အပိုင်း ( ၄ )

6.2K 204 1
                                    

Unicode font

တူညီသောအရာ (Grab me with love)
အပိုင်း (၄)

“ပျို ဒီနေ့ညနေမေမေတို့အိမ်မှာ ညနေစာလာစားဖို့ပြောထားတာ မှတ်မိတယ်နော်”
“မှတ်မိတာပေါ့ စိတ်ချ ဝါးတီးဆိုမေ့ဘူး”
ဇေထူး ပျိုအဖြေကြောင့်ပြုံးလိုက်မိသည်။ ပျိုဟာ သူနဲ့သာဂျစ်ချင်ချင်ဆိုပေမယ့် ဖေဖေ၊ မေမေနဲ့သာမက မမနဲ့ပါ တည့်အောင်ပေါင်းတတ်သည်။ တူမလေးကပါ ပျိုကိုချစ်သည်။ တချို့မိန်းမတွေလို ယောက္ခမအိမ်မို့မလိုက်ချင်ဘူး ဘာညာအကြောင်းပြတာမျိုးမရှိ။ မေမေကလာခဲ့နော်သမီးဆိုရင် သူ မပါရင်တောင်တစ်ယောက်တည်း မမေ့ မလျော့ သွားတတ်သည်။ ဒါက ငဆိုးမလေးရဲ့လူကြီးတွေကိုလေးစားတတ်တဲ့ ချစ်စရာကောင်းတဲ့အချက်လေးပင်။
“ဒီနေ့ဆိုင်မသွားဘူးလား ဇေထူး”
ပျို ပန်းကန်ဆေးနေရင်း လှမ်းမေးလိုက်သည်။
“မသွားတော့ဘူး နင်တစ်ယောက်ထဲအိမ်မှာပျင်းနေမှာစိုးလို့လေ”
အင်။ သွားစေချင်ပါတယ်ဆို။ စေတနာရှင်နဲ့လာတွေ့နေပြန်ပြီ။ ပိတ်ရက်လေးမှာ အပြင်လဲမထွက်ချင်တော့။ သူ ဆိုင်သွားရင်တစ်ယောက်ထဲ အေးဆေးနေမလို့ပါဆို။
“သွားလေ မပျင်းပါဘူး ဒီအိမ်မှာနေနေတာ နှစ်လကျော်နေပြီကို”
ဟုတ်ပါတယ်။ နှစ်လကျော်နေပါပြီ။ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးက ဒုံရင်းပင်။ နှစ်ယောက်သားအရင်ထက်ပိုပြီး ရင်းနှီးပွင့်လင်းလာကြတယ်ဆိုပေမယ့် ပျိုက သူ့ကိုသူငယ်ချင်းအရင်းတစ်ယောက်လိုသာ သဘောထားလေသည်။ သူ့ဘက်က အရိပ်အရောင်တွေဘယ်လောက်ပြပြ ဘာမှမထူး။ ဘာမှ အခြေအနေမတိုးတက်သေးပေ။ ဒါကြောင့် သူမ ရှိနေတဲ့ကျောင်းပိတ်ရက်တွေမှာ သူလဲအတူတူရှိနေဖို့ ဆိုင်မသွားဖို့ စဉ်းစားထားတာပါ။ ပြီးတော့ ပျိုနဲ့အတူ ခရီးထွက်ဖို့ စီစဉ်ထားပါသည်။
“ငါ နောက်တစ်ပါတ်ထဲ ခရီးသွားရမှာ နင်ပါလိုက်ခဲ့နော်”
“ဟာ ကျောင်းဖွင့်ရက်ကြီး ခွင့်မယူချင်ပါဘူး”
“မရဘူးပျို နင်လိုက်ခဲ့ရမယ် တောင်ကြီး အင်းလေးသွားမလို့”
“ဘာကိစ္စရှိလို့လဲ”
“ကော်ဖီခြံတွေသွားကြည့်မလို့လေ ပြီးတော့တောင်ကြီးကခြံတွေရောင်းမယ်ပြောနေတာ အဲ့ဒါလဲသွားကြည့်ရင်း အဆင်ပြေရင်လဲ တခါထဲဝယ်တာပေါ့”
“ငါမလိုက်တော့ဘူးလေ”
“မလိုက်လို့မရဘူး နင်ခွင့်ကြိုတင်လို့ရအောင်ပြောထားတာ”
“ကြိုတင်တာကလဲ ခွင့်ရက်ရှည်ကြီးကို တစ်ပါတ်ပဲကြိုပြောပြီး”
“ငါလဲ ခြံဝယ်ဖို့ကိစ္စပေါ်လာလို့ပါ ဒါမှမဟုတ်ရင် နင့်ကိုစောပြီးကြိုပြောတာပေါ့”
“ခွင့်မရရင်ဘယ်လိုလုပ်မလဲ”
“ထွက်လိုက်လေ”
“ဟမ်”
“တခါထဲအလုပ်ထွက်လိုက်တော့လို့ပြောတာ”
ဘာမှန်းလဲမသိဘူး။ အဲ့ဒီဇေထူးက လူကိုတအားအလုပ်ထွက်ခိုင်းစေချင်သည်။ ခပ်တည်တည်နဲ့ ထွက်လိုက်လေ ဆိုပါလား။ သူကျွေးတာစားနေတယ်ဆိုတိုင်း အာဏာတအားပြချင်သည်။
“မထွက်ပါဘူးဆို”
“အဲ့ဒါဆို ခွင့်ရအောင်တင်”
လူကိုသြဇာသီးတွေလာရောင်းနေသေးသည်။ ခွင့်ရအောင် မတင်တော့ဘာဖြစ်လဲ။ စိတ်ထဲကပြန်ပြောနေပေမယ့် ခွင့်ရပါစေဆုတောင်းနေမိသည်။ အဲ့ဒါမှ အလုပ်ထွက်လိုက်တော့ဆိုတဲ့စကား နောက်ထပ်မကြားရမှာ။ တဆိတ်ရှိ ပျိုရဲ့အလုပ်ကိုပဲ လာထိခိုက်နေလေသည်။ သူများကိုယ်ရေးကိုယ်တာကို စွက်ဖက်စရာလား။ ထွက်ချင်ထွက်မယ် လုပ်ချင်လုပ်မယ်။ ကိုယ့်သဘောနဲ့ကိုယ်။ အလုပ်ထွက်ဖို့လာလာပြောနေတာကို အမြင်ကတ်ပါသည်။
တောင်ကြီးကို မလိုက်ချင်လိုက်ချင်နဲ့လိုက်ခဲ့ရပေမယ့် ပျော်စရာကောင်းပါသည်။ မန္တလေးအထိ လေယာဉ်နဲ့သွားပြီး နောက်တစ်နေ့မနက်စောစော မန္တလေးကနေတောင်ကြီးကို သူ့အဒေါ်အိမ်ကကားနဲ့တက်ကာ လမ်းတလျှောက်က ကော်ဖီခြံကို ဝင်ကြည့်ကြသည်။
“ပျို မအိပ်ချင်ဘူးလား မနက်စောစောထလာခဲ့တောဆိုတော့ နည်းနည်းမှိန်းလိုက်လေ”
“မအိပ်ချင်ဘူး ရှု့ခင်းတွေကြည့်လိုက်ဦးမယ်”
ဇေထူးက ပျိုကို ပြုံးပြပြီး ဆက်မပြောတော့ပဲ ကားမောင်းပို့တဲ့ဦးလေးကြီးနဲ့သာ စကားဆက်ပြောနေသည်။ သူတို့ ပြောသမျှကို ပျို စိတ်မဝင်စားပါ။ စိမ်းလန်းတဲ့ရှု့ခင်းတွေကိုသာ တငေးတမောကြည့်နေမိရင် တောင်ကြီးရောက် ခါနီးမှသာ အိပ်ပျော်သွားခဲ့သည်။
“ပျို ထတော့ ဟိုတယ်ရောက်ပြီ”
ကားမောင်းတဲ့ဦးလေးကြီးက တစ်ခန်း၊ ပျိုတို့နှစ်ယောက်အတွက်ကတစ်ခန်း ဘွတ်ကင်လုပ်ထားပုံပင်။ ဦးလေးက ဘေးခန်းထဲဝင်သွားပြီ။ အမှန်ဆို သူတို့နှစ်ယောက်တူတူနေပြီး ပျိုကတစ်ခန်းပေးသင့်တာကို။ ဒါပေမယ့်လဲ လူတွေ အမြင်မှာ ပျိုတို့နှစ်ယောက်က လင်မယားဆိုတော့ အတူတူနေရမှာပေါ့လေ။
“ဇေထူး ကော်ဖီခြံလာကြည့်တာဆို လမ်းမှာကြည့်ခဲ့ပြီမလား တောင်ကြီးကို ဘာလာလုပ်တာလဲ”
“တောင်ကြီးမှာ ခြံကြည့်စရာရှိလို့”
“အော် ဝယ်မလို့လား”
“မသေချာသေးပါဘူး”
“နင်ဘာလို့မြေတွေပဲဝယ်နေတာလဲ”
မန္တလေးမှာလဲ သရက်ခြံတွေရှိတယ်လို့ သူ့အဒေါ်နဲ့ပြောနေတာကြားလိုက်မိသည်။ ဘယ်နားလဲတော့ အချိန်မရလို့ သွားမကြည့်ခဲ့ရပေ။ တောင်ကြီးလာရင်း ရွာငံမှာရှိတဲ့ ကော်ဖီခြံကိုတော့ ဝင်ကြည့်ခဲ့လို့သိပါသည်။ တခြား ဘယ်မှာ ဘာတွေရှိသေးလဲမသိ။
“ငါလား ငါခြံအကျယ်ကြီးတွေနဲ့နေချင်လို့လေ အသက်ကြီးလာရင် သစ်ရိပ်ဝါးရိပ်တွေနဲ့ အေးအေးချမ်းချမ်းနေဖို့ စိတ်ကူးထားတာ သားသမီးမြေးမြစ်တွေရလာရင် သူတို့ဘာသာရန်ကုန်နေချင်နေပေါ့ နင်နဲ့ငါတော့ နယ်မှာပဲ နေရအောင်နော် ပျို”
သူ့ဘာသာနေချင်နေပေါ့။ ပျိုက ဘာလို့လိုက်နေရမှာလဲ။ သူ့မျက်လုံးထဲမှာ မကြိုက်မနှစ်သက်စရာကောင်းတဲ့ အရိပ်တွေတဖြတ်ဖြတ်လက်လာပြန်သည်။ ဟိုတယ်တစ်ခန်းထဲ နှစ်ယောက်အိပ်ကုတင်ပေါ်မှာ တစ်ဖက်စီထိုင်ကာ ခေါင်းအုံးကိုမှီပြီး စကားပြောနေကြပါတယ်ဆိုမှ။ စကားအကောင်းပြောနေရင်း အဲ့ဒီအကြည့်တွေကြောင့် စိတ်ညစ်မိသွားသည်။
“အိပ်တော့မယ် Good night”
ပျို သူ့ဘက်ကိုကျောပေးကာ လှဲအိပ်လိုက်တော့သည်။ စောင်ကလဲ တစ်ထည်ထဲအတူတူခြုံရမှာဆိုတော့ အီးပေါက်ချင်ရင် ဒုက္ခ။ ဒီအခြေအနေကြီးကို စိတ်ကျဉ်းကြပ်မိသည်။ ဒီလိုမှန်းသိရင် အစထဲကမလိုက်လာခဲ့ပါဘူး။
သူမကျောပေးလိုက်လို့ နောက်ဘက်က ဇေထူးပြုံးနေတာကို မတွေ့လိုက်မိပါ။ သူမနဲ့ရင်းနှီးမှုရယူချင်လို့ တမင် ခေါ်လာခဲ့တာပါ။ ဒီခရီးမှာ သူ့အပေါ်သံယောဇဉ်တစ်မျှင်ပါ့တိုးတိုးဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။
မနက်ရောက်တော့ ခရီးမထွက်တာကြာတဲ့ပျိုက ဖောက်တော့သည်။ ရေချိုးပြီးတာနဲ့ လူက ချမ်းစိမ့်စိမ့် ဖြစ်လာပြီး နေမကောင်းချင်သလိုဖြစ်လာသည်။
“ရေပြောင်းမြေပြောင်းနဲ့ရေအကြာကြီးချိုးလိုက်လို့ဖြစ်မယ် ဟိုတယ်မှာပဲဆေးသောက်ပြီးနားနေခဲ့တော့ပျို ခြံတွေက မြို့ပြင်ဘက်တွေ ပတ်ကြည့်ရမှာဆိုတော့ နင်ပင်ပန်းလိမ့်မယ် နေ့လယ်စာကို ဟိုတယ်မှာပဲ မှာစားလိုက်တော့နော် ငါစောစောပြန်လာခဲ့မယ်”
သူထွက်သွားတော့လဲ အခန်းထဲမှာတစ်ယောက်ထဲအားငယ်သလိုဖြစ်ပြီးကျန်ခဲ့သည်။ ကုတင်ပေါ်လှဲအိပ်နေရင်း ဆေးရှိန်ကြောင့်ပြန်အိပ်ပျော်သွားလေတော့သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ပျိုဟာ ဖုန်းမြည်သံကြောင့် နိုးလာခဲ့သည်။ ဖုန်းကနာရီကိုကြည့်လိုက်တော့ ဆယ့်နှစ်နာရီထိုးတော့မည်။ တော်တော်အိပ်ပျော်သွားတာပဲ။
“ဟဲလို အောင်ထက်”
“ပျို နင်တောင်ကြီးသွားတယ်ဆို”
“အင်းလေ”
“လဒမက ငါ့ကိုတော့ပြောမသွားဘူး အခုဘာလုပ်နေတာလဲ”
“အိပ်နေတာ နည်းနည်းနေမကောင်းဖြစ်ချင်လို့”
“ကောင်းကွာ သူများမြို့ရွာရောက်တုန်းရောက်ခိုက်လည်မှပေါ့ နင့်ယောကျာ်းရော”
“သူအလုပ်ကိစ္စရှိလို့အပြင်ထွက်သွားတယ်”
“နင်တစ်ယောက်ထဲပေါ့ ဘယ်နေ့ပြန်ခဲ့မှာလဲ”
“နင်ဘာလုပ်မလို့လဲ”
“ငါ့ညီဝမ်းကွဲဆီက iPad လေးသယ်ပေးခဲ့ပါလားလို့ အဟီး”
အောင်ထက်အမျိုးတွေ တောင်ကြီးမှာရှိတာပဲ။ သူတောင်ကြီးကပြန်လာတိုင်း လက်ဆောင်ပေးတတ်တာကို အခုမှ သတိရသည်။
“အင်း အင်း သယ်ပေးခဲ့မယ်လေ”
“အေး အဲ့ဒါဆိုအခုလာပေးပို့ခိုင်းလိုက်မယ်နော် နင်သူ့ကိုခိုင်းစားလို့ရတယ် ဘယ်သွားချင်လဲ ဘာစားချင်လဲ ဝယ်ချင်တာရှိရင်လဲ ဈေးပို့ခိုင်းလိုက် ဘုရားဖူးချင်လဲငါလိုက်ပို့ခိုင်းလိုက်မယ်”
ဇေထူးက ဘယ်အချိန်ပြန်လာမယ်မှန်းမသိပါ။ ပျို အခုတော့လဲ မချမ်းတော့။ နေမကောင်းမဖြစ်တော့လို့ အပြင်သွားရင် ကောင်းမည်ထင်။ နေ့လယ်စာကို ဒေသအစားအစာလေးသာ စားချင်မိသည်။ ဒီကိုလာမယ်ဆိုထဲက ရှမ်းစာတွေစားဖို့စိတ်ကူးယဉ်ခဲ့ရတာ။
“အင် အဲ့ဒါဆို ရှမ်းစာလေးတွေလဲစားချင်တယ် ဘုရားလဲဖူးချင်တယ်”
“အိုကေ ငါ့ညီနာမည်က မင်းလွင်တဲ့ နင့်ဖုန်းနံပါတ်ပေးလိုက်မယ် အဆင်သင့်လုပ်ထားလိုက်တော့”
ကုတင်ပေါ်က သွက်သွက်လက်လက်ထကာ အပြင်ထွက်ဖို့အမြန်ပြင်ဆင်လိုက်သည်။ ဗိုက်ကလဲ စားပါမယ်ဆိုမှ ပိုဆာလာသလိုပင်။ အွန်လိုင်းပေါ်မှာတွေ့ထားတဲ့ဆိုင်လေးတွေ လိုက်စားဦးမှလို့ စိတ်ကူးလိုက်မိသေးသည်။
အောင်ထက်ညီ မင်းလွင်ရောက်လာတော့ သူနဲ့အတူမြို့ထဲပတ်ကာ စားချင်တာတွေလျှောက်စား၊ ဘုရားစုံဖူးနဲ့ ပျော်နေမိသည်။ ရန်ကုန်ပြန်ရောက်ရင်ပေးဖို့ လက်ဆောင်ဝယ်ရန် ဈေးလဲဝင်လိုက်သေးသည်။ နေ့လယ်တစ်နာရီ ထဲကထွက်လာတာ ငါးနာရီကျော်မှ ဟိုတယ်ပြန်ခဲ့သည်။
ပျိုကို ဟိုတယ်ရှေ့ချကာ မင်းလွင်ပြန်သွားလေပြီ။ Reception မှာသော့တောင်းမှ တစ်ယောက်ယူသွားပြီဆိုတော့ ဇေထူး ပြန်ရောက်နေပြီထင်ပါရဲ့။ အခန်းတံခါးခေါက်လိုက်တော့ ဇေထူးက တင်းမာနေတဲ့မျက်နှာနဲ့ တံခါးလာဖွင့် ပေးလေသည်။ သူ့မျက်နှာကြည့်ရတာ ပျိုကိုစိတ်ဆိုးနေတာလား။ အလုပ်အဆင်မပြေခဲ့တာလား မပြောတတ်။
“ဘယ်ကပြန်ခဲ့တာလဲပျို”
“မုန့်စားတယ် ရှမ်းစာတွေအစုံပဲ ဈေးဝင်ပြီး လက်ဆောင်ပေးဖို့နည်းနည်းပါးပါးဝယ်ခဲ့သေးတယ် မြို့ထဲကဘုရားတွေ ဖူးတယ် အားးးး ပင်ပန်းလိုက်တာ ရေချိုးလိုက်ဦးမယ်”
ပျို ဝယ်လာသမျှအထုပ်တွေကို စားပွဲပေါ်တင်လိုက်သည်။ ပြီးတော့ အဝတ်အစားတစ်စုံထုတ်ယူကာ ရေချိုးခန်းထဲ ဝင်ရေချိုး၊ အဝတ်အစားလဲပြီးမှ ပြန်ထွက်လာခဲ့သည်။ ဇေထူးမှာ စိတ်ဆိုးချင်တာတောင် သူမ ရေချိုးအပြီးကို စောင့်နေရသည်။ ပျိုပုံစံက ဘာအမှားမှ မလုပ်ထားသလိုပင်။
သူကတော့ ပျိုကိုတစ်ယောက်ထဲထားခဲ့ရတာစိတ်မချလို့ ခြံတွေပတ်ကြည့်နေတာတောင် စိတ်ကမဖြောင့်နိုင်။ အားလုံးကိုစုံအောင် မကြည့်တော့ပဲ လေးနာရီထိုးကတည်းက ဟိုတယ်ပြန်ရောက်နေခဲ့တာ။ သူမကိုမတွေ့လို့ စိတ်ပူပြီးဖုန်းဆက်တော့လဲ စက်ပိတ်ထားလေသည်။
“ပျို မင်းဒီနေ့ဘာလုပ်လိုက်တယ်ဆိုတာသိလား”
“ဘာလုပ်လိုက်လို့လဲ”
ပျို မျက်နှာပေါ် Essence လိမ်းရင်း နားမလည်သလို ပြန်မေးလိုက်သည်။
“နေမကောင်းလို့ ဟိုတယ်မှာနားဖို့ထားခဲ့တာကို ကောင်းကောင်းမနားပဲ ငါ့ကိုမပြောမဆိုနဲ့ သူစိမ်းယောကျာ်းလေးနဲ့ ပါသွားစရာလား”
“ဟင် သူစိမ်းမဟုတ်ပါဘူး အောင်ထက်ရဲ့ညီဝမ်းကွဲပါ”
“မင်းနဲ့သူကအခုမှတွေ့ဖူးကြတာလေ အဲ့ဒါသူစိမ်းမဟုတ်လို့ဘာလဲ မင်းဘယ်သူနဲ့ပါသွားမှန်းတောင်ငါမသိရဘူး မင်းအခုရောက်နေတာသူများမြို့ရွာလေ မင်းပျောက်သွားရင်ငါဘယ်နားသွားရှာရမလဲ ပြီးတော့ မင်းအပြင်သွား မယ်ဆို ငါ့ဆီဖုန်းဆက်ပြောလေ ငါပြန်ရောက်တော့မင်းကိုမတွေ့ရလို့ဘယ်လောက်ထိ စိတ်ပူသွားရလဲ မင်းသိလား မင်းကိုဖုန်းဆက်တော့လဲ စက်ပိတ်ထားတယ်တဲ့”
ဇေထူး ဒေါသထွက်နေပေမယ့် လေသံကို အတတ်နိုင်ဆုံးထိန်းကာ ပြောလိုက်သည်။
“ဆောရီး ငါဖုန်းဆက်ဖို့မေ့သွားတယ် ဖုန်းကအားကုန်သွားလို့ပိတ်သွားတာ ညကအားမသွင်းလိုက်မိဘူးလေ”
အခန်းထဲဝင်လာထဲကသိသားပဲ။ သူစိတ်ဆိုးနေတယ်ဆိုတာ။ ဒါပေမယ့်ဘာတတ်နိုင်မှာလဲ။ ပျို လုပ်ပြီးသွားပြီလေ။ ဒါကြောင့် စကားနည်းရန်စဲပဲ သဘောထားကာ ပျိုပဲ အလျော့ပေးဖို့ဆုံးဖြတ်လိုက်သည်။
“ထားလိုက်ပါတော့ ငါမှားတယ်ပဲ ပင်ပန်းလို့အိပ်လိုက်ဦးမယ်”
“ဒီအချိန်ကြီးအိပ်စရာလား ညနေစောင်းနေပြီ ခဏနေညနေစာစားတော့မယ်လေ”
ပျို ကုတင်ပေါ်တက်ထိုင်လိုက်ပြီး ပြန်ပြောလိုက်သည်။
“အာ အိပ်ချင်ပါတယ်ဆို ဇေထူးမြတ်ရာ မရစ်နဲ့”
“မင်းယောကျာ်းစကားပြောနေတယ်ဆိုတာသတိရဦး”
“နင်စကားပြောနေတော့ဘာဖြစ်လဲ ငါနားချင်ပါတယ်ဆို”
သူပြောပြီးပြီပဲ။ ပင်ပန်းခဲ့တာကို အနားမယူပဲဘာလုပ်နေရမှာလဲ။ ပျိုစိတ်တိုတိုနဲ့ပြန်ပြောလိုက်သည်။
“နင့်ယောကျာ်းလေငါက ငါ့ကိုနည်းနည်းပါးပါးလေးစားရဦးမှပေါ့”
“ဟုတ်နေပါဦးမယ် င့ါယောကျာ်း လူကမစိုမခြောက်နဲ့”
တကယ်တော့အဲ့ဒီစကားကို စိတ်ထဲကပြောလိုက်မိတာ။ မင်းယောကျာ်း မင်းယောကျာ်းနဲ့ မဏ္ဍပ်တိုင်တက်ပြနေလို့ စိတ်ထဲက အငေါ်တူးပြီးတွေးလိုက်မိတာကို ပါးစပ်ကနေ ဘယ်လိုထွက်သွားမှန်းမသိ။
“ဘာ ဥဒေါင်းပျို မင်းဘာစကားပြောလိုက်တယ်”
သူ့မျက်နှာဟာ ရေနွေးပူနဲ့ပက်ခံရသလို နီရဲခက်ထန်သွားသည်။ ဒေါသတကြီးအနားကပ်လာတဲ့ဇေထူးကိုကြည့်ပြီး ပျိုလန့်နေမိသည်။ သူ့ပုံစံက အနာပေါ်တုတ်ကျသွားတာများလား။ သူ့ကိုကြားစေချင်တဲ့စိတ် တကယ်ကိုမရှိခဲ့ပါ။
“ဘာ ဘာမှမပြောပါဘူး”
“မင်းတို့သိတဲ့ယောကျာ်းပီသတယ်ဆိုတာ ဒီလိုမျိုးလားဥဒေါင်းပျို”
ဇေထူးက အူကြောင်ကြောင်မော့ကြည့်နေတဲ့ပျိုကို နောက်သို့တွန်းလှဲလိုက်သည်။ အပေါ်ကနေအုပ်မိုးပြီး လက်ကောက်ဝတ်ကိုဆုပ်ကိုင်ကာ မွေ့ရာမှာ ဖိကပ်ပစ်လိုက်သည်။
“ဟုတ်လား ဒီလိုမျိုးလား”
ပျို သူ့ကိုကြောက်လွန်းလို့ မျက်ရည်တွေဝိုင်းလာခဲ့သည်။ အခုလို ခက်ထန်ကြမ်းတမ်းနေပုံက သူမဟုတ်ပဲ တခြား တစ်ယောက်လိုပင်။ ပျိုရဲ့စကားက သူ့ကိုစော်ကားသလိုဖြစ်သွားတယ်ဆိုတာသိပေမယ့် ဒီလောက်ထိ ကြမ်းကြမ်း တမ်းတမ်းတော့ မတုံ့ပြန်သင့်ပါ။
“မဟုတ်.. မဟုတ်ဘူး ဇေထူး ပျိုကိုလွှတ်ပေးပါ”
“မင်းထင်နေတဲ့မစိုမခြောက်ဆိုတဲ့သံသယကိုရှင်းပေးဖို့လိုနေပြီ”
“မလိုဘူး….”
ပျိုရဲ့ငြင်းဆန်မှုကဘာမှအသုံးမဝင်တော့ပါ။ သူ့ကိုပြောလိုက်မိတဲ့စကားတစ်ခွန်းအတွက် သူမပြန်ပေးဆပ်လိုက်ရ တာက လုံးဝမတန်ပါ။ ဖြစ်နိုင်ရင် ပျို မနေ့တနေ့ကအချိန်တွေဆီကိုသာ ပြန်သွားချင်မိတော့သည်။ ဒီလိုဖြစ်မယ်မှန်း သိရင် တောင်ကြီးကို မလိုက်ခဲ့ပါဘူးကွယ်။ အခုတော့ အရာရာဟာ ပြန်ပြင်မရနိုင်တော့။
ရေချိုးခန်းထဲက ပျိုရဲ့ရှိုက်ငိုသံသဲ့သဲ့ကိုကြားနေရသည်။ သူသွားချော့ချင်ပေမယ့် ချော့လို့မဖြစ်ပါ။ သူ့ကို မြင်တာနဲ့ အခြေအနေကပိုဆိုးသွားတော့မည်။ ဒီလိုပုံစံဖြစ်ဖို့ လုံးဝမရည်ရွယ်ခဲ့သော်လည်း သူ့ဒေါသစိတ်ကို ရုတ်တရက် ဘယ်လိုမှထိန်းမရခဲ့ပေ။ ထိတ်လန့်နေတဲ့သူမမျက်နှာလေးကို အနီးကပ်ကြည့်ရင်း သူမရဲ့ အထိအတွေ့ကို သူ မလွန်နိုင်ပဲ စိတ်အလိုလိုက်ခဲ့မိလေသည်။ အရက်မူးနေတာလဲမဟုတ်၊ သိသိကြီးနဲ့ တမင်လုပ်ခဲ့တယ်ဆိုတော့ ပျို သူ့ကိုပိုမုန်းသွားဖို့သာရှိတော့သည်။ ဒါပေမယ့် သူမှားတယ်လို့လဲ မခံယူပါ။ တကယ်တော့ သူနဲ့ပျိုနဲ့က တရားဝင်လင်မယားသာဖြစ်သည်။ သူမှားခဲ့တာတစ်ခုကတော့ သူမစိတ်တိုင်းကျအလိုလိုက်ခဲ့မိတာပင်။
သူမကိုချစ်လွန်းလို့ သူမစိတ်ကြိုက် လွတ်လွတ်လပ်လပ်နေခိုင်းခဲ့မိတာ သူ့အမှားသာ။ သူ့ရဲ့အချစ်တွေကို တနေ့ နားလည်လာမှာပါလို့ထင်ထားခဲ့ပေမယ့် သူမရဲ့အမှတ်တမဲ့ထွက်လာတဲ့စကားကိုကြားပြီးနောက် အံ့သြဝမ်းနည်းစွာ ဒေါသစိတ်နဲ့ ရှက်စိတ်ကိုထိန်းမရတော့။ သူ့ကိုအခြောက်လို့ထင်နေလိမ့်မယ်လို့ တစ်ခါမှကိုတွေးမကြည့်ဖူးခဲ့။
ရေချိုးခန်းတံခါးဖွင့်သံကြားလို့ အိပ်ပျော်ချင်ယောင်ဆောင်နေလိုက်သည်။ ကုတင်နားကပ်လာတဲ့ပျိုဟာ သူ့ကိုမြင် တာနဲ့ စိတ်တိုပြီး ပြန်ငိုကာ ရေချိုးခန်းထဲဝင်သွားပြန်လေသည်။ ငါ့ကို ဘယ်လောက်များ မုန်းသွားပြီလဲ ပျိုရာ။ လုံးဝကိုမရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် ဒါဟာ နင်ဘက်က စခဲ့တဲ့အမှားလို့ပဲ မှတ်ယူပေးပါ။
“လူယုတ်မာ”
သူမ တိုးတိုးရွတ်သွားတဲ့စကားကို အိပ်မပျော်တဲ့သူက သေချာကိုကြားလိုက်ရပါသည်။ နင်စိတ်ကြိုက်စွပ်စွဲလို့ ရပါတယ် ဥဒေါင်းပျိုရယ်။ ဒါပေမယ့် ငါယုတ်မာခဲ့တာမဟုတ်ပါဘူး။ နင့်ကိုအလိုလိုက်ပြီး အလျော့ပေးထားတဲ့ ငါ့ရဲ့ အခွင့်အရေးကို ပြန်ယူလိုက်တာပါ။ ဒါကိုနင်က ယုတ်မာတယ်လို့သတ်မှတ်ရင်လဲ ရှေ့ဆက်ပြီး အဲ့ဒီလူယုတ်မာရဲ့ အချစ်တွေနဲ့ပဲ တသက်လုံးနေပါတော့။ သူမကို နောက်ထပ်အလျော့မပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။
“ငါကလောမလိုက်တော့ဘူး ရန်ကုန်ပြန်တော့မယ်”
ဒီလိုဖြစ်မယ်ဆိုတာ သူကြိုတွက်ထားပြီးသားပါ။ ပျိုစကားကို သူဂရုမစိုက်ပဲ မကြားသလိုနေလိုက်သည်။
“ဇေထူးမြတ်”
ပျိုပြောတာကို ဂရုမစိုက်ပဲ သူ့ဆံပင်ကိုသာ ပုံစံတကျဖြီးသင်နေတဲ့ဇေထူးနောက်ကျောကို စိတ်တိုကာ ထုရိုက် ပစ်တော့သည်။
“ပျို ဘယ်လိုဖြစ်နေတာလဲ”
“ငါ ရန်ကုန်ပြန်မယ်”
“မပြန်ရဘူး မင်းယောကျာ်းသွားတဲ့နောက်ကိုပဲလိုက်ခဲ့ရမယ် မင်းကငါ့မိန်းမ”
“မဟုတ်ဘူး”
အဲ့ဒီစကားလုံးတွေကို မုန်းပါတယ်ဆိုမှ။ အထပ်ထပ်သုံးနေတဲ့ဇေထူးမျက်နှာကို ကုတ်ဆွဲပစ်ချင်မိသည်။
“အခုချိန်အထိ လက်မခံနိုင်သေးဘူးလားပျို ဒါမှမဟုတ် ငါစိုလားခြောက်လားဆိုတာ သေချာမသိသေးတာလား”
ပျို သူ့မျက်နှာကိုနာကျည်းမုန်းတီးစွာကြည့်လိုက်မိသည်။ သူအရမ်းကိုပြောင်းလဲသွားခဲ့ပါပြီ။
“သွားမယ် အားလုံးအဆင်သင့်ဖြစ်နေပြီ”
မပျော်ဘူးကွယ်။ ပျို ဖြစ်နိုင်ရင် အငွေ့အဖြစ်နဲ့သာပျောက်ကွယ်သွားချင်တော့သည်။ သူ့ကိုယုံကြည်ပြီး ဒီခရီးကို လိုက်ခဲ့မိတာ။ အခုလိုမျိုး ယုတ်မာလိမ့်မယ်လို့ကို မထင်ထားခဲ့တာပါ။ အတူတူနေတဲ့နှစ်လလောက်အချိန်အတွင်း ပျို သူ့ကိုအရမ်းကို ခင်မင်မိပါသည်။ သံယောဇဉ်လဲရှိသည်။ သူ့အပေါ်တမင်သက်သက်ဆိုးနွဲ့အနိုင်ယူရတာကိုလဲ ကျေနပ်သည်။ သူက ပျိုကို အလျော့ပေး အလိုလိုက်မှန်းသိလေ ဆိုးနွဲ့ချင်လေနဲ့ သူရဲ့ဂရုစိုက်တတ်မှုလေးတွေမှာ သာယာခဲ့ပါသည်။ သူနဲ့အတူတူနေရတာ ပျော်ရွင်ခဲ့ပါသည်။ ပြီးတော့ ပျိုဘဝမှာ အရမ်းကိုခင်တွယ်ရတဲ့ တစ်ဦးတည်းသောယောကျာ်းတစ်ယောက်ဆိုလဲ မမှားပေ။ အောင်ထက်ကို သူငယ်ချင်းတစ်ယောက်လိုခင်ပေမယ့် သူ့ကိုပိုခင်ပါသည်။ ဒါပေမယ့် အခုဆို သူ့ပုံစံက အရင်တုန်းကလို ကြင်နာမှုမျိုး၊ ယဉ်ကျေးမှုမျိုး လုံး၀ မရှိတော့။ မျက်နှာထားတင်းတင်းနဲ့။ နင့်ယောကျာ်း ငါ့မိန်းမတွေနဲ့ သုံးနှုန်းပြီး ရိုင်းစိုင်းနေသလိုပင်။ နင့်ကို မုန်းလိုက်တာ ဇေထူးမြတ်ရယ်။ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ရက်တယ်။
===========================================================
ခြံတံခါးဖွင့်ပြီးဝင်လိုက်တာနဲ့ ခွေးတွေက အပြိုင်အဆိုင်ကြိုဆိုနေကြသည်။ ပျိုခွေးတွေကို ရှောင်ကွင်းပြီး အိမ်ထဲကို တန်းဝင်ခဲ့လိုက်သည်။ တောင်ကြီးမသွားခင်တုန်းက သူ့မိဘအိမ်ပို့ထားခဲ့တဲ့ခွေးတွေ အိမ်ပြန်ရောက်နေပြီဆိုတော့ သူ့အမေရောက်နေပုံပင်။
“သမီးတို့ပြန်လာပြီ တောင်ကြီးမှာပျော်ခဲ့ရဲ့လား”
ဒေါ်သီသီမြတ်အမေးကို ပျို ပြန်မဖြေနိုင်ပဲ မျက်ရည်တွေကျလာတော့သည်။
“သမီး ဘာဖြစ်တာလဲ သားနဲ့ရန်ဖြစ်လို့လား”
“မဟုတ်ပါဘူးအန်တီ ဒီတိုင်းဝမ်းနည်းလို့ ငိုချင်လာလို့ပါ”
အခုမှ ခွေးတသိုက်နဲ့အိမ်ထဲဝင်လာတဲ့ဇေထူးက ပျို ငိုနေတာကိုမြင်ပြီးမျက်နှာပျက်သွားရသည်။ဘာဖြစ်လာကြမှန်း မသိတဲ့နှစ်ယောက်ကို ဒေါ်သီသီမြတ် အကဲခတ်နေမိသည်။
“ပျို နင့်အိတ်အခန်းထဲထည့်ထားပြီ”
သူ့အခန်းထဲပျို အိတ်ကိုသွင်းလိုက်သည်။ သူနဲ့ဘယ်သူကအိပ်မှာကျလို့။ ပျို သူ့အမေရှေ့မှာမို့ ပြသနာမဖြစ်ချင်လို့ ငြိမ်နေလိုက်သည်။
“သားတို့ဘာဖြစ်လာကြတာလဲ ရန်ဖြစ်လာတာလား”
“မဟုတ်ပါဘူးမေမေ သူ့ဘာသာသားကိုစိတ်ကောက်ပြီးငိုနေတာ”
“သားကလဲ စိတ်ကောက်အောင်ဘာလို့လုပ်လဲ ကဲ ပျိုကိုစိတ်ဆိုးပြေအောင်ချော့လိုက်ဦး”
မေမေက ပြောပြီး မီးဖိုထဲဝင်သွားတော့ သူ ပျိုလက်ကိုဆွဲပြီး အခန်းထဲခေါ်ခဲ့လိုက်သည်။
“ပျို မင်းဘာဖြစ်လို့ငိုနေတာလဲ”
“ငါ့ဘာသာငိုချင်ငိုမယ် နင်နဲ့ဘာဆိုင်လဲ”
“ဘာဆိုင်လဲ ဘာဆိုင်လဲနဲ့ ခဏခဏပြောမနေနဲ့ နင်နဲ့ငါဘာဆိုင်လဲဆိုတာ အခုချိန်အထိမသိသေးဘူးလား”
သူ့မျက်နှာကို နာနာကျည်းကျည်းကြည့်လိုက်မိသည်။ သူများသားသမီးကိုအနိုင်ကျင့်ပြီးမှ ရိုင်းရိုင်းစိုင်းစိုင်း စကားတွေ လာပြောနေပြန်သည်။
“မသိဘူး ငါ့ကိုကွာရှင်းပေး နင်နဲ့တစ်အိမ်ထဲဆက်မနေချင်ဘူး”
“ငါကတော့နင်နဲ့ပဲနေချင်တယ် တစ်အိမ်ထဲမတင်မကဘူး တစ်ခန်းထဲနေမှာ နင့်ကိုလုံးဝမကွာပေးနိုင်ဘူး နင်နဲ့ လက်ထပ်ထားတာက တသက်လုံးအတူတူနေဖို့ ကွာရှင်းပေးဖို့အစီအစဉ်လုံးဝမပါဘူး စိတ်ချ နင်ဘယ်တော့မှ တစ်ခုလပ်မဖြစ်စေရဘူး ဒါကြောင့်ကွာရှင်းပေးဆိုတဲ့စကား နောက်ထပ်ထပ်မပြောနဲ့”
ပျို ဝမ်းနည်းစွာရှိုက်ငိုမိတော့သည်။ စိတ်ရှည်သဘောကောင်းတဲ့သူ့အသွင်က အခုတော့ဘယ်လိုဖြစ်ကုန်တာလဲ။ တစ်ခါမှမတွေ့ဖူးတဲ့ အခြားသူစိမ်းတစ်ယောက်လို အပြုအမူ၊ လေသံကအစ ပြောင်းလဲသွားပါပြီ။ ဒီလိုလူမျိုးနဲ့ တစ်စက္ကန့်လေးတောင်အတူတူမနေချင်တော့ပါ။ ပျိုအထုပ်ကိုဆွဲကာ အခန်းပြင်ထွက်ဖို့ပြင်လိုက်တော့ သူက သူမလက်မောင်းကို ဆောင့်ဆွဲလိုက်ပြီး။
“ဥဒေါင်းပျို ငါအလိုလိုက်တိုင်းကမ်းမတက်နဲ့ မင်းကိုဒီမှာနေရမယ်လို့ပြောထားပြီးသားနော် ငါဒီထက်ပိုကြမ်းလာမှ မင်းငါ့ကိုအဆိုးမဆိုနဲ့”
ပြောဆိုပြီးသူကအပြင်ထွက်သွားခဲ့ပေမယ့် ပျိုကတော့ အံ့သြဆွံအပြီးကျန်နေခဲ့သည်။ မရည်ရွယ်ပဲ ပြောလိုက်မိတဲ့ မစိုမခြောက်ဆိုတဲ့စကားတစ်ခွန်းကြောင့် ဒီလောက်အထိပြောင်းလဲသွားစရာလိုလို့လား။ သူ့ကိုပျိုကြောက်ပါသည်။
အခုတော့ သူမကိုနိုင်စားရုံမက ခြိမ်းခြောက်တဲ့အဆင့်ထိပါရောက်နေပြီ။ သူအရင်က ဟန်ဆောင်နေခဲ့တာလား။ အခုမှမျက်နှာဖုံးတွေ ကွာကျသွားတော့တာလား။ အမေရေ အမေ့သမီးကိုကြည့်လှည့်ပါဦးလို့သာ အော်ပြီး ငိုလိုက်ချင်တော့သည်။
“ပျို ထမင်းစားမယ်”
သူ့အသံကြောင့် ကုတင်ပေါ်ငိုင်တွေပြီးထိုင်နေတဲ့ပျို လန့်ပြီးတုန်သွားမိသည်။
“မစားချင်သေးဘူး”
“မရဘူး အခုစားရမယ် လာခဲ့ ငါ့အမေကစားစေချင်လို့လာချက်ပေးထားကို အခုထွက်ခဲ့”
အာဏာတွေ၊ပါဝါတွေလာပြနေတဲ့သူ့ကိုကြည့်ပြီး ပျိုရဲ့ဂျစ်ကန်ကန်စရိုက်ကပြန်ပေါ်လာခဲ့သည်။ သူ့ကိုကြောက်ပြီး ပျော့ညံ့ပြနေလို့မဖြစ်ပါ။ ဒီထက်ပိုပြီးနိုင်စားမခံနိုင်ပေ။
“ငါ့ပါးစပ်နဲ့ငါ စားချင်စားမယ် မစားချင်မစားဘူး မကျေနပ်ရင် လဲသေလိုက်ဇေထူးမြတ် နင်နိုင်စားတာခံဖို့ နင်နဲ့ လက်ထပ်ခဲ့တာမဟုတ်ဘူး နင်နဲ့လုံးဝမယူချင်ခဲ့တာနင်အသိဆုံးပါ”
“အေး မယူချင်ခဲ့လဲ အခုတော့မရတော့ဘူး နင်ကငါ့မိန်းမ နင်မစားချင်လဲ ယောကျာ်းထမင်းစားတဲ့ဘေးမှာရှိနေ ပေးရမယ် လာ အခုထွက်ခဲ့”
“နင့်အမေရှေ့မှာရန်ဖြစ်ပြချင်လို့လား ရတယ်လေ အခုထွက်ခဲ့မယ်”
ပျိုရဲ့မထိတထိဂျစ်ကန်ကန်မျက်နှာကိုကြည့်ပြီး ဇေထူးလန့်လာမိသည်။ မိဆိုးပျိုဟာ ပြောတဲ့အတိုင်းလုပ်မည့်ပုံပင်။ သူ့ပုခုံးကို တမင်ဝင်တိုက်ကာ ထွက်သွားတဲ့ပျိုနောက်ကနေ ရင်တမမနဲ့လိုက်လာခဲ့မိသည်။
“သမီး လာ အန်တီသမီးကြိုက်တဲ့ဟင်းတွေချက်ထားတယ်”
“ဟုတ် အန်တီ ကျေးဇူးပါ သမီခေါင်းမူးနေလို့လာမလုပ်ကူလိုက်ရဘူး”
ပျို ထမင်းစားပွဲမှာဝင်ထိုင်လိုက်ရင်း ဒေါ်သီသီမြတ်ကို အားနာစကားဆိုလိုက်သည်။
“အော် ခရီးဝေးကပြန်လာတာပဲ နားရမှာပေါ့ သားထိုင်လေ စားကြစို့”
အခုထိ မထိုင်သေးပဲ ပျိုကို တောင့်တောင့်ကြီးရပ်ကြည့်နေတဲ့ဇေထူးကို ကူလီကူမာပြုံးပြလိုက်သည်။ ဇေထူး သက်ပြင်းချရင်း ဝင်ထိုင်လိုက်သည်။  လူကြီးတွေရှေ့မှာပြသနာမတက်ချင်ပါ။ သူမရန်ရှာရင် သူအလိမ်မာသုံးကာ စကားလွဲပစ်ရပေမည်။ ပျိုကလဲ ပါးနပ်စွာ ဘာစကားမှ မပြောပဲ ထမင်းသာစားနေလို့ တော်ပါသေးရဲ့။ ဒါတောင် သူမက တစ်ချက်တစ်ချက် စိန်ခေါ်သလို ကြည့်ပြခဲ့သေးသည်။ လုပ်လေ နင့်ဘက်ကစတာနဲ့ ငါချပြီပဲဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ မျက်လုံးမျိုးနဲ့။ တမင်သက်သက် သူ မခံချင်အောင် အသံတိတ်ရန်စပြနေသည်။ ဇေထူးစိတ်ထဲကနေ ကြိတ်ရယ်လိုက်ပြီး သူတကယ်မနိုင်တဲ့ မိဆိုးပျိုကို ပိုပြီးသာချစ်နေမိတော့သည်။
မေမေက အိမ်ပြန်ဖို့အရေးစိတ်ချလက်ချမပြန်နိုင်သေးပဲ ရန်မဖြစ်ဖို့ တဖွဖွမှာနေသေးသည်။ ပျိုကတော့ ခေါင်းမူးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အခန်းထဲဝင်သွားလေပြီ။
“စိတ်ချပါမေမေရာ သားရန်မဖြစ်ပါဘူး”
“စကားများရင်လဲ ပါးစပ်နဲ့ပဲများကြ လက်မပါနဲ့နော်သား မေမေမကြိုက်ဘူး”
လက်ပါတာက မေမေ့ချွေးမ။ တခုခုစိတ်ဆိုးတာနဲ့ တဘုန်းဘုန်းနဲ့သားကိုထုရိုက်တတ်တာ မေမေမသိလို့ပါ။ သူ့မှာ လက်ပါဖို့မပြောနဲ့ စကားနဲ့ပြောတာတောင်မိဆိုးပျိုတို့ ဆတ်ဆတ်ခါနာလွန်းလှပြီ။
“လက်ထပ်ထားတာဘယ်လောက်မှမကြာသေးဘူး အခုမှနှစ်လကျော်လောက်ပဲရှိဦးမှာ မင်းချစ်လွန်းလို့ ယူထားတဲ့ မိန်းမပဲ နည်းနည်းပါးပါးအလျော့ပေးလိုက်ပါ”
အလျော့ပေးအလိုလိုက်လွန်းလို့ အခုလိုဆိုးရွားသောင်းကျန်းစိန်ဖြစ်နေတာကို။ ဒီထက်ပိုပြီး အလျော့မပေးချင် တော့ပါ။
“ကွဲမယ်ကွာမယ်ဆိုတဲ့စကား မေမေမကြားချင်ဘူးနော်”
“ဟာ မေမေ အဲ့ဒါတော့စိတ်ချ သားသူ့ကိုဘယ်တော့မှကွာပေးမှာမဟုတ်ဘူး”
“မေမေသိတယ် သားမကွဲနိုင်ဘူးဆိုတာ ဒါပေမယ့်သူလဲလူလေ ခဏခဏစိတ်နာအောင်မလုပ်နဲ့ပေါ့”
ဇေထူးအောင့်သက်သက်နဲ့ငြိမ်နေလိုက်သည်။ မေမေကို မကျေနပ်တာမဟုတ်။ ပျိုကိုမကျေနပ်တာပါ။ သူ့ကို အရမ်းချစ်တဲ့ မေမေကိုတောင် သူမဘက်ပါအောင်စည်းရုံးထားနိုင်ပါသည်။
ပျိုက သူ့ကိုအရင်ထဲက ဂျီကျတတ်သူပါဆို အခုတော့ပိုဆိုးတော့သည်။ သူဘယ်လောက်ပဲ မင်းက ငါ့မိန်းမလေလို့ ပြောပြော ဂျစ်တူးစိန်ကတစ်ချက်မှ အလျော့မပေးစတမ်းပြန်ပြောတတ်လေသည်။ ဘယ်လိုပဲ အကောင်းပြောပြော သူနဲ့ဆန့်ကျင်ဘက်ပြန်ပြောရမှသာ ကျေနပ်တတ်တော့သည်။ ဟိုအရင်လို ပျော်ပျော်ရွှင်ရွှင်စနောက်တတ်တာမျိုး မရှိတော့ပဲ ခပ်စိမ်းစိမ်းသာ ဆက်ဆံလေသည်။ ဒါပေမယ့်လဲ လုံးဝစကားမပြောပဲနေတာထက်စာရင် အခုလို ရန်စကားပြန်ပြောနေတာကိုတောင် ကျေးဇူးတင်ရပေဦးမည်။ သူမရဲ့ဒီလိုပုံစံကြောင့် တခါတလေလဲ သူဇွတ်လုပ်ခဲ့ မိတာတွေကို နောင်တရချင်မိသည်။
အရင်ကညနေကျောင်းဆင်းလို့ သူမကိုကြိုပြီးအိမ်ပြန်ချိန်တိုင်း ညနေစာချက်ကျွေးဖို့ကို တစ်မျိုးမဟုတ်တစ်မျိုး ပူဆာတတ်သည်။ ဈေးဝင်ဝယ်ပြီး အတူတူချက်စားကြသည်။ သူ့ရဲ့ Kitchen Helper သူမကိုဟင်းရွက်ဆေးခိုင်း လိုက်ရင် ဘယ်နခါမှန်းမသိ ဆေးလို့မပြီးတတ်တော့။ အဲ့ဒီအချိန်မှာတော့ သူမကသူ့ထက်ပိုပြီး အသန့်ကြိုက်နေ ပြန်သေးသည်။
“ပျို အဲ့လောက်ကြီးဆေးနေတာ ဘယ်နကြိမ်ရှိနေပြီလဲ အရွက်တွေတောင်နွမ်းဖတ်ကုန်ပြီ”
“နင်ဘာသိလို့လဲ ကန်စွန်းရွက်ခင်းတွေတွေ့ဖူးတယ်မလား တအားညစ်ပတ်တာ ဒီလောက်ဆေးတာတောင် တော်ရာမကျသေးဘူး ဆားနဲ့ဆယ့်ငါးမိနစ်စိမ်ပြီး နောက်ထပ်နှစ်ခါလောက်ထပ်ဆေးလိုက်ဦးမယ်”
“အဲ့ဒါဆိုလဲ ဆပ်ပြာမှုန့်နဲ့သာဆေးလိုက်တော့ ပိုသန့်သွားအောင်”
“ဟင် အဲ့လိုဆေးလို့ရလို့လား”
ရွဲ့ပြောလို့ပြောမှန်းမသိ ပြန်မေးတတ်သေးသည်။ တကယ့် မိဆိုးပျိုပင်။ ခြေလေးချောင်းသားမစားတဲ့သူ့ကိုလဲ အတင်းချက်ကျွေးခိုင်း တတ်ပြန်သေးသည်။
“ဇေထူးရယ် ဝက်သားလေးချက်ကျွေးပါဟယ်”
“ဟာ ငါတစ်ခါမှမချက်ဖူးဘူး”
“လုပ်ပါဟယ် တစ်ခါမှမချက်ဖူးလို့ချက်ကြည့်ခိုင်းတာပေါ့ လူ့ဘဝတိုတိုလေး တစ်ခါမှမလုပ်ဖူးတဲ့အရာတွေရှိပြီးမှ သေသွားတယ်ဆိုတာမကောင်းဘူး ဝက်သားလုံးကြော်လေးစားချင်လို့ပါ”
ဈေးဝယ်ထွက်တဲ့နောက်ကလိုက်ပြီး ဘာမှမဆိုင်တဲ့အကြောင်းတွေပြောကာ ကပ်ညော်တတ်ပြန်သေးသည်။
“အရမ်းကြီးကိုစားချင်လို့ပါဆို စားဖိုမှုးကြီး ချက်ကျွေးပါနော်”
ချစ်ဖို့ကောင်းအောင် လက်မောင်းကိုလာတွဲပြီးပူဆာတော့လဲ အလိုလိုက်မိပြန်သည်။ အခုတော့အဲ့ဒီနေ့ရက်တွေက မရှိဖူးခဲ့သလို အတိတ်မှာ တိတ်တိတ်ဆိတ်ဆိတ်ကျန်နေခဲ့လေပြီ။
“ဇေထူး ညနေလာမကြိုနဲ့ အောင်ထက်ကိုလိုက်ပို့ခိုင်းလိုက်မယ်”
“နေပါဦး အဲ့ဒီကောင်က မင်းဆီဘာကိစ္စရှိလို့လာမှာလဲ”
“မတွေ့တာကြာလို့ သူငယ်ချင်းတွေတွေ့ကြမလို့လေ နေပါဦး နင်ကရောဘာလို့အသေးစိတ်လိုက်မေးနေရတာလဲ နင့်မိန်းမဆိုရင်လဲ အဲ့လောက်ထိနေရာတကာလိုက်ပြောနေစရာလိုလို့လား”
ငါ့မိန်းမလေလို့ပြောစရာမလိုအောင် ပိတ်ပြောပစ်တဲ့ပျိုကြောင့် သူစကားလုံးမနည်းရှာပြီးပြန်ပြောလိုက်ရသည်။
“လိုတာပေါ့ ငါ့မိန်းမကိုတခြားယောကျာ်းနဲ့ကားအတူတူစီးတာမမြင်ချင်ဘူး”
“အမယ် ဘတ်စ်ကားစီးရင်လဲ တခြားယောကျာ်းတွေတပုံကြီးနဲ့အတူတူစီးရတာပဲလေ”
ကားမောင်းပြီးသူမကိုကျောင်းလိုက်ပို့သူကို ဘေးနားကနေ ကပ်သပ်ပြီးပြန်ပြောနေတဲ့မိဆိုးကို စိတ်ဆိုးချင်ရင် တောင် မဆိုးနိုင်တော့။ ရယ်ချင်စိတ်ကိုထိန်းရင်း ခပ်တည်တည် ပြန်ပြောလိုက်သည်။
“အဲ့ဒါကြောင့်မို့ ငါလိုက်ပို့ပေးတယ်လေ အပြန်လဲလာကြိုပေးတယ် အဲ့ဒါကိုမင်းကဘာလို့သူများကားနဲ့ပြန်ချင်နေရ တာလဲ ဒီပုံစံအတိုင်းဆက်လုပ်နေမယ်ဆိုရင် မင်းအလုပ်ထွက်လိုက်တော့”
သူငယ်ချင်းတွေတွေ့ကြပါမယ်ဆို။ ကပ်ဖဲ့ပြောနေတဲ့ ဇေထူးကို မကျေနပ်မျက်စောင်းထိုးလိုက်ရင်း
“တဆိတ်ရှိ ဒီအလုပ်ပဲလာထွက်ခိုင်းနေတာ ငါအလုပ်လုပ်တာနင့်ကိုဘာထိခိုက်နေလို့လဲ”
“အလုပ်ရှုပ်တယ်လေ နင့်ကိုအေးဆေးနေခိုင်းစေချင်လို့ပေ့ါ”
“အေးဆေးပါလိမ့်ပါမယ်အားကြီးကြီး ကြမ်းတိုက်မီးဖိုချောင်ဝင်လုပ်ခိုင်းစေချင်တာ မသိဘူးများမှတ်နေလားပဲ”
မိဆိုးပျိုဟာ သူဘယ်လိုပြောပြောနားဝင်မည်မဟုတ်။ အမှန်တော့သူ့အလုပ်တွေထဲ သူမကိုခေါ်သွားချင်ပါသည်။ သူ့အလုပ်သဘောတရားတွေကို သူမကိုသင်ပေးချင်သည်။ ဒါမှ သူဘာတွေလုပ်တယ်၊ ဘာတွေပိုင်ဆိုင်တယ် ဆိုတာ သူမသိပေလိမ့်မည်။ ပြီးတော့ သူတခုခုဖြစ်သွားခဲ့ရင်တောင် သူ့အလုပ်တွေကို သူမဘာသာအေးဆေး ဆက်လုပ်နိုင်လိမ့်မည်။ အဲ့ဒီလိုပြောပြန်ရင်လဲ ခိုင်းစားချင်လို့ဆိုပြီး စွပ်စွဲဦးမည်။
“ပျို ညနေငါပဲလာကြိုမှာနော်”
ဇေထူးကို အဖက်မလုပ်ပဲ မျက်နှာကိုမော့ချီပြီး မကြားချင်ယောင်ဆောင်ကာ ကားပေါ်ကဆင်းသွားလေသည်။
ညနေကျောင်းဆင်းချိန်မှာတော့ ဇေထူးမြတ်တို့ရောက်နေလေပြီ။ ချိန်းထားတဲ့အောင်ထက်က မရောက်လာသေး ပေမယ့် သူကတော့ ကျောင်းမဆင်းခင်ကတည်းကများ ရောက်နေခဲ့လားမသိ။ သူငယ်ချင်းတွေတွေ့ဖို့ချိန်းထား ပါတယ်ဆို။ သေချာပြောထားရဲ့သားနဲ့။ ပျို မေဇွန်ကိုလက်ပြပြီး ဇေထူးရှိရာ လျှောက်လာခဲ့လိုက်သည်။
“ဇေထူး နင့်ကိုလာမကြိုဖို့ မနက်ထဲကပြောထားတယ်လေ”
ကားတံခါးခေါက်လိုက်လို့ မှန်ချလာတဲ့ဇေထူးကလဲ ရောင်းသူဝယ်သူအသံတူပြန်ပြောလေသည်။
“ငါလဲလာကြိုမယ်လို့ မနက်ထဲကပြန်ပြောလိုက်တယ်လေ ကားပေါ်တက် ပြန်မယ်”
ဒါ သက်သက်မဲ့ ရွဲ့နေတာပေါ့လေ။ ပျို သူ့ကိုဘယ်လိုစိတ်ဆိုးမှန်းမသိတော့။
“မတက်ဘူး ငါ့ဘာသာပြန်ခဲ့မယ် မုန့်စားပြီးရင်”
“ပျို နင်တက်မှာလား မတက်ဘူးလား ဒါပဲပြော”
ကြောက်စရာကောင်းလောက်အောင် တင်းမာပြနေတဲ့မျက်နှာကြောင့် လန့်သွားသော်လည်း ဘာမှမဖြစ်ချင်ယောင် ဆောင်လိုက်ရင်း ပျိုလဲ မျက်နှာကိုတင်းကာ ပြန်ပြောလိုက်သည်။
“မတက်ဘူး နင့်ကိုငါကြိုပြောထားပြီးသားပဲ”
ဇေထူး ကားပေါ်ကဆင်းကာ ကားတံခါးကို ဆောင့်ပိတ်လိုက်ရင်း
“နင့်ဘာသာတက်မှာလား ငါဆွဲတင်ရမှာလား”
ပျို ဒေါသထွက်လွန်းလို့ စကားတောင်ပြန်မပြောနိုင်တော့။ လူကို တမင်သက်သက်လာအနိုင်ကျင့်နေတာ။ ခါတိုင်းအချိန်ဆို အရွဲ့တိုက်ပစ်မှာသေချာပါသည်။ အခုတော့ သူမလုပ်ငန်းခွင်ထဲမှာ သူနဲ့ပြသနာ မဖြစ်ချင်ပါ။ ပျို ခပ်လှမ်းလှမ်းကနေ ကြည့်နေတဲ့မေဇွန်ကို လက်ပြနုတ်ဆက်ပြီး ကားပေါ်တက်လိုက်သည်။ အမယ် ဒင်းကလဲ မေဇွန်ကို ပြုံးပြပြီးလက်ပြနုတ်ဆက်နေပြန်သေးသည်။ မေဇွန်ကို ပျိုတို့နှစ်ယောက်ကို အူကြောင်ကြောင်ကြည့်ပြီး ကျန်နေခဲ့လေသည်။
ပျို စိတ်တိုတိုနဲ့ ဘာမှမဖြစ်သလိုကားမောင်းနေတဲ့ဇေထူးလက်မောင်းကို ထုရိုက်ပစ်တော့သည်။
“ဟာ ပျို ဘယ်လိုဖြစ်နေတာလဲ ဒီမှာကားမောင်းနေတယ်လေကွာ”
“နင်ဘာလို့ငါ့ကိုနိုင်စားနေတာလဲ င့ါကိုနင်ပိုင်တဲ့အရုပ်များမှတ်နေလား”
“ဘယ်မှာနိုင်စားနေလို့လဲ”
“ငါ့သူငယ်ချင်းတွေနဲ့သွားတာဘာဖြစ်လဲ ဘာလို့နင်ကပိတ်ပင်တားဆီးနေရတာလဲ နင်ကဘာမို့လို့လဲ”
ဇေထူးရင်ထဲ ဆစ်ခနဲနာကျင်သွားသလိုခံစားသွားရသည်။ နင်ကဘာမို့လို့လဲ ဆိုတဲ့စကားက အပ်သေးသေးလေး တစ်ချောင်းလို သူ့နှလုံးသားကို စူးနစ်စေသည်။
ဘာမှပြန်မဖြေပဲ မျက်မှောင်ကြုတ်ကာကားမောင်းနေတဲ့သူ စိတ်တိုသွားမှန်းသိပါသည်။ တိုပါစေ။ စိတ်တိုအောင် တမင်ပြောလိုက်တာပဲ။ တကယ်ပဲ ပျိုကိုနိုင်စားလွန်းတယ်လို့ ထင်ပါသည်။
အိမ်ထဲဝင်လိုက်တာနဲ့ မွေးနေတဲ့ဟင်းအကြော်နံ့တွေက စိတ်တိုနေတဲ့ပျိုကို ဗိုက်ဆာအောင်ဆွဲဆောင်နေသလိုပင်။ ဇေထူးအခန်းထဲဝင်သွားပေမယ့် ပျိုကတော့ အနံ့လာရာ မီးဖိုထဲသို့ဝင်ခဲ့လိုက်တော့ ဘာတွေကြော်နေမှန်းမသိတဲ့ ဇေထူးအမေကို တွေ့လိုက်ရသည်။
“အန်တီရောက်နေတာလား”
“အော် သမီးပြန်ရောက်ပြီ ဒီမှာသမီးတို့အဆာပြေစားဖို့ ကြော်ပေးထားတာ ဗိုက်ဆာရင်တခါထဲစားလိုက်တော့”
“ဟုတ် အန်တီ ဗိုက်ဆာလာတာနဲ့အတော်ပဲ”
ဒေါ်သီသီမြတ်ကြော်ထားတဲ့ ပုဇွန်တန်ပူရာကြော်၊ ငါးလက်ချောင်းကြော်နဲ့ အာလူးချောင်းကြော်တို့ကိုမြင်တာနဲ့ ပျို ဟန်မဆောင်နိုင်တော့ပဲ လက်ဆေးကာ စားဖို့ပြင်လိုက်တော့သည်။
“အန်တီ သမီးကဘယ်ဟာစားရမှာလဲ”
“အော် သမီးအတွက်ပုဇွန်တန်ပူရာလေ အာလူးချောင်းရောထည့်စား”
“ဟင် ဒီဟာရောစားလို့မရဘူးလား”
ငါးလက်ချောင်းကြော်ပန်းကန်ကိုလက်ညှိုးထိုးပြပြီးမေးလိုက်သည်။
“စားလို့ရတယ်လေ စားပါရှင်”
“အဲ့ဒါဆိုတီဗွီကြည့်ရင်း စားမယ်နော်အန်တီ”
“အော် အအေးရောယူသွားဦးလေပျို”
“ဟုတ် အန်တီ ကျေးဇူးပါ ဗိုက်ဆာနေတာနဲ့အတော်ပဲ အရမ်းစားကောင်းတယ်”
ငါးလက်ချောင်းကြော်ပန်းကန်နဲ့အအေးခွက်ကိုယူကာထွက်သွားတဲ့ပျိုနောက်ကျောကိုကြည့်ပြီး ဒေါ်သီသီမြတ် စဉ်းစားကာကျန်နေခဲ့သည်။ သားပြောသွားတာက ပျို့အတွက်ပုဇွန်တန်ပူရာကြော်ပေးပါဆိုပြီး အခုတော့ ငါးလက်ချောင်းကြော်သာ ယူသွားလေသည်။
ဇေထူးအခန်းထဲကထွက်လာတော့ ဧည့်ခန်းထဲမှာ ကြမ်းပြင်ပေါ်အားရပါးရထိုင်ချပြီး ခြေထောက်ကိုစားပွဲအောက် ဆန့်တန်းကာ အစာစားရင်း Tom & Jerry ကာတွန်းကားကြည့်နေတဲ့ပျိုကို တွေ့လိုက်ရသည်။ ကလေးပေါက်စလဲ မဟုတ်။ နေပုံထိုင်ပုံက ကလေးထက်ပင်ပိုဆိုးနေသေးသည်။ ဒါ အသက်သုံးဆယ်ပြည့်ပြီးတဲ့ ကျွန်တော်ရဲ့ ချစ်ဇနီးလေးပါဗျာ။ သူ့ကိုစိတ်ဆိုးနေလို့ အကျီၤလဲဖို့ အခန်းထဲ လိုက်မဝင်ခဲ့တာလို့ထင်နေတာ အခုမှ အစားပုတ်ချင်လို့ မဝင်ခဲ့မှန်းသိတော့သည်။
“မေမေ ငါးချောင်းကြော်ရော”
“ပျို ယူသွားတယ်လေသား”
“ဗျာ”
ငါးဆို လုံးဝမကြိုက်၊ လုံးဝမစားတဲ့ပျိုက သူစားမယ့်ဟာကို အကျင့်ပုတ်ပြီး တမင်ယူစားတာတော့မဖြစ်နိုင်ပေ။
“ဧည့်ခန်းထဲမှာစားမလို့တဲ့ သူ့ဆီမှာသွားစားလိုက်လေ”
ပျိုထိုင်နေတဲ့ဆီ မသိမသာကြည့်လိုက်တော့ ပန်းကန်ထဲမှာ ငါးကသုံးလေးချောင်းလောက်သာကျန်တော့သည်။ ငါးချောင်းကြော်ကို အရသာရှိရှိ ဆော့နဲ့တို့စားကာ တီဗွီကြည့်နေတဲ့ပျိုဟာ တခုခုများလွဲနေသလား။
“သား ဘာဖြစ်နေတာလဲ မျက်မှောင်ကြီးကုတ်ပြီး ငါးချောင်းကြော်ကုန်သွားလို့လား မေမေထပ်ကြော်ပေးမယ်လေ”
ဘာမဟုတ်တဲ့ကိစ္စနဲ့စကားများကြမှာစိုးလို့ ဒေါ်သီသီမြတ်အမြန်ပြောလိုက်ရသည်။
“မဟုတ်ဘူးမေမေ သားပုဇွန်ပဲစားလိုက်တော့မယ် ပျို တခုခုများလွဲနေသလားလို့”
“ဘာလွဲတာလဲ”
“သူအရင်ကဆို ငါးလုံးဝမစားဘူးမေမေရဲ့ သားတောင်သူမစားလို့ အိမ်မှာသိပ်မချက်စားဖြစ်ဘူး နည်းနည်းလောက် စားကြည့်ပါဆိုတာ ညီနံ့နံလို့ဆိုပြီးမစားတာ အခုကအဲ့ဒီတစ်ပန်းကန်လုံး စားပစ်တယ်ဆိုတော့ ဘာများလွဲနေလဲလို့”
သားအမိနှစ်ယောက် ထမင်းစားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်ရင်း ပျိုအကြောင်း တီးတိုးဆွေးနွေးနေကြသည်။
“ဟုတ်လား ပျိုက ငါးမကြိုက်ဘူးလား”
“မကြိုက်ဘူးမေမေ ကျွန်တော်နဲ့မယူခင်ကတည်းက မစားတာ”
“အင်း ဒါဆိုရင် မေမေ့စိတ်ထင်တော့ မင်းမိန်းမတခုခုထူးခြားနေပြီထင်တယ်”
“ဗျာ ဘာကိုပြောတာလဲမေမေ”
ဇေထူး ဘာများဖြစ်တာလဲဆိုပြီး စိတ်ပူသွားမိသည်။
“ကိုယ်ဝန်တွေဘာတွေများရှိနေသလားလို့”
“မေမေ တကယ်ပြောတာလား”
သူ ဟန်မဆောင်နိုင်ပဲ ဝမ်းသာသွားမိသည်။ တကယ်ဖြစ်ရင်ကောင်းမှာ။ သူရင်သွေးလေးကို ရချင်နေပါပြီ။ ပျိုမှာ တကယ်ကိုယ်ဝန်ရှိနေပါစေလို့သာ ဆုတောင်းမိတော့သည်။
“မေမေထင်တာပြောတာပါ တကယ်ရှိမရှိတော့ဆေးခန်းပြကြည့်မှသိမှာပေါ့”
“ဒါဆို သားသူ့ကိုဆေးခန်းခေါ်သွားလိုက်မယ်မေမေ”
“အော် သားရယ် စားစရာရှိတာအရင်စားသွားပါဦး မေမေလဲသားကိုယ်ဝန်နဲ့တုန်းက ငါးတအားစားတာလေ ခြေလေးချောင်းသားကိုစားလို့မရဘူး အနံ့တောင်မခံနိုင်ခဲ့တာ ပျိုလဲမေမေလိုများဖြစ်နေသလားလို့”
မေမေ့စကားကြောင့် ဇေထူး အိနြေ္ဒမဆည်နိုင်သွားဖြီးနေမိတော့သည်။
ဒေါ်သီသီမြတ် သားဖြစ်နေပုံကို သဘောကျကာရယ်နေမိသည်။ ကလေးအဖေဖြစ်ချင်လွန်းနေသူသားက တီဗွီ ကြည့်နေတဲ့ဇနီးကို ပျောက်သွားမှာစိုးသည့်အလား လှမ်းလှမ်းကြည့်နေရသေးသည်။ သားက ပျိုကို အရိပ်တကြည့် ကြည့်နဲ့ချစ်ပြသလောက် ပျိုက သားကိုဂရုမစိုက်ပေ။ အစကတည်းက ပျိုမချစ်တာကို အတင်းလက်ထပ်ခဲ့ပေမယ့် သူတို့နှစ်ယောက်ဆက်ဆံရေးက ထင်ထားတာထက်အများကြီးကောင်းမွန်ခဲ့ပါသည်။ တောင်ကြီးခရီးကပြန်လာပြီး ကတည်းက နှစ်ယောက်သားအရင်လိုမတည့်တော့တာကို သတိထားမိသည်။ အိမ်ထောင်သက်နုသေးတဲ့ သူတို့တွေ ပြသနာအကြီးအကျယ် ဖြစ်မှာစိုးလို့ အမေဖြစ်တဲ့သူမက မကြာမကြာလာကြည့်ပေးနေရတာပါ။
“ပျို ထ ဆေးခန်းသွားမယ်”
“ဟင် ဘာဖြစ်လို့လဲ အန်တီတခုခုဖြစ်လို့လား”
ပျိုက စိတ်ပူသွားပြီး မီးဖိုထဲကိုလှမ်းကြည့်လိုက်တော့ အန်တီပြုံးပြနေတာကိုတွေ့လိုက်ရသည်။
“မေမေသွားမှာမဟုတ်ဘူး ငါသွားမှာ မင်းလိုက်ခဲ့”
အကောင်းကြီးနဲ့ ဘယ်နေရာမှာမှ နေမကောင်းဖြစ်ပုံမရတဲ့လူက ဆေးခန်းဘာသွားလုပ်မလို့ပါလိမ့်။ သူ့ကို မော့ကြည့်ပြီး စဉ်းစားခန်းဝင်နေတဲ့ ပျိုကို ဇေထူးစိတ်မရှည်တော့။ အဖြေကို တိတိကျကျသိချင်လှပြီ။
“ပျို ထ အဝတ်အစားလဲချင်လဲ မလဲချင်လဲဒီအတိုင်းဆေးခန်းလိုက်ခဲ့တော့”
သူတို့နှစ်ယောက်ဟာ အခုချိန်အထိစိတ်ကောက်နေကြတုန်းဖြစ်မည်။ သားက ပျိုကို ပွင့်ပွင့်လင်းလင်းမပြောပဲ ဆေးခန်းခေါ်သွားဖို့ ကြံစည်နေပြန်သည်။ ခုနတုန်းကသူ့သူငယ်ချင်းဆရာဝန်မကိုဆေးခန်းဖွင့်လား ဖုန်းဆက်လှမ်း မေးပြီး ဆေးခန်းမှာစောင့်နေဖို့ဖုန်းဆက်ထားခဲ့သည်။
“ခဏနေဦးလေ ပန်းကန်ဆေးလိုက်ဦးမယ်”
ဘာများဖြစ်လို့ဆေးခန်းသွားတာပါလိမ့်။ သိချင်ပေမယ့်မေးလဲမမေးချင်။ ရောဂါတခုခုများဖြစ်လို့လား။ အသက်ငယ် ငယ်ရွယ်ရွယ်နဲ့။ သူ့အမေတောင် အိမ်မှာ အေးဆေးကျန်နေခဲ့တာပဲ။ သေလောက်မယ့်ရောဂါမျိုးတော့ မဟုတ် လောက်ပေ။ ဆေးခန်းရောက်ရင်သိရမှာပဲလေ။ သူ့ရောဂါအကြောင်း သိချင်ပေမယ့် မသိချင်ယောင်ဆောင်ရင်း သူနဲ့အတူ ဆေးခန်းလိုက်လာခဲ့လိုက်သည်။
“ငါသွားစရာရှိပါတယ်ဆို နင်လာမယ်ပြောလို့စောင့်နေရတာဇေထူးမြတ်ရယ် ကဲ ညီမလေး အရင်ဆုံး ဆီးစစ်ကြည့် ရအောင်နော် ဆရာမ နောက်ကိုလိုက်သွားလိုက်ပါ”
ဆေးခန်းထဲဝင်လိုက်တာနဲ့ အသင့်စောင့်နေတဲ့ဇေထူးသူငယ်ချင်းဒေါက်တာသိမ့်သိမ့်နိုင်ကဆီးကြိုနုတ်ဆက်သည်။ ပျိုကဘာလို့ဆီးစစ်ရမှာလဲ။ နာ့စ်ကလဲ ပျို အနောက်ခဲ့လိုက်ဖို့စောင့်နေတဲ့ပုံပင်။
“မဟုတ်ဘူးဆရာမ ဆေးခန်းပြမှာက သူ….”
ပျို ဆရာဝန်မကို အလျင်အမြန်ငြင်းပြီး ဇေထူးကို လက်ညှိုးထိုးပြလိုက်သည်။
“ပျို အနောက်ထဲလိုက်သွားလိုက်ပါ ဆေးခန်းကနင်ပြရမှာ”
“ဟမ် ငါပြရမှာ ဘာလို့လဲ”
“သွားပါ ဆရာမနဲ့လိုက်သွား”
သိမ့်သိမ့်နိုင်က သူတို့နှစ်ယောက်စကားပြောနေတာကို တစ်လှည့်စီကြည့်နေပြီး တစ်ခွန်းမှ ဝင်မပြောပေ။ အူကြောင်ကြောင်နဲ့ နာ့စ်နောက်ပါသွားတဲ့ပျိုကိုကြည့်ပြီး ဇေထူးကြိတ်ရယ်လိုက်မိသည်။
“မောင်ဇေထူးမြတ် ပျောက်ချက်သားကောင်းနေတာ မိန်းမရပြီးကတည်းက သူငယ်ချင်းတွေနဲ့အဆက်အသွယ်ကို မလုပ်ပါလား မိန်းမနားပဲကပ်နေတယ်ပေါ့လေ”
“ဒီလိုပါပဲသိမ့်ရာ နင်ရော အပျိုကြီးပဲလုပ်တော့မှာလား”
“အပျိုကြီးဘဝပဲအေးချမ်းပါတယ်ကွယ် ဒါနဲ့နင်သတင်းကြားမိသေးလား”
“ဘာသတင်းလဲ”
“မေနန္ဒာလေ ကွာရှင်းကြတော့မလို့ဆိုလား”
“သြော် မကြားမိပါဘူး နင်နဲ့တောင်အခုမှဆက်သွယ်မိတာ”
“သိပါ့တော် အလိုရှိမှဆက်သွယ်တယ်ဆိုတာ ကောင်စုတ် မေကဘယ်လိုဖြစ်သလဲမသိပါဘူးဇေထူးရယ် ငါအဲ့ဒီလို သတင်းတွေကြားရင် ယောကျာ်းယူချင်စိတ်ကိုကုန်ရော”
“နင်ကလဲ နင်နဲ့မေက မတူဘူးလေ နင်တို့ယူတဲ့ယောကျာ်းလဲတူမှာမှမဟုတ်တာ နင်နဲ့ရတဲ့ယောကျာ်းက နင့်ကို အရမ်းချစ်တဲ့သူဆိုရင် နင်ကံကောင်းမှာပေါ့”
“အမယ် နင်ပြောမှပဲ ယောကျာ်းယူချင်စိတ်ပေါက်လာပြန်ပြီ ဒါပေမယ့်မယ် အရမ်းလှတဲ့မေတောင် အဲ့ဒီလိုဖြစ်တာ ငါတို့လိုမလှတဲ့သူ ဆေးရုံဆေးခန်းနဲ့နပန်းသတ်နေတဲ့သူဆိုပိုဆိုးမှာပေါ့ အိမ်ထောင်ကွဲဖို့ပိုလွယ်မယ်ထင်တယ်”
“လျှောက်ပြောမနေနဲ့ နင့်ရဲ့ဆရာ ဆရာမတွေဘယ်မှာအိမ်ထောင်ကွဲလို့လဲ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူးကွာ ကွဲတဲ့အခါမှကွဲရော ယူသာယူ အားပေးတယ် ဟားဟား”
ပျို ဘာတွေသဘောကျမှန်းမသိ တဟားဟားအော်ရယ်နေတဲ့ဇေထူးကို ဂြိုလ်ပေးရင်း သူ့ဘေးနားကခုံမှာ ဝင်ထိုင်လိုက်သည်။ လူကိုခေါ်လာတာ သူဆေးခန်းပြမယ့်ပုံနဲ့။ အခုတော့ သူမကိုဆီးစစ်ခိုင်းနေသည်။ ပျို ဒီလောက်တော့ မအသေးပါ။ ဘာကြောင့်ဆေးခန်းခေါ်ခဲ့လဲဆိုတာ အခုမှသိတော့သည်။ ရင်ထဲမှာ တထိတ်ထိတ်နဲ့ နာ့စ်ထွက်လာမယ့်အချိန်ကိုစောင့်နေမိသည်။
အိမ်အပြန်လမ်းမှာတော့ နှစ်ဦးစလုံးအတွေးကိုယ်စီနဲ့ တိတ်ဆိတ်နေကြသည်။ ပျိုကတော့ ဘယ်လိုနေမယ်မသိ။ ဇေထူးရင်ထဲမှာတော့ ပျော်လွန်းလို့ကုလားဘုရားပွဲ လှည့်နေခဲ့ပါသည်။
“ပျို”
“အင်”
အတွေးလွန်နေတဲ့ပျို ဇေထူးခေါ်သံကြောင့်လန့်သွားသည်။ ဇေထူးက ကားမောင်းနေရင်း ပျိုရဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ ရှိုက်နမ်းလိုက်ရင်း။
“လန့်သွားတာလား ကျေးဇူးပဲပျို ငါဘယ်လိုဖြစ်နေလဲမသိဘူး အရမ်းပျော်နေတာ”
သိသားပဲ။ မျက်နှာကြီးကပြုံးရွှင်နေတာကို။ ပျို သူ့လက်ကိုဖယ်ထုတ်လိုက်ရင်း
“ကား ကောင်းကောင်းမောင်းပါ”
ကိုယ့်ကိုကိုယ်ပျော်နေလား၊ မပျော်ဘူးလားဆိုတာတောင်သေချာမသိတော့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပျိုဗိုက်ထဲမှာ ကလေးလေးရှိနေပြီဆိုတဲ့အဖြစ်မှန်ကို လက်မခံလို့မှမရတော့တာ။ ဗိုက်ကိုယောင်ပြီး စမ်းမိသွားသည်။ ဒီဗိုက်ထဲမှာ ပျိုနဲ့ဇေထူးရဲ့ကလေးလေးတဲ့။ ကလေးအမေအဖြစ်တစ်ခါမှ စိတ်မကူးဖူးသူပျိုဟာ အခုအချိန်မှာ စိတ်တွေဘယ်လို ဖြစ်နေလဲဆိုတာတောင်မခွဲခြားတတ်တော့။ ရင်ထဲမှာ တမျိုးကြီးဖြစ်နေတာတော့သိသည်။
အိမ်ပြန်ရောက်တော့ မျှော်လင့်တကြီးစောင့်မျှော်နေတဲ့အမေကို ဇေထူးက ဝမ်းသာပျော်ရွှင်စွာကြွားနေလေသည်။ ပျိုရော အမေ့ဆီဖုန်းဆက်သင့်တယ်မလား။ အခန်းထဲဝင်ပြီး ကုတင်ကိုမှီကာ ကြမ်းပြင်ပေါ် ခွေခွေလေး ထိုင်ချ လိုက်မိသည်။ အမေလဲ ဇေထူးအမေလိုပဲ ဝမ်းသာမှာသေချာပါသည်။ ဒါဆို သူမကရော ဝမ်းသာနေတာလား။ အဲ့ဒီလိုလဲ မဟုတ်ဘူးထင်ပါသည်။ ကြမ်းပြင်ကြီးကို စိုက်ကြည့်နေပေမယ့် ဘာဆိုဘာမှမမြင်မိသလိုပင်။
“ပျို ဘာလို့ကြမ်းပြင်ပေါ်ထိုင်နေတာလဲ”
အခန်းထဲဝင်လာတဲ့ဇေထူးက ပျိုနားမှာပဲ ကပ်ထိုင်းရင်း ပုခုံးကိုလာဖက်သည်။ ပျို မရုန်းမိပါ။ အရင်ကဆို သူ့လက်ကို ဖယ်ပြီး ဖြတ်ခနဲ ထလိုက်မှာဆိုပေမယ့် အခုတော့ ဘာဖြစ်နေမှန်းမသိတဲ့ခံစားချက်တွေနဲ့။ သူက ပျိုရဲ့ ခင်ပွန်းဆိုတာကို လက်မခံလို့မရတော့ပါ။
“ပျို နေမကောင်းဘူးလား ဘာဖြစ်နေတာလဲ ကိုယ်ဝန်ရှိတာဝမ်းမသာဘူးလား”
“နင်ရော ဝမ်းသာလား”
သူ့မျက်နှာကိုမကြည့်ပဲ မေးလိုက်သည်။ သူဝမ်းသာနေတာကို သိသိကြီးနဲ့ ဘာလို့မေးလိုက်မိမှန်းမသိ။
“မေးစရာလိုလို့လား ငါကလေးအရမ်းရချင်နေတာ ကျေးဇူးတင်ပါတယ်ပျိုရယ် နင်ငါမသိအောင် တားဆေးတွေ စားမှာစိုးရိမ်နေခဲ့တာ”
အခုမှ သူ့ကိုမုန်းဖို့ သတိရသွားမိသည်။ သူ အနိုင်ကျင့်လို့အခုလိုဖြစ်လာခဲ့ရတာ။ တားဆေးစားဖို့ဆိုတာ လုံးဝကို သတိမရခဲ့ပါ။ ပျိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းမေဇွန်ကလဲ အပျိုဆိုတော့ အဲ့လိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီး မဆွေးနွေးဖြစ်ခဲ့ပါ။ ပြီးတော့မေဇွန်ကို ငါတို့ကညီအစ်မတွေပါဟယ်ဆိုပြီး ပြောထားမိတာလေ။
“ပျို နင်ဝမ်းနည်းနေတာလား ကလေးမရချင်လို့လား”
မျက်နှာမကောင်းတဲ့ပျိုကို သူစိတ်ပူစွာမေးလိုက်မိသည်။ ပျို သူ့ရင်သွေးလေးကို မမွေးပေးချင်လို့များလား။ သူမေးလိုက်မှပဲ သူမ မျက်ရည်တွေကျလာတော့သည်။ ရှိလာပြီးသား ကလေးကိုတော့ မရချင်ဘူးလို့ မပြောရက်ပါ။ ပျို ဇေထူးကို မုန်းပေမယ့် ကလေးကိုတော့မမုန်းရက်ပါ။ဗိုက်ထဲက ကလေးလေးက ဘာအပြစ်ရှိတာ မှတ်လို့။
“ဘာလို့ငိုတာလဲပျို”
“မသိဘူး ရင်ထဲမှာတမျိုးကြီးနဲ့ ဘာဖြစ်နေလဲမသိဘူး”
တော်ပါသေးရဲ့။ ကလေးမရချင်ဘူးဆိုတဲ့အဖြေမဟုတ်လို့ သက်ပြင်းချလိုက်မိရင်း ဝမ်းနည်းနေတဲ့ချစ်ဇနီးလေးကို မျက်ရည်တွေ သုတ်ပေးပြီး ပွေ့ဖက်ထားလိုက်သည်။ ကလေးချစ်တတ်သူပဲလေ။ မရချင်ဘူးလို့ ဘယ်ပြောပါ့မလဲ။
“တခုခုကိုစိတ်ပူသလိုဖြစ်နေတာလား”
“အဲ့ဒီလိုဖြစ်မယ်ထင်တယ် သေချာမပြောပြတတ်ဘူး”
အခုမှ သေချာသတိထားမိသည်။ ပျိုရဲ့မျက်နှာလေးဟာ အရင်ထက်ပိုပြီးချောင်ကျသွားပါလား။ အရမ်းစိတ်ဆင်းရဲခဲ့ လို့များလား။ အခုရက်ပိုင်း သူ ပျိုအပေါ် ခပ်တင်းတင်းဆက်ဆံခဲ့မိပါသည်။
“ပျို ငါတောင်းပန်ပါတယ်”
ထူးထူးဆန်းဆန်းတောင်းပန်စကားပြောနေတဲ့ဇေထူးမျက်နှာကိုမော့ကြည့်လိုက်မိသည်။ ဘာစိတ်ကူးပေါက်သွားလို့ လာတောင်းပန်နေတာလဲ။
“ငါ နင့်အပေါ်မကောင်းခဲ့လို့ ရှေ့လျှောက်နင်စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံးထားပါ့မယ်ဟာ နင်အခုတလော အရမ်းပင်ပန်းနေတယ်ထင်တယ် မျက်နှာတွေချောင်ကျသွားတယ် နားနားနေနေနေရအောင် အလုပ်ထွက်လိုက် ပါလား”
လာပြန်ပြီ ဒီဘူတာပဲလာဆိုက်ပြန်ပြီ။
“မထွက်ချင်ပါဘူး ငါကအလုပ်ထွက်ပြီးဘာလုပ်နေရမှာလဲ”
“ကိုယ်ဝန်ကိုဂရုစိုက်ရမှာပေါ့ ကလေးမွေးပြီးတဲ့အချိန်ကျရင် ငါ့အလုပ်တွေဝင်ကူပေါ့”
“နင့်အလုပ်တွေက နင်လုပ်နေတာပဲလေ”
“မဟုတ်ဘူးပျို အခုဆိုကလေးလေးရှိလာပြီလေ ငါ့အလုပ်တွေ ငါ့ပိုင်ဆိုင်မှုတွေ အားလုံးနင်သိထားဖို့လိုတယ် ဒါမှ မပြောကောင်းမဆိုကောင်း ငါတခုခုဖြစ်သွားတဲ့အချိန်ကျရင် နင်ဦးစီးပြီးလုပ်နိုင်မှာပေါ့ အဲ့ဒီလိုမဟုတ်ရင် ငါမရှိတော့တာနဲ့မင်းတို့သားအမိ မျက်စိသူငယ်နားသူငယ်နဲ့ကျန်နေခဲ့မှာငါမလိုလားဘူး”
“နင်က နင်ကဘာလို့တခုခုဖြစ်ရမှာလဲ”
ပျို အလန့်တကြားမေးလိုက်မိသည်။ ဗိုက်ထဲကလေးလေးက အခုမှ ခြောက်ပတ်လောက်ပဲရှိသေးတယ်လို့ ဆရာဝန်အစ်မက ပြောခဲ့တာကို။ ကလေးအဖေဖြစ်သူက တခုခုဖြစ်ရင်ဆိုတော့ သူမ မလန့်လို့ဘယ်သူ လန့်မှာလဲလေ။
“ဘာမှမဖြစ်ပါဘူး ငါက ဖြစ်တတ်တာကိုပြောပြတာပါ ဒါကြောင့် နင်အလုပ်ထွက်လိုက်တော့ ကိုယ်ဝန်ကိုပဲဂရုစိုက် ကလေးမွေးပြီးမှ ငါ့အလုပ်တွေဝင်ကူပေါ့ နော် ပျို”
ချော့ချော့မော့မော့ပြောနေလို့ ပျို ဘာမှပြန်မပြောပဲငြိမ်နေလိုက်တော့သည်။ သူမ အသက်ဆယ့်သုံးနှစ်လောက်မှာ ဆုံးသွားတဲ့အဖေကို သတိတွေရနေမိသည်။ အဖေဆုံးသွားတဲ့အချိန်မှာ သားအမိနှစ်ယောက်ထဲ မျက်စိသူငယ်၊ နားသူငယ်နဲ့ ကျန်နေခဲ့တာအမှန်ပါ။ တစ်ဦးတည်းသောသမီးလေးကို အရမ်းချစ်သလို မိန်းမကိုလဲ အရမ်းချစ်တဲ့ အဖေဟာ နုတ်ဆက်စကားတစ်ခွန်းမဆိုပဲ ချန်ထားရစ်ခဲ့လေသည်။ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးပါးသွားတဲ့ အဖေ ပျိုတို့သားအမိကို စိတ်မချနိုင်လောက်ပေ။ ဘာမှမလုပ်တတ်မကိုတတ် အိမ်တွင်းပုန်းမိန်းမနဲ့ အရွယ်မ ရောက်သေးတဲ့သမီးကို ထားခဲ့ရတာ ဘယ်စိတ်ချနိုင်ပါ့မလဲလေ။ အဖေချန်ထားခဲ့တာလေးနဲ့ ထုခွဲရောင်းချလုပ် ကိုင်ပေမယ့် သိပ်အဆင်မပြေခဲ့ပေ။ ဒီကြားထဲ လှလဲလှ အရွယ်လဲရှိသေးတဲ့အမေဟာ ပြစ်မှားချင်တဲ့ ယောကျာ်းတွေကြားထဲ အလုပ်လုပ်ရတာ အတော်ကိုခက်ခဲခဲ့ပါသည်။ ထိုသို့ အားကိုးရာမဲ့နေစဉ်မှာ ပြန်ပေါ်လာတဲ့ ငယ်ချစ်ဟောင်းမုဆိုးဖိုကြီးနဲ့ ကောက်ယူပစ်လိုက်တော့သည်။ အဲ့ဒီအချိန်တုန်းက သူမ အမေ့ကို စိတ်နာခဲ့မိပါ သည်။ အဖေအပေါ်သစ္စာမရှိသလို သမီးလေးမျက်နှာလဲမထောက် လုပ်ရက်တယ်ပေါ့။ အခု ဇေထူးပြောလိုက်တဲ့ စကားကြောင့် မိခင်လောင်းဖြစ်တဲ့သူမဟာ အမေ့ကို နားလည်သင့်သလောက် နားလည်နိုင်ပြီ ထင်ပါသည်။ မြေးလေးရတော့မှာကိုသိရင် အဖေဝမ်းသာနေမလား။ အမေကတော့ မြေးရချင်တယ်လို့ ပြောဖူးသည်။ အဖေရယ် သမီးအဖေ့ကိုလွမ်းလိုက်တာ။
“ဟာ ထပ်ငိုပြန်ပြီ ဘာဖြစ်လို့လဲ အလုပ်မထွက်ချင်လို့လား အလကားနေရင်းမငိုနဲ့ကွာ”
“အဖေ့ကို…. သတိရလို့”
မကြာခင် မိခင်ဖြစ်တော့မယ့်သူဆိုတော့ ဆိုးပေမလေးဟာ မိဘတွေကိုသတိရသွားပုံပင်။ ဇေထူး ပျိုကို သနားပေမယ့် ဘယ်လိုနှစ်သိမ့်ပေးရမလဲမသိတော့လို့ စကားလွဲဖို့သာ စိတ်ကူးလိုက်မိသည်။
“အန်တီကိုဖုန်းဆက်လိုက်ဦးလေပျို ခုချိန်ထိမဆက်ရသေးဘူးမလား”
“မဆက်ရသေးဘူး”
“ဆက်လိုက်ဦးလေ မငိုနဲ့တော့ ဒီမှာကြည့် ငါ့အကျီၤမှာနှပ်ချေးတွေပေကုန်ပြီ”
ပျိုရဲ့မျက်ရည်တွေက ဇေထူးအကျီၤမှာ တကယ်ပေနေပါသည်။ သူမ ဇေထူးရင်ဘတ်ကို ဘုန်းခနဲထုလိုက်ရင်း ရင်ခွင်ထဲက ထွက်ဖို့လုပ်ပေးမယ့် လွှတ်မပေးပါ။
“ဘယ်သူက ဖက်ခိုင်းလို့လဲ လွှတ်လေ”
“စတာ စတာ ပေချင်ပေပါစေလေ ကိုယ့်မိန်းမနှပ်ချေးပဲဟာ”
“ဘယ်သူလဲ နင့်မိန်းမ ဘာမှမဟုတ်ဘူး”
“ငါ့မိန်းမမဟုတ်ရင် ငါ့ကလေးလေးရဲ့အမေ”
သူ့ကိုဂြိုလ်ပေးနေတဲ့ဂျစ်တူးစိန်ဟာ ရန်ရှာနေရတော့ ဝမ်းနည်းဖို့မေ့သွားခဲ့လေတော့သည်။ ကျေးဇူးပဲ ဆိုးပျိုရယ်။ ကလေးမရချင်ဘူးလို့ တစ်ခွန်းမှ မပြောလို့။ မင်း ဝမ်းနည်းပြီးငိုနေတာထက်စာရင် အခုလိုရန်ရှာနေတာကိုပဲ တွေ့ချင်ပါတယ်။ မင်း စိတ်ဆိုးအောင် ငါအမြဲစနေမှာပါကွယ်။
===========================================================
တကယ့်လက်တွေ့မှာတော့ တနင်္ဂနွေသမီးဥဒေါင်းပျိုနဲ့ အင်္ဂါသားဇေထူးမြတ်တို့ဟာ တစ်နာရီပြည့်အောင်ပင် မတည့်ချင်ပါ။ လေးငါးခွန်းလောက် ပြောပြီးတာနဲ့ စကားများကြတော့သည်။ သူစီစဉ်တဲ့အတိုင်း အလုပ်ထွက်လိုက်တဲ့ပျိုဟာ အိမ်မှာပဲ တနေကုန် နေရင်းပျင်းနေရပါသည်။ ဘယ်မှလဲမသွားရ။ ကိုယ်ဝန်က လနုသေးလို့ လမ်းတောင်ဖြည်းဖြည်းပဲ လျှောက်ရသည်။ ကြမ်းကြမ်းတမ်းတမ်း မလျှောက်ရသလို အိမ်ပေါ်ထပ်လဲ မတက်ခိုင်းပေ။ အတက်အဆင်း လုပ်ပါများရင်လဲ ထိခိုက်တတ်တယ်တဲ့။ ဘယ်သူကများပြောခဲ့လဲမသိ။ ပျိုတော့ အဲ့လိုတွေမသိပါ။ ကိုယ့်အသိမိတ်ဆွေထဲလဲ ဗိုက်ကြီးပူလာမှ ဗိုက်ကြီးတယ်ပေါ့။ ဘာဘာညာညာမစပ်စုကြည့်မိပါ။ စပ်စုဖို့မပြောနဲ့ မဆိုင်မှမဆိုင်တာကို။ စိတ်ကို မဝင်စားခဲ့ပါ။ ဒီတော့ ပျိုက သူဆရာလုပ်သမျှကို နားထောင်ရတော့သည်။
ကိုယ်ဝန်ရှိတယ်ဆိုတာ သိပြီးနောက်ရက် ဆိုင်သွားပြီးပြန်လာချိန်မှာ အဝတ်အစားတစ်ထုပ်သယ်လာခဲ့သည်။
“ပျို ဒီနေ့ကစပြီး ဒါတွေပဲဝတ်တော့”
“ဘာတွေလဲ”
“ဂါဝန်တွေလေ”
“အာ ဗိုက်ဖုံးအကျီၤတွေလား မလိုသေးပါဘူးအဲ့ဒါတွေ အခုမှဗိုက်ကပူကိုမပူသေးတာကို”
ဟုတ်တယ်လေ။ ဗိုက်ကလုံးဝမပူသေးတာကို။ ပြီးတော့ ဗိုက်ဖုံးအကျီၤကြီးဝတ်ရမှာ ပျိုရှက်ပါသည်။
“ဗိုက်မပူလဲ ဒါပဲဝတ်ရမယ် ဗိုက်ထဲက င့ါကလေးလေးက နင်ဘောင်းဘီဝတ်ရင်နေရခက်နေမှာပေါ့”
“ဟမ် ဘောင်းဘီချောင်တာလေးဝတ်ထားတာပါဟယ် အဲ့ဒီဂါဝန်ကြီးတလွှားလွှားနဲ့မနေချင်ပါဘူး”
တကယ်ပဲ အိမ်နေရင်းချည်သားဘောင်းဘီပွပွလေးကိုသာဝတ်ထားတာပါ။
“မရဘူးပျို ဒီမှာကြည့်ဦး ဗိုက်ဖုံးအကျီၤမဟုတ်ဘူး ဂါဝန်ပွပွလေးတွေဝယ်ခဲ့တာ အပျိုမလေးတွေဝတ်တဲ့ပွပွလေးတွေ နင်ငြင်းမယ်ဆိုတာသိလို့ ငါသေချာရွေးဝယ်ခဲ့တာ”
အကဲပိုလွန်းတဲ့ဦးကဲစိန်ကို တကယ်ပဲမနိုင်တော့ပါ။ လုံးဝမပူသေးတဲ့ဗိုက်ကို လာကဲပြနေသည်။
“ဒါတွေပဲဝတ်ပါကွာ နင်လဲနေရတာအဆင်ပြေပါတယ်”
“ညအိပ်ရင်တော့ ဘောင်းဘီပဲဝတ်မှာ”
“ညအတွက်လဲ ဂါဝန်တွေပါတယ် ဒီမှာလေ”
သူထုတ်ပြနေတဲ့စပန့်ဂါဝန်ပွပွကြီးတွေကိုကြည့်ကာ စိတ်လေနေမိသည်။ ထသွားလာသွားအတွက်သာဂါဝန်ဝတ် ချင်ပေမယ့် ညအိပ်ရင်တော့ လွတ်လွတ်လပ်လပ် ဘောင်းဘီရှည်သာဝတ်အိပ်တတ်ပါသည်။ ဂါဝန်ဝတ်မအိပ်တာ နှစ်ပေါင်းဆယ်ချီနေပြီကို။ ပြီးတော့ သူနဲ့အတူအိပ်ရတာလေ။ ညအိပ်ရင်းလန်နေမှဒုက္ခ။
“ဘာတွေစိတ်ညစ်နေတာလဲ ဥဒေါင်းပျို ညအိပ်ရင်းဒေါင်းကကနေမှာစိုးလို့လား”
“ဘာ”
ဒီလူဟာ သူမဘာတွေးနေတာဆိုတာ သိနေသည်။ အကြားအမြင်များရနေလားပဲ။ ပြုံးစိစိဇေထူးမျက်နှာကြီးကို မျက်စောင်းတွေပိတ်ထိုးပစ်လိုက်တော့သည်။ ဒီကြားထဲမှာ သူနဲ့ပျို စကားများစရာတစ်ခုက ဖြစ်လာပြန်သေးသည်။ ပျိုနဲ့သူ အတူတူ တီဗွီကြည့်နေရင်း ရေဆာလာလို့ မီးဖိုထဲ သွားဖို့ ထရပ်လိုက်သည်။
“ဘယ်သွားမလို့လဲ”
“ရေသောက်ချင်လို့”
ဇာတ်လမ်းထဲကိုစိတ်ဝင်တစားကြည့်ရင်း ခြေလှမ်းလိုက်တဲ့ပျိုဟာသူမခြေထောက်နားလာအိပ်နေတဲ့ ဘလက်ကီကို မမြင်ပဲ တက်နင်းမိမလိုဖြစ်သွားတော့သည်။
“အမလေး”
ဇေထူးအချိန်မှီဖမ်းဆွဲနိုင်လို့သာ မလဲတာ။ ပျိုမှာ ရင်တုန်ပန်းတုန်ဖြစ်သွားရသလို ဘလက်ကီကလဲ လန့်ပြီး ထပြေးသွားတော့သည်။
“ပျိုရာ နည်းနည်းပါးပါးလေးကြည့်လျှောက်လေ”
“လျှောက်တာပဲ ဘလက်ကီက အိပ်နေတာကို”
“ဘလက်ကီက ဒီနားလာအိပ်နေတာကြာပြီ မင်းကအောက်ကိုမကြည့်ပဲ တီဗွီပဲကြည့်နေတာကို”
ကိုယ့်အမှားဆိုတာသိပေမယ့် ပျိုအလျော့မပေးချင်ပါ။
“သူလာအိပ်နေလို့ဖြစ်တာ”
“တခုခုဆို ပြန်ပြောဖို့ပဲတတ်တယ် ထိုင်နေတော့ ငါသွားယူပေးမယ်”
ပျိုနဲ့ခွေးငါးကောင်ကို အတူတူထားလို့မဖြစ်တော့ပါ။ အတူတူရှိနေရင်တစ်ခုမဟုတ် တစ်ခုတော့ထပ်ဖြစ်ပြန်ဦးမည်။ ဒီတော့ သူချစ်တဲ့ခွေးတွေကို သူ့မိဘအိမ်ပို့ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
“ငါ ဒီငါးကောင်ကို မေမေတို့ဆီပဲ သွားပို့ထားလိုက်တော့မယ်”
“ဟင် ဘာဖြစ်လို့လဲ”
ပျို သူယူလာပေးတဲ့ရေကို သောက်ရင်း မေးလိုက်မိသည်။ အရမ်းချစ်ရတဲ့ သူ့သားသမီးတွေကို ဘာလို့ပို့မှာလဲ။
“နင့်ကြောင့်လေ”
“ဟာ ငါ့ကြောင့်ဆို မပို့ပါနဲ့ ငါလမ်းသေချာကြည့်လျှောက်ပါမယ်”
“မဖြစ်ဘူးပျို နင်တခုခုဖြစ်ရင် ငါရင်ပဲရင်ကွဲရမှာ”
ဦးကဲစိန်ကို မျက်စောင်းထိုးရင်း
“အဲ့ဒီကောင်တွေက နင့်အချစ်တုံးတွေလေ”
ဇေထူး ရှေ့မှာထိုင်နေတဲ့အချစ်တုံးကြီးလောက် ဘယ်သူ့ကိုမှမချစ်ပါဘူးလို့ စိတ်ထဲကပြန်ပြောလိုက်မိသည်။
“တခြားသူကိုပေးတာမှမဟုတ်ပဲ မေမေတို့လဲ ခွေးချစ်ပါတယ် ငါတို့လဲသွားကြည့်လို့ရတာပဲ”
“မပို့ပါနဲ့ဟယ် သူတို့မရှိရင် ငါပျင်းနေတော့မှာ”
သူ့မိဘအိမ်ပဲဖြစ်ဖြစ် တခြားကိုမပို့ခိုင်းစေချင်ပါ။ ဒီခွေးလေးတွေကို သူအရမ်းချစ်တာပျို အသိဆုံးပင်။ သူမကြောင့် သူချစ်တဲ့ခွေးလေးတွေနဲ့ မခွဲနေခိုင်းစေချင်မိပါ။
“နောက်မှပြန်ခေါ်လို့ရတာပဲ နင်ကလေးမွေးပြီးမှ”
“နင်ဟာလေ အမြဲတမ်းငါနဲ့ဆန့်ကျင်ဘက်လုပ်ဖို့ပဲစိတ်ကူးနေတာ နင့်ခွေးတွေကို ငါနည်းနည်းမှမချစ်ဘူးသိလား နင့်ဘာသာပို့ချင်တဲ့ဆီပို့ ငါနဲ့မဆိုင်ဘူး”
သူကပဲ ပြောရသေးတယ် မိဆိုးပျိုရယ်။ ဆန့်ကျင်ဘက်က ဘယ်သူလုပ်တာလဲ။ အခုသူမပြောတဲ့စကားတောင် စိတ်ထဲကနဲ့ဆန့်ကျင်ဘက်ပဲမလား။ သူမဟာ နည်းနည်းမှမချစ်ဘူးဆိုတဲ့ခွေးတွေကို သံယောဇဉ်တအားရှိတာ သူသိပါသည်။ ပွတ်သပ်ကာမကြင်နာပြတတ်ပေမယ့် ဂရုတစိုက်လုပ်ပေးတတ်ပါသည်။ ခွေးတွေကစားတာကို ဝေးဝေးကနေ ထိုင်ကြည့်နေတတ်သည်။ ရေနဲ့အစာကို အချိန်မှန်ကျွေးတတ်သည်။ နည်းနည်းလောက် မှိုင်တွေနေတာမြင်ရင် နေမကောင်းဖြစ်နေလားမသိဘူးဆိုပြီး ဆေးခန်းပြခိုင်းတတ်သည်။ အဲ့ဒီလူက နင်ခွေးတွေကို နည်းနည်းမှမချစ်ဘူးတဲ့။ သူမ မချစ်တတ်တဲ့ တိရစ္ဆာန်လေးတွေကို အတူတူနေရင်း သံယောဇဉ်ဖြစ်နေပေမယ့် သူ့ကိုတော့ သံယောဇဉ်ရှိပုံကိုလုံးဝမဖော်ပြပါ။ မဖော်ပြလဲသူခံစားမိပါသည်။ ပျို သူ့ကိုအရမ်းအားကိုးတယ်ဆိုတာ။ သူ့အပေါ် ဆိုးနွဲ့ချင်တယ်ဆိုတာ။
ခွေးတွေကို သူ့မိဘအိမ်ပို့လိုက်တော့ ပျို အရင်ကထက်ပိုအားသွားသလိုပင်။ အိမ်ထဲမှာ ပျင်းပျင်းနဲ့နေရင်း သူ့ကို ညော်ဖို့သာစိတ်ကူးနေမိတော့သည်။ မဆိုးတော့မဆိုးပါဘူး။ ဗိုက်ကလေးအကြောင်းပြပြီး နိုင်စားလို့ရတာပေါ့။

5️⃣ တူညီသောအရာ [ Grab me with love ]Donde viven las historias. Descúbrelo ahora