လိပ်ပြာ (၂ )

2.1K 43 2
                                    

လိပ်ပြာ ( ၂ )
ညနေတွင် ဖေဖေflight ကပြန်လာသည်။ မနက်ဖြန် ခရစ်စမတ်သည် နားရက်ဟုပြောသည်။ မေမေကြီးက ဖေဖေ့အလုပ်ကို မိသားစုနဲ့အတူသိပ်မနေရပဲ ခရီပဲသွားနေရသောအလုပ်ဟုဆိုကာ သဘောမကျပေ။ သို့ပေမယ့် မေမေကြီး ဖေဖေရဲ့လေယာဉ်မောင်းချင်တဲ့ဝါသနာကိုတားမရပါ။ ဖေဖေဝင်ငွေကလည်း တစ်လတစ်လ နည်းတာမဟုတ်တာ။ ညနေ ထမင်းစားဝိုင်းမှာ ထမင်းစားနေတုန်း ထမင်းစားပြီးရင် အိမ်ရှေ့မြက်ခင်းစားပွဲမှာ စကားပြောရအောင်ဟု ဖေဖေကပြောသည်။ မေမေကြီးက ကိုရီးယားဇတ်လမ်းတွဲကြည့်မှာမို့ မလာတော့ဘူးဟုပြောသည်။ မေမေကတော့ ဘာမှမပြောပါ။
တရုတ်စကားပန်းရနံ့သင်းနေသော ဒီဇင်ဘာညချမ်းအချိန်တွင် အိမ်ရှေ့ဥယာဉ်ဂျပန်မြက်ခင်းစိမ်းစိမ်းပေါ်က စားပွဲဝိုင်းမှာ ဖေဖေရယ် သူရယ် အလင်း ရယ် သုံးယောက်သားထိုင်နေကြသည်။ မေမေကအိမ်ရဲ့ ဧည့်ခန်းမှာဖုန်းဆက်ပြီးအလုပ်ရှုပ်နေသည်။ ဖေဖေက သူတို့ကိုစကားပြောဖို့ မေမေ့ကိုစောင့်နေသော်လည်း အချိန်အတော်ကြာသည်အထိမေမေက ဆင်းမလာပါ။ ခေါ်လေးမိချိုက နွားနို့ခွက်တွေနှင့် ကိတ်ပန်းကန်တွေယူလာပေးသည်။ မေမေကြီးကတော့ ဧည့်ခန်းထဲမှာ MRTV4 Channel 7ကလာတဲ့ ကိုရီးယားဇတ်လမ်းတွဲကြည့်နေလောက်ပြီ။
"သားမေမေမလာတော့ဘူးဆို ဖေဖေတို့ပဲပြောရတာပေါ့"
ဖေဖေသည် အသက်လေးဆယ်ကျော်ဆိုပေမယ့် လူငယ်တစ်ယောက်လို အမြဲတမ်းလန်းဆန်းတက်ကြွလျှက် ရှိပြီး ယခုမူ မျက်လုံးတို့သည် ပြုံးချိုလျက် ပို၍နုနယ်နေသည်။ စပို့စ်ရှပ်အဖြူနုနု ပုဆိုးအကွက်စိပ်ခရမ်းရောင်ရင့်ရင့်နဲ့ တကယ့်လူငယ်လေးဖြစ်သည်။ အလင်းကတော့ မနက်က ဝတ်ထားသောယောပုဆိုးအနက်နှင့် အပေါ်ကရှမ်းရိုးရာအင်္ကျီအဖြူရောင်ကို ဝတ်ထားသည်။ ရေချိုးပြီး လန်းလန်းဆန်းဆန်းသပ်သပ်ရပ်ဖြစ်နေသော်လည်း မျက်နှာကမူ မနက်ကလိုပင်ညှိုးငယ်နေသည်။ သူကတော့ အိမ်နေရင်းဝတ်နေကျ ပေါ့ပေါ့ပါးပါး မီးခိုးရောင် ဒူးပေါ်ကွာတားဘောင်းဘီနဲ့ အပေါ်က အဖြူရောင် တီရှပ်ဝတ်ထားသည်။ နေ့လည်က ထမင်းစားပြီးအိပ်ထားသဖြင့် စိတ်တို့လန်းဆန်းလျှက်ရှိသည်။
"အလင်းက ဒီအိမ်မှာအပြီးနေမှာ သားလေးသိပြီးပြီနော်"
"ဟုတ်ကဲ့ ဖေဖေ"
"ဖေဖေပြောချင်တာက အလင်းကို ကိုယ့်အိမ်သားတစ်ယောက်လိုသဘောထားဖို့ပါ"
"ဟုတ် ဖေဖေ မနက်ကမေမေကြီးပြောတယ်"
"အလင်းမှာ ဆရာဝန်ဖြစ်ဖို့ရည်မှန်းချက်ရှိတယ်သား သူ့ဆန္ဒကလူသားတစ်ယောက်အတွက် မြင့်မြတ်တဲ့ဆန္ဒတစ်ခုလေ မေမေကြီးက အဲ့ဒီဆန္ဒကိုဖြည့်ပေးချင်တယ် မေမေကြီးက ဖေဖေတို့ကိုလာပြောတော့ ဖေဖေတို့မေမေတို့အနေနဲ့လည်း ကူညီပေးသင့်တယ်လို့ထင်တယ် ဖေဖေတို့ အလင်းကိုကူညီပေးလိုက်လို့ ဆန္ဒတွေကိုဖြည့်ဆည်းပေးလိုက်လို့ ဖေဖေတို့မှာ ဘာမှ လျော့သွားစရာ ဆုံးရှုံးသွားစရာ မရှိဘူးလေ သားလက်ခံလား"
"လက်ခံပါတယ်ဖေဖေ"
"သူဆရာဝန်ဖြစ်လို့ လူနာပေါင်းများစွာရဲ့အသက်ကိုကယ်နိုင်ရင် ဖေဖေတို့ သူ့ကိုမွေးစားရကျိုးနပ်ပြီလေ သားကလည်း သားဖြစ်ချင်တဲ့ ဆန္ဒကိုဖြစ်အောင်လုပ် သားတို့နှစ်ယောက်ရဲ့ဆန္ဒတွေကို အားလုံးဖြည့်ပေးကြမှာ"
ညဏ်သာလည်း ဆရာဝန်ဖြစ်ချင်ခဲ့တာပဲ။ အလင်း သူ့ကို လှမ်းကြည့်သည်။ဘာအကြည့်လည်းတော့သူမသိ။ ဖေဖေက နွားနို့ခွက်ကိုယူသောက်လိုက်သည်။
"အလင်း သားကလည်း မိသားစုအားလုံးကို ကိုယ့်မိသားစုအရင်းတွေလိုသဘောထား ညဏ်သာကိုလည်းညီအစ်ကိုအရင်းတစ်ယောက်လို ဘဘောထား ရည်မှန်းချက်ကိုလည်းပြည့်အောင်ကြိုးစား"
ဖေဖေက အလင်းကို သားတဲ့။အလင်း ဖေဖေ့ကိုခေါင်းငြိမ့်ပြသည်။
"ညီအစ်ကိုတွေ ဖြစ်ပြီဆိုတော့ ချစ်ချစ်ခင်ခင်နဲ့ စားအတူ သွားအတူ စာလုပ်အတူပဲပေါ့ ညဏ်သာ့မှာ guide ဆရာမရှိတယ် ညဏ်သာလည်း guide ဆရာမလာတဲ့အချိန် အလင်းကိုခေါ် အဓိကရန်လုံးဝမဖြစ်ရဘူး တစ်ခုခုမကျေနပ်ဘူးဆို ဖေဖေကိုပြော ဖေဖေမရှိတဲ့အချိန်ဆို မေမေကြီးနဲ့ မေမေရှိတယ် လူကြီးတစ်ယောက်ယောက်ကိုပြော"
"ဟုတ်ကဲ့ဖေဖေ"
အလင်းကခေါင်းငြိမ့်ပြသည်။
"အခုလောလောဆယ် ဖေဖေ ATM card တစ်ခုပေးထားမယ် အလင်းလိုအပ်တာတွေကို ညဏ်သာကကူပြီးဝယ်ပေးလိုက် ဒီဇင်ဘာကျောင်းဆယ့်နှစ်ရက်ပိတ်ထားတုန်း သူသွားချင်တဲ့နေရာတွေလိုက်ပို့ပေးလိုက် ဦးသောင်းထိုက်ကို အကူအညီတောင်း "
ဦးသောင်းထိုက်ဆိုတာက သူ့အတွက် ကျောင်းကိုအကြိုအပို့လုပ်ဖို့ လစာနဲ့ခေါ်ထားတဲ့ ဒရိုင်ဘာ။ မနက်လာ ညနေပြန်ရသည်။ မေမေ့မှာကားတစ်စီးရှိပြီး ကားကိုမေမေကိုယ်တိုင်မောင်းသည်။ မေမေကြီးမှာကားတစ်စီးရှိပြီး မေမေကြီးလည်းကိုယ်တိုင်မောင်းသည်။ အခုနာက်ပိုင်း အသက်ကြီးလာတော့ မေမေကြီးက City mark Ocean နဲ့ ဆယ်မိုင်စျေးဝယ်သွားတာလောက်ပဲကားမောင်းတော့သည်။ ဖေဖေ့မှာလည်းကားတစ်စီးရှိပြီး ခုလောလောဆယ် သူ့ကျောင်းကားဖြစ်နေသည်။ဖေဖေက လေဆိပ်အသွားအပြန်ကို အလုပ်ကဖယ်ရီသာစီးသည်။
"နေပါစေအန်ကယ် သားမေမေမဆုံးခင်က သားအတွက်ဘဏ်စာအုပ်လုပ်ထားပေးတယ် အဲ့ဒီထဲမှ သိန်းတစ်ရာ့ခြောက်ဆယ်ကျော်ရှိတယ်"
အလင်းက ဖေဖေကိုအန်ကယ်တဲ့ ။
"အဲ့ဒါသိမ်းထားလိုက်ပါ ခုလောလောဆယ် အန်ကယ့်ကတ်ကိုသုံး အန်ကယ် ညဏ်သာကိုကတ်ပေးထားလိုက်မယ်"
"ဟာ အလင်းတို့ကပွတာပဲဟေ့ ဖေဖေကလည်း ကတ်ပေးမယ် မေမေကြီးကလည်း ကတ်ပေးမယ်နဲ့ မေမေကောပေးဦးမှာလားမသိ"
သူ့စိတ်ထဲမှာ အလင်းကိုမနာလိုစွာ ပြောလိုက်မိသည်။ သူအပေါ် မိသားစုရဲ့ ဂရုစိုက်မှုတွေ ချစ်ခြင်းမေတ္တာတွေကို အလင်းကိုခွဲပေးရမှာလား ။ ပထမဆုံးအကြိမ် အလင်းကိုမုန်းချင်လာသည်။
"မိသားစုဆိုတာဒီလိုပဲလေ အလင်းကမိသားစုဖြစ်လာပြီဆိုတော့ အလင်းဘာပဲလိုလို ပေးကြမှာပဲ သားကိုလည်းဘာပဲလိုလို အားလုံးကအလိုလိုက်ဖြည့်ဆည်းပေးနေတာပဲမဟုတ်လား"
"အလင်း သားမှာ ဖုန်းရှိလား"
"သားမှာကိုယ်ပိုင်ဖုန်းမရှိပါဘူး သားမှာဖုန်းဆက်စရာလူမှမရှိတာ ဒါပေမယ့် အမေ့ဖုန်းလေးတော့ သားသိမ်းထားတယ်"
အလင်းသည် အင်္ကျီအိတ်ကပ်ထဲမှတစ်စုံတစ်ခုကိုထုတ်ပြသည်။ SAMSUNG တံဆိပ်အမည်းရောင် smart ဖုန်းသေးသေးလေးဖြစ်သည်။ ဖုန်း၏ မှန်မှာလည်းကွဲကြေနေသည်။ ဖုန်းကသုံးလို့ရောရသေးရဲ့လား သူမသိ။ ထိုဖုန်းလေးကို ဖေဖေမြင်တွေ့သွားသောအခါ မျက်နှာက ရုတ်တရက် နာကျင်ခံစားသွားရသလို ညိုမှောင်သွားသည်။
"အန်ကယ် ဒီတစ်ခေါက်စင်္ကာပူရောက်ရင် သားအတွက် ဖုန်းအသစ်တစ်လုံးဝယ်ခဲ့မယ် laptop လည်းလိုတာပဲ laptop လည်းဝယ်ပေးမယ်"
သူ့စိတ်ထဲက မနာလိုမှုကို ဖေဖေရိတ်မိပါသည်။"အလင်းက လိမ္မာတဲ့ကောင်လေးပါ နောက်ဆို အလင်းကိုသားခင်သွားမှာပါ"တဲ့။ ထိုခဏမှာပင် မှောင်မိုက်သောကောင်းကင်သည် သူ့အပေါ်တဖြည်းဖြည်းပြိုကျလာပါတော့သည်။
ထိုညက အပေါ်ထပ် အလင်းအခန်းဆီသို့လိုက်သွားပြီး ပါလာသော ပစ္စည်းတွေကိုသွားကြည့်သည်။ အပြာရောင် luggage ထဲမှာက အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်လေးခေါက်ပြီးထည့်လာသည်။ ကျောင်းဝတ်စုံ၊ ရှမ်းအင်္ကျီဘောင်းဘီ၊ ဂျင်းဘောင်းဘီ၊ ပုဆိုး၊ ရှပ်အင်္ကျီ ၊တီရှပ်နှင့် အတွင်းခံဘောင်းဘီ သိပ်များများစားစားတော့မဟုတ်။
"အဝတ်အစားတွေက အသစ်တွေလား"
"အသစ်တွေတော့မဟုတ်ဘူး ကောင်းတာလေးတွေပဲယူလာတာ မေမေကြီးက အဟောင်းတွေယူမလာနဲ့တဲ့"
အပြာရောင် ပလပ်စတစ်box ထဲမှာတော့ ကျောင်းလွယ် ကျောပိုးအိတ်တစ်လုံး ကျောင်းသုံးစာအုပ်နှင့် ပစ္စည်းများ ၊ ကကျွတ်ကျွတ်အိတ်နဲ့ထုတ်ထားတဲ့ ရှူးဖိနပ် တစ်ရံနှင့် ကတ္ထီဘာခြေညှပ်ဖိနပ်တစ်ရံ ဒါပဲပါသည်။
"အခြား တစ်ကိုယ်ရေသုံး အသုံးအဆောင်ပစ္စည်းတွေကော"
အလင်းခေါင်းခါပြသည်။
"ဒါဆိုနေ့လည်က ဘာမှမပါပဲရေချိုးတာပေါ့ "
"အင်း ဟုတ်တယ်"
သူပုခုံးတွန့်ကာ အံ့ဩမိသည်။
" မနက်ဖြန် သွားဝယ်မယ်လေ ဦးသောင်းထိုက်ကိုဖုန်းဆက်ခေါ်လိုက်မယ်"
" မနက်ဖြန် သွားမလို့လား မနက်ဖြန်မသွားချင်သေးဘူး"
"ဟင် ဘာဖြစ်လို့လဲ အသုံးလိုနေတာကို"
"ငါက ကားစီးရင်မူးတတ်တယ် မနက်ကလေယာဉ်စီးတာတောင်မူးနေတာ"
"ဟုတ်လား အံ့ဩစရာပဲ ဖေဖေ့လိုလေယာဉ်မောင်းရရင်ဒုက္ခပဲ"
အလင်းရဲ့မျက်နှာမှာ ပထမဆုံးအပြုံးနွမ်းနွမ်းလေးတစ်ခု ဖြတ်သန်းသွားသည်။ အပြည့်အဝ ပြုံးရင်တော်တော်ကြည့်ကောင်းမှာ။
"ဒါဆိုဘယ်နေ့ သွားဝယ်မလဲ"
"သဘက်ခါလောက်ရလား"
"ရတယ်လေ ငါကတောင် မနက်ဖြန်ည ခရစ်စမတ်ပါတီတစ်ခုကို မင်းကိုခေါ်သွားမလို့"
"ပါတီ လိုက်မယ်လေ "
"အေး ပီးရော ဒီကြားထဲရေချိုးချင်ရင် ငါ့အခန်းမှာလာချိုး သွားတိုက်တံလည်းအသစ်အပိုရှိတယ်"
"အေး ကျေးဇူးပဲညဏ်သာ"
"မိသားစုဝင်တွေဖြစ်သွားပြီပဲ ရပါတယ် အေး ငါကအကြီး အစ်ကိုနော် အစ်ကိုစကားကိုမင်းနားထောင်ရမယ်"
" အေးပါကွာ နားထောင်ပါမယ် ဒါပေမယ့် အစ်ကိုဆိုပြီး အနိုင်မကျင့်ရဘူး အနိုင်ကျင့်ရင်တော့ လက်မခံဘူးနော် "

ကျွန်တော်၏လိပ်ပြာWhere stories live. Discover now