{Uni}
လေပြေလေးတိုက်ခတ်နေတဲ့ ညနေစောင်းအချိန်မှာဖြစ်တယ်။ ခပ်အုပ်အုပ်ဖြစ်နေတဲ့ တိမ်တိုက်တွေကလည်း မဲမှောင်လုနီးနီးဖြစ်နေ၏။ အထက်တန်းကျောင်းသားတွေဟာ မိုးမစိုစေဖို့အတွက် သူတို့အိမ်ကို ခပ်သွက်သွက် ပြန်နေကြသည်။ သို့သော်မကြာလိုက်ပါ ရွာချလာတဲ့မိုးက ရေတော်တော်ပါတယ်။
"ရှောင်းကျန့် မင်းဒီနေ့လည်းထီးမပါပြန်ဘူးလား"
"မနက်ကအိပ်ယာထနောက်ကျလို့ပါကွာ"
မျက်မှန်လေးကိုပင့်တင်လို့ ရယ်ကျဲကျဲနဲ့ပြန်ဖြေတဲ့ ရှောင်းကျန့်က အထက်တန်းကျောင်းရဲ့ ဆရာတစ်ယောက်ဖြစ်သည်။ ငယ်ပေါင်းဖြစ်တဲ့အပြင် တစ်ကျောင်းထဲမှာ အင်္ဂလိပ်စာဆရာဖြစ်သူ ကျိရန်က ရှောင်းကျန့်အကြောင်းသိသူပီပီ မေးလာခြင်းဖြစ်၏။
"လာလေ ငါလိုက်ပို့မယ်"
တစ်ချောင်းတည်းသောထီးကိုဖွင့်စောင်းကာ ခေါ်နေတဲ့ ကျိရန်နဲ့အတူ ရှောင်းကျန့်လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။ မိုးတိတ်တဲ့အထိစောင့်နေရင် သူ့ကျောင်းသားတွေရဲ့ အိမ်စာတွေစစ်ဖို့ နောက်ကျသွားလိမ့်မည်လေ။ သူလည်း နားချိန်လျော့သွားလိမ့်မယ်။
ထီးတစ်ချောင်းတည်းနဲ့ ယောက်ျားလေးနှစ်ယောက်မလုံတာတော့ ပြောစရာကိုမလို။ သို့ပေမဲ့မတတ်နိုင်။ ပုခုံးလေးစိုရုံလောက်နဲ့တော့ ဖျားမသွားနိုင်ဘူးလေ။
ရှောင်းကျန့်အိမ်ကိုရောက်သည်အထိ မိုးကတော့ရွာကောင်းတုန်းပင်ဖြစ်သည်။ အိမ်ထဲမဝင်တော့ဘဲ အလုပ်ရှိလို့ဆိုပြီး တန်းပြန်သွားတဲ့ ကျိရန်ကို ရှောင်းကျန့်တောင် မတားလိုက်နိုင်။ မှောင်နေတဲ့အိမ်ကို မီးဖွင့်ပြီး Plasticအိတ်နဲ့ထည့်လာတဲ့ ကျောင်းသားတွေရဲ့ အိမ်စာစာအုပ်တွေက ရေတော့သိပ်မစို။
တစ်အုပ်ချင်းစားပွဲပေါ်စီထားလိုက်ကာ ညစာအတွက် အရင်ပြင်ရတယ်။ တခြားတော့မဟုတ် အသင့်စားခေါက်ဆွဲထုပ်ပြုတ်နေခြင်းဖြစ်သည်။ အချိန်နည်းနည်းကြာတော့ စားလို့ရပြီဖြစ်တဲ့ ခေါက်ဆွဲနဲ့ ဗိုက်အရင်ဖြည့်ရတယ်။ စားပြီးချိန်မှာတော့ မိုးကလည်း ဖွဲဖွဲလေးသာရှိတော့သည်။