နောက်နေ့လည်း ကျောင်းရောက်လာပေမယ့် ရိပေါ်ကိုမတွေ့။ တစ်ယောက်တည်းယောင်လည်လည်နဲ့မို့ ဖုန်းထဲက appတစ်ခုကနေ စာဖတ်နေလိုက်တယ်။ ကျောင်းစာတော့ မကြည့်ချင်တော့ဘူး။ ပါးပါးအရိပ်က လွတ်တဲ့အချိန် ရှောင်းကျန့်က အဲ့လိုလေး ကျိတ်ဆိုးပြတတ်တယ်။
ကြာတော့ နဂိုကန်းရှောင်းကျန့်တို့ အာရုံစိုက်ပါများပြီးမျက်ရိုးကိုက်လာတယ်။ ဖုန်းမျက်နှာပြင်ကနေ ခဏခွာလိုက်ပြီး မျက်မှန်ခဏချွတ်၊ မျက်ခုံးရိုးကိုနှိပ်နယ်လိုက်တယ်။
အင်း....ပါဝါတက်လာဦးမယ် နောက်နေ့ဆို ဖတ်စရာစာအုပ်တစ်အုပ်လောက်ခိုးသယ်လာရမယ်။ အရင်ကဆိုရိပေါ်နဲ့ စကားတပြောပြောလုပ်လို့မပျင်းရပေမယ့် အခုက အခြေအနေမတူတော့ဘူးမလား။မျက်လုံးမှိတ်ပြီး မျက်ခုံးရိုးကို စိမ်ပြေနပြေနှိပ်နေတဲ့ ရှောင်းကျန့်လက်ပေါ်က အေးစက်စက်အထိအတွေ့ကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ အရှေ့တည့်တည့်မှာ ရိပေါ်မျက်နှာ။ မျက်ခုံးရိုးကို နှိပ်နယ်နေတဲ့ရှောင်းကျန့်လက်တွေပေါ်ကိုထပ်ကိုင်ထားတဲ့ ရိပေါ်လက်တွေက အေးစက်စက်။
'ဘာဖြစ်လို့လဲ နေမကောင်းဘူးလား'
'ကောင်းပါတယ် ငါမျက်ရိုးနည်းနည်းကိုက်နေတာ'
အခုအထိရိပေါ်လက်တွေက သူ့လက်ပေါ်ကနေမဖယ်ခွာသေးသလို အရှေ့တည့်တည့်ကမျက်နှာကလည်းနည်းနည်းမှမရွေ့။ ဒီအခြေအနေအတိုင်းကို အမေးအဖြေလုပ်နေကြတာဖြစ်တယ်။ ကြာတော့ ရှောင်းကျန့်မနေတတ်တော့ဘူး။ အသဲအေးစရာကောင်းအောင် အရမ်း....နီးလွန်းတယ်။
'လာ..လာထိုင်လေ ကုန်းကုန်းကြီး'
ရိပေါ်ကတော့ ဒီအခြေအနေကို မဆန်းသလို ဘေးနားပြောင်းထိုင်ပြီးတာနဲ့ မျက်မှောင်မဆိုသလောက်လေးကျုံ့ပြီး ထပ်မေးလာတယ်
'ခေါင်းရောမူးနေသေးလား'
'နည်းနည်းပါ'
သက်ပြင်းချသံနဲ့အတူ နားထင်ကိုခပ်ဖွဖွနှိပ်လာတဲ့ လက်တစ်စုံ။
'ရ..ရတယ် ရိပေါ် ငါ..'
'ငြိမ်ငြိမ်နေ'
ဖိဟောက်လိုက်မှ အရှေ့ကဟာလေးက ငြိမ်သွားတော့တာ။ ငါလုပ်ပေးချင်လို့ကို ငြိမ်ငြိမ်လေးနေပါရှောင်းကျန့်ရယ်။