#Unicode
"ဂျေးဟျောန်း.. ဟျောန်း!"
အမောတကောနဲ့ ဂျူနီယာတစ်ယောက်က သူ့အနားသို့ အပြေးရောက်ချလာသည်။ အဝေးမှပြေးလာဟန် မောလွန်း၍ နောက်ထပ်ဘာစကားမှ မဆိုနိုင်သေးပဲ အသက်ကိုသာ ခပ်ပြင်းပြင်းရှူနေသော ဂျူနီယာကြောင့် သူစိတ်သိပ်မရှည်တော့။
"နောက်မှ ကျန်တဲ့တစ်ဝက်ထပ်ရှူ!
ခုပြောစရာရှိတာ အရင်ပြော""ဟုတ်ဟုတ် ခဏ...ခဏလေးပါ ဟျောန်းရဲ့
ရပြီ ရပြီ..ဟိုလေ ဟျောန်းသူငယ်ချင်း ဆောနူလ်ဟျောန်းကိုလေ နိကီတို့အဖွဲ့ကျောင်းနောက်ကို ဆွဲခေါ်သွားတာ တွေ့လိုက်တယ် "
"ဘာ!.. ဘယ်တုန်းကလဲ အခုလား? ဘာလို့ခုမှလာပြောတာလဲ လိုက်ပြ ငါ့ကိုဘယ်နေရာလဲ ဆိုတာ"
ဂျေး လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။
လာပြောပြပေးသည့် သူကိုတောင် ကျေးဇူးအရင်မတင်နိုင် ကော်လံစအား တင်းတင်းဆွဲကိုင်လိုက်ရင်း အော်မိလိုက်သည်။နိကီဆိုတာ သူထက်နှစ်နှစ်လောက် ငယ်တဲ့ကောင်လေး။ အိမ်နီးနားချင်းဖြစ်သည့်အပြင် ငယ်စဥ်ကတော့ ကစားဖော်ကစားဖက်။ ဆိုးပုံဆိုးနည်းလည်းတူသည်။ ထို့နောက်တွင်တော့ နှစ်တွေကြာလာသည်နှင့်အမျှ အမြဲသူနဲ့ပြိုင်ဆိုင်ကာ တစ်ယောက်နှင့် တစ်ယောက်ဘယ်လို ရိုက်ချရမလဲ အမြဲချောင်းနေရသည့် ဆက်ဆံရေးပင်ဖြစ်လာသေးသည်။
ခု ဆောနူလ်ကို အနိုင်ကျင့်သည်ဆိုတာကလည်း သူနဲ့ခင်နေမှန်းသိ၍ ဖြစ်နိုင်သည်။ ဟီဆွန်းကိုတော့ မနိုင်မှန်းသိ၍ ထိခဲ့တာမဟုတ်။ ဆောနူလ်ကတော့ မတူပေ၊ မပွင့်တပွင့်နဲ့ အူတူတူကောင်လေး။ သူ့ကိုပညာပြဖို့ရာ ဆောနူလ်က ပစ်မှတ်ထားဖို့ရာ အကောင်းဆုံးသားကောင်ပင်ဖြစ်နေသည်။
"ဘာလုပ်နေတာလဲ လိုက်ပြလေ!"
"ဟုတ်ဟုတ် ဟျောန်း"
လာပြောပြသည့် ဂျူနီယာလေးကတော့ သူပါးစပ်ဖွာမိသည့်ကိုပင် နောင်တရသည့်ဟန် မျက်နှာတစ်ခုလုံး နီမြန်းနေတော့သည်။ ဂျေးသည်လည်း ဒေါသထွက်လွန်း၍ ဟန်ပင်မဆောင်နိုင် မျက်နှာထားက တည်တင်းနေသည်။