မိန်ကွမ်းမှာမျိုးရိုးနာမည်ရှိပြီးသား။ ဂေဟာရှေ့ လာပစ်သွားတုန်းက ပါလာတဲ့နာမည်ကဒ်ကလေးမှာရေးထားတာ 'ချိန်မိန်ကွမ်း'တဲ့။
ဒါပေမယ့် မိန်ကွမ်းမလိုချင်ပါဘူး။ ဖွားဖွားရို့စ်နဲ့ မားမားချင်ချင်လိုပဲ အရှေ့က မျိုးရိုးနာမည်မရှိပဲနေချင်တာ။ ကျွန်တော်က မိန်ကွမ်းပါပဲ မျိုးရိုးကလည်းအရေးမှမကြီးဘဲ။
မိန်ကွမ်းဆော့တတ်တဲ့အရွယ်ရောက်တော့ ဂေဟာက သူငယ်ချင်းနဲ့ အရုပ်တစ်ရုပ်ကို လုမိတယ်။ သူငယ်ချင်းက ဒါသူ့အရုပ်မို့ တူတူဆော့ဖို့ပြောပါတယ် ကျွန်တော်က မျှဝေရတာတွေ မကြိုက်ဘူး။ အရုပ်ကလေးနဲ့ဆော့နေတဲ့ သူငယ်ချင်းကို ကျွန်တော်မကျေမနပ်စိုက်ကြည့်နေမိတယ်။ သူကျတော့ ပျော်နေတယ် မကျေနပ်ဘူး။
အဲ့ဒီအချိန်မှာ ကျွန်တော့်ပုခုံးပေါ် လက်အကြီးကြီးတစ်ခုရောက်လာတယ်။
'မပိုင်ဆိုင်ရရင်ဖျက်စီးပစ်ရတယ်'
ကျွန်တော် အဲ့ဒီလူကြီးကိုမော့ကြည့်တယ်။ မျက်နှာကြီးကကြောက်စရာကောင်းပေမယ့် သူ့စကားက ကျွန်တော့်နားထဲစွဲသွားတယ်။
ပြီးတာနဲ့အေးအေးလူလူထွက်သွားတဲ့ ထိုလူကြီးက ဂေဟာရဲ့အလှူရှင်တစ်ဦးဖြစ်ပါလိမ့်မယ်။
ဂေဟာရဲ့ နောက်ဖေးကမြောင်းထဲရောက်နေတဲ့အရုပ်ကလေးတစ်ရုပ်ရှိတယ်။ သူ့အရုပ် ပျောက်သွားတဲ့သူငယ်ချင်းက ငိုတာပေါ့။ ကျွန်တော်အဲ့တုန်းကတော့ ပျော်တယ်။
နောက်တော့ မားမားချင်ချင်က သူ့လက်ကိုဆွဲပြီးနေရာပေါင်းစုံလျှောက်သွားတယ်။ အိပ်စရာလည်းမရှိဘူး။ တခါတလေ ကျွန်တော်တို့ တံတားအောက်တွေမှာအိပ်ရတယ်။ ငွေရဲ့ အရေးပါပုံကို ကျွန်တော်သဘောပေါက်တဲ့အရွယ်ကိုရောက်နေပြီ။ ငွေဟာ ကျွန်တော့်ဘုရားသခင်ဖြစ်ခဲ့တာလား ကျွန်တော်က ငွေရဲ့သားကောင်ဖြစ်ခဲ့တာလားတော့မသိဘူး။ ကျွန်တော့်ရဲ့ စာနာစိတ်ကိုတတိတိတိုက်စားသွားတာတော့ခံစားရတယ် ဒါပေမယ့် ကျွန်တော်မရပ်တန့်မိတော့ဘူး။
ငိုယိုနေတဲ့ကလေးတွေရဲ့အသံအစား ပိုက်ဆံအထပ်လိုက်ကြီးကိုပဲ မြင်ယောင်တယ်။ မသတ်ဖို့တောင်းပန်တဲ့အသံတွေအစား အလုပ်ပြီးလို့ သူ့အကောင့်ထဲ တိုးလာမယ့် သုညတွေကိုပဲစိတ်ဝင်စားတယ်။ ကျွန်တော့်ဆေးတွေရဲ့ အကူအညီနဲ့ အညွန့်ကျိုးသွားတဲ့ပန်းကောင်းတွေလည်းမနည်းဘူး။