အိမ်ပြန်ရောက်တဲ့အချိန် ဒေါ်ချင်ချင်က ဧည့်ခန်းရဲ့ဆိုဖာမှာထိုင်နေတယ်။ သူ့ကိုပြုံးပြတာမို့ ခေါင်းတစ်ချက်ငြိမ့်ပြပြီး အပေါ်တန်းတက်ခဲ့တယ်။ အဝတ်အစားလဲကိုယ်လက်သန့်စင်ပြီး ငူငူငေါင်ငေါင်ထိုင်နေမိတာ အကြာကြီး။
'စောင့်နေမယ်'
ရိပေါ်ရဲ့စကားသံက သူ့နားထဲ တဝဲလည်လည်။ ရိပေါ်ကဘယ်အချိန်အထိ စောင့်နေမှာလဲသူမသိသလို သူကရော ပါးပါးအရိပ်အောက်ကနေ ဘယ်အချိန်မှလွတ်မှာလဲ။ သူသေမှလား။
ရိပေါ်ကို မစောင့်ပါနဲ့လို့ ယတိပြတ်စကားမဆိုလိုက်တာကတော့ရှောင်းကျန့်ရဲ့ ရိပေါ်အပေါ်မှာထားတဲ့ အတ္တသေးသေးလေးဖြစ်ပါတယ်။
အခုလက်ရှိ အိမ်ရဲ့အခြေအနေကိုတောင် ပြန်လည်ထိန်းသိမ်းဖို့ ရှောင်းကျန့်က ငယ်လွန်းနေတယ်။ အင်အားလည်းမရှိဘူး။ သူဘယ်လိုလုပ်ရင် မားမားကအဆင်ပြေပြီး ပါးပါးက မားမားကို ပစ်မသွားနိုင်ဘူးလဲ...? သူ့ဦးနှောက်နဲ့မတွေးတတ်တော့ဘူး။ ရှုပ်ထွေးလွန်းတယ်။ ဒီလို အရှုပ်တွေကို စတင်ခဲ့တာ မွေးထားတဲ့အဖေကိုယ်တိုင်ဆိုတော့ ရှောင်းကျန့်မှာ လက်ညိုးထိုးအပြစ်တင်ခွင့်တောင်ရှိမနေခဲ့ပါဘူး။
ရင်ထဲမှာ ကျောက်တုံးကြီးဆွဲထားသလိုလေးနေပေမယ့် မားဆီသွားနေဖို့ပြင်လိုက်တယ်။ အနည်းဆုံးတော့ မားရင်ထဲကစကားတွေနားထောင်ဖို့ ရှောင်းကျန့်ကတတ်နိုင်ပါသေးတယ်။
မားက အရင်က တော်တယ် ထက်တယ်။ business womanမို့ ထက်ထက်မြတ်မြတ်တအားရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ပါးပါးကလည်း မားရဲ့ အဲ့ဒီပုံစံကို သဘောကျခဲ့တယ်လို့အမြဲပြောပြတယ်။ ပါးပါးက မားရဲ့အချစ်ကို အပြိုင်အဆိုင်တွေကြားထဲက ခက်ခက်ခဲခဲရယူခဲ့ရတာဖြစ်တယ်။ အိမ်ထောင်ကျတော့ မားကိုစိတ်မချဘူးဆိုတဲ့အကြောင်းပြချက်နဲ့ လုပ်ငန်းခွင်က ထွက်ပြီး အိမ်ကိစ္စတွေစီမံပြီးနေစေတယ်။ မားကလည်း သူ့ကိုသိပ်ချစ်တဲ့ယောကျ်ားတစ်ယောက်ရဲ့စကားအတိုင်း အခုအချိန်အထိ တစ်ခွန်းဆိုတစ်ခွန်းနေပေးခဲ့တာ ပါးပါးကို သိပ်ချစ်လို့ပါတဲ့။
ခင်ပွန်းပြန်အလာကို အိမ်အဝမှာစောင့်ကြိုပြီး အမောပြေစေခဲ့တဲ့ဘဝက အမြဲတမ်းအေးချမ်းပြီး တည်မြဲနေမယ်ထင်ခဲ့တာ။ ခက်ခက်ခဲခဲကြိုးစားရယူပြီးမြတ်နိုးခဲ့တဲ့မိန်းကလေးအပေါ် တစ်သက်လုံးသစ္စာစောင့်သိမယ်ထင်ခဲ့တာ။ ခင်ပွန်းဖြစ်သူကို ယုံကြည်မှုရော အချစ်ရော ဘဝပါ အပြည့်အဝပေးခဲ့တာမို့ ပျက်စီးသွားရတဲ့အခါ ခံစားရတာမသက်သာလှဘူး။