လိပ်ပြာ ( ၈ )
အထက ( ၂ ) ကမာရွတ်သည် အင်းယာလမ်းပေါ်တွင်ရှိပြီး စိန့် ဩဂတ်စတင်းကျောင်းဟုလည်း လူသိများသည်။ နှစ်စဉ် တက္ကသိုလ်ဝင်တန်း top 10 စာရင်းတွင် စိန့် ဩဂတ်စတင်းကျောင်းမှလည်း ပါဝင်နေကျဖြစ်သည်။ သူတို့ကျောင်းသည် သမိုင်းအစဉ်အလာကြီးမားသလို ပညာတတ်အမြောက်အများမွေးထုတ်ပေးရာ ကျောင်ရတော်ကြီးဖြစ်သည်။ စည်းကမ်းကောင်းခြင်း စာအသင်အပြကောင်းခြင်းကြောင့် ကျောင်းအုပ်နှင့် ဆရာ/ဆရာမများမှာ နာမည်ဂုဏ်သတင်းကျော်ကြားသည်။
ကျောင်းတက်ချိန် ကျောင်းဆင်းချိန်ဆို ကျောင်းရှေ့ အင်းယားလမ်းကလေးသည် ကျောင်းကားများဖြင့် အတန်ကြာအောင် လမ်းပိတ်နေတတ်သည်။ ယဉ်ထိန်းရဲများက ကျောင်းရှေ့မှာ ကူညီပေးနေရသည်။ ဒီနေ့ ကျောင်းဖွင့်ချိန် မေမေကြီးက အလင်းကို ကျောင်းလိုက်အပ်ပေးသည်။ သူနဲ့ တစ်တန်းတည်း ( A )အခန်းအတူတူထားရန် ကျောင်းအုပ်ကြီးကို ပြောခဲ့မည်ဟုပြောသည်။ ကျောင်းတက်ခေါင်းလောင်းထိုးတော့ သူကအခန်းထဲလာပြီး အလင်းက ကျောင်းအုပ်ကြီးရုံးခန်းပါသွားသည်။ ညဏ်သာ့ ခုံထဲမှာ မုန့်ပဲသွားရေစာတွေကို စုထားက ဝတ္တရားမပျက် ထည့်ထားပေးတာတွေ့ရသည်။
ပထမဆုံး ဓာတုဗေဒအချိန် ကုန်ခါနီးမှာ အလင်းကို ဆရာမတစ်ယောက်က သူတို့အခန်းဆီခေါ်လာပေးသည်။ ကျောင်းယူနီဖောင်း အဖြူအစိမ်းဝတ်ထားသော ကျောပိုးအိတ် နက်ပြာလေးလွယ်ထားသော အရပ်ရှည်ရှည်နဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ကို သူတို့အခန်းထဲက ကျောင်းသူကျောင်းသား အားလုံးငေးကြည့်ကုန်သည်။ အလင်းကို ငေးကြတာကတော့ အင်းယားလမ်း ကားပေါ်ကဆင်းကတည်းကပါပဲ။ အလင်းကလည်း အဲ့လို ငေးကြည့်ရလောက်အောင် ရုပ်ရည်က ချောမောပြီး အရပ်လေးကလည်းရှည်တာကို။ ပြီးတော့ အလင်းကို ဒီကျောင်းမှာ အရင်ကမြင်မှမမြင်ဘူးကြတာ။ အလင်းကို လိုက်ပို့တဲ့ဆရာမက ဓာတုဗေဒဆရာမကို ညဏ်သာရဲ့ညီဝမ်းကွဲဟုပြောသွားရာ အကြည့်တွေက သူ့ဆီရောက်လာကုန်သည်။ ညဏ်သာနဲ့တူတဲ့ ချောမောတဲ့ကောင်လေးတစ်ယောက် ထပ်ရောက်လာလို့ အံ့အားသင့်ကုန်တာထင်ပါသည်။ ဓာတုဗေဒဆရာမက နောက်နားက ထိုင်ခုံလွတ်တစ်ခုမှာ အလင်းကို ဝင်ထိုင်ခိုင်းသည်။
အော်ကြီးတို့ မောင်နှမရဲ့ ခရစ်စမတ်ပါတီမှာ အလင်းနဲ့ဆုံဖူးသူတွေက အခန်းထဲမှာခပ်တိုးတိုးဖောက်သည်ပြန်ချနေသည်။ အလင်းကိုမြင်သော ကောင်မလေးတွေရဲ့မျက်လုံးတွေက မှိုရတဲ့မျက်နှာတွေလို ဖြစ်နေကြသည်။ ဆရာမက အလင်းရဲ့ ဓာတုဗေဒ note book 📖 ကိုယူကြည့်ပြီး စာဆက်သင်သည်။ အလင်းရဲ့ ဘော်ဒါမှာသင်တဲ့စာတွေက ရှေ့ကို ကြိုရောက်နေပြီးသား မဟုတ်လား။ ထိုနေ့ တစ်နေ့တည်းမှာပင် ဆယ်တန်းA အခန်းမှာ ကျောင်းသားအသစ်ချောချောလေးတစ်ယောက်ရောက်လာကြောင်း စိန့်ဩဂတ်စတင်းတစ်ကျောင်းလုံးပြန့်နှံ့သွားခဲ့လေသည်။ သူ အလင်းရဲ့ဆန်းပွင့်မှုကို အရမ်းတွေမနာလိုဖြစ်နေမိပြီ မဟုတ်လား။
ကျောင်းကနေ အိမ်ပြန်ရောက်ပြီးရေချိုးသည်။ ရေချိုးပြီး ငါးနာရီထိုးတော့ guide ဆရာမက အောက်မှာရောက်နေပြီ။ အရင်က တစ်ယောက်တည်းပေမယ့် အခု အလင်းနဲ့အတူ စာလုပ်ရမည်။ ကျောင်းကပါလာတဲ့ အိမ်စာတွေကို guide ဆရာမနဲ့အတူလုပ်ပြီး ကျက်စာတွေကိုလည်း ဆရာမကကူကျက်ပေးသည်။ ခုနှစ်နာရီထိုးလျှင် ဆရာမပြန်ပြီ ။ ညစာကို ဆရာမပြန်သွားပြီးနောက်မှာ စားရသည်။
ဒီနေ့ ညစာထမင်းဝိုင်း မိသားစုအားလုံးစုံသည်။
ငါးဖယ်အုန်းနို့ဟင်း ကြက်ဆီပြန် ပဲပင်ပေါက်ကျော် သီးစုံအချဉ်ဟင်း ဘာလချောင်ကျော် အားလုံးညဏ်သာ့အကြိုက်တွေချည်းပဲ။ ဒေါ်လေးမိချိုက ဘေးကနေ လိုအပ်တာလုပ်ပေးနေရင်း "အလင်း ဘာဟင်းကြိုက်လဲ"မေးသည်။ အလင်းက သားအားလုံးစားတယ်ဟု ဖြေသည်။
"သားစားချင်တာရှိရင်ပြော ဒေါ်လေးချက်ပေးမယ်"
"အလင်း သားအကြိုက်ဆုံးကို ပြောတာ ကြိုက်တဲ့ဟင်းတွေ မိချိုကို ပြောထားလိုက်"ဟု ဖေဖေက အလင်းကို ဝင်ပြောသည်။ ပြီးတော့ ဖေဖေက မေမေကြီးကို "အလင်း ကျောင်းပြောင်းလက်မှတ်မပါဘဲ ကျောင်းအပ်ရတာအဆင်ပြေရဲ့လား"ဟု မေးသည်။
"ပုံမှန်အတိုင်းဆို ကျောင်းပြောင်းလက်မှတ် ကျောင်းထွက်လက်မှတ်မပါဘဲနဲ့ လက်မခံဘူး ဒါပေမယ့်အခုက ဇန်နဝါရီလ အတန်းတင်စာမေးပွဲနဲ့ အရမ်းနီးနေလို့ လက်ခံလိုက်တာ"ဟု မေမေကြီးက ဖြေသည်။
ဒီကြာထဲ ကျောင်းရက်ရှည်ပိတ်ထားတာမို့ အခုပြန်ဖွင့်တဲ့အချိန်မှာ မေမေကြီးရဲ့အလုပ်သမားတစ်ယောက်က အလင်းကျောင်းထွက်လက်မှတ် သွားထုတ်ပေးပြီး အမြန်ချောပို့နဲ့ ပို့လိုက်မှာဖြစ်သည်။ ဖေဖေကအလင်းကို"ဘယ်လိုလဲ the first day at school "ဟု မေးပြန်သည်။ အားလုံးက အလင်းဆီကို အကြည့်ရောက်ကုန်သည်။
"ဟုတ်ကဲ့ အန်ကယ် သားအဆင်ပြေပါတယ်။ မြို့ကကျောင်းဆိုတော့ လူအရမ်းများတာတစ်ခုပဲ"
" ရန်ကုန်နဲ့ အသားမကျသေးလို့ စိမ်းနေသေးလို့ပါ နောက်ဆို အဆင်ပြေသွားမှာပါ"
" ဟုတ်ကဲ့အန်ကယ်"
" ဪ အန်ကယ် အလင်းအတွက် ဖုန်းနဲ့ laptop ပါလာပြီ ထမင်းစာပြီးပေးမယ်" ဟု ဖေဖေက အလင်းကိုပြောသည်။ အလင်းက "ဟုတ် ကျေးဇူးပါအန်ကယ်" ဟု ခပ်တိုးတိုးပြန်ပြောသည်။
"ဟာ ကောင်းလိုက်တာ ကျောင်းစတက်တဲ့နေမှာ ရတာ အမှတ်တရပဲ ပျော်စရာကြီး"ဟု ညဏ်သာက ဝင်ပြောလိုက်သည်။
" မင်း fb နဲ့ IG အကောင့်ဖွင့်ဦး မဖွင့်တတ်ရင် ငါဖွင့်ပေးမယ်"
"ရပါတယ် ငါ Exam ပြီးမှပဲဖွင့်တော့မယ်"
"လိမ္မာလိုက်တာ အလင်းလေးက"ဟု မေမေကြီးက ပြောသည်။ ထမင်းစားဝိုင်းတွင် မေမေက တစ်ခွန်းမှ ဝင်မပြောချေ။
" သားလည်း ဒီကြားထဲ ဖုန်းသိပ်သုံး မနေနဲ့ဦး"ဟု ဖေဖေက သူ့ကိုပြောသည်။
"ဟုတ်ကဲ့ပါဖေဖေ "
"အို ကိုနေလထွန်းလင်းရယ် သားလေးညဏ်သာကလိမ္မာပြီးသားပါ ပြောစရာကိုမလိုပါဘူး"ဟု မေမေက သူ့အတွက် ဝင်ပြောလာပါသည်။ ဒီစကားကိုကြားတော့မေမေကြီးက မေမေ့ကို မျက်လုံးထောင့်စောင်းကြည့်သည်။
"အေးပါကွာ သားလိမ္မာတာသိပြီးသားပါ ဖခင်အနေနဲ့ ကြုံလို့ပြောတဲ့သဘောပါ"
ထမင်းစားပြီးနောက်ပိုင်း မေမေကြီးဧည့်ခန်းမှာ ကိုရီးယားစီးရီးကြည့်နေတာကို အလင်းက ခြေလက်နှိပ်ပေးသည်။ ဖေဖေနဲ့မေမေ့ကိုလည်း အလင်းကနှိပ်ပေးရမလားမေးသည်။ ဖေဖေနဲ့မေမေက အနှိပ်မခံလိုကြ။ တစ်ခါတစ်လေ မေမေအနှိပ်ခံချင်လျှင် မစံပယ်ကိုနှိပ်ခိုင်းသည်။ ဖေဖေကတော့ ကျန်းမာပြီး အမြဲ လူငယ်လေးတစ်ယောက်လို သွက်လက်နေတာမို့ အနှိပ်ခံတာမတွေ့ဖူးချေ။ သူကတော့ အိမ်ရှေ့ မြက်ခင်းစိမ်းပန်းခြံမှာ လမ်းဆင်းလျှောက်နေသည်။ ကျောင်းကအပြန် သုံးနာရီကြာအောင် စာလုပ်ပြီးပြီမို့ ထမင်းစားပြီး ခဏနား လမ်းလျှောက်နေကျ။ တစ်ခါတစ်လေ မြက်ခင်းစိမ်းစားပွဲပေါ်မှာထိုင်ပြီး ဖေဖေမေမေတို့နဲ့ စကားပြောဖြစ်သည်။ မေမေကြီးနဲ့ ဧည့်ခန်းမှာထိုင်ပြီး တီဗွီကြည့်ရမှာတာ့ သူအလွန်ပျင်းသည်။ လမ်းလျှောက်ပြီး အပေါ်အခန်းပြန်ရောက်ရင် ဖုန်းခဏကြည့်မည်။ messenger မှာစာရောက်နေလား ။ new field ခဏကြည့်မည့်။ ဖုန်းမကိုင်ဖြစ်ရင်လည်း laptop နဲ့game ခဏဆော့မည်။ game ကတော့ ranking games တစ်မျိုးတည်းကိုပဲ သူ စွဲစွဲမြဲမြဲဆော့သည်။ ပြီးရင်တော့ စာပြန်ကျက်ပြီ ။ ပုံမှန် သူ့ရဲ့အိပ်ချိန်က ည ဆယ်နှစ်နာရီ။
သိပ်မကြာခင်မှာပင် အလင်းက သူ့နောက်လိုက်လာသည်။
"ဟေ့ရောင် ငါ့ကို ID အကောင့်ဖွင့်ပေးပါဦး"
ဖေဖေက အလင်းကို apple တံဆိပ် laptop နှင့် ဖုန်းဝယ်ပေးသည်။ packing ပိတ်တွေမို့ ဖုန်းကို သုံးလို့ရအောင် ID အကောင့်အပ်ရမည်ဖြစ်သည်။ ဖုန်းက i Phone 8 အမျိုးအစား ။ အလင်းက သူ့အခန်းထဲကို laptop ကောမချလာသည်။
"အန်ကယ်တော့ငါ့ကြောင့် ပိုက်ဆံတွေကုန်ပါပြီကွာ ဒီနှစ်မျိုးကို ဘယ်လောက်လောက်ကုန်မလဲ ညဏ်သာ"
"အနည်းဆုံး ဖုန်းကဆယ်သိန်း laptop ကသိန်းနှစ်ဆယ် စုစုပေါင်း သုံးဆယ်လောက်တော့ကုန်လိမ့်မယ်"
"အများကြီးပဲကွာ အားနာစရာကြီး "
"မိသားစု ဖြစ်နေပြီပဲကွာ ဘာအားနာစရာလိုလဲ"
"ငါအခုလို အေးအေးချမ်းချမ်း ကောင်းကောင်းမွန်မွန် မင်းတို့မိသားစုနဲ့ အတူရှိနေတာကို နူးနူးသာမြင်နိုင်ရင် သိပ်ဝမ်းသာမှာပဲ မင်းတို့မိသားစုကို အရမ်းကျေးဇူးတင်တယ်ညဏ်သာ "
အလင်းသည် နူးနူးကိုလွမ်းတာရော ဝမ်းသာတာရောပေါင်းပြီး မျက်ဝန်းမှာ မျက်ရည်စို့လာပြန်သည်။
"စိတ်မကောင်းမဖြစ်ပါနဲ့တော့ကွာ မင်းအခုလိုမေမေကြီးတို့နဲ့တွေ့တာ မင်းကံဇာတာကြောင့်ပါ မင်းကံဇာတာကောင်းလို့ပေါ့ မင်းဘဝ ဘာမှပူပင်စရာမရှိဘူး အားငယ်စရာမရှိဘူး ငါတို့ရှိနေပြီလေ တစ်ခုခုဆိုလည်းငါ့ကိုပြော ငါကမင်းနဲ့ အနီးကပ်ဆုံးမှာ"
အလင်းက သူ့ကို လက်နှစ်ဖက်ဖြင့်သိုင်းဖက်ရင်း မျက်ရည်ကျနေသည်။ ညဏ်သာ အလင်းရဲ့ကျောကိုအသာပုတ်ပေးပြီး နှစ်သိမ့်ပေးလိုက်သည်။
အလင်းသည် နူးနူးကို သတိရသောစိတ်ဖြင့် သူ့ရင်ခွင်ထဲ ငိုနေခဲ့သည်။ စာလည်းဆက်မလုပ်ဖြစ်တော့ပဲ သူက အလင်းဖုန်းကို Apple ID အကောင့် ဖွင့်ပေးသည်။ ပြီးလျှင်း သူ့ဖုန်းနံပါတ်နှင့်အတူ မိသားစုအားလုံးရဲ့ ဖုန်းနံပါတ်တွေ ထည့်ပေးလိုက်သည်။ ဒေါ်လေးမိချို ဖုန်းနံပါတ်ပါ မကျန်စေအောင် ထည့်ပေးလိုက်သည်။ အလင်းစိတ်ပြေလက်ပျောက်ဖြစ်စေရန် game အတူတူဆော့နေလိုက်သည်။ ထိုညက အလင်းသူ့ အခန်းထဲမှာပဲ အိပ်ခဲ့သည်။
အလင်းက အရယ်အပြုံးနည်းတာကလွဲရင် စကားပြောချိုသာသောကြောင့် ကျောင်းမှာ အားလုံးကသူ့ကို ဝိုင်း၍ခင်မင်ကြသည်။ ရက်အနည်းငယ်အတွင်းမှာပင် အတန်းနှင့် ရင်းနှီးသွားရကာ တစ်သားတည်းကျသွားပါသည်။ ဆရာ/ဆရာမတွေကလည်း အလင်းကိုချစ်ကြသည်။ ညဏ်ကောင်း၍စာတော်သောကြောင့် ဦးစားပေးကြသည်။ အလင်းက အားကစားအချိန်ဆို ဩဂတ်ချူးတို့အဖွဲ့တွေနဲ့ ဘောလုံးကန်သည်။ ကျောင်းရဲ့ activity လှုပ်ရှားမှုတွေမှာလည်း ရှေ့ဆုံးကပါသည်။ အသက်ဆယ့်ခြောက်နှစ်သာရှိသေးသော အဖြူနဲ့အစိမ်းဝတ် ဆယ်ကျော်သက် ဆယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ တကယ်ပဲ positive thinking တွေနဲ့ အတူရုပ်ကလေးရော စိတ်ထားကလေးရော အပြစ်ပြောစရာမရှိပေ။ အလင်းသည် တကယ့်ကိုဖြဖြူစင်စင်လေးဖြစ်သည်။ အလင်းကို တကူးတကလာကြည့်သော ကျောင်းသူကျောင်းသားတွေတောင်ရှိသည်။