်ပြီးရန်ရှာနေတဲ့သူကစိတ်မကောက်ဘူးတဲ့။ ဇေထူးပြုံးချင်ချင်ဖြစ်နေမိတာကို စိတ်ထိန်းထားရသည်။
“အပေါ်ထပ်မှာ အိပ်ရာခင်းကူပေးဦး”
“အဲ့ဒါတော့နည်းနည်းလွန်လွန်းတယ်မထင်ဘူးလားပျို”
“ဟင် ဘာကိုလဲ”
“ငါမှမအိပ်စေချင်တာ အဲ့ဒီအခန်းမှာအိပ်ဖို့ င့ါကိုအိပ်ရာခင်းကူခိုင်းနေတာက လွန်တာပေါ့”
“ငါ ဒူးနာနေတာလေ နင့်သားသမီးတွေကြောင့်ဖြစ်တာလေ အဲ့ဒါအဖေဖြစ်တဲ့နင်ကတာဝန်ယူပေးရမှာပေါ့ လုပ်ကူမှလား မကူဘူးလား ဒါပဲပြော”
စကားတတ်လွန်းတဲ့သူမကို သူကသာအလျော့ပေးလိုက်ရတော့သည်။ ပျိုက သူ့ကိုမျက်စောင်းထိုးရင် မေဇွန်ဆီက ဖုန်းလာကို ကိုင်လိုက်သည်။
“ဟဲလို မေဇွန် ပြော”
“ပျို ဘာဖြစ်လို့ကျောင်းမလာတာလဲ ခွင့်လှမ်းတိုင်တယ်ဆို အစကတော့ ဒီနေ့လာမယ်ဆိုပြီး”
“အင်းလေ မပြောချင်တော့ပါဘူးဟယ်”
“ပြောပြပါဟယ် ငါစိတ်ဝင်စားတယ်”
“ဘာကိုလဲ”
“မနေ့ညကအကြောင်းလေ ခိ”
“သေလိုက်လေ….”
ပျို မျက်နှာတွေနီရဲသွားရသည်။ မေဇွန်ကိုကျိန်ဆဲရင်း ဇေထူးကို မလုံမလဲကြည့်လိုက်မိသည်။ တော်သေးတယ်။ သူ့ဘာသာဖုန်းကြည့်နေလို့။
“မသိဘူးလေ နင်မလာနိုင်တာအဲ့ဒါကြောင့်များလားလို့”
“မေဇွန် နင်နာတော့မယ်နော်”
“ငါဘာမှမပြောရသေးဘူးနော် ဘယ်လိုလဲနင့်ယောကျာ်းရော အခုဘယ်မှာလဲ”
မျက်နှာချင်းဆိုင်မှာ အရှင်လတ်လတ်ငုတ်တုတ်ကြီး ဖုန်းကြည့်နေတယ်ဟေ့လို့ စိတ်ထဲကနေပြန်ဖြေလိုက်သည်။
“ငါမနက်က ချော်လဲလို့”
“အမ် ဟုတ်လား ဘာဖြစ်သွားသေးလဲ”
“ငါ၏ဒူးနာ၏ ဖြစ်နေလို့လေ အားလုံးပြင်ဆင်ပြီးထွက်ခါနီးမှာမှခွေးစုတ်ကြောင့်မှောက်ခုံလဲသွားတာ ဒူးနှစ်ဖက်လုံး ခရမ်းပုတ်ရောင်လေးဖြစ်ပြီး လှပနေလေရဲ့ တက်တူးထိုးစရာမလိုဘူး”
ဇေထူးကို မျက်စောင်းထိုးပြီး တမင်ပြောလိုက်သည်။ သူ့ခွေးတွေကို အရင်ချစ်သလိုလိုရှိပေမယ့် အခုတော့ အမြင်ကတ်ပါသည်။ ဒင်းတို့တွေကြောင့် ပျို အမျိုးမျိုးဖြစ်နေရတာမလား။
“ခိခိ မသိပါဘူး အိပ်ရာထနောက်ကျလို့များလားလို့လေ”
အနောက်အသွားမလွတ်တဲ့စကားကြောင့် ပျို မေဇွန်ကို အသံတိတ်ကြိတ်ဆဲလိုက်မိသည်။
“ဒါပဲ ငါမအားဘူး”
“နေဦး နေဦး မနက်ဖြန်တော့လာမှာမလား”
“အင်းလေ ဘာဖြစ်လို့လဲ”
“ကော်ဖီယူခဲ့ဦးလို့မှာမလို့ပါ နင့်ရဲ့ချစ်ယောကျာ်းကိုဖျော်ခိုင်းနော် နင့်လက်ရာမသောက်ချင်ဘူး”
ပျို ဆက်နားမထောင်တော့ပဲ ဖုန်းချပစ်လိုက်တော့သည်။ ငဇွန် ငဇွန်။ ဖုန်းခေါ်ပြီး မျက်နှာလာရူးပြနေသည်။
“ဇေထူး အပေါ်သွားမယ်”
အမယ်။ လေသံက အပိုင်ပဲ။ အကူညီတောင်းတာမဟုတ်ပဲ လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့သဘော။ ဟုတ်ပါတယ်။ လုပ်ကို လုပ်ပေးရမှာပဲလေ။ သူကချစ်နေရသူပဲ။ အလျော့ပေးရမှာပေါ့။
==========================================================
“ပျို နင်အလုပ်ထွက်လိုက်ပါလား”
“မထွက်ပါဘူး ဘာလို့ထွက်ရမှာလဲ”
တနေ့တနေ့ ဝုန်းဒိုင်းကျဲပြေးလွှားနေတဲ့ပျိုကို သူမျက်စိနှောက်လွန်းလှပြီ။ အရင်ကဆို ကျောင်းပိတ်ရက်တိုင်း အိမ်တွင်းအောင်းနေတတ်တဲ့သတ္တဝါဟာ အခုတော့ အိမ်လုံးဝမကပ်။ နေ့တိုင်းအပြင်ထွက်ပါသည်။ ထွက်ပေမယ့် အိမ်ပြန်နောက်ကျတာလဲမဟုတ်တော့ သူပြောချင်ပေမယ့် ဘယ်လိုပြောရမှန်းမသိ။ ပြောလဲ နားထောင်မှာ မဟုတ်ဘူးဆိုတာ ကြိုသိနေတော့ သူမနဲ့ပြသနာဖြစ်စကားများတာမျိုးလဲ မဖြစ်ချင်ပါ။
အိမ်အလုပ်တွေတော့ နည်းနည်းပါးပါးကူလုပ်ဖော်ရသည်။ ပြီးတော့သူ မရှိတဲ့အချိန်ဆိုလဲ ခွေးတွေကိုဂရုတစိုက် အစာကျွေးဖော်ရသည်။ မနက်စာနဲ့ညနေစာကို လက်ဆုံစားဖြစ်သည်။ သို့သော် အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပါးနေတာတော့ လုံးဝမကြိုက်ပါ။ အထူးသဖြင့် အောင်ထက်ဆိုတဲ့တစ်ယောက်အိမ်ပြန်လိုက်ပို့ပေးချိန်ဆို သူ နည်းနည်းမှ မကျေနပ်ပါ။
“ဒါဆိုလဲ ကျောင်းဆင်းရင် ငါလာကြိုမယ်”
သူနဲ့မင်္ဂလာဆောင်ပြီးတာ တစ်လပြည့်တော့မှာကို။ အခုမှ ဘာထဖောက်နေလဲမသိတဲ့ဇေထူးကို ပျို နားမလည်နိုင် တော့။ ပျိုကဘာလို့အလုပ်ထွက်ရမှာလဲ။ ကိုယ့်ဘာသာအလုပ်လုပ်မှပိုက်ဆံရမှာလေ။ မထွက်နိုင်ပါဘူး။ သူ့ဆီက ပိုက်ဆံကို လက်ဖြန့်မသုံးချင်ပါ။ တသက်လုံး ကိုယ့်ဟာကိုယ်ရှာသုံးလာသူဆိုတော့ သူများဆီမျှော်ကိုးနေရတာမျိုး မလုပ်ချင်ပါ။ ဒီလတော့ ပျို လစာတော်တော်များများပိုပါသည်။ မနက်စာနဲ့ညနေစာကို သူကျွေးနေလို့ပါ။ သူ့ကို ပိုက်ဆံပေးဖို့ ပေးသင့်၊မပေးသင့်စဉ်းစားရင်း အခုချိန်ထိမပေးမိသေး။ ပြီးတော့အိမ်ထဲမှာနေပြီး ဘာလုပ်နေရမှာလဲ။ သူကလဲ တစ်နေ့ကို သုံးလေးနာရီလောက်သာ ဆိုင်သွားဖို့အပြင်ထွက်တတ်သူ။ အဲ့ဒါကို သူနဲ့အတူအိမ်မှာ ရှိနေရ မယ်ပေါ့။ မနက်ပိုင်း၊ ညနေပိုင်းလောက်သာ တွေ့ရရင်တော်သေး။ လူကို အပြင်မထွက်စေချင်တိုင်း အလုပ် လာထွက်ခိုင်းနေသည်။ အကြံဆိုးကြီးနဲ့လူသားရဲ့စကားကို နားမထောင်နိုင်ပါ။
“ဘာဖြစ်လို့လဲ လာကြိုချင်လဲကြိုပေါ့ နင့်ဆိုင်အလုပ်တွေနဲ့မအားဘူးမလား”
“ရတယ် ငါလာမကြိုနိုင်တဲ့နေ့ဆိုဖုန်းဆက်လိုက်မယ်”
ပျို အူကြောင်ကြောင်နဲ့ခေါင်းငြိမ့်ပြလိုက်သည်။ သူလာကြိုရင် ပိုတောင်ကောင်းသေး။ ဘတ်စ်ကားတိုးစီးစရာ မလိုတော့ဘူးပေါ့။ သူပဲအလုပ်ရှုပ်မှာ။ ပျိုကတော့ အေးဆေးပါ။
သူပြောတဲ့အတိုင်း ကျောင်းဆင်းချိန်တိုင်းလာကြိုပေးပါသည်။
“ကဲ ကဲ ချစ်ခင်ပွန်းလာကြိုနေပြီဆိုတော့ ကားပေါ်ကျော့ကျော့လေးလိုက်သွားလိုက်ရုံပဲ သူများတွေဘဝများနော် အားကျနေပါပြီ”
မေဇွန်ရဲ့လက်မောင်းကိုဖြတ်ခနဲရိုက်ပြီးကားပေါ်တက်လိုက်သည်။ဇေထူးကကားပေါ်ကနေမေဇွန်ကိုလှမ်းပြုံးပြကာ နုတ်ဆက်နေသေးသည်။
“ပျို ဘာစားချင်လဲ ဒင်နာတခုခုစားပြီးမှပြန်မယ်လေ”
“အင်း ဘာစားရင်ကောင်းမလဲ လမ်းသင့်တဲ့ဆိုင်တစ်ဆိုင်ပဲဝင်လိုက်လေ”
“ရပါတယ် လမ်းမသင့်လဲ နင်စားချင်တဲ့ဆိုင်သာပြော ငါလိုက်ကျွေးမယ်”
“အမယ် သဘောကောင်းနေပါလား ဘာဖြစ်လာလို့လဲ”
“ပျိုကလဲ ဒီနေ့ငါတို့မင်္ဂလာသက်တမ်းတစ်လပြည့်တဲ့နေ့လေ နင်မေ့နေတာလား”
“အော် ဟော် ဟော် အေး အေး မမေ့ပါဘူး”
ဟုတ်တယ်လေ။ မမေ့ပါဘူး။ သတိကိုမရတာ။ မေ့ဖို့ စိတ်ထဲမှာကို မရှိတာပါ။
မမေ့ပါဘူးပြောနေပေမယ့် လုံးဝသတိမရတာ ဇေထူးသိပါသည်။ ဒါပေမယ့်လဲ သူ့မှာသတိပေးဖို့တာဝန် ရှိပါသည်။ ပျိုရာ ငါနဲ့ပတ်သက်ပြီး နည်းနည်းပါးပါးလောက်တော့ အလေးထားပေးစမ်းပါ။
သူကတော့ အတူတူနေရင်း သံယောဇဉ်တိုးပြီးပိုချစ်လာသလောက် သူမကတော့ ပေါ့ပျက်ပျက်နိုင်လွန်းလှသည်။ ဒါပေမယ့် သူ့ကိုပျိုလဲချစ်တယ်လို့ ဘာကြောင့်ခံစားနေမိမှန်းမသိ။
နှစ်ဦးသား ညနေစာအတူတူစားနေတုန်းက ပျော်ပျော်ရွှင်ရွှင်ပင်။ အိမ်ပြန်လမ်းမှာမှ ပျိုကစဖောက်တော့သည်။
“ဇေထူး ပျိုပြောမလို့ ဟိုလေ လကုန်တုန်းက လစာထုတ်တာ….”
“အင်း အဲ့ဒါဘာဖြစ်လဲ”
စကားကိုဆက်မပြောပဲရပ်ထားလို့ ဇေထူးမေးလိုက်သည်။
“အဲ့ဒါ အိမ်စရိတ်ပေးရမလားလို့လေ”
“ဘယ်လို ဘာကိုပြောတာလဲပျို”
“ငါက နင့်ဆီမှာ မနက်စာနဲ့ညစာစားနေတာလေ အဲ့ဒါအားနာလို့”
ဇေထူးက မျက်နှာထားတင်းတင်းနဲ့မျက်မှောင်ကြုတ်နေပြီး ဘာမှပြန်မပြောပေ။
“နော် ပေးမယ်လေနော် အများကြီးတော့မဟုတ်ပေမယ့် ….”
“နင်က ငါလက်ထပ်ထားတဲ့မိန်းမပဲပျို တစ်နေ့သုံးနပ်ကျွေးရမှာငါ့တာဝန်ပါ”
“တကယ်လင်မယားမှမဟုတ်တာ ငါနင့်ကိုအားနာလို့”
လူသိရှင်ကြားမင်္ဂလာဆောင်ပြီး တရားဝင်လက်ထပ်ထားတာကို တကယ်မဟုတ်ဘူးဆိုတော့ သူ အတော်ကို တင်းနေပါပြီ။ ချစ်လို့အလိုလိုက်တာကို အမိုက်စော်ကားတဲ့ပုံစံမျိုးတော့ မလုပ်စမ်းနဲ့ပျိုရာ။ သူ့ကိုအခုချိန်အထိ သူမခင်ပွန်းအဖြစ် အသိအမှတ်ပြုပုံမရ။ သူမဒီလိုပုံဖြစ်အောင်လုပ်ထားတဲ့အဓိက တရားခံကတော့ သူပါပဲ။
“မပေးရဘူးလားဟင်”
“မင်း တိတ်တိတ်နေတော့ပျို ဆက်မပြောနဲ့တော့ မင်းကိုမကျွေးနိုင်လောက်အောင်အထိ ငါမမွဲသေးဘူး”
“အမလေး မမွဲမှန်းတော့သိတာပေါ့ အားနာလို့လဲပြောရသေးတယ် မယူချင်နေပေါ့ ဟွန်း”
သူမကပဲ စိတ်ပြန်တိုပြနေသေးသည်။ ဇေထူး ဘာမှပြန်မပြောတော့ပဲ ကားကိုသာအာရုံစိုက်မောင်းနေလိုက်သည်။ ဒီအချိန်မှာ သူနားလည်လိုက်တာကတော့ သူမကို ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူးဆိုတာပင်။
“ပျို နင်အဝတ်အစားလဲပြီးရင် ပြန်ဆင်းလာခဲ့”
“ဟင် ဘာဖြစ်လို့လဲ ညစာလဲစားပြီးပြီကို နားချင်ပြီလေ”
“ဒါဆိုလဲ ငါနင့်အခန်းထဲလိုက်ခဲ့မယ် ပြောစရာရှိတယ်”
“အစထဲက ပြောစရာရှိတယ်လို့ပြောပါလား ပြန်ဆင်းခဲ့မယ်”
သူစိတ်တိုသွားတာ ပျိုသိပါသည်။ လမ်းမှာထဲက စကားမပြောတော့တာ အိမ်ပြန်ရောက်မှ ပြောစရာရှိတယ်ဆိုပြီး ပြောနေပြန်သည်။ ကားပေါ်မှာထဲကပြောပါလား။ ထမင်းဖိုးပေးမယ်လို့ပြောရင်စိတ်ဆိုးမှာစိုးလို့ အတတ်နိုင်ဆုံး လှည့်ပတ်ပြောထားတာကို။ စိတ်ဆိုးလဲမတတ်နိုင်တော့ပါ။ ပြောပြီးသွားပြီလေ။ အဝတ်အစားလဲပြီးပြန်ဆင်းလာ ခဲ့တော့ ဇေထူးက ဧည့်ခန်းထဲ ထိုင်စောင့်နေလေသည်။
“ပြော ဘာပြောမလို့လဲ”
“နင်ငါ့ကို အိမ်စရိတ်ပေးမယ်လို့ပြောတာ ပေးစရာမလိုဘူး ဒါပေမယ့် အိမ်အလုပ်တွေတော့ ကူလုပ်ပေးရမယ်”
“ဘာလုပ်ပေးရမှာလဲ”
“မနက်စောစောထ တစ်အိမ်လုံးသန့်ရှင်းရေးလုပ်ပေးရမယ်”
“ဟမ် အပေါ်ထပ်အောက်ထပ်နှစ်ထပ်လုံးလား”
“အင်း ပြီးရင် မနက်စာချက်”
“ငါ ငါကလား”
“အင်း ပြီးရင် ငါ့အတွက် နေ့လယ်စာလဲချက်သွားပေးရမယ် ညနေစာက ကျောင်းကပြန်လာမှချက်”
“တစ်အိမ်လုံးသန့်ရှင်းရေးလုပ်ရမယ် မနက်စာ နေ့လယ်စာချက်ရမယ် ကျောင်းကပြန်လာရင် ညနေစာချက်ရမယ် အဲ့ဒါတွေအားလုံးငါတစ်ယောက်ထဲလုပ်ရမယ်ပေါ့”
ပျို မယုံနိုင်သလိုပြန်မေးလိုက်သည်။ တကယ်ပါပဲ ဘာစိတ်ကူးပေါက်ပြီး အဲ့လိုတွေလာလုပ်ခိုင်းနေတာလဲ။
“အင်း”
အံ့သြဘနန်း။ ပျိုက ဘာလို့အားလုံးလုပ်ပေးရမှာလဲ။ ကိုယ့်သာသာတစ်ယောက်ထဲနေတုန်းကတောင်မလုပ်တာ။ ခပ်တည်တည်ထိုင်ကြည့်နေတဲ့သူ့ကိုအမြင်ကတ်လိုက်တာ။ ဘာရယ်မဟုတ်ပြောလိုက်တဲ့စကားကို အဲ့လောက်ထိ စိတ်ဆိုးပြီး ပညာပြစရာလိုလို့လား။ ကြံစမ်း ဥဒေါင်းပျို။ ဒီလိုပုံစံမျိုးနဲ့တော့ အရှုံးမပေးချင်ပါ။ သူ့ထက်ပျိုက ပိုဂျစ်တယ်ဆိုတာ သူသိစေရမည်။
“အဲ့ဒါဆိုလဲ တစ်ပါတ်လောက်စောင့်”
“ဘာဖြစ်လို့လဲ မနက်ဖြန်ကစပြီးလုပ်လို့ရပြီလေ”
“အိမ်ဖော်ရှာလိုက်ဦးမယ် ငါတော့အဲ့လောက်ထိမလုပ်နိုင်ဘူး တစ်ယောက်ထဲနေတုန်းကတောင် မလုပ်ခဲ့ပါဘူးဆို မကျေနပ်ရင် ငါ့ကိုအိမ်ပေါ်ကနှင်ချလိုက် နှင်ချခံချင်လွန်းလို့ ပျော်ပျော်ကြီးဆင်းသွားပေးမယ် သိလား”
သူ့ရှေ့ကနေဆောင့်အောင့်ထွက်လာခဲ့လိုက်သည်။ လူကိုတမင်သက်သက်ပညာပြနေတာသိသားပဲ။ ဥဒေါင်းပျိုက သူ့လောက်မှမလည်ရင် သူ့မိန်းမလုပ်ပါ့မလား။ အာ ဘာသူ့မိန်းမလဲ။ ကျွတ် ဘာတွေတွေးလိုက်မိပါလိမ့်။
ဇေထူးတစ်ယောက်ထဲ ကြိတ်ရယ်ပြီးကျန်နေခဲ့သည်။ ငဆိုးမရယ်။ စိတ်ဆိုးနေသူ မရယ်ပဲမနေနိုင်အောင် လုပ်တတ်ပါလား။ ဒါပေမယ့်လဲ သူအလျော့မပေးချင်ပါ။ သူမ နည်းနည်းပါးပါး အသိဝင်အောင် လုပ်ပေးရပါမည်။
မနက်မိုးလင်းလို့ သူထတာနဲ့ ပျိုကိုအပေါ်တက်နိုးလိုက်သည်။
“ပျို ထတော့ ထတော့ နောက်ကျတော့မယ် ပျို ဥဒေါင်းပျို”
အခန်းတံခါးကို ဆက်တိုက်ခေါက်ကာ ပါးစပ်ကလဲတကျော်ကျော်အော်ခေါ်နေတဲ့ဇေထူးဟာ ပျို မထမချင်း ဆက်အော်နေမယ့်ပုံပါပဲ။ ဘယ်အချိန်ရှိနေပြီလဲမသိ။ မျက်လုံးကို ကြိုးစားဖွင့်သော်လည်း ကောင်းကောင်းမပွင့်ချင်။ ပျိုသက်ပြင်းချလိုက်ရင်း ကုတင်ပေါ်ကကုန်းရုန်းထကာ တံခါးဖွင့်ပြီး မေးလိုက်သည်။
“ဘာလုပ်ဖို့ထခိုင်းနေတာလဲ အစောကြီးရှိသေးတာကို”
“မစောတော့ဘူးပျို မနက် ငါးနာရီခွဲနေပြီ”
ဆံပင်စုတ်ဖွားနဲ့ အိပ်ချင်မူးတူးမျက်လုံးပွတ်နေတဲ့ပျိုကိုကြည့်ပြီး ခပ်တည်တည်ပြောလိုက်သည်။
“ဟမ် ငါးနာရီခွဲ… အစောကြီးပဲလေ ဘာလို့လာနိုးနေတာလဲ”
“သန့်ရှင်းရေးလုပ်ဖို့လေ”
ကြည့်စမ်း။ ဒါ တမင်သက်သက် သူ ပညာပြတာပေါ့လေ။ ပျို ဒေါသတွေအပြုံလိုက်ထွက်လာပေမယ့် ဘာမှ မဖြစ်သလို စိတ်ထိန်းလိုက်သည်။
“မလုပ်ချင်ဘူး တအားအိပ်ချင်သေးတယ် ပြန်အိပ်လိုက်ဦးမယ်”
တံခါးပြန်ပိတ်သော်လည်း ဇေထူးက ပျိုလက်မောင်းကိုဆွဲကာ အောက်ထပ်ကို အတင်းဆွဲခေါ်သွားလေသည်။
“အာ နင်ဘယ်လိုဖြစ်နေတာလဲဇေထူး”
“မျက်နှာလဲမသစ်ရသေးတော့ နင်အောက်ထပ်ပဲသန့်ရှင်းရေးလုပ် အပေါ်ထပ် ဘုရားခန်းတွေက ငါလုပ်လိုက်မယ် ဒီနေ့တစ်ရက်ပဲကူလုပ်မှာနော် နောက်ရက်ကစပြီး နင်တစ်ယောက်ထဲလုပ်ရမှာ ကြမ်းတိုက်ပြီးရင် ဖုန်သေချာသုတ် ဖုန်တွေတင်နေတာ ငါမကြိုက်ဘူး”
“အင်း ငါလုပ်လိုက်မယ်”
မကြိုက်ရင်မကြိုက်တဲ့သူကလုပ်ပေါ့။ လူကိုလာခိုင်းစားနေသေးသည်။ ပျို ဘာမှစောဒကမတက်ပဲ မျက်နှာငယ်နဲ့ ငြိမ်နေလိုက်သည်။ ကြမ်းတိုက်တုတ်ကိုလက်ထဲလာထည့်ပေးပြီး ဇေထူး အပေါ်ထပ်ပြန်တက်သွားတော့ ပျို သူ့နောက်ကျောကို ကူလီကူမာပြုံးပြလိုက်ရင်း ကြမ်းတိုက်တုတ်ကိုပစ်ချလိုက်သည်။ သူရှိနေလို့ အပေါ်ထပ် အခန်းထဲလဲ သွားတက်အိပ်လို့မဖြစ်တော့ ဧည့်ခန်းထဲမှာပဲ ဆိုဖာပေါ်လှဲချကာ ပြန်အိပ်ပျော်သွားလေတော့သည်။
ဇေထူး အောက်ထပ်က အသံမကြားလို့ ဆင်းကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ပျိုကို တွေ့လိုက်ရ သည်။ အိပ်မောကျနေတဲ့သူမကို မနိုးရက်တော့လို့ ဒီတိုင်းသာ အိပ်ခိုင်းထားလိုက်တော့သည်။ မိန်းကလေးဖြစ်ပြီး အိပ်ပုတ်ကြီးလွန်းလှသူ။ သူမမျက်နှာကို ထိုင်ကြည့်နေရင်း သူပစ်မှားခဲ့ဖူးတဲ့ပါးပြင်လေးကို သတိရမိသွားသည်။ မတတ်နိုင်ဘူး။ အခွင့်အရေးရတုန်းလေး ဒီပါးပြင်လေး မွှေးမမွှေး စမ်းသပ်လိုက်မိတော့သည်။ လက်ဖျားနဲ့တောင် မထိဘူးလို့ ကတိပေးထားပေမယ့် ကတိဖျက်တာမဟုတ်ပါ။ ဒါက ကြမ်းမတိုက်ပဲ အိပ်နေလို့အပြစ်ပေးတာပါ။ မင်းအစား ငါတိုက်ရတော့မှာလေ ပျိုရဲ့။ ဒါကြောင့် ငါ့ကိုစိတ်မဆိုးပါနဲ့။ သိများသိရင် ပေါက်ကွဲလိုက်မယ့်ဖြစ်ခြင်း။ ဇေထူးတစ်ယောက်ထဲကြိတ်ရယ်လိုက်ကာ မနက်စာချက်ဖို့မီးဖိုထဲဝင်ခဲ့လိုက်သည်။
ခုနှစ်နာရီခွဲနေပါပြီ။ သူတောင် မနက်စာဂျုံခေါက်ဆွဲသုပ်စားဖို့အားလုံးအဆင်သင့်ချက်ပြီးနေပြီ။ ပျိုက ခုချိန်ထိ မထသေး။ မနေနိုင်တော့ပဲ ပျိုကို နိုးလိုက်သည်။
“ပျို ထတော့လေ ခုနှစ်နာရီခွဲနေပြီ ပျို ထတော့”
မျက်လုံးမဖွင့်တဲ့ပျိုကို ပုခုံးကိုကိုင်လှုပ်ကာနိုးလိုက်သည်။
“ဇေထူး အကျင့်မပုတ်နဲ့ကွာ သူများအိပ်နေတာကို နိုးစက်တောင်မမြည်သေးဘူး”
“ဘယ်ကနိုးစက်လဲ နင်အောက်ထပ်မှာအိပ်နေတာလေ ငါတကယ်ပြောနေတာ ထတော့ ငါတောင်မနက်စာ ချက်ပြီးပြီ ခုနှစ်နာရီခွဲကျော်နေပြီ”
“ဟင် တကယ်လား”
ပျို အခုမှ မျက်သလဲဆန်ပြာနဲ့ အပေါ်ကိုပြေးတက်သွားတော့ သူသာ သက်ပြင်းချကာ ကျန်နေခဲ့သည်။
“အဲ့ဒါနင်အကျင့်ပုတ်လို့ သိလားဇေထူး ငါ့ဘာသာအိပ်နေတာကိုအတင်းလာနှိုးပြီးကြမ်းတိုက်ခိုင်းတာ ကျောင်းမှာ အိပ်ငိုက်နေရင် နင်ပဲ”
ပျိုတစ်ယောက် ခေါက်ဆွဲသုပ်ကို ဝါးရင်း အပြစ်တင်စကားကိုလဲအဆက်မပြတ် ပြောနေသေးသည်။ နောက်ကျမှာ စိုးလို့ မျက်နှာကိုတောင် ဘာမှမလိမ်းပဲ နုတ်ခမ်းနီသာဆိုးထားသည်။ သူမမျက်နှာက ဘာမှမလိမ်းထားရင်တောင် မျက်ခုံးမျက်လုံးကောင်းတာမို့ ကြည့်လို့အဆင်ပြေပါသည်။ သူ့အတွက်ကတော့ အဆင်ပြေရုံမက လှပါသည်။ အလွန်ချစ်ဖို့ကောင်းပါသည်။
“ဘာငါ့ကြောင့်လဲ နင်တစ်ချက်တောင်တိုက်ထားလို့လား ကြမ်းကို”
“မတိုက်ဘူးလေ သူများအိပ်နေတာကို ဘာလို့အတင်းကြီးလာခိုင်းနေတာလဲ”
“နင်က အိမ်ရှင်မလေ”
“အမယ် အဲ့ဒါဆိုနင်လဲအိမ်ရှင်ထီးလေ ကိုယ့်ဘာသာလုပ်ပါလား ငါကအလုပ်သွားရသေးတယ် နင့်လိုသူဌေး မဟုတ်ဘူး လခစားဝန်ထမ်း”
“ငါကသူဌေးဆို နင်ကသူဌေးကတော်ပဲလေ အလုပ်ထွက်လိုက်ပေ့ါ သူဌေးကတော်အိမ်ရှင်မပဲလုပ်တော့”
ပျိုခေါင်းပြုတ်ကျမတတ်ခါယမ်းမိရင်း အသကုန်ငြင်းလိုက်တော့သည်။ ဘာသူဌေးကတော်အိမ်ရှင်မလဲ။ ကြမ်းတိုက် မီးဖိုချောင်ဝင်တဲ့အလုပ်ကို နည်းနည်းမှမကြိုက်ပါ။
“လုပ်ဘူး သူများဝန်ထမ်းပဲလုပ်ပါရစေ ငါပိတ်ရက်ဆိုအိမ်အလုပ်တွေလုပ်ကူနေကျပဲလေ ညနေပြန်လာလဲ တတ်နိုင်သလောက်ကူပေးတာပဲကို အတင်းကြီးမခိုင်းစားစမ်းပါနဲ့ဇေထူးရယ် မနေ့ကကိစ္စကိုနင်မကျေနပ်တာ ငါသိတယ် ငါတောင်းပန်ပါတယ် ငါမှားသွားတယ်သိလား နောက်ရက်ကိုဒီလိုမလုပ်ပါနဲ့ ငါအိပ်ရေးပျက်လို့ပါ နင် ဒီနေ့လိုပဲဆက်လုပ်နေမယ်ဆို ငါဒီအိမ်ပေါ်ကနေ ဆင်းသွားမှာ”
“ဆင်းလေ ငါလဲအိမ်ရှင်မသွားရာလိုက်ရတာပေါ့”
“ဟမ်”
မလုုပ်တော့ဘူးလို့မပြောရုံမက ပြန်ပြောပုံက။ မထင်မှတ်ထားတဲ့အဖြေကြောင့် ပျို ကြောင်သွားမိသည်။ သူမ မျှော်လင့်ထားတာက အင်း မလုပ်တော့ဘူး မဆင်းနဲ့ ဘာညာပြောမယ်လို့ပေ့ါ။
“ဟုတ်တယ်လေ သျှောင်နောက်ဆံထုံးမပါချင်တော့လဲ ဆံထုံးနောက်လိုက်ရတာပေါ့”
“နင့်ကိုဘယ်သူကခေါ်မယ်ပြောလို့လဲ”
“လင်မယားဆိုတာ ခေါ်မှလိုက်ရတယ်လို့လဲ ဘယ်သူကပြောလို့လဲ”
သူနဲ့ယှဉ်မပြောချင်တော့ပါ။ စကားပြောပုံကအရင်လိုမဟုတ်တော့။ လင်မယားတွေဘာတွေနဲ့။ အဲ့ဒီလိုပြောသံကြီး ကို မကြားချင်ပါ။ တမင်ကပ်သပ်ပြောနေတဲ့သူ့ကို အမြင်ကတ်ကတ်နဲ့စကားလုံးဝပြန်မပြောဖို့ ဆုံးဖြတ်လိုက်သည်။
“ငါကျောင်းလိုက်ပို့မယ်နော်ပျို”
ပို့ချင်ပို့ မပို့ချင်နေပေါ့။ ပျို ဝစီပိတ်ကျင့်ဖို့ဆုံးဖြတ်ထားပြီးသားဆိုတော့ ဘာစကားမှပြန်မပြောတော့။
မနက်ထဲက သူ့ကိုစိတ်ကောက်နေတဲ့ ပျိုဟာ ညနေကျောင်းဆင်းပြီး အိမ်ပြန်ရောက်ချိန်ထိ စကားမပြောတော့ပါ။ အဲ့ဒီလိုစကားမပြောတော့လဲ သူ မနေတတ်ပြန်။ စိတ်ဆိုးရမယ့်သူက သူသာဆိုပေမယ့် ပျိုကပဲ ပြန်ပြီး စိတ်ကောက်နေတော့သည်။
“ပျို ညနေစာ ဘာစားချင်လဲ”
မျက်နှာများရမလားလို့ မေးလိုက်မိတာကို။ တစ်ချက်မှအဖက်မလုပ်ပဲ အပေါ်ထပ်ကိုသာတန်းတက်သွားလေသည်။ ကဲ ဇေထူးမြတ် ဥဒေါင်းပျိုကိုပညာပြချင်သေးလား။ ဆရာမကိုသွားပြီး ပညာပြတော့ သူ့ထက် ပိုဆရာကျသူပျိုက ပညာပြန်ပြသွားလေပြီ။ သူမက မခေါ်ပဲနေနိုင်ပေမယ့် သူကတော့မခေါ်ပဲမနေနိုင်ပါ။ ဒီတော့ အရမ်းချစ်ရတဲ့သူသာ အလျော့ပေးရပေတော့မည်။
“ပျို ထမင်းစားမယ်”
မစားပါဘူး။ သူချက်ကျွေးတာကို ဒီနေ့ကစပြီးမစားတော့ပါ။ ဗိုက်တော့နည်းနည်းဆာသလိုရှိပေမယ့် ခဏနေမှ ခေါက်ဆွဲပဲပြုတ်စားလိုက်တော့မည်။
“ပုဇွန်တန်ပူရာကြော်နဲ့ ကိုက်လန်ခရုဆီကြော်ထားတယ် ကြက်သားကိုလဲ ချဉ်စပ်ချက်ထားပေးတယ်”
ပျိုအကြိုက်ဟင်းတွေဆိုတော့ မာနလေးနည်းနည်းလျော့သွားသလိုပင်။ ဒါကြောင့်ခုနတုန်းက အနံ့တွေမွှေးနေ တာကိုး။ အို ငတ်ကြီးကျနေလို့မဖြစ်ပါဘူး။ စိတ်ကိုပြန်တင်းရင်း ပြန်မဖြေပဲနေလိုက်သည်။
“ပျို ထွက်ခဲ့တာ့ ငါတံခါးဖွင့်ဝင်ခဲ့မှာနော် သော့ပါလာတယ်”
မထွက်မချင်းခေါ်နေတော့မှာသိသည်။ ဇေထူးမြတ်နဲ့လဲ အတော်ခက်ပါသည်။ ပျိုတံခါးဆွဲဖွင့်ကြည့်လိုက်တော့ သွားဖြဲပြနေတဲ့မျက်နှာကြီးက အမြင်ကတ်စရာပါ။
“လာ ပျို ဗိုက်ဆာနေပြီမလား”
ပျိုလက်မောင်းကို အတင်းဆွဲခေါ်လာလို့ မလိုက်ချင်တဲ့ပုံစံမျိုးနဲ့လိုက်ခဲ့ပြီး အသင့်ပြင်ထားတဲ့ထမင်းဝိုင်းမှာ ဝင်ထိုင်လိုက်သည်။ သူကလဲ ပျိုနဲ့မျက်နှာချင်းဆိုင်စားပွဲတဖက်ခြမ်းမှာ ဂီတာကိုင်ကာထိုင်လိုက်သည်။
“စားနှင့်ပျို အဟမ်း စိတ်ဆိုးနေတဲ့ဥဒေါင်းပျိုကို ချော့ဖို့သီချင်းတစ်ပုဒ် သီဆိုပြပါမယ်”
အမယ် သူကဂီတာတီးတတ်တယ်ပေါ့။ ဘယ်ချောင်ကဆွဲထုတ်လာမှန်းမသိတဲ့ဂီတာနဲ့။ စကားပြန်မပြောပေမယ့် ဘာသီချင်းတီးမလဲ ထမင်းစားရင်းနားစွင့်နေမိသည်။
“ရည်ရွယ်ထားတဲ့ ချောနှမအကြောင်းကို ယောက္ခမကြီးကပြောပြဖူးတယ် တဒင်္ဂခဏလောက်နားထိုင်းလိုက်ချင် တယ် ပြောပြတဲ့ယောက္ခမကို ကျေးဇူးတင်တယ်တယ် တကယ်ကြီးကွယ် ကောင်မလေးကအစားပုတ်တယ် မနက် အစောလဲမထချင်ဘူးတဲ့ အမလေး ကြောက်စရာလန့်စရာ မင်းရဲ့အကြောင်းတွေပဲ ပြောပြတဲ့လူတွေသာ ကျေးဇူးတင်တယ် ယုံသွားပြီကွယ် မိန်းမဆိုး အဆိုးလေးမို့ကွယ် ပိုချစ်တယ် ကိုယ့်အသဲ ခွဲသွားပါစေ ချစ်နေမယ် မိန်းမဆိုး အဆိုးလေးမို့ကွယ် ပိုချစ်တယ် ကိုယ့်အသဲခွဲသွားပါစေချစ်နေမယ်”
ပျို ဒီသီချင်းကို နားမထောင်တာကြာလို့ သီချင်းစာသားတွေသိပ်မမှတ်မိတော့ပေမယ့် သူဆိုနေတဲ့စာသားတွေ မဟုတ်မှန်းတော့ သိနေပါသေးသည်။ ယောက္ခမက ဘယ်ကပါလာရတာလဲ။ ပြီးတော့ အစားပုတ်တာတွေရော၊ မနက်စောစောမထတာတွေရော။
“ယောက္ခမပြောတဲ့ မင်းရဲ့အကြောင်းကို ကိုယ်တကယ်လက်တွေ့သိခဲ့ရတယ် ကမ္ဘာကြီးအိုးထိန်းစက်ပမာ သွက်သွက်လှည့်ပြီကွယ် မင်းအတွက်နဲ့ မောင်တကယ် သန့်ရှင်းရေးလုပ်ပြီကွယ် မိဆိုးရယ် မိန်းမဆိုး အဆိုးလေးမို့ကွယ် ပိုချစ်တယ် ကိုယ့်အသဲ ခွဲသွားပါစေချစ်နေမယ် ဟေးးး အဆိုးလေးမို့ကွယ် ပိုချစ်တယ်”
သီချင်းထဲမှာတော့ သန့်ရှင်းရေးလုပ်တာမပါဘူးဆိုတာ သေချာပါသည်။ ကြည့်စမ်း။ ဒါပျို့ကိုရွဲ့ဆိုနေတာပေါ့လေ။
ဇေထူး ပျိုကိုကြည့်ကာသီချင်းဆိုနေရင်း သူမမျက်စောင်းထိုးခဲ့တာမြင်တော့ မထိန်းနိုင်ပဲ ရယ်လိုက်မိတော့သည်။ စစချင်းက ရိပ်မိပုံမပေါ်ပဲစဉ်းစားနေပြီးမှ နောက်မှသူမကိုဆိုနေမှန်း သိသွားပုံပင်။
“ဘာရယ်တာလဲ”
အခုမှပဲ ဝစီပိတ်မယ်တော် အသံထွက်လာတော့သည်။
“ဘာမှမရယ်ပါဘူး သီချင်းနားထောင်လို့ကောင်းလား ပြန်ဆိုပြရမလား”
ပျို သူ့ကိုမျက်စောင်းထိုးကာ ထမင်းဆက်စားရင်း ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။ ကြံကြံဖန်ဖန် သူမို့ ပါးစပ်ထဲတွေ့သမျှ ချက်ချင်းကောက်ပြီးစပ်ဆိုတတ်တယ်။
“ဘာမှနားထောင်လို့မကောင်းဘူး ထပ်မဆိုနဲ့တော့ မကြားချင်ဘူး”
“ဒါဆိုငါထမင်းစားတော့မယ်နော်”
စားချင်စားပေါ့။ လူကိုရွဲ့သလိုခွင့်လာတောင်းနေသေးသည်။ ထမင်းစားပြီးတော့ ပျိုက ပန်းကန်တွေကို တာဝန်ယူ ဆေးကြောလိုက်သည်။ သူကဟင်းကောင်းကောင်းချက်ကျွေးထားတာပဲ။ ဒီလောက်တော့လုပ်ရမှာပေါ့။
“ပျို ဖယ် ငါဆေးလိုက်မယ်”
နဘေးနားလာရပ်တဲ့ ဇေထူးကိုမျက်စောင်းထိုးလိုက်ရင်း။
“တော်ပါပြီ တော်ကြာ ပန်းကန်မဆေးတဲ့အကြောင်းပါ သီချင်းထဲပါသွားဦးမယ်”
ဇေထူး သွားကိုအတင်းစေ့ကာမီးဖိုထဲကထွက်လာပြီး ဧည့်ခန်းထဲရောက်မှ ရယ်လိုက်မိတော့သည်။ အဆိုးလေးမို့ တကယ်ချစ်ရတာပါ မိဆိုးပျိုရယ်။
ပျို ခုနတုန်းကသူ့သီချင်းကိုပြန်ကြားယောင်ရင်း ပြုံးနေမိသည်။ လူကိုများ မိဆိုးလေးဘာလေးနဲ့။ အောင်မာ အခုမှ သတိရမိသွားသည်။ အရင်ကတော့ နတ်သမီးလေးလို့ တင်စားခဲ့ပြီး။ အခုတော့ မိန်းမဆိုးဖြစ်နေပါရောလား။ လျှောက်စဉ်းစားမိပြီးမှ သူပြောင်းလဲသွားတာကို သတိထားမိသွားသည်။ အမြင်ကတ်လိုက်တာနော်။
ပန်းကန်ဆေးပြီး လက်သုတ်နေစဉ် ဒီအကြောင်းတွေ မေဇွန်ဆီဖုန်းဆက်ပြောဖို့ စဉ်းစားလိုက်မိသည်။ သူ အရမ်း ကောင်းပါတယ်လို့ပြောတဲ့လူကြီး ဘယ်လောက်ထိအပြောင်းအလဲမြန်သလဲဆိုတာ သိသင့်ပါသည်။ အများကြီး စားလိုက်လို့ ဗိုက်လဲလေးနေတော့ ခြံထဲဆင်းကာ လမ်းလျှောက်ရင်း ဖုန်းခေါ်လိုက်သည်။
“ဝေး ပျို ဘာပြောမလို့လဲ”
“နင်ပြောတဲ့ အရမ်းကောင်းပါတယ်ဆိုတဲ့လူကြီးလေ”
“ဘယ်လူကြီးလဲ”
“ဘယ်လူကြီးရမှာလဲ ဇေထူးမြတ်ပေါ့”
“အမ် အဲ့ဒါဘာဖြစ်လို့လဲ”
“အဲ့ဒီလူ တအားအမြင်ကတ်ဖို့ကောင်းတယ်သိလား မရခင်တုန်းကတော့ နတ်သမီးလေးဘာလေးနဲ့ အခုတော့ မိန်းမဆိုးတဲ့ ယောကျာ်းတွေများအပြောင်းအလဲမြန်လိုက်တာ အမြင်ကတ်စရာတအားကောင်းတယ်သိလား”
“အခုဘာဖြစ်နေလို့လဲ ပျိုရဲ့”
မေဇွန်က နားမလည်နိုင်စွာ ထပ်မေးနေသည်။
“ငါ့ကို မိန်းမဆိုးတဲ့ သီချင်းရွဲ့ဆိုနေတယ်လေ အဲ့ဒီအကျင့်ပုတ်က သန့်ရှင်းရေးမလုပ်တာတွေရော မနက်စောစော မထတာရော အစားပုတ်တာတွေရော စုံလို့ သီချင်းစပ်ဆိုပြတာ”
“ခိ နင့်ရဲ့ကိုယ်ပိုင်အရည်အချင်းတွေအားလုံးထည့်ဆိုထားတယ်ပေါ့”
အနောက်က အသံကြားလို့လှည့်ကြည့်လိုက်တော့ ဇေထူးမြတ် ဗိုက်ကိုနိပ်ကာ အားရပါးရတဟစ်ဟစ်နဲ့ ရယ်နေတာကို တွေ့လိုက်ရသည်။ ပျို သူ့အတင်းပြောနေတာကို ကြားသွားပုံပင်။ အမြင်ကတ်လိုက်တာ။ သူများ ဖုန်းပြောနေတာကို ခိုးနားထောင်နေတယ်ပေါ့လေ။
“နောက်မှပြန်ခေါ်လိုက်တော့မယ် ဘာရယ်တာလဲ”
ဖုန်းချရင်း မလုံမလဲနဲ့သူ့ကို တဆက်ထဲရန်ရှာလိုက်မိသည်။
“ဘာ မရယ်ပါဘူး”
ဇေထူး ပါးစပ်ကိုမနည်းဆွဲစေ့ကာ ခေါင်းခါပြရင်းပြန်ဖြေလိုက်သည်။ အခုမှစိတ်ကောက်ပြေတဲ့လူ ပြန်ပြီးစိတ်ဆိုး သွားလို့မဖြစ်။ အတင်းပြောနေတာ လူမိသွားလို့ ရှက်သွားပုံပင်။ မျက်နှာက နီချင်ချင်ဖြစ်နေသည်။
“အမြင်ကတ်တာ”
သူ့ကိုမျက်စောင်းထိုးပြီး သူမ အိမ်ထဲဝင်သွားမှ သူ တစ်ယောက်ထဲ ပြန်ဆက်ရယ်နေမိတော့သည်။ ဥဒေါင်းပျိုရယ် မင်းက ငါ့အတွက်တော့ ချစ်ဖို့ကောင်းတဲ့နတ်ဆိုးမလေးပါ။

5️⃣ တူညီသောအရာ [ Grab me with love ]Onde histórias criam vida. Descubra agora