အပိုင်း ( ၅ )

6.2K 174 1
                                    

Unicode font

တူညီသောအရာ (Grab me with love)
အပိုင်း (၅)

“ဇေထူး ရခိုင်မုန့်တီသောက်ချင်တယ်”
“နင်နဲ့မတည့်ဘူး”
“ဘာလို့မတည့်ရမှာလဲ လုပ်ပါဇေထူးရယ် ကန်ဘောင်ကမင်းလမ်းဆိုင်မှာလိုက်ကျွေးပါ ပြီးတော့ကန်ဘောင်မှာလဲ လမ်းလျှောက်ချင်တယ် တနေကုန်အိမ်ထဲမှာပျင်းနေရတာ တခါတလေလေးအပြင်လိုက်ပို့ပါနော်”
သနားအောင်ပြောတတ်တဲ့ ဗိုက်မထွက်သေးတဲ့ မဗိုက်ကလေးရဲ့ဆန္ဒကို သူမလွန်ဆန်နိုင်တော့။
“ငရုတ်သီးတွေထည့်မစားရဘူး တစ်ပန်းကန်ပဲစားရမယ် အပူအစပ်တွေရှောင်ရမယ်ဆိုတာသိတယ်မလား”
သူ ပြောသမျှ ခေါင်းပြုတ်ထွက်မတတ်ငြိမ့်ပြရင်းပါလာတဲ့ပျိုဟာ ဆိုင်ရောက်ရင်စားချင်သလိုစားမှာ သူသိပါသည်။ အရင်ကလို ဂျွတ်ဆတ်ဆတ် အရွဲ့တိုက်ချင်တဲ့ပုံစံမျိုး သိပ်မတွေ့ရတော့ပဲ အခုကပုံစံတစ်မျိုးပြောင်းသွားပြန်သည်။ အရင်ဆုံး သူမ လိုချင်တာကိုရအောင် သူပြောသမျှနားထောင်တဲ့ပုံစံနဲ့။ ပြီးမှလုပ်ချင်တာလုပ်တော့သည်။
“အကျီၤမလဲတော့ဘူးလား”
“လဲတော့ဘူးလေ လဲရင်လဲ ဒီပုံစံတွေပဲရှိတာကို အင်း အရင်ကဂါဝန်ထဲက ရှာကြည့်လိုက်ဦးမယ်”
သူဝယ်ထားပေးတဲ့ ခါးနားမစားထားပဲ ရင်ဘတ်ကနေတောက်လျှောက်အကား ဒူးဖုံးဂါဝန်ပွပွလေးတွေပဲ ရှိတာကို။ ပုံစံမတူချင်ရင် စပန့်ဂါဝန်သာ ဝတ်ရပေမည်။ သူမရဲ့အရင်က ဂါဝန်လှလှလေးတွေထဲက ရှာဝတ်ရပေမည်။
“ခါးနားမှာရှုံ့ကြိုးပါတာမဝတ်နဲ့နော်”
“ပါရင်လဲ မကြပ်ပါဘူးဟယ် ချောင်ချောင်လေးပါ”
“မရဘူး”
“ဒါဆိုလဲ ဒီအတိုင်းပဲသွားတော့မယ်”
သူ့ကို စိတ်တိုကာ ရှေ့ကနေဆောင်အောင့်ထွက်သွားတဲ့ ပျိုဘေးနားကို အပြေးလွှားကပ်လိုက်ခဲ့ရသည်။ မရှပ်ပြာ မတော်တဆ ခလုတ်တိုက်လဲမှာ စိုးရိမ်ပါသည်။ ဖြစ်နိုင်ရင် သူမကို အိမ်ထဲကအိမ်ပြင်တောင်ထွက်စေချင်တာ မဟုတ်။ သူ့ကိုအကဲပိုတယ်လို့ပြောလဲ ပြောကြပါစေတော့။ သူမနဲ့ဗိုက်ထဲက ကလေးလေးကို နည်းနည်းမှထိခိုက် မခံနိုင်ပါ။ သူချစ်ရတဲ့ပျို မွေးဖွားပေးမယ့်ရင်သွေးလေးကို ဘာလေးမှန်းမသိခင်ကတည်းက ချစ်နေရပါပြီ။
“ပျို ဘာလို့အမြန်လျှောက်နေတာလဲ လမ်းကိုဖြည်းဖြည်းပဲလျှောက်ရမယ်လို့ ငါမပြောထားဘူးလား”
စားချင်တာစားလိုက်ရပြီးတော့ ကျေနပ်နေတဲ့ဥဒေါင်းပျိုဟာ အင်းလျားကန်ဘောင်မှာလမ်းလျှောက်တာကို သူနဲ့ ခပ်ခွာခွာ လျှောက်ချင်ပြန်သေးသည်။ သူနဲ့အတူတူအပြင်ထွက် မုန့်စား၊ ဈေးဝယ်နဲ့ လုပ်ခဲ့ဖူးသော်လည်း အခုလို ကန်ဘောင်ကိုတော့ တစ်ခါမှ မလာခဲ့ဖူးပါ။ ဗိုက်ပူလာရင် ဆေးခန်းသွားတဲ့ အချိန်မှအပ အိမ်ပြင်လုံး၀ မထွက်တော့ဘူးလို့လဲ ပြောထားလေသည်။ အိမ်ထောင်ပြုကလေးမွေးရတာကို ဘာလို့ ရှက်နေလဲမသိ။ အင်မတန်ရှက်တတ်တဲ့ အပျိုကြီးပင်။
ပျို သူပြောတာကို မကြားချင်ယောင်ဆောင်ရင်း သူနဲ့မလှမ်းမကမ်းကနေ လျှောက်နေမိသည်။ သူနဲ့အတူတူ တွဲမလျှောက်ချင်ပါ။ စိတ်ထဲမှာ နေရခက်သလို တမျိုးကြီးနဲ့။ နောက်ခါ ဗိုက်ပူကြီးဖြစ်လာခဲ့ရင်ပိုဆိုးမည်။
“ဟာ မေ…. ”
“ကိုဇေ”
အမယ် ကန်ဘောင်မှာ သူ့အသိတွေနဲ့ လာတွေ့နေသေးသည်။ ဝမ်းသာအားရနုတ်ဆက်သံတွေကြားလိုက်ပေမယ့် လှည့်မကြည့်ဖြစ်သေး။ ပျိုရပ်နေတဲ့နားက ခုံလေးမှာထိုင်နေတဲ့စုံတွဲ ထထွက်သွားလို့ခုံမှာဝင်ထိုင်ပြီးမှ  ဇေထူးတို့ကို လှည့်ကြည့်လိုက်မိသည်။ သူနဲ့နုတ်ဆက်တဲ့အမျိုးသမီးဟာ တော်တော်လေးကိုလှပါသည်။ လှတာထက်ပိုယဉ်တဲ့ မြန်မာဆန်ဆန် ကျက်သရေရှိတဲ့မိန်းမတစ်ယောက်ပါ။ ဝတ်ထားတဲ့မြန်မာဝမ်းဆက် ရင်ဖုံးလက်ပြတ်လေးဟာ ခန္ဓာကိုယ်အတိချပ်ချပ်ရပ်ရပ်နဲ့။ ကပိုကရိုကျနေတဲ့ ဆံပင်လေးတွေကြားထဲက ပေါ်နေတဲ့မျက်နှာဖြူဝင်းဝင်းလေး ဟာ လှပလွန်းရုံမက သူမရဲ့အပြုံးက အေးချမ်းမှုတွေပါဝင်နေသည်။ တင်ပါးနားထိရှည်တဲ့ စည်းနှောင်ထားခြင်း မရှိတဲ့ဆံပင်ရှည်ရှည်လေးတွေက လေပြေလေးကြောင့် ဆံနွယ်လေးတွေသံစဉ်တေးလိပ်ပြာကာ လှပလွန်းနေ သည်။ ပျိုရဲ့ဆံပင်တွေကတော့ သံစဉ်တေးလိပ်ပြာဖို့မပြောနဲ့ ပုံဆိုးပန်းဆိုး ဝဲပျံနေတဲ့ ယံယံခေါက်ဆွဲခြောက် တွေကို မနည်းလိုက်ဖမ်းနေရသည်။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးနေပုံကလဲ ဇာတ်ဝင်ခန်းတစ်ခုလိုကြည့်ကောင်းနေသည်။ အမြဲတမ်း သန့်ပြန့်နေတဲ့ဇေထူးနဲ့ လှလွန်းတဲ့မိန်းမတစ်ယောက်။ လိုက်ဖက်ညီတဲ့စုံတွဲလေးလိုပင်။ ပျို သဘောကျကာ သူတို့ နှစ်ယောက်ကို ကြည့်နေမိသည်။
“မေတို့ မတွေ့ဖြစ်တာကြာပြီနော် ကိုဇေ”
“ဟုတ်တယ်မေ ခုတလောဘာတွေလုပ်နေလဲ”
“ဒီလိုပါပဲ စီးပွားရေးတွေနဲ့နပန်းလုံးနေတာပေါ့ ဒါနဲ့ကိုဇေအိမ်ထောင်ကျသွားပြီဆို”
“ဟုတ်တယ်လေ မင်္ဂလာဆောင်တုန်းကဖိတ်စာပို့မလို့ မေတို့မိသားစုခရီးထွက်သွားကြတယ်ဆိုလို့”
“အင်းနော် မေ မလာလိုက်ရဘူး ဒါနဲ့တစ်ယောက်ထဲလာတာလားကိုဇေ”
“မဟုတ်ဘူး ဟိုမှာ မိန်းမလဲပါတယ်”
ဇေထူး မလှမ်းမကမ်းကခုံမှာ ထိုင်နေတဲ့ပျိုကို လက်ညှိုးထိုးပြလိုက်လို့ မေကပျိုကို လှည့်ကြည့်လာသည်။ သူမကို ကြည့်နေတဲ့ နှစ်ယောက်ကို ပျို အူကြောင်ကြောင်ပြုံးပြလိုက်မိသည်။ မေကလဲ ပြန်ပြုံးပြခဲ့ပါသည်။ သို့သော် မေရဲ့ အကြည့်က ပျိုကိုဝေဖန်သုံးသပ်သွားသလိုပင်။ ဒါဟာမိန်းကလေးချင်းပဲ နားလည်နိုင်တဲ့အရာဖြစ်မလား မပြောတတ်။ သေချာတာတော့ ပျိုကို ကဲ့ရဲ့ချင်တဲ့အရိပ်အယောင်မျိုး ဖြတ်ခနဲတွေ့လိုက်ရတာပင်။ ဟင် လှလဲ မလှဘူးဆိုတဲ့ အဓိပ္ပါယ်ပါတဲ့အကြည့်မျိုးပေါ့။ အခုမှ ဇေထူးကို စိတ်ဆိုးကာ ပေတိပေစုတ်ဒီဇိုင်းနဲ့ ထွက်လာခဲ့မိတာ နောင်တရမိသွားသည်။ အမယ် ပြင်ဆင်ထားရင်လဲ ဘယ်လောက်ကြီးပိုလှလာတာမှတ်လို့။
“မေရော တစ်ယောက်ထဲလား”
“ဟုတ်တယ်ကိုဇေ စိတ်နည်းနည်းရှုပ်နေလို့ တစ်ယောက်ထဲထွက်လာခဲ့တာ”
စိတ်ရှုပ်စရာရှိမှာပေါ့လေ။ အေးချမ်းတဲ့အလှကိုပိုင်ဆိုင်ထားတဲ့မေရဲ့အတွင်းစိတ်ကအင်မတန်ကိုပူလောင်လွန်းတာ သူ သိခဲ့ဖူးပါသည်။ မေနန္ဒာက သူ့ရဲ့အချစ်ဦးပါ။ ရည်းစားအဖြစ် တစ်နှစ်လောက်တွဲပြီးနောက် နားလည်မှုတွေနဲ့ လမ်းခွဲခဲ့ကြသည်။ သူမက မလှတာမဟုတ် လှလွန်းပါသည်။ သူလဲ မေလှလို့ ကြိုက်ခဲ့မိတာပင်။ မေပိုင်ဆိုင်ထားတဲ့ အလှအပ၊ ဝတ်ပုံစားပုံကအစ သူကြိုက်နှစ်သက်လွန်းခဲ့သည်။ သို့သော် သူမက အလိုဆန္ဒများလွန်းလှသည်။ ပြီးတော့ သူမရဲ့အလှကို စိတ်ကြီးဝင်နေခဲ့သည်။ လူတွေအမြင်မှာတော့ ယဉ်ကျေးသိမ်မွေ့တဲ့မိန်းကလေး ဖြစ်ပေမယ့် မေရဲ့စိတ်ကခန့်မှန်းရခက်သည်။ သူတို့နှစ်ယောက် ချစ်ကြိုက်နေစဉ် မေရဲ့သူငယ်ချင်းတစ်ယောက် ရည်းစားရသွားလေသည်။ ထိုသူငယ်ချင်းရဲ့ ရည်းစားက သူ့ထက်ချမ်းသာတဲ့လူဆိုတော့ မေက မနာလိုမှုများစွာနဲ့ တိတ်တဆိတ်ပူလောင်နေခဲ့သည်။ သူ့လောက်လဲမလှပဲ သူ့ရည်းစားထက်ချမ်းသာတဲ့လူနဲ့ ကြိုက်ရပါ့မလားဆိုပြီး ဘာမှမဆိုင်တဲ့အတွေးတွေနဲ့ သူမကိုယ်သူမနှိပ်စက်နေခဲ့တော့သည်။ သူ့ကိုလဲ အလိုမကျမှုများစွာနဲ့ပြသနာ ရှာခဲ့သည်။ ဇေထူး အံသြခြင်းများစွာနဲ့သူမကို စိတ်ကုန်ခဲ့မိသည်။ အဲ့ဒီနောက်မှာတော့ သူလဲ မေ့ကို မသိမသာ ခွာခဲ့သလို မေကလဲ ကျောင်းပြီးတာနဲ့ သူ့သူငယ်ချင်းရည်းစားထက် အဆပေါင်းများစွာ ချမ်းသာတဲ့လူနဲ့ လက်ထပ် သွားခဲ့လေသည်။ မေက သူလို ဘာမဟုတ်၊ ညာမဟုတ် ယောင်ဝါးစီးပွားရေးသမားကို လက်ထပ်ဖို့အထိ မမိုက်မဲခဲ့သလို သူလဲ မေကိုကြိုက်ပေမယ့် လက်မထပ်ရဲခဲ့ပါ။ ဒီတော့ သူတို့နှစ်ဦးသား နားလည်မှုတွေနဲ့ နောက်ဆုတ်ခဲ့ကြပါသည်။
“မေနဲ့ ပျိုကို မိတ်ဆက်ပေးရဦးမယ်”
ဇေထူး ပျိုထိုင်နေတဲ့နားကို လျှောက်လာခဲ့တော့ မေလဲ လိုက်လျှောက်လာခဲ့ပါသည်။ ပျိုရဲ့ပုခုံးကို ဖွဖွဖက်ကာ မေနဲ့ မိတ်ဆက်ပေးလိုက်သည်။
“ဒါငါ့မိန်းမ ဥဒေါင်းပျိုတဲ့ ပျို ဒါက မေနန္ဒာတဲ့”
ပျိုနဲ့မေ တစ်ယောက်ကိုတစ်ယောက်ပြုံးပြလိုက်ပေမယ့် အပြုံးတွေကမဖော်ရွေကြဘူးထင်ပါသည်။
“တွေ့ရတာဝမ်းသာပါတယ် ဒါနဲ့ကိုဇေ ပျိုက မေတို့နဲ့ရွယ်တူလား”
“အင်း ပျိုကငါ့ထက် တစ်နှစ်ကျော်ငယ်တယ်ဆိုတော့ နင့်ထက်တစ်နှစ်လောက်ငယ်မယ်”
သူက ဘာလို့အသက်ကွာတာကို တိတိကျကျ သိနေရတာလဲ။ ပျို စိတ်ထဲသိပ်မကျေနပ်မိသလိုဖြစ်လာခဲ့သည်။ သူတို့က ရည်းစားဟောင်းတွေမို့ သိနေရတာလား။
“ဒါဆိုရင်းရင်းနှီးနှီး ပျိုလို့ပဲခေါ်မယ်နော် အသက်လဲသိပ်မကွာတော့ မေလို့ပဲခေါ်ပါပျို”
“ဟုတ်ကဲ့မေ လာထိုင်ပါလား”
ပျို ခုံတဖက်ခြမ်းကိုကပ်ပေးရင် ထိုင်ဖို့ဖိတ်ခေါ်လိုက်သည်။
“ရတယ် မထိုင်တော့ဘူးပျို ကိုဇေတို့စုံတွဲတွေ့ရတာ ပျော်စရာကြီးနော်”
“အင်း နောက်ဆိုပိုပျော်စရာကောင်းတော့မယ်ထင်တယ် ကလေးလေးရလာတော့မှာလေ”
“ဟယ် ပျိုက ကိုယ်ဝန်နဲ့လား”
“ဟုတ်တယ်”
ပျို ခုနတုန်းက သူနဲ့အတူတူလမ်းတောင်တွဲမလျှောက်ချင်ပေမယ့် မေကို သူကြွားနေတာကိုတော့ ကျေနပ်ပါသည်။
“ကောင်းတာပေါ့ ကလေးအများကြီးရချင်တဲ့ ကိုဇေဆန္ဒတွေပြည့်ဝတော့မှာပဲ”
ဇေထူးက သဘောကျကာဖြီးနေပေမယ့် ပျိုကတော့ မေ့စကားတွေကို သိပ်မကြိုက်လှပါ။ မေက ဘာလို့ သူ ကလေးအများကြီးရချင်နေတာကို သိနေတာလဲ။ ပျိုလဲ အလိုက်သင့်လိုက်ရယ်နေရင်း ခုနတုန်းက သဘောကျခဲ့တဲ့ မေကို သဘောမကျချင်တော့။
“မေတို့တခုခုသွားစားရအောင်လေကိုဇေ”
သွားစားဖို့ကို ကိုဇေကိုပဲခေါ်စရာလား။ အတူတူရှိနေတဲ့ပျိုကိုတော့ တစ်ခွန်းမှမေးဖော်မရသလိုပင်။ ကိုဇေ ကိုဇေနဲ့။ ချိုသာတဲ့အသံလေးနဲ့ခေါ်တော့ နားထောင်ကောင်းနေသလိုပင်။ အလိုလိုနေရင်း ပြုံးဖြီးနေတဲ့ကိုဇေဆိုတဲ့လူကိုလဲ အမြင်ကတ်လာမိသည်။ အဲ့ဒီလောက်ဖြီးနေစရာလိုလို့လားအေ။ ပျိုဟာ သူတို့နှစ်ယောက်ကို ခပ်ပြုံးပြုံးလေး ကြည့်နေခဲ့ပေမယ့် စိတ်ထဲကနေတော့ အမြင်ကတ်နေမိသည်။
“မစားတော့ဘူးမေ အခုပဲ မင်းလမ်းက စားပြီး လမ်းလျှောက်လာခဲ့တာ မမဗိုက်က ကန်ဘောင်မှာ လမ်းလျှောက်ချင်တယ်ဆိုလို့လေ”
“အော် ကောင်းတာပေါ့ ဒါဆိုမေသွားလိုက်ဦးမယ် လုပ်စရာတွေရှိသေးလို့ ပျို သွားပြီနော် ကိုဇေ တာ့တာ”
ဆံနွယ်လေးတွေလွင့်ဝဲကာ လမ်းလျှောက်သွားတဲ့မေကို တွေ့တဲ့သူတိုင်းက နှစ်ခါပြန်လှည့်ကြည့်ရလေသည်။ သူမက အဲ့ဒီလောက်တောင် လှတဲ့လူပါ။ ကိုဇေတစ်ယောက်လဲ ခုံကိုမှီကာဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး ထွက်သွားတဲ့မေကို ငေးကြည့်ကျန်နေခဲ့လေသည်။
“ကိုဇေ”
မထင်မှတ်ထားတဲ့ ခေါ်သံတိုးတိုးကြောင် ဇေထူး ပျိုကိုငုံ့ကြည့်လိုက်မိသည်။
“ဒီမှာကိုဇေ ရှင်နဲ့သူက ရည်းစားဟောင်းတွေလား ငေးနေတာသွားရည်တွေကျနေဦးမယ် အိနြေ္ဒလေးဆည်ဦး”
ရွဲ့ပြောနေတဲ့ပျိုကြောင့် ဇေထူး တဟိဟိနဲ့သဘောကျနေမိသည်။ ပြောနေပုံက ချစ်ဖို့ကောင်းလှသည်။ သူ့ကို သဝန်တိုနေတဲ့ပုံမို့ ပျော်ပြီးစချင်မိသည်။
“ရည်းစားဟောင်းဆိုတာတော့မှန်ပါတယ် ဒါပေမယ့် သွားရည်ကျလောက်အောင်ထိငေးမနေဘူး”
“ဟမ် တကယ်ရည်းစားဟောင်းလား”
“အင်းလေ”
ကြည့်စမ်း။ ဒီလောက်လှတဲ့မိန်းမနဲ့လက်မထပ်ပဲ ပျိုနဲ့လက်ထပ်တယ်ဆိုတော့ ဘာကြောင့်များပါလိမ့်နော်။
“ဘာလို့လက်မထပ်တာလဲ”
“ဒီလိုပါပဲ”
ဘာဒီလိုပါပဲလဲ။ ပျို သိချင်တာအဲ့ဒီအဖြေမျိုးမဟုတ်။
“ပြောပြလို့ဇေထူး”
“ဘာလို့သိချင်တာလဲပျို”
“ဒီတိုင်း သိချင်လို့သိချင်တာပေါ့”
“သိလဲဘာမှအရေးပါတဲ့ကိစ္စမှမဟုတ်တာ သူလဲသူ့အိမ်ထောင်နဲ့သူလေ ပြန်ကြစို့”
သူထွက်သွားတော့ ပျိုလဲ သူ့ဘေးနားကကပ်လျှောက်ရင်း ညော်နေမိသည်။
“ဇေထူး ပြောပြလို့ ပျိုသိချင်တယ်”
“ကောင်းကောင်းလျှောက်ကွာ အဲ့ဒီအကြောင်းတွေသိရလို့ ဘာအကျိုးသွားမှာမို့လဲ အတိတ်တွေ ထားလိုက်တော့”
ပြောပြနေရင် မေ မကောင်းကြောင်းတွေပါကုန်တော့မည်။ ဒါကြောင့် မပြောချင်ပါ။ ပြတ်သွားတဲ့ရည်းစားဟောင်းရဲ့ မကောင်းကြောင်းပြောတတ်တဲ့ယောကျာ်းမျိုး မဖြစ်ချင်ပါ။
“ဗိုက်ထဲက ကလေးလေးကသိချင်လို့တဲ့”
ဇေထူး ဘေးနားမှာ ကပ်ညော်နေတဲ့ပျိုရဲ့မျက်နှာကိုငုံ့ကြည့်ရင်း စိတ်ယားလာခဲ့သည်။ အလည်မလေးဆိုးပျိုကို အိမ်မှာသာဆို ဖက်နမ်းပစ်မိတော့မည်။
“အဲ့ဒါဆိုလဲ အိမ်ရောက်မှ ဗိုက်နားကပ်ပြီး ကလေးလေးကြားအောင်တိုးတိုးလေးပြောပြလိုက်မယ်”
သူတို့နှစ်ယောက် ဘာကြောင့်ပြတ်သွားတာလဲ သိချင်ပါတယ်ဆို။ ကပ်သပ်ပြောနေသေးသည်။ ပျို စိတ်တိုတိုနဲ့ သူ့လက်မောင်းကို ပိတ်တီးပစ်တော့သည်။
“အား ပျို နာတယ်”
“နင့်မိန်းမရိုက်တာပဲ အဲ့လောက်တော့ခံလိုက်ပေါ့”
သူမက ဂြိုလ်ရုပ်နဲ့မျက်စောင်းထိုးပြီး ရှေ့ကနေခပ်သွက်သွက်လျှောက်သွားသည်။ တွေ့ဦးမယ် ဆိုးပျို။ ကားပေါ်ရောက်တော့ ခါးပတ်ပတ်နေတဲ့ ပျိုကို ဇေထူး ရွှတ်ခနဲမြည်အောင် ဖက်နမ်းပစ်လိုက်သည်။
“နင် ဘာလုပ်တာလဲ”
“နင့်ယောကျာ်းနမ်းတာပဲ အဲ့လောက်တော့ခံလိုက်ပေါ့”
ကြည့်စမ်း။ ပျိုပြောခဲ့တဲ့စကားအတိုင်းပြန်ပြောပြီး ဒါ သူမကိုလက်စားချေတာပေါ့လေ။ ပျိုသူ့ကို ထပ်ပြီး ပိတ်တီး ပစ်လိုက်သည်။ အကျင့်ပုတ်ကောင်ကြီး။
“သုံးချက်နော်ပျို မှတ်ထား အိမ်ရောက်မှ…”
“ဘာအိမ်ရောက်မှလဲ”
ပျို သူ့ကိုထုနေတဲ့လက်တွေရပ်သွားကာ ဆက်မလုပ်ရဲတော့ပေ။
ဇေထူး ကားမောင်းရင်း အူမြူးနေမိသည်။ သူမကိုစိတ်တိုအောင်စရတာ သူဘယ်လိုပျော်မှန်းမသိ။ ဆိုးပျိုနဲ့ လက်ထပ်မိတာ မပျင်းရ။ သူမကို လျှောက်စရင်းရယ်နေရသည်။ တကယ်လို့များ မေနဲ့သာလက်ထပ်မိရင် အခုလောက်ဆို ကွဲချင်ကွဲနေလောက်ပြီ။ မေက လောဘကြီးတဲ့မိန်းကလေးဆိုတော့ သူ့ကိုကုန်းရုန်းရှာခိုင်းမှာ သေချာပါသည်။ တစ်ယောက်ယောက်နဲ့ပြိုင်ဆိုင်နေရင်း အလိုမကျနိုင်ဖြစ်နေပေလိမ့်မည်။ လူတန်းစေ့နေနိုင်ရုံ လောက်သာ ရှာနိုင်တဲ့သူနဲ့ ပြတ်သွားခဲ့တာပဲ ကောင်းပါသည်။ သူက ငွေနောက်ကို အာသငမ်းငမ်းလိုက်ရင်း အချိန်တွေ မကုန်ဆုံးချင်ပါ။ မိသားစုလေးနဲ့ လက်ပွန်းတတီးပျော်ပျော်ရွှင်ရွှင်နေချင်ပါသည်။ သူ့ရဲ့မိဆိုးပျိုက လောဘမကြီးလို့ တော်ပါသေးရဲ့။
“ပျို နင်မချမ်းသာချင်ဘူးလား”
“ဟမ် လူပဲ မချမ်းသာချင်တဲ့လူရှိမလား ချမ်းသာချင်တာပေါ့”
“တကယ်လို့များ ငါ့ထက်သာတဲ့ယောကျာ်းနဲ့တွေ့ခဲ့ရင် နင်ချမ်းသာနေလောက်ပြီနော်”
သူ့ထက်သာတဲ့ယောကျာ်းနဲ့ဘယ်နားမှာသွားတွေ့ရမှာတုန်း။ ပျိုက အရမ်းလှတဲ့လူလဲမဟုတ်။ တကယ်လို့ မျက်စိ လည်လမ်းမှားပြီးလာကြိုက်လဲ ပြန်မကြိုက်ချင်ပါ။ သူမရဲ့ငပျင်းအကျင့်စရိုက်မျိုးနဲ့ တနေ့နေ့ကျရင်ပစ်သွားမှာ သေချာပေါက်ပင်။ အခုလို မမေးစဖူးမေးခဲ့တာကတော့ သူ့ရဲ့ရည်းစားဟောင်း မေနန္ဒာကြောင့်ပဲဖြစ်မည်ထင်ပါရဲ့။
“အင်းပေါ့လေ ကံဆိုးပြီးနင်နဲ့ရခဲ့တာကို ဘယ်တတ်နိုင်ပါ့မလဲ ဒီဘဝဒီမျှပဲ နေပါစေတော့”
“ဘာ”
ပြောင်စပ်စပ်ရုပ်လုပ်ပြနေတဲ့သူရဲ့ဆိုးပျိုဟာ မေလို သူတပါးထက်သာချင်စိတ်တွေ မရှိနေတာတော့အမှန်ပင်။ ပျိုရဲ့ မျက်နှာလေးဟာ အရမ်းမလှသော်လည်း ကြည်ကြည်လင်လင်လေးနဲ့ ဟန်ဆောင်မှုကင်းသည်။ သူမရဲ့စိတ်ထဲ ဘာတွေတွေးနေသလဲဆိုတာ သူတစ်ချက်ကြည့်ရုံနဲ့ သိနေခဲ့သည်။ မိဆိုးပျိုဟာ သူ့ကိုဆိုရင်အားနာရကောင်းမှန်း လဲ မသိ။ ကြည်ရင်ကြည်သလို မကြည်ရင်မကြည်သလို ဆက်ဆံတတ်လေသည်။ ပြီးတော့ သူတအားစိုက်ကြည့် လိုက်မိရင် မျက်နှာတွေနီရဲကာ နေရခက်သလို ရှက်နေတတ်ပုံကို အရမ်းချစ်ရပါသည်။
တခါတရံ မိန်းမတွေရဲ့အလှတရားက ယောကျာ်းတွေအတွက် အဆိပ်တစ်ခုဖြစ်လေသည်။ မေရဲ့အလှကို မက်လို့ လက်ထပ်ထားမိတဲ့ ထိုလူသားလဲ အသောမသတ်နိုင်တဲ့လောဘတွေကြောင့် စိတ်ညစ်ရမည်ထင်ပါရဲ့။ မေက ချမ်းသာချင်ရုံတစ်ခုထဲသာမဟုတ် သူမကိုချစ်ရမည်၊ ဂရုစိုက်ရမည်၊ သူမကိုသာ ဖူးဖူးမုတ်အလိုလိုက်ရမည်။ ချစ်စ ကြိုက်စမှာတော့ အဲ့ဒီလိုလုပ်နိုင်ပေမယ့် ကြာလာတော့လဲ ပြသနာတွေဖြစ်လာတော့သည်။ အခုသူမအမျိုးသားနဲ့ လဲ ထိုသို့ဖြစ်မည်ထင်။ ကွဲကြကွာကြမယ်ဆိုတဲ့ သတင်းတွေတောင် ထွက်လာခဲ့တာမလား။ စိတ်ကို   ငြိမ်းချမ်းအောင်မထားပဲ မလိုမုန်းထား ပြိုင်ဆိုင်လိုတဲ့စိတ်တွေကလဲ ကိုယ့်ကိုကိုယ်သတ်နေတဲ့အရာတွေပင်။ လက်ထပ်ပြီးနောက်ပိုင်းတော့ အိမ်ထောင်ရေး သာယာအောင် အတတ်နိုင်ဆုံးထိန်းသိမ်းရပါမည်။ သားတကွဲ၊ မယားတကွဲနဲ့ တခုလပ်ဘဝကြီးကို မပိုင်ဆိုင်ချင်ပါ။ ဆိုးပျိုကတော့ အခုချိန်အထိ ခွင့်မလွှတ်နိုင်လောက်တဲ့ အပြုအမူမျိုး မလုပ်ဖူးသေးပေ။ သူပဲ ချစ်နေလို့အပြစ်မမြင်နေတာလားတော့မသိ။
===========================================================
“ကော်ဖီမသောက်ရဘူး ကလေးအတွက်မကောင်းဘူးတဲ့”
“အပူတွေအစပ်တွေရှောင်ရမယ် ကလေးရောလူကြီးအတွက်ပါမကောင်းဘူး”
“ဆေးအချိန်မှန်သောက်လေ မပြောရင်မပြောသလို မေ့ပဲမေ့နေတာ”
“အိပ်ရင် ပက်လက်မအိပ်ရဘူးတဲ့ ဘေးတစောင်းအပ်ရမယ်တဲ့ ဒီမှာဒီဖက်လုံးနဲ့ဖက်အိပ်နော်”
ကိုယ်ဝန်ဆောင်တွေအတွက်ဖက်လုံးဆိုပြီး ဝယ်ပေးခဲ့တဲ့ဟာကြီးနဲ့ အတင်းအိပ်ခိုင်းပြန်သည်။
“ပျို အိမ်ပေါ်ထပ်ကိုဘာသွားလုပ်တာလဲ”
“ဘုရားသွားကန်တော့တာလေ”
“အာ တက်မယ်ဆိုလဲ ငါ့ကိုပြောဦးလေ”
အပေါ်ထပ်တက်တာတောင် သူ့ကိုပြောရဦးမည်တဲ့။ ပျိုမှာ တနေ့တနေ့သူ့ရဲ့ပွစိပွစိအသံတွေနဲ့ပဲ စိတ်လေနေရ သည်။ တစ်ခါမှကိုယ်ဝန်မဆောင်ဖူးလို့ ဘယ်လိုနေထိုင်ရမယ်မှန်း သေချာမသိပေမယ့် ဦးအိုဗာတင်းကြီး အကဲပိုလွန်းနေတာတော့ သိပါသည်။ သူဂရုစိုက်တတ်တာကို ကျေနပ်သလိုလိုရှိပေမယ့် တခါတလေလဲ အရမ်းကို စိတ်ညစ်ရပါသည်။ အိမ်ကနေ ဆိုင်သွားတဲ့ သုံးနာရီလောက် အတောအတွင်းလဲ ဆယ်ငါးမိနစ်ခြားတစ်ခါလောက် ဖုန်းဆက်တတ်သည်။ မကိုင်ရင်လဲ လျှောက်တွေးပြီးစိတ်ပူကာ အိမ်ကို ချက်ချင်းပြန်လာတတ်သူကြောင့် ပျိုမှာ အိမ်သာထဲသွားရင်တောင်ဖုန်းယူသွားရသည်။
“ဇေထူးရယ် အပြင်သွားတာခဏလေးကို စိတ်ချလက်ချသွားပါ”
“နင်တစ်ယောက်ထဲအိမ်မှာထားခဲ့ရတာလေ ငါစိတ်မပူရင်ဘယ်သူပူမှာလဲ”
ပျို ဘာပြန်ပြောရမယ်မှန်းမသိတော့လို့ ပါးစပ်သာပိတ်နေလိုက်ရသည်။ နင့်ရဲ့စိတ်ပူပုံက အစွန်းရောက်နေပြီလို့ စိတ်ထဲကပြန်ပြောမိပေမယ့် ပါးစပ်ကတော့မထွက်ခဲ့ပါ။ ပူပါစေလေ။ ပျိုကဗိုက်ပူသလို သူကစိတ်ပူသင့်တာပေါ့။
“ပျို ဘာစားချင်လဲ”
စားချင်တာမှန်သမျှ မေးမြန်းပြီးဂရုတစိုက်ချက်ကျွေးတတ်လို့ ပျိုမှာ အရင်ကထက်ပိုဝလာတော့သည်။
“အစားအသောက်ဆင်ခြင်မှပါ တအားဝလာသလိုပဲ”
“ဝချင်ဝပါစေ ကလေးအတွက်အာဟာရပြည့်ဖို့လိုတယ် နင်လဲပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်တာပေါ့”
“မဖြစ်ချင်ပါဘူး လှလဲမလှပဲ”
“နင့်ယောကျာ်းငါ့အတွက်လှနေရင်ပြီးတာပဲလေ ဘယ်သူ့အတွက်လှချင်သေးတာလဲ”
ဇေထူးရဲ့ရန်စကားကြောင့် ပျို တဟားဟားအော်ရယ်လိုက်မိသည်။ အခုအချိန်မှာ သူ့ကိုမုန်းဖို့ အမြင်တက်ဖို့ကို သတိမရမိတော့ပါ။
ဟန်ဆောင်မှုကင်းစွာ ရယ်မောနေတဲ့ပျိုကို ငေးခနဲစိုက်ကြည့်နေမိသည်။ ပုခုံးကိုကျော်နေပြီဖြစ်သောဆံပင်တွေကို နောက်မှာခပ်လျော့လျော့ စည်းနှောင်ထားပြီး မျက်နှာပေါ်ဝဲကျနေတဲ့ ဆံပင်ကောက်ကောက်လေးတွေကြား ရယ် နေပုံက ချစ်ဖို့ကောင်းလွန်းပါသည်။ သူမရယ်တာကို အရင်ကတည်းကသဘောကျပါသည်။ အခုအချိန်မှာတော့ ဗိုက်ကလေး ပူနေပြီဖြစ်တဲ့ မိခင်လောင်းရဲ့အပြုံးဟာ ပိုချစ်ဖို့ကောင်းလွန်းလို့ဖက်နမ်းလိုက်တော့သည်။
“နင် ဘာလုပ်တာလဲ”
သူနမ်းလိုက်တိုင်း ဘာလုပ်တာလဲ မေးမေးနေတဲ့ပျိုကို အသဲယားနေမိသည်။ ဘာလုပ်ရမှာလဲ။ နမ်းပါတယ်ဆို။
“ဆရာဝန်က မိန်းမကိုကြင်ကြင်နာနာဆက်ဆံရမယ်လို့မှာထားလို့”
“ဟင် အခုဟာနဲ့ဘာဆိုင်လို့လဲ”
“ဆိုင်တယ်လေ ဒါကြင်ကြင်နာနာဆက်ဆံတာလေ”
“ဘာမှမဆိုင်ပဲနဲ့”
“ဆိုင်ပါတယ်ဆို နူးနူးညံ့ညံ့ကြင်ကြင်နာနာနမ်းတာလေ ဘယ်မှာကြမ်းတမ်းနေလို့လဲ ပြန်နမ်းပြရမလား”
“တော်ပါ”
နီရဲနေတဲ့မျက်နှာနဲ့ အော်ခဲ့တဲ့သူမကို ထပ်ပြီးဖက်နမ်းလိုက်ရင် စိတ်ဆိုးတော့မည်။ ကလေးတောင်ရတော့မှာကို နမ်းတာလောက်ကို ခုချိန်ထိရှက်နေသေးသည်။
လူကိုလာပြီး အရူးလုပ်နေတဲ့ဇေထူးကြောင့် ပျို မျက်နှာတွေပူပြီး ရင်တွေခုန်နေမိသည်။ ဘာဖြစ်တာလဲ။ အဲ့ဒီလို ပိုင်စိုးပိုင်နင်း ရုတ်တရက်ကြီး နမ်းလာရင် လူကဘာဖြစ်သွားမှန်းမသိတော့။
“အဟမ်း… နင်ပြောတော့ညီအစ်မတွေပါဆို”
ကော်ဖီဆိုင်ထဲဝင်လာတဲ့ ပျိုကို မတွေ့တာကြာတဲ့မေဇွန်က ပြုံးစိစိနဲ့စလိုက်လို့ ပျိုမှာ မျက်နှာတွေနီရဲကာ ရှက်သွား မိသည်။မေဇွန်စုတ်ဟာခုံမှာတောင်မထိုင်ရသေးဘူး။ ဆောက်နဲ့တန်းထွင်းလိုက်တာပင်။ သူများတွေရဲ့အပျိုဗိုက်က မပေါ်သလောက် ပျိုရဲ့ဗိုက်ကတော့ လေးလနဲ့တင် သိသိသာသာစူထွက်နေခဲ့သည်။ ဒီကြားထဲဦးကဲစိန်ကြီးကြောင့် ဗိုက်လုံးဝမပူခင်ကတည်းက ဂါဝန်ပွပွလေးတွေပဲ ဝတ်ရလို့ပိုပူနေသလားတောင်ထင်ရသည်။
“နင်နော် စကားအကောင်းပြော ငါ့ယောကျာ်းနဲ့ငါ ဗိုက်ကြီးတာဘာဖြစ်လဲ”
“ဘာမဖြစ်ပါဘူးတော် ညီအစ်မတွေလို့တချိန်လုံးအော်နေတဲ့လူက အခုလိုပုံဖြစ်နေလို့ ထူးဆန်းလို့မေးမိတာပါတော် အခုတော့ငါ့ယောကျာ်းတွေဘာတွေဖြစ်နေပြီပေါ့ ငါပြောသားပဲ အဲ့ဒီလူကြီးကသူ့ဘာသာ အလှကြိုက် အသန့် ကြိုက်တာပဲရှိတာ စိုလွန်းလို့တဖက်ကမ်းတောင်ရောက်နေပါသေးတယ်ဆို ကဲ အခုတော့ ညီးအစိုခံလိုက်ရပြီမလား”
“ဘာ မေဇွန်စုတ် နင်အပျိုမဟုတ်ဘူးလား စကားကို ဘယ်လိုပြောနေတာလဲ”
“ခိခိ အပျိုစစ်စစ် ရေမရောပါဘူးတော် အပျိုမှတန်ဖိုးကြီးတဲ့နှစ်ချို့ဝိုင်လို အပျိုကြီးပါရှင့် ဒါနဲ့နင်နဲ့ဗိုက်ပူလေးနဲ့ လိုက်တယ်တော် ချစ်စရာလေး တစ်နှစ်တစ်ခါလောက်ပူပါလား အဟိ”
ဗိုက်ပူနဲ့များလိုက်စရာလား။ တစ်နှစ်တစ်ခါလာပူခိုင်းနေတဲ့ စပ်ဖြီးဖြီးမေဇွန်ကို ဂြိုလ်ပေးလိုက်ရင်း
“နင် ငါ့အတွက်ရော မှာထားပြီးပြီလား”
“အေး နင့်အတွက်ကော်ဖီမှာထားတယ် မုန့်ရောစားဦးမလား”
ကော်ဖီဆိုလို့ ဇေထူးမျက်နှာကြီးပြေးမြင်လိုက်မိသည်။ အို သူသိတာမှတ်လို့။ သိလဲဘာဖြစ်လဲလေ။ တခါတလေ သောက်တာပဲ။ နေရာတကာသူ့ပဲကြောက်နေရမှာလား။
“တော်ပြီ မစားတော့ဘူး ဗိုက်ပြည့်နေတယ်”
“ဘယ်ကဗိုက်ပြည့်ရမှာလဲ ဗိုက်ပူနေတာပါဟဲ့ ခွီးးးး”
“ငဇွန်မ ရွစိန် နင်ထပ်မစနဲ့တော့နော် ငါရှက်ပါတယ်ဆို”
“မရှက်ပါနဲ့ ရှက်စရာလား ယောကျာ်းယူလို့ဗိုက်ပူတာကို ဒါနဲ့ကလေးကဘာလေးလဲသိရပြီလား”
“ငါးလကျော်မှသေချာသိရမှာ ဆရာမကတော့ ယောကျာ်းလေးထင်တယ်လို့ပြောနေတယ်”
“ဘယ်လိုလဲ နင့်စိတ်ထဲ ကလေးအမေဖြစ်တော့မှာဆိုတော့ ပျော်နေတယ်မလား ကလေးလေးလဲရပြီဆိုတော့ ကိုကိုဇေနဲ့ပဲတသက်လုံးအတူတူနေရတော့မှာနော်”
နဖူးစာဆိုတဲ့စကားကြီးကို ပျိုမုန်းပါသည်။ သူမရဲ့ဖူးစာရှင်ဆိုတဲ့ ဒီလူကြီးကို အခုချိန်ထိချစ်လို့မရနိုင်သေးပါ။ အတူ နေတာကြာတော့ ချစ်တာထက်သံယောဇဉ်တော့ရှိပေမယ့် နေရာတကာလိုက်ပါနေတဲ့လူကို ပိုပိုပြီးသာ အမြင်ကတ်လာသလိုပင်။
“နင် သူ့ကိုသံယောဇဉ်တော့ရှိတယ်မလား”
“မရှိပါဘူး ဘာလို့ရှိရမှာလဲ”
“အမလေး မဗိုက်ရယ် လန့်တာ ဖြည်းဖြည်းငြင်းလဲရပါတယ်”
အကဲပိုပြနေတဲ့ မေဇွန်ကိုစွေစောင်းကြည့်လိုက်ရင်း အိတ်ထဲကဖုန်းမြည်လာလို့ထုတ်ကြည့်လိုက်သည်။ ဇေထူး။ အိမ်ကနေထွက်လာတာ ဆယ်မိနစ်မပြည့်သေး။ ဘယ်လိုသိပြီးဆက်လာလဲမသိ။ အိမ်ပြန်ရောက်ပြီထင်ပါ့။
“ကျွတ် ဒီလူကြီးပဲဆက်ပြန်ပြန်ပြီ ဟဲလို”
ပါးစပ်ကအပြစ်ပြောနေပေမယ့် ဖုန်းမကိုင်ပဲလဲ နေနိုင်တာမဟုတ်။ မေဇွန် ပျိုဖုန်းပြောတာကို စောင့်ရင်းတွေးနေမိ သည်။ ဂျစ်တူးပျိုနဲ့ ဇေထူးမြတ်တို့ ဘယ်လိုနှစ်ပါးသွားနေကြလဲဆိုတာ။ မကြားရတာကြာပြီလေ။
“ပျို ဘယ်သွားနေတာလဲ အိမ်မှာလဲမရှိဘူး”
“အင်း ဟိုဘက်လမ်းထိပ်က ကော်ဖီဆိုင်မှာ သူငယ်ချင်းရောက်နေလို့”
“အော် ဟုတ်ပြီ ငါအခုလာခဲ့မယ်နော်”
“ဟင် မလာ..”
မလာနဲ့ဆိုတဲ့စကားသံတောင်မဆုံးသေး။ ဖုန်းချသွားလေသည်။ စားပွဲထိုးလေးက ကော်ဖီလာချပေးလို့ မေဇွန်က ကော်ဖီတစ်ခွက်ကို ပျိုရှေ့တိုးပေးရင်းမေးသည်။
“ဘာတဲ့လဲ နင်အစ်မက စိတ်မချလို့လိုက်လာမယ်တဲ့လား”
“မေဇွန် နင်သူ့ရှေ့မှာအဲ့ဒီလိုသွားမပြောမိစေနဲ့နော်”
“အမယ် ကြောက်တယ်ပေါ့”
ကြောက်တာပေါ့။ အဲ့ဒီလိုစကားကို ပေါ့ပေါ့ပြောလိုက်မိလို့ ဗိုက်ထဲကကောင်လေးရလာခဲ့တာမလား။ အဲ့ဒီအတွေးနဲ့ တင် ရင်ထဲကဒဏ်ရာဟောင်းက ပြန်ပေါ်လာခဲ့ပြီး ဒင်းကိုစိတ်နာစိတ်တွေ ပိုတိုးလာပြန်သည်။ ဒီအကြောင်းတွေကို ခရေစေ့တွင်းကျ မေဇွန်ကိုပြောပြလို့မဖြစ်ပါ။ သိသွားလို့ကတော့အဟားခံလိုက်ရမယ့်ဖြစ်ခြင်း။
“တော်ပါ တခြားအကြောင်းပဲပြောမယ် နင်အခုတလောဘာတွေလုပ်နေလဲ ငါ့ကိုလဲအစီရင်မခံပါလားအေ”
“ငါလား ငါလဲနင့်ကိုအားကျလို့ ဘဲထားမလားလို့စိတ်ကူးနေတာလေ”
“အမယ် ဘယ်သူလဲ ဘယ်ကလဲ သမီးတော် မယ်တော်ကိုလျှောက်တင်တော်မူစမ်းကွဲ့”
သူငယ်ချင်းနှစ်ယောက်သား ဟီလာတိုက်နေစဉ် ဇေထူးရောက်လာခဲ့သည်။ ပျိုရှေ့ကကော်ဖီခွက်ကို မကြိုက်သလို တစ်ချက်ကြည့်ပြီးခပ်တည်တည်နဲ့ဆွဲသောက်လိုက်လေသည်။ ဒီလိုဖြစ်မယ်ဆိုတာသိလို့ သူတမင်လိုက်လာခြင်း ဖြစ်သည်။ စားချင်သလိုစားတာ အရေးမကြီး။ ပျိုနဲ့ ဗိုက်ထဲကကလေးကိုထိခိုက်စေမယ့် အစားအစာမျိုး မစားမိအောင် သူအတတ်နိုင်ဆုံးဂရုစိုက်ရပါမည်။
မေဇွန်က ဇေထူးကိုပြုံးပြနှုတ်ဆက်လိုက်ရင်း မသိမသာအကဲခတ်နေလေသည်။
“ပျို ဘာသောက်မလဲ ငါသွားမှာပေးမယ် အသီးဖျော်ရည်တွေရတယ်တဲ့”
အင်း အသီးဖျော်ရည်ထဲကပဲ ကြိုက်တာရွေးပေါ့။ ပြောတဲ့လေသံက။ ပျိုမှာ အသဲတွေကျလိကျလိဖြစ်နေရသည်။ အိမ်ထဲရော အိမ်ပြင်မှာထိပါ လိုက်ချုပ်ခြယ်ကန့်သတ်နေပြန်သည်။
“မသောက်တော့ဘူး”
စူပုတ်ချင်နေတဲ့ပျိုရဲ့မျက်နှာကိုတလှည့်၊ ပျိုကိုသာကြည့်နေတဲ့ဇေထူးမျက်နှာကိုတလှည့်ကြည့်ရင်း မေဇွန် ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။ ဒီလူကြီးဟာ သူ့ရဲ့ချစ်ဇနီးကိုအတော်ဂရုစိုက်ပုံပင်။ ဒေါ်ဥဒေါင်းပျိုတို့ ကတော့ လွတ်လွတ်လပ်လပ်နေနေကျလူဆိုတော့ သူ့ကိုဂရုစိုက်လွန်းတော့လဲ စိတ်ရှုပ်နေပုံရသည်။ လိုက်လဲ လိုက်တဲ့ စုံတွဲပင်။
“အင်း အဲ့ဒါဆိုလဲ အိမ်ရောက်မှငါဖျော်ပေးမယ်နော်”
ငြိမ်ပြီးနားထောင်နေတဲ့မေဇွန်မျက်ခုံးတို့ ပင့်သွားရသည်။ ငါဖျော်ပေးမယ်နော်ဆိုပဲ။ လေသံလေးက ကြင်နာမှု အပြည့်။ ဘေးနားထိုင်နားထောင်နေသူတောင် ခံစားမိတာ။ ဥဒေါင်းပျို မခံစားမိဘူးလား။ အဲ့လိုကြင်နာပြနေတာကို တန်ဖိုးထားရကောင်းမှန်းမသိ။ စိတ်လေနေတဲ့ရုပ်နဲ့။
အဲ့ဒီဇေထူးကို နည်းနည်းမှမကျေနပ်ပါ။ သူများသူငယ်ချင်းနဲ့အေးဆေးစကားပြောချင်လို့ အိမ်ကိုတောင်မခေါ်ပဲ ကော်ဖီဆိုင်ထိုင်နေပါတယ်ဆို လိုက်လာခဲ့သေးသည်။ ဘာမှန်းလဲမသိ။ နေရာတကာလိုက်ချုပ်ခြယ်နေတာ အသက်ရှုကြပ်လွန်းပါသည်။ ဖြစ်နိုင်ရင် ပျိုရဲ့ဗိုက်ကိုဖြုတ်ကာ သူ့ဆီမှာသာတပ်ပေးချင်တော့သည်။ အဲ့ဒီလို လုပ်လို့ရရင် ဒင်းကလက်ခံမှာအသေချာပင်။
“မေဇွန် လာလည်တာလား အိမ်ကိုလိုက်ခဲ့ဦးလေ”
“လိုက်ခဲ့ရမလားကိုဇေထူး”
“လိုက်ခဲ့ပါဗျာ ကျွန်တော်ညနေစာချက်ကျွေးပါ့မယ် ဒီနေ့ဟင်းချက်စရာတွေဝင်ဝယ်နေလို့ နည်းနည်းနောက်ကျ သွားတာ အိမ်ပြန်ရောက်တော့ ပျိုကိုမတွေ့လို့ စိတ်ပူသွားပြီးလိုက်လာခဲ့တာ”
မတွေ့တာလောက်နဲ့တော့ စိတ်ပူစရာမလိုပါဘူး။ သူ့နာမည်ပြောင်ဦးသန့်ရှင်းကနေ ဦးစိတ်ပူလို့ ပြောင်းပေးရ မလိုပင်။ မေဇွန် ပျိုနဲ့ဦးစိတ်ပူတို့နှစ်ယောက်အကြောင်း ပိုသိချင်လို့ ညနေစာလိုက်စားဖို့ဆုံးဖြတ်လိုက်သည်။
“ပျို ငါနင့်အိမ်လိုက်ခဲ့မယ်နော်”
အခုချိန်အထိ စကားကောင်းကောင်းမပြောရသေးလို့ မေဇွန်လဲပြန်ချင်သေးပုံမပေါ်။
“အင်း ညနေလုပ်စရာမရှိရင်လိုက်ခဲ့လေ”
“အိုကေ ဒါဆို သွားစို့လေ အိမ်ရောက်မှအေးဆေးစကားပြောကြတာပေါ့”
အိမ်ရောက်တော့ ဇေထူးက ခြံထဲကမြက်ခင်းပေါ်မှာ စားပွဲနဲ့ခုံနှစ်ခုံချပေးသည်။
မေဇွန်က ဇေထူးထွက်သွားတာနဲ့ ပျိုကို တအံ့တသြကြည့်ရင်း ပြောလိုက်သည်။
“ဦးသန့်က နင့်ကိုအတော်ဂရုစိုက်တာပဲ”
“စိုက်မှာပေါ့ ဗိုက်ထဲမှာသူ့ကလေးရှိနေတာကို”
“မဟုတ်ဘူးနော်ပျို ငါကြားဖူးတဲ့စကားပုံက မကိုခင်လို့ဥကိုခင်တာတဲ့”
“မတွေ ဥတွေ ဘာမှလာပြောမနေနဲ့ သူကတော့ သူကလေးကိုလုံးဝအထိခိုက်မခံနိုင်တာအသေချာပဲ ငါ့ကိုတော့ ချစ်မနေဘူး”
“ဥကိုခင်လို့ဥကိုခင်တယ်ပဲ ထားပါတော့ဥဒေါင်းပျိုရယ် ငါ့ကတော့သူ့ပုံစံကိုကြည့်လိုက်တာနဲ့ ဟိုသီချင်းကို သတိရတယ်”
“ဘာသီချင်းလဲ”
“ဟန်နီ ဟန်နီ မင်းရဲ့အရိပ်ကလေးငါ ဟန်နီ ဟန်နီ”
“တော်တော့ သံသေးသံကြောင်နဲ့ဆိုမနေနဲ့”
ဒီအချိန်မှာပဲ ဇေထူးက အအေးနှစ်ခွက်တင်ထားတဲ့ဗန်းလေးကိုင်ပြီး ခြံထဲပြန်ဆင်းခဲ့သည်။
“မေဇွန် အအေးသောက်ဦးနော်”
“ဟယ် ကိုဇေထူးရယ် အားတောင်နာလာပြီ အအေးလဲတိုက် ညနေစာလဲကျွေးဦးမယ်ဆိုတော့”
“ရပါတယ်ဗျာ သူငယ်ချင်းတွေတွေ့တုန်းအေးဆေးစကားပြောကြဦးနော်”
အိမ်ထဲပြန်ဝင်သွားတဲ့ဇေထူးနောက်ကျောကိုကြည့်ပြီး နှစ်ယောက်သားအတင်းပြောကျန်နေခဲ့သည်။
“ဟဲ့ မေဇွန် အသံလေးက ဟယ် ကိုဇေထူးရယ် အားတောင်နာလာပြီဆိုပါလား အိုဗာတင်းမ”
“အသာနေစမ်းဥဒေါင်းပျို ငါ့စိတ်ထဲတခုခုများလွဲနေသလားလို့”
ပျိုက အလေးအနက်တွေးနေပုံပေါ်တဲ့မေဇွန်မျက်နှာကို အူကြောင်ကြောင်ကြည့်ပြီးပြန်မေးလိုက်သည်။
“ဘာလွဲလို့လဲ”
“နင်တို့နှစ်ယောက်ပုံစံလေ နေရာချင်းလွဲနေသလိုပဲ သူများတွေက ကိုယ့်ယောကျာ်းဆီလာလည်တဲ့ဧည့်သည်ကို ဧည့်ဝတ်ပြုဖို့ မိန်းမကဖျော်ရည်ဖျော်ပေးတာ အခုနင့်ဟာက တလွဲကြီး ခွီးးးး”
မေဇွန်ပြောလဲပြောချင်စရာ။ ပျိုကတော့အဲ့ဒီလိုလုပ်ပေးစရာမှမလိုတာ။ သူ့ဆီလဲဘယ်ဧည့်သည်မှမလာပဲ။
“ဒါပေမယ့်လဲ ငါသဘောကျတယ် သိလားပျို ငါ့ကိုလဲနင့်လိုအစ်မတစ်ယောက်လောက်ရှာပေးစမ်းပါဟယ် စီးပွားလဲ ရှာတယ် အိမ်အလုပ်လဲလုပ်တယ် နင့်ကိုဂရုစိုက်လိုက် ချစ်လိုက်တာမှတုန်နေတာပဲ ဒီလိုယောကျာ်းမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး င့ါကိုလဲ ဦးသန့်သူငယ်ချင်းတွေရှိရင် အောင်သွယ်ပေးစမ်းပါဟယ်”
မေဇွန်ကစပ်ဖြဲဖြဲနဲ့တီးတိုးကပ်ပြောရင်း အအေးကိုပိုက်နဲ့စုပ်သောက်လိုက်သည်။
“အမယ် ဆန်းကစ်သီးကို သေချာဖျော်ထားတာပဲဟဲ့ သောက်လို့ကောင်းလိုက်တာ မိန်းမ ကြည့်စမ်း ဒီလိုတွေ လိုလေသေးမရှိ အနီးကပ်ပြုစုပေးနေတဲ့လူရှိတော့ အပြင်ကိုမထွက်ချင်တော့တာမလား”
ဟုတ်နေမယ်။ ပျိုမှာ ဗိုက်ကြီးတကားကားနဲ့ ရှက်လို့ ဘယ်သူနဲ့မှမတွေ့ချင်လို့မထွက်တာကို။
“တော်ပါ နင့်အကြောင်းပဲဆက်ပြောမယ် ပြောပါဦး နင့်ဘဲအကြောင်း”
ပျိုနဲ့မေဇွန်နှစ်ဦးသား လေပေါနေရင်း အချိန်တွေဘယ်လိုကုန်သွားမှန်းမသိ။ ရေမိုးချိုးသန့်ရှင်းမွှေးပျံ့နေတဲ့ ဇေထူး ရောက်လာမှသာ နှစ်ဦးသား အမျှင်မပြတ်ပြောနေတဲ့စကားတွေ ရပ်တန့်သွားတော့သည်။
“ခြောက်နာရီတောင်ထိုးတော့မယ် ညနေစာစားစို့နော်”
အအေးနှစ်ခွက်ကိုသိမ်းပြီးပြောနေတဲ့ဇေထူးကို မေဇွန်ကအားနာစွာနဲ့။
“အအေးခွက်တွေမေဇွန်ယူသွားပေးမယ်ကိုဇေထူး”
“ရပါတယ် အားလုံးအဆင်သင့်ဖြစ်နေပြီ အထဲသွားကြစို့”
ဖွယ်ဖွယ်ရာရာပြင်ဆင်ထားတဲ့ ဇေထူးရဲ့လက်ရာကို မေဇွန်က တဖွဖွချီးကျူးလို့မဆုံးတော့။ မြှောက်လို့မြှောက်မှန်း မသိ ဇေထူးတို့ကလဲ ပီတီဖြာကာ တဟဲဟဲနဲ့ကျေနပ်နေသည်။ ပျိုကတော့ လေပေးဖြောင့်နေတဲ့ နှစ်ယောက်ကြား ဘာမှဝင်မပြောပဲ တိတ်ဆိတ်စွာစားနေလိုက်သည်။
မေဇွန်က ပြန်တာကိုအေးဆေးမပြန်ပဲ ပျိုကိုကပ်ပြောသွားသေးသည်။
“နင့်ဗိုက်လေးလနဲ့ဘာလို့အဲ့လောက်ပူနေလဲဆိုတာ ငါအခုမှသိတော့တယ် ဦးသန့်ရဲ့အပြုစုကောင်းမှုကြောင့်ကိုး ခွိခွိ ဘာပဲဖြစ်ဖြစ် နင်ယောကျာ်းရကံကောင်းတယ်ပျို”
ဘာကံကောင်းလို့လဲ။ သူ ပျိုအပေါ်မကောင်းတာတွေတော့ လူတွေကမမြင်ကြပါ။ ပြောပြလို့မကောင်းတဲ့အရာတွေ ဆိုတော့လဲ ရင်ထဲမှာပဲ ကြိတ်မှိတ်မြိုသိပ်ရင်း ရှိပါစေတော့လို့သာ တွေးလိုက်ရတော့သည်။ ပစ္စုန်ပ္ပန်ကိုတည့်တည့် ရှု့ရင်း ဗိုက်ထဲက ကလေးလေးကိုလဲ ညာတာရပေဦးမည်။ ဒီကလေးကိုတော့ ပျို အရမ်းချစ်တာလေ။
==========================================================
ပျိုဗိုက်ထဲက ကလေးလေးက သားလေးဆိုတာသိတဲ့နေ့မှာ ဦးအိုဗာတင်းကြီးက မျက်ရည်တွေဝဲကာ ပျိုရဲ့ဗိုက်ကို လာနမ်းရှိုက်နေသေးသည်။ ပျိုကတော့ အဲ့လောက်ထူးထူးခြားခြားကြီးမခံစားရပါ။ သားနဲ့သမီးနှစ်မျိုးပဲရှိတာကို။ ဘာပဲရရ ကိုယ့်ကလေးပဲဆိုတော့ ချစ်ရမှာပင်။ ဇေထူးကို အမြင်ကတ်ပေမယ့် ကလေးချစ်တတ်တဲ့ပျိုက ဗိုက်ထဲက သားလေးကို မချစ်ပဲမနေနိုင်ပါ။
“သားရေ အိပ်နေတာလား ဖေဖေပြောတာကြားလား”
ဘေးနားကပ်ထိုင်ကာ ဗိုက်ကိုလာပွတ်ရင်း အထဲကကလေးကို လာကျီစယ်နေတဲ့ဇေထူးကြောင့် ပျိုမှာ တီဗွီကြည့် နေတာကို ကောင်းကောင်းမကြည့်ရ။
“ဟော လှုပ်တယ်နော် မအိပ်သေးဘူးထင်တယ်ပျို”
ဗိုက်ထဲကနေ သိသိသာသာလှုပ်ရှားသွားတာကို ပျိုလဲခံစားမိပါသည်။
“သားရေ ဖေဖေပြောတာကြားလား မြန်မြန်ထွက်ခဲ့တော့ကွာ ဖေ မင်းကိုမြင်ချင်လှပြီ”
သူ့စကားဆုံးတာနဲ့ ကလေးက ထပ်လှုပ်သွားပြန်သည်။ ကြည့်စမ်း သူ့အဖေပြောတာကို ကလေးက နားထောင်နေတယ်ပေါ့လေ။ ပျိုတောင်အံ့သြလာမိသည်။ ပေါက်စလေးက အဲ့လောက်တောင်သိနေပြီလား။
ဇေထူးက ဗိုက်နားမှာမျက်နှာကပ်ကာ လက်တစ်ဖက်ကလဲ ညင်သာစွာပွတ်နေရင်း။
“သားက ဖေဖေနဲ့တူမှာလား မေမေနဲ့တူမှာလား”
အင် ဖေဖေနဲ့တူလို့တော့လုံးဝမဖြစ်ပါ။ သူ့အဖေလို မိန်းမယူပြီး ရှာကျွေးရုံမက ချက်ပြုတ်ကျွေးမွေးနေတဲ့ဘဝမျိုး ပျို့သားကိုမဖြစ်စေချင်ပါ။ အဲ့ဒီအတွေးဆုံးတာ ပျိုရှက်သွားမိသည်။ ပျိုဟာ အတ္တကြီးတဲ့အမေတစ်ယောက်ပါလား။ သူများသားကိုကျတော့ ခိုင်းစားနေပြီး။ အို ပျိုခိုင်းစားတာမှမဟုတ်တာ။ သူ့ဘာသာလုပ်တာကို။ ဥဒေါင်းပျိုနဲ့ ဘာ ဆိုဘာမှမဆိုင်ပါ။ ဗိုက်နားကပ်နေတဲ့သူ့မျက်နှာကို အပေါ်ကနေငုံ့ကြည့်နေရင်း ရင်ထဲတမျိုးလေးဖြစ်လာမိသည်။
“ဟေ့ကောင်ကြီး မေမေနဲ့တူလို့မဖြစ်ဘူးနော် ဖေဖေနဲ့တူမှဖြစ်မှာ မင်းကယောကျာ်းလေ”
အမယ်။ သူနဲ့မတူခိုင်းစေချင်ပါဘူးဆို။ ပျိုတစ်ယောက် ဇေထူးစကားတွေကို စိတ်ထဲကနေလိုက်ပြောနေမိပြီး သဘောကျကာပြုံးနေမိသည်။
“အိပ်တော့နော်သား ဖေဖေတို့လဲအိပ်တော့မှာ Good night baby”
ဇေထူး ဗိုက်ကို အနမ်းခြွေပြီးတာနဲ့ ပျိုနဖူးကိုပါနမ်းလိုက်သည်။
“အိပ်စို့ပျို ဆေးခန်းသွားလို့ပင်ပန်းထားတာမလား ဒီညစောစောအိပ်မှဖြစ်မယ်”
ဇာတ်လမ်းကြည့်နေပါတယ်ဆို လာအိပ်ခိုင်းနေသူကြီးရဲ့စကားကို အရင်လိုဂျီမကျတော့ပဲ နားထောင်လိုက်မိသည်။ ပျို အခန့်သားဗိုက်ကလေးကော့ကော့နဲ့ အိမ်ခန်းထဲဝင်ခဲ့သော်လည်း သူကတော့ ပျို တီဗွီကြည့်ရင်း ရှုပ်ထားသမျှ ရေဗူးတွေအမှိုက်တွေရှင်းပြီး ကျန်နေခဲ့သေးသည်။ အဲ့ဒါကြောင့် သားရေ မင်းအဖေနဲ့မတူပါနဲ့။ မင်းမိန်းမအတွက် အဲ့လိုတွေ လုပ်ပေးနေတာအမေမမြင်ချင်ဘူး။ အမေဟာ စိတ်ပုတ်တဲ့ ယောက္ခမတစ်ယောက်ပါ။
အဖေနဲ့ အကျင့်ရော မျက်နှာရောမတူရဘူးနော်။ အမေနဲ့တူမှချစ်မှာသိလား။ ဗိုက်ထဲကလေးကိုတောင် အသံတိတ် ခြိမ်းခြောက်လိုက်သေးသည်။ ဟုတ်တယ်လေ။ သားလေးကို ချစ်လို့နမ်းပါမယ်ဆို သူ့အဖေမျက်နှာကြီးနဲ့တူတာကို မနမ်းချင်ပါ။ ကိုယ်နဲ့တူမှ ပိုချစ်မိမည်ထင်။
နောက်တစ်နေ့သူအလုပ်သွားတော့ ပျိုတစ်ယောက်ထဲ ဗိုက်လေးကိုပွတ်ပြီး သားလေးကိုခေါ်လိုက်မိသည်။
“သားရေ အိပ်နေတာလား မေမေခေါ်တာကြားလားကလေးလေး”
အမယ် တုတ်တုတ်မှမလှုပ်ပါ။ နောက်ထပ် တစ်နာရီလောက်ကြာတော့ပြန်ခေါ်ကြည့်တော့လဲမလှုပ်။
ညနေသူပြန်လာတော့ ဗိုက်လေးကိုနမ်းကာ သူ့သားကိုလာနုတ်ဆက်လေသည်။
“သားသားရေ ဖေဖေပြန်လာပြီ”
ချက်ချင်းလှုပ်ခါသွားတဲ့ဗိုက်ကြောင့် ပျို့ရင်ထဲမနာလိုစိတ်လေးဖြစ်ပေါ်သွားရသည်။ အမေဗိုက်ထဲရှိနေတဲ့ ဒီပေါက်စလေးဟာ အမေစကားကျတော့နားမထောင်ပဲ အဖေအသံကြားတာနဲ့ဆပ်စလူးနေလေသည်။ မဟုတ်လောက်ပါဘူး။ သူခေါ်တဲ့အချိန်နဲ့တိုက်ဆိုင်သွားလို့သာဖြစ်မှာပါလေ။ နောက်ရက်ပျိုခေါ်ကြည့်တော့လဲ လှုပ်လာပါသည်။ တော်သေးတယ်။ အမေကိုအလေးထားသေးလို့။ ဒါပေမယ့် သုံးလေးခါလောက်မှ တစ်ခါလောက်သာ။ သူ့အဖေခေါ်ရင်တော့ ခေါ်တိုင်းလှုပ်ရှားပြနေသလိုပင်။
“ပျို မီးနေသည်တွေဆောင်ရန်ရှောင်ရန်တွေ လေ့လာကြည့်ပါလား”
လေ့လာစရာလိုလို့လား။ သူပဲလေ့လာနေပြီး။ ပျိုက သူ့ကိုအမြင်ကတ်လို့ တမင်ကို မလေ့လာတာပါ။
“ကိုယ်တိုင်သိထားတော့ကောင်းတာပေါ့ နော်ပျို အဲ့ဒါလေးအင်တာနက်ကရှာဖတ်ထားလိုက် တီဗွီပဲကြည့်မနေနဲ့ မျက်စိပျက်တယ် နေ့ခင်းတရေးတမောအိပ်ရမှာကို မမေ့နဲ့နော် ညနေအပြန်နည်းနည်းနောက်ကျမယ်”
ပျိုရဲ့ပါးကို နမ်းပြီးထွက်သွားတဲ့ဒီလူကို ပျိုရဲ့ခင်ပွန်းအဖြစ်မသတ်မှတ်လို့လဲမရတော့။ ကိုယ်သာ တစ်ယောက်ထဲ ခွဲခြားနေတာ။ သူနဲ့ဖြင့် ကလေးတစ်ယောက်တောင်ရတော့မှာကို။ စိတ်လေပြီး ခေါင်းခါမိသွားသည်။ သူပြောတဲ့ ဆောင်ရန်ရှောင်ရန်တွေ ရှာဖတ်ဖို့ အင်တာနက်ဖွင့်ကြည့်လိုက်သည်။ ဆောင်ရန်ရှောင်ရန်တော့မတွေ့။ ကလေး မွေးတဲ့ဗီဒီယိုတွေကြည့်ပြီး အသည်းတွေယားလာမိသည်။ ဘာလို့အဲ့လောက်တောင်ကြောက်ဖို့ကောင်းနေရတာလဲ။ ရိုးရိုးမွေးတာရော၊ ခွဲမွေးတာပါ မသက်သာလှပါ။ ဘုရားရေ နောက်လေးလလောက်ဆို ပျိုလဲ အဲ့ဒီလိုဓါးကြီးနဲ့ဗိုက် အခွဲခံရတော့မှာပါလား။ အိုဂျီနဲ့ပြနေစဉ်တလျှောက်လုံးခွဲမွေးတာ သက်သာတယ်ထင်ပြီး အေးအေးနေနေခဲ့တာ။ အခုဒါတွေတွေ့ပြီး ကြောက်စိတ်တွေဘယ်ကနေရောက်လာလဲမသိတော့။
အိမ်ပြန်နောက်ကျမယ်ပြောတဲ့ဇေထူးက ခါတိုင်းထက်ဆယ့်ငါးမိနစ်လောက်သာ နောက်ကျပြီးပြန်ရောက်လာခဲ့ ပါသည်။ ရောက်ရောက်ချင်း ဟန်မဆောင်နိုင်အောင်ပျက်နေတဲ့ပျို့မျက်နှာကိုကြည့်ပြီး စိတ်ပူသွားမိသည်။
“ပျို ဘာဖြစ်နေတာလဲ”
ဇေထူး ပျို နဘေးဝင်ထိုင်လိုက်ရင်း နဖူးကို စမ်းကြည့်လိုက်သည်။
“ကြောက်လို့”
“ဘာကိုကြောက်တာလဲ ကြွက်ဝင်နေလို့လား”
“မဟုတ်ပါဘူး ကလေးမွေးရမှာကြောက်လို့”
မျက်ရည်လည်ချင်ချင်ဖြစ်နေတဲ့ပျိုကို ဇေထူးနားမလည်နိုင်ဖြစ်နေသည်။
“ဘာဖြစ်လို့လဲပျို င့ါကိုသေချာပြောဦး”
“ကလေးမွေးတဲ့ဗီဒီယိုကြည့်မိလို့”
“အာ ဘာလို့အဲ့ဒါတွေလျှောက်ကြည့်တာလဲပျိုရာ”
ဇေထူး ပျိုကို ဖက်လိုက်ပြီး နှစ်သိမ့်ဖို့စကားလုံးစဉ်းစားနေမိသည်။ ပျိုဟာ ပုံစံကြည့်တော့သာ ဂျွတ်ဆတ်ဆတ်နဲ့။ အလွန်ကြောက်တတ် အားငယ်တတ်တာသူအသိဆုံးပါ။ အခုလဲ အဲ့ဒီဗွီဒီယိုတွေတွေ့သွားပြီး သူခွဲစိတ်ခံရမှာကို တွေးပြီး အရမ်းလန့်နေပုံပင်။ ဒါပေမယ့်လဲ ဒါကရှောင်လွဲလို့မှမရတာ။ ပျိုရဲ့ပုခုံးကိုညင်သာစွာဖက်လိုက်ရင်း
“ပျို သားလေးကိုမချစ်ဘူးလား”
“ကိုယ့်ကလေးပဲ မချစ်ပဲနေမလား”
“အင်းလေ သားလေးမျက်နှာမြင်ရတော့မှာလဲ အဲ့ဒါကိုပဲတွေး တခြားဘာကိုမှမတွေးနဲ့”
“မဟုတ်ဘူးလေ Step by step ပေ့ါ အဆင့်ကျော်လို့မှမရတာ သားမျက်နှာမြင်ရဖို့ ပျိုဗိုက်ခွဲမှဖြစ်မှာလေ အီးဟီးးးး ကြောက်လိုက်တာ ဗိုက်မခွဲချင်ဘူး”
နှစ်သိမ့်လိုက်မှပဲ ပိုဆိုးကာ ငိုချလိုက်တော့သည်။ ဇေထူးမရယ်မိအောင်နုတ်ခမ်းကိုက်ထားလိုက်ရသည်။
“ပျို မငိုနဲ့ကွာ သားလေးလဲလန့်နေလိမ့်မယ် ဒါဆိုရိုးရိုးမွေးမလား”
“ဟင့်အင်း အဲ့ဒါကပိုဆိုးသလိုပဲ ထွက်အောင်မနည်းညစ်နေရတာ ကြောက်စရာကြီး အကြီးကြီးထွက်လာတာ ဘယ်လောက်တောင်နာလိုက်မလဲ”
ပျိုရာ သူရှာဖတ်ခိုင်းတာတော့ မဖတ်ပဲ ဘာတွေသွားကြည့်မှန်းမသိ။ ဒီတခါတော့ ရယ်သံမထွက်မိအောင် အံကြိတ် ထားလိုက်ရသည်။
“ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့အပ်ထားတာပဲ မကြောက်ပါနဲ့”
မကြောက်ပါနဲ့က အပြောသာလွယ်တာ။ တကယ်လက်တွေ့ကြုံရမှာက ပျိုလေ။ သူမှမဟုတ်ပဲ။ မိန်းမအဖြစ် မွေးခဲ့တဲ့ ကိုယ့်ဘဝကိုယ် ပထမဆုံးအကြိမ် စိတ်လေသွားမိသည်။
“ဘယ်နည်းနဲ့မှကလေးမမွေးချင်ဘူး”
ဇေထူးမှာ ရယ်သံမထွက်မိအောင် မနည်းထိန်းလိုက်ရသည်။ ဒီအချိန်ရယ်လိုက်လို့ကတော့ မိုင်းဗုံးကွဲတာထက်ပင် ဆိုးမည်ထင်။ တကယ်တော့ ငိုနေတဲ့ပျိုကို စိတ်ရှိလက်ရှိ ဆွဲမွေ့ရမ်းပြီး နမ်းပစ်ချင်တာပါ။
“သားရေ မေမေကကြောက်လို့ငိုနေတယ်ကွာ မကြောက်ဖို့အားပေးလိုက်ပါဦး”
ဗိုက်ထဲက ကလေးလေးကနားလည်တဲ့အလား လှုပ်သွားပြန်သည်။ ပျိုဟာ ဒီကလေးကိုလဲ အရမ်းချစ်ရပေမယ့် သူ့အဖေကိုသာပိုချစ်နေလို့ စိတ်လဲကောက်ချင်ပါသည်။ တနေကုန် ဝမ်းနည်းနေတဲ့အမေကိုတော့ မနှစ်သိမ့်ပဲ။ အဖေအသံကြားမှာ လှုပ်ခါပြနေသည်။
ဒီနေ့ကို ဇေထူး ကျေနပ်နေမိသည်။ ပျို ကြောက်လန့်တာကိုတော့စိတ်မကောင်းဖြစ်ပေမယ့် သူ့ကို အားကိုးတကြီး ဖက်တွယ်ပြီးငိုနေသူကို အကြာကြီးဖက်ထားပေးကာ နှစ်သိမ့်ပေးရတာကို အလွန်ကိုကြည်နူးမိပါသည်။ သူနဲ့ပျို တနေ့ထက်တနေ့ပိုပြီးနီးစပ်လာသလို ခံစားမိနေသည်။ ဒါ သားလေးကြောင့်ပါ။ ကျေးဇူးပါတင်သားရယ်။ ဖေဖေနဲ့ မေမေကို အောင်သွယ်ပေးလို့။
အပြင်သွားဖို့ အဆင်သင့်လုပ်ထားပါလို့ သူဖုန်းဆက်လာလို့ ပျို အဝတ်အစားလဲပြီး ထိုင်စောင့်နေခဲ့သည်။
“ပျို အဆင်သင့်ပဲလား သွားမယ်လေ”
“ဘယ်သွားမလို့လဲ”
သူက ပြန်မဖြေပါ။ ဒီနေ့ဆေးခန်းသွားရမယ့်ရက်လဲမဟုတ်ပါပဲ။ ခါတိုင်းဆို ဘယ်ဆိုဘယ်မှ မသွားခိုင်းတဲ့လူဟာ ထူးထူးခြားခြား ဘယ်ကိုခေါ်သွားနေမှန်းမသိ။ မေးတာလဲမဖြေ။ တခါတလေ အဲ့လိုတုံနိဘာဝေလုပ်နေတတ်တာကို အသဲယားမိသည်။
ကလေးပစ္စည်းအစုံအလင်ရောင်းတဲ့စတိုးဆိုင်ဆီခေါ်သွားလို့ အံ့သြသွားမိသည်။ ပျို ကလေးအတွက် ဘာ အသုံးဆောင်ပစ္စည်းမှမဝယ်ရသေးတာကို အခုမှသတိရတော့သည်။။ သူကတော့ သားလေးလား၊သမီးလေးလား ကွဲကွဲပြားပြား သိချိန်အထိစောင့်နေပုံပင်။ သူနဲ့ပျိုဟာ သားအတွက် လိုမှန်းမသိ၊ မလိုမှန်းမသိ မြင်မြင်သမျှ လျှောက်ဝယ်ရင်းပျော်နေကြသည်။ ကလေးပိစိအတွက်ဆိုတော့ အရာရာတိုင်းပိစိလေးတွေချည်းပင်။ ဖိနပ်ပိစိလေး တွေ၊ အကျီၤပိစိလေးတွေကိုကြည့်ပြီး ဘယ်လိုချစ်မှန်းမသိ။ ပုခက်လေးတွေ၊ တွန်းလှည်းတွေဝယ်ဖို့လဲ နှစ်ယောက် သားငြင်းခုံနေရသည်။။ နောက်ဆုံးတော့ သူပဲအရှုံးပေးရတာပါ။ ဒီအချိန်လေးမှာတော့ ပျိုဟာ သူ့ရဲ့ဇနီး၊ သားလေးရဲ့မေမေဘဝမှာ ကြည်နူးပျော်ရွှင်နေမိတော့သည်။ သူ့ကိုမုန်းတာတွေ အမြင်ကတ်တာတွေ ဘယ်ချောင် ကပ်နေမှန်းမသိတော့။
ကလေးနာမည်ရွေးတော့လဲ သူနဲ့ပျိုစကားများရပြန်သည်။
“ပျို သားလေးနာမည်ကိုဘယ်လိုပေးချင်လဲ”
“အင်း နေ့နံနဲ့ကိုက်ပြီးပေးမလား”
“အာ ဘယ်နေ့မွေးမွေးပေါ့ ငါ့သားဆိုတော့ ငါ့နာမည်ပါအောင်ပေးမှဖြစ်မှာ”
“အမယ် င့ါသားပဲပြောမနေပါနဲ့ အခုချိန်ထိငါ့ဗိုက်ထဲမှာပဲရှိနေသေးတာ ဘယ်သူ့သားလဲပြောလေ”
ဇေထူး ညစ်ကျယ်ကျယ်ရုပ်နဲ့ခပ်မော့မော့မေးနေသူရဲ့ပါးကို ဆွဲလိမ်လိုက်ရင်း ပြန်ဖြလိုက်သည်။
“အင်းလေ နင်နဲ့ငါရဲ့သားလေ”
သူ့စကားကြောင့် ရှက်သလိုဖြစ်သွားမိပေမယ့် မရှက်ချင်ယောင်ဆောင်လိုက်ရင်း
“ငါ့နာမည်လဲပါအောင်ပေးမှာ”
“ငါကအဖေဆိုတော့ ငါ့နာမည်ရှေ့ဆုံးမှာထားမှာ”
“ဟင် မရပါဘူးနော် ငါ့နာမည်ရှေ့ဆုံးထားမှာ”
“ဟား ဟား နင့်နာမည် ဥဒေါင်းပျိုကို ဘယ်တစ်လုံးထားချင်လဲပြော ဥ ဒေါင်း ပျို ဘယ်ဟာမှထားလို့မကောင်းဘူး ယောကျာ်းလေးနာမည်နဲ့မလိုက်ဘူး ငါ့နာမည် ဇေပဲထားမယ် အဲ့ဒါယောကျာ်းလေးနဲ့လိုက်တယ်”
လိုက်တော့လိုက်ပေမယ့်ဒင်းနာမည်ကြီးကိုရှေ့မှာမတပ်စေချင်။ ကိုယ်က တပင်တပန်းဗိုက်ကြီးပူပြီးနေနေရတာကို။ နေရာတကာအဖေကိုပဲဦးစားပေးလို့ဖြစ်ပါ့မလား။
“မင်းသားဒေါင်းတောင်ရှိသေးတာပဲ ဒေါင်းဘာညာသာရကာပေးလို့ရတယ်လေ”
“တော်ပြီ ဇေ … အင်း ဇေမင်းပျိုဆိုရင်မကောင်းဘူးလား”
“ကောင်းဘူး ပျိုဇေမင်းလို့ပေး”
“ပျို ကပ်သပ်မပြောနဲ့ သနားလို့သူ့နာမည်လဲထည့်ထားပေးရသေးတယ်”
“အမယ် ဒီမှာ ကလေးကခုချိန်ထိငါ့ဗိုက်ထဲမှာပဲရှိနေသေးတာနော်”
“အဲ့ဒါဘာဖြစ်လဲ”
“ခုထိငါ့အပိုင်ပဲ”
“မပူပါဘူး အချိန်တန်ရင်ထွက်လာမှာပဲကို ဇေမင်းပျိုပဲအတည်ပြုလိုက်ပြီ”
“ပြုပေ့ါ ငါလဲတခြားနာမည်စဉ်းစားဦးမှာ”
အမှန်တော့ ဇေမင်းပျိုဆိုတဲ့နာမည်လေးကို ပျိုကြိုက်ပါသည်။ ဒါပေမယ့်လဲ ထုံးစံအတိုင်း သူ့ကိုနည်းနည်းတော့ ဆန့်ကျင်လိုက်ရမှ ကျေနပ်သူဖြစ်တော့လဲ ပြောဖြစ်အောင်တော့ပြောလိုက်ပါသေးသည်။
===========================================================
တကယ်တမ်းလက်တွေ့မွေးရတော့မယ်ဆိုတော့ ဘယ်ကအားအင်တွေရှိလာမှန်းမသိ။ သိပ်မကြာခင် သားလေးကို တွေ့ရတော့မယ်ဆိုတဲ့စိတ်နဲ့ ရင်ခုန်စိတ်လှုပ်ရှားမိသလို ခွဲခန်းဝင်ရမှာလဲ ကြောက်သလိုတော့ရှိပါသည်။ တချိန်လုံး ဘေးနားမှာ လက်ကိုတွဲကာရှိနေတဲ့ဇေထူးကြောင့်လဲ အားရှိရပါသည်။ ပျိုကို မကြောက်ဖို့ တဖွဖွပြောရင်းဘုရားစာ ရွတ်ပေးသည်။ ဒါကြောင့်မို့ မိန်းမတွေ ကလေးမွေးရင် သူတို့ယောကျာ်းကို အနားမှာရှိစေချင်တာဖြစ်မည်။ ခွဲခန်းဝင်မယ်ဆိုတော့ ပျို့အမေနဲ့သူ့မိသားစုလဲ လာစောင့်ပေးပါသည်။ ဘာပဲဖြစ်ဖြစ် ခွဲမှဖြစ်မယ့်အရေးဆိုတော့ ပျိုစိတ်လျော့လိုက်ပြီး ခွဲခန်းထဲ ပါသွားလေတော့သည်။
ကိုးပေါင်ခွဲရှိတဲ့ ကလေးပေါက်စလေးကိုကြည့်ပြီး ဇေထူးအမေက သူ့သားငယ်ငယ်ကအတိုင်းပဲလို့ တဖွဖွပြောကာ မြေးကိုချစ်လို့ မဆုံးတော့ပေ။ ပျိုအမေက ဘာမှမပြောပုံဆိုရင်တော့ တကယ်ပဲ သူမငယ်ငယ်ကနဲ့တစက်ကလေးမှ မတူပုံပင်။
အမေက ပျိုအနားမှာ ထိုင်နေပြီး သူမကတော့ ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်းနဲ့မှိန်းနေရင်း ဇေထူးတို့သားအမိ ပြောတာကို နားထောင်နေမိသည်။
“ဒီနဖူး နှာခေါင်း နုတ်ခမ်း မျက်လုံးတွေအားလုံး မင်းငယ်ငယ်ကအတိုင်းပဲသား အသားဖြူတာကအစ တွေ့လား မျက်လုံးလေးမပွင့်တပွင့်နဲ့ခိုးကြည့်တတ်တာကအစတူတာ”
“ကျွန်တော့သားပဲမေမေရယ် ကျွန်တော်နဲ့မတူလို့ဘယ်သူနဲ့တူမှာလဲ”
ဘယ်သူနဲ့တူရမှာလဲ။ မွေးထားတဲ့အမေလဲ ရှိသေးတယ်လေ။ သဲသဲလှုပ်နေတဲ့သားအမိနှစ်ယောက်စကား နားထောင်ရင်း နည်းနည်းကြီးလာရင်ပျိုနဲ့တူမှာပဲလို့တွေးနေမိသည်။ ကလေးဆိုတာရုပ်ပြောင်းတတ်တာကို။ အခုမှ မွေးထားတဲ့ကလေးကို ဇေထူးနဲ့ပဲ ဇွတ်ကြီးတူခိုင်းနေကြသည်။
ကလေးပိစိကွေးလေးကို ပျိုက မကိုင်တတ်၊ မလုပ်ပေးတတ်သော်လည်း ဇေထူးကတော့ ကျွမ်းကျင်စွာလုပ်တတ် နေသည်။ သူ့တူမမွေးတုန်းက လုပ်ပေးဖူးလို့လားတော့မသိ။ သူမမှာ သူ့ဆီကပြန်သင်နေရလေသည်။ လူကြီးတွေက နာ့စ်ခေါ်ဖို့အကြံပေးပေမယ့် သူက သူစိမ်းရှိရင် မနေတတ်ဘူးလို့အကြောင်းပြကာ သားကို သူကိုယ်တိုင် လုပ်ပေးတတ်သည်။
ဇေမင်းပျိုလို့နာမည်ပေးထားတဲ့သားဟာ ပျိုနဲ့နည်းနည်းမှ တူမလာ။ ကြီးလေ အဖေနဲ့ပိုတူလေ။ ချွတ်ပြီး စွပ်ထားသလားထင်ရအောင်ပင်။ သားကို နို့တိုက်ကာ တစိမ့်စိမ့်ကြည့်နေရင်း ရန်ရှာလိုက်မိသည်။ သူ့အဖေကို နည်းနည်းမှမချစ်ပေမယ့် ဒီကလေးလေးဟာ နို့ရည်မှတဆင့် ပျိုရဲ့အချစ်တွေကို စုပ်ယူနေသလိုပင်။ တနေ့တခြား မချစ်ပဲမနေနိုင်အောင် တတ်နိုင်လွန်းလှသည်။ တကယ်တော့ ဗိုက်ထဲမှာရှိနေထဲက ချစ်နေခဲ့တာပါ။ မွေးလာလို့ သူ့အဖေနဲ့တူရင် လုံးဝမချစ်ဘူး၊ မနမ်းချင်ဘူးလို့ တိတ်တခိုးကြွေးကြော်ထားတဲ့အမေရဲ့မာနကို ရိုက်ချိုးဖို့ အဖေနဲ့ ချွတ်စွပ်တူရလား မောင်မင်းကြီးသားရယ်။
“ဇေမင်းပျို မင်းနာမည်မှာ မေမေ့နာမည်တောင်ပါသေးတာကို မေမေနဲ့နည်းနည်းပါးပါးတူပါဦးလား မင်းအဖေ ရုပ်ကြီးနဲ့ပဲ ဘာလို့ချွတ်စွပ်သွားတူနေတာလဲ”
နို့စို့ရင်းအမေကိုကြည့်နေတဲ့သားက သဘောကျသလိုပြုံးပြခဲ့သည်။
“အော် အမေကို လှောင်တာပေါ့လေ”
သားကိုရန်ရှာနေတဲ့ ပျိုနောက်မှာ ခြေသံမကြားအောင် တိတ်တိတ်လေးလာရပ်ပြီး ခိုးနားထောင်နေမိသည်။ ပျိုဟာ သူရှေ့မှာကလေးကို ဘယ်တော့မှ နို့မတိုက်ပေ။ ကလေးကိုခေါ်သွားပြီး သူ့ကွယ်ရာမှာသာ သွားတိုက်သည်။ အိပ်နေရင်းတိုက်ရင်တောင် သူ့ကိုကျောပေးကာ အနှီးစလေးနဲ့အုပ်ပြီးတိုက်တတ်သည်။ တော်တော်အရှက်ကြီးတဲ့ အပျိုကြီးပင်။ သူအနီးနားရှိနေရင်လဲ ကလေးကိုမကျီစယ်ပဲရုပ်တည်ကြီးနဲ့သာနေတတ်သည်။ ဒါကြောင့် ကလေးကို သူမဘာပြောနေလဲဆိုတာသူ မသိရပေ။ သူ့မှာသူမဘာပြောမလဲသိချင်လို့ အခုလိုခိုးခိုးပြီးနားထောင်ရတာအမော။
“ဘယ်လိုလဲ မေဇွန် ကလေးကငါနဲ့တူတယ်မလား”
“ဟင့်အင်း သူ့အဖေနဲ့တပုံစံထဲ”
“အမယ် ငါနဲ့နည်းနည်းပါးပါးတူပါတယ်ဟဲ့ အောင်ထက် နင်ရောဘယ်လိုထင်လဲ”
“ငါလား ငါလဲကိုဇေထူးပေါက်စလို့ပဲထင်တယ်”
အိမ်မှာ ကလေးလာကြည့်တဲ့သူငယ်ချင်းတွေကို နည်းနည်းပါးပါးအားနာပြီး ပျိုနဲ့တူတယ်လို့များပြောမလားလို့ မျှော်လင့်တကြီး မေးမိတဲ့သူကိုက မှားတာပါ။ တကယ်လဲ ကလေးက သူ့အဖေနဲ့သာတူနေတာကို။
“နင်က ကိုဇေထူးကိုအရမ်းချစ်တာကို ကလေးကအဖေနဲ့ချွတ်စွပ်တူမှာပေါ့”
“ဟင် ဘာဆိုင်လို့လဲ”
“နင်မကြားဖူးဘူးလားပျို မိန်းမတွေကယောကျာ်းနဲ့တူတဲ့ကလေးမွေးပေးရင် အဲ့ဒီယောကျာ်းကိုအရမ်းချစ်လို့တဲ့”
“မကြားဖူးပေါင်တော် အဲ့ဒါတွေကလျှောက်ပြောထားတာ”
“အမယ် ချစ်ရင်ချစ်တယ်ပေါ့ ဘာလျှောက်ပြောရမှာလဲ”
“မေဇွန်နော် လျှောက်ပြောမနေနဲ့”
သူတို့နဲ့မလှမ်းမကမ်းမှာ ဂျာနယ်ဖတ်ရင်းနားစွင့်နေတဲ့ဇေထူး ကျေနပ်စွာပြုံးနေမိသည်။ တကယ်ပဲ အဲ့လိုဆိုရင် ကောင်းပါမည်။ ရှက်ရမ်းရမ်းနေတဲ့ပျိုအသံကို နားထောင်ရင်း ရင်ခုန်နေမိသည်။ သူ့အဖြစ်က ကလေးတစ်ယောက် ရမှာ အရှက်ကြီးတဲ့ ကိုယ့်မိန်းမကိုယ် လူပျိုပြန်လှည့်ရမယ့်ပုံပင်။ အဲ့လိုလုပ်မှရမယ်ဆိုရင်လဲ လုပ်မှာပင်။ ဒီမိန်းမကိုရော သားကိုပါ သူအရမ်းကိုတန်ဖိုးထားချစ်မြတ်နိုးရပါသည်။
“နေ့တိုင်းအိမ်ထဲမှာနေပြီး သူ့အဖေတစ်ယောက်ထဲပဲတွေ့နေရလို့ အဖေနဲ့တူတာ ဒီလိုမှန်းသိရင် ငါ့မျက်နှာကိုပဲ မှန်ထောင်ပြီးကြည့်ခဲ့ပါတယ်”
ပျိုကို လှောင်ရယ်နေတဲ့သူငယ်ချင်းနှစ်ကောင်ကို မျက်စောင်းထိုးလိုက်ရင်း ဇေထူးကို လှမ်းကြည့်လိုက်မိသေး သည်။ သူက ဂျာနယ်ထဲပဲစိတ်ဝင်စားနေပြီး ဘာမှမကြားသလိုပုံမျိုးမို့တော်ပါသေးရဲ့။
သားရက်တစ်ရာပြည့်တဲ့နေ့လေးမှာ ဇေထူးမိသားစုနဲ့အတူ ထမင်းစားဖြစ်ကြသည်။ ဓါတ်ပုံအတူတူရိုက်ဖြစ်သည်။  သူ့မိသားစုကလဲ အခုအချိန်မှာ ပျိုရဲ့မိသားစုဖြစ်နေခဲ့လေပြီ။ သားလေးကို တမိသားစုလုံးက ဝိုင်းချစ်ကြတော့ ပျို ဝမ်းသာမိပါသည်။ သူတို့သားနဲ့ အင်မတန်တူတဲ့မြေးကလေးမလား။ အဖိုးအဖွားတို့ရဲ့အသည်းကျော်ဖြစ်နေတာကို ကျေနပ်မိပါသည်။ မြေးကိုတွေ့ချိန်တိုင်း လက်ပေါ်ကမချစတမ်း လုပွေ့ကြတဲ့အဖိုးအဖွားတွေပါ။ အမေသာ တမြို့ထဲရှိရင် သူတို့လိုပဲချစ်နေလိမ့်မည်ထင်။ ဇေထူးမိဘတွေအတွက် မြေးဦးမဟုတ်ပေမယ့် ပျိုအမေအတွက် တော့ မြေးဦးလေးဖြစ်သည်။ ဓါတ်ပုံလေးတွေပို့ပေးတာတောင် မြေးလေးကိုချစ်လို့ မဆုံးတော့။
“ဇေမင်းပျိုလေးရေ မြေးလေးရေ”
“ဟော ကြည့် သားငယ်ငယ်ကနဲ့တပုံစံထဲပဲနော် အဖေကြီး”
“ဟုတ်ပကွာ ငါ့မြေးက ကြီးလာရင်ချောမှာ အဖိုးနဲ့တူလို့”
“အမယ် သားကကျွန်မနဲ့တူတာပါ ဒီတော့မြေးလဲကျွန်မနဲ့တူတာပေါ့”
ဘယ်သူနဲ့တူသလဲ စကားနိုင်လုနေကြတဲ့အဖိုးအဖွားကို ဝတုတ်သားလေးကလဲ နားလည်သည့်အလား ချစ်ဖို့ ကောင်းအောင်ကို ပြုံးပြတတ်ပါသည်။ တနေ့တခြား နားလည်ကြီးပြင်းလာတဲ့ ဇေမင်းပျိုလေးကို ဘယ်သူနဲ့ပဲတူတူ အသဲပေါက်မတတ် ချစ်ရပါသည်။
“ပျို ခဏထဦး သားလေးနို့ဆာနေပြီ”
ပုခက်ထဲကကလေးက ငိုသံတောင်မထွက်ရသေး။ အဖေဖြစ်သူက ပွေ့ပြီးလာနိုးနေပြီ။ လက်လေးကိုစုပ်ပြီး သူမကို ကြည့်နေတဲ့ ဇေထူးမြတ်ပေါက်စကို မျက်လုံးမဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်ကြည့်လိုက်မိသည်။ အစားပုတ်လိုက်တဲ့ကလေး။ ဒါကတော့ ပျိုနဲ့တူတာဖြစ်မည်။ မကောင်းတဲ့အချက်ပဲဖြစ်ဖြစ် တူတာလေးရှိသေးတော့ တော်သေးသည်။ မျက်နှာနဲ့ အသားအရည်ကအစ ပွေ့ထားတဲ့အဖေနဲ့ အလွန်တူကာ Size အကြီးအသေးသာ ကွာနေသလိုပင်။
“ပေး”
အိပ်ချင်မူးတူးနဲ့ကလေးလှမ်းယူတဲ့ပျိုကို စိတ်မချနိုင်စွာ လက်ထဲသေချာထည့်ပေးလိုက်သည်။
“နင် ဘာလို့ရပ်နေတာလဲ သွားတော့လေ”
“ပျို အိပ်ချင်သေးရင် အိပ်ရာပေါ်မှာလှဲပြီးတိုက်လိုက်လေ ငါမကြည့်ဘူး ကျောပေးထားမယ်”
“ဟင် ဒီတိုင်းပဲ ထိုင်ပြီးတိုက်မယ်”
“ပျို ခေါင်းမမာနဲ့ကွာ နင်နို့တိုက်ရင်းအိပ်ငိုက်နေရင် ကလေးပြုတ်ကျမှာငါစိုးရိမ်တယ်”
“မပြုတ်ကျပါဘူး ဘယ်တုန်းကပြုတ်ကျဖူးလို့လဲ”
“ငါ့ကိုကြည့်ဦးပျို သားကအခုလေးလကျော်နေပြီ အရင်လိုပိစိလေးမဟုတ်တော့ဘူး အရမ်းထွားတယ်လေ နင်လက်မခိုင်ပဲပြုတ်ကျသွားမှာငါစိုးရိမ်တယ် ငါကနင့်ယောကျာ်းလေ နင်အဲ့လောက်ထိရှက်ဖို့လိုလို့လား”
အိပ်ချင်မူးတူးနဲ့သူ့ကိုပြန်ပြောနေတဲ့ပျိုမှာ ပါးနှစ်ဖက်လုံးပူသွားသလိုပင်။ သူကများ ပျို့ယောကျာ်းတဲ့။ ဟုတ်တော့ ဟုတ်နေတာပဲလေ။ ဒါပေမယ့် သူ့ရှေ့မှာ အကျီၤလှန်ပြီး နို့မတိုက်ချင်ပါဘူး။
“ဒီလိုလှဲအိပ်လိုက် ကလေးကိုဒီဖက်အခြမ်းထား ဒါမှလိမ့်လဲမပြုတ်ကျအောင် စိတ်ချ ငါနင့်ကိုလုံးဝလှည့်မကြည့်ဘူး ရော့ ဒီအနှီးနဲ့လဲအုပ်ထားလိုက်”
သားကို ပျိုနဲ့သူနဲ့နှစ်ယောက်ကြားမှာ အတင်းထားခိုင်းလေသည်။ သူ့ကိုအမြင်ကတ်စွာ မျက်စောင်းထိုးလိုက်ရင်း မကျေမနပ်ရေရွတ်လိုက်မိသည်။
“သူ့သားကိုအတော်စိတ်ပူနေတယ်”
“သားရဲ့အမေကိုလဲစိတ်ပူပါတယ်ကွာ”
ဇေထူး ပျို နထင်နားကို မြတ်နိုးစွာနမ်းရှိုက်လိုက်ရင်း ပြောလိုက်မိသည်။ သူ့စကားကြောင့် သူမရင်ထဲ ပူနွေးလှိုက်ခါသွားရပေမယ့်
“နင် တကယ်လှည့်မကြည့်နဲ့နော်”
“ရော်…”
ဇေထူး ပြုံးစိစိနဲ့ကျောပေးပြီးအိပ်နေလိုက်သည်။ ဥဒေါင်းပျိုဆိုတဲ့ချစ်ဇနီးကို စိတ်ဆင်းရဲအောင် သူ မလုပ်ရက်ပေ။ အရင်က သူမအပေါ်အနိုင်ကျင့်သလိုဖြစ်မိသွားပေမယ့် အဲ့လိုလုပ်ခဲ့လို့ပဲ သားလေးရလာခဲ့တာမလား။ အဲ့ဒီအချိန် တုန်းက သူမသာ သူ့ကိုစော်ကားပြီးမပြောဆိုခဲ့ဘူးဆိုရင် သူလဲခြေလွန်လက်လွန်လုပ်မိမည်မထင်။ အခုတော့ သူ့ကို လူယုတ်မာလို့ တဖွဖွပြောလဲ သူကျေနပ်ပါသည်။ ကျန်းကျန်းမာမာနဲ့သားချောလေးမွေးပေးလို့ ကျေးဇူးတွေ အထပ်ထပ်တင်နေမိသည်။
နောက်ကျောက သားအမိငြိမ်သက်သွားလို့ ဇေထူးလှည့်ကြည့်လိုက်မိသည်။ နှစ်ယောက်စလုံး နို့တိုက်နေရင်း နှစ်ခြိုက်စွာ အိပ်မောကျသွားကြပြန်သည်။ အိပ်ပျော်နေတဲ့ပျိုမျက်နှာလေးကို သေချာကြည့်နေမိသည်။ နိုးနေချိန်ဆို မျက်စောင်းတထိုးထိုးနဲ့မျက်ဝန်းလေးဟာ အခုအချိန်မှတော့ မျက်တောင်ရှည်များ စေ့ပိတ်ကာ မျက်စောင်းမထိုးနိုင် တော့ပေ။ အနှီးနဲ့အုပ်ထားတဲ့သားလေးအသက်ရှုကြပ်မှာစိုးလို့ အနှီးဖယ်ပြီး သားကိုညင်သာစွာ ဆွဲယူလိုက်စဉ်တွင် ပျို နိုးသွားခဲ့သည်။
“ဟင် နင်…”
“ရှုးးးး”
ဇေထူးက ရန်ရှာဖို့ပြင်နေတဲ့အမေကြီးကို တိတ်တိတ်နေဖို့ပြောလိုက်သည်။ သားကို ပုခက်ထဲထည့်ပြီး ကုတင်ပေါ် ပြန်တက်လာတော့ သူ့ကိုမျက်စောင်းထိုးကာ တဖက်သို့လှည့်သွားလေသည်။
အမြင်ကတ်လိုက်တာ။ သူပဲ လုံးဝလှည့်မကြည့်ပါဘူးဆိုပြီး အခုတော့ ကလေးပါလာယူသွားသေးသည်။ ညချမ်းချိန်ခါက တိတ်ဆိတ်စွာနဲ့ ပျိုကို အိပ်ပျော်ခြင်းဆီသို့ ခေါ်ဆောင်သွားပြန်သည်။ အခုချိန်အထိ ပျိုနဲ့သူရဲ့ အိမ်ထောင်ရေးလေးက သာယာနေခဲ့ပါသေးသည်။ သံသယဆိုတဲ့အရာကြီး မဝင်လာချိန်အထိပေါ့။

5️⃣ တူညီသောအရာ [ Grab me with love ]Tempat cerita menjadi hidup. Temukan sekarang