Present for June (U)

4.2K 347 227
                                    

March 2013
ဟားခါးမြို့။

ကျင့်သားရနေပြီဖြစ်တဲ့မျက်လုံးတွေကဖျတ်ကနဲအပွင့် ရောက်ရှိနေတဲ့နေရာဒေသကစိမ်းသက်နေတာကိုအမြင်မှတ်ဉာဏ်တွေကဝေဝေဝါးဝါး။ 

နွေးထွေးနေတဲ့အခန်းတစ်ခုထဲသက်တောင့်သက်သာအနေအထားမှာတစ်စတစ်စအသိကဝင်လာတော့ ခပ်ပြည့်ပြည့်နှုတ်ခမ်းတစ်စုံကကွေးညွတ်သွား၏။

အသိနဲ့အတူဘယ်ဘက်ခြမ်းကိုအသာစောင်းငဲ့ကြည့်လိုက်မိတော့ လစ်လပ်နေတဲ့နေရာကပြောင်ရယ်ပြနေလေရဲ့။ 

စောစောစီးစီးဘယ်ကိုများထွက်သွားပြန်တာလဲ။ တောင်ပေါ်ဒေသကိုနှစ်သက်မြတ်နိုးလွန်းတဲ့မြတ်တစ်ယောက်လမ်းလျှောက်ထွက်သွားလေသလား။ အိပ်ယာပေါ်ကလူးလဲထလိုက်ပြီး နံရံထက်ကနာရီကိုမော့ကြည့်လိုက်မိတော့နံနက် ၈ နာရီ ၁၀ မိနစ်။ 

မြေပြန်မှာဆိုရင် ထိန်လင်းတောက်ပနေမဲ့နေမင်းက ဟားခါးမြို့မှာတော့မင်းမမူနိုင်။ မှန်ပြတင်းတံခါးကနေမြင်လိုက်ရတဲ့မြင်ကွင်းက မနက်ခင်လား ညနေခင်းလားခွဲခြားမရအောင်မှုန်ရီရီ။ 

ဒီနေ့မင်းတပ်ကိုပြန်ဆင်းရမဲ့နေ့။ မနေ့ညနေတုန်းက အစ်ကိုစစ်မင်းဆီသွားပြီးဗြူးဗြဲလုပ်ခဲ့တာကိုပြန်တွေးမိတော့ အားတောင်နာမိသလိုလို။ စိတ်မရှည်တတ်တဲ့သီဟက မင်းသွင်နဲ့အစ်ကိုစစ်မင်းကြားပြေလည်မှုရစေချင်တဲ့စိတ်လေးနဲ့ နည်းနည်းလေးပွဲကြမ်းခဲ့မိ၏။ 

မဆီမဆိုင်လို့တော့မမှတ်ယူမိပါဘူး။ အတွင်းသိအစင်းသိလူရင်းတွေလို့ခံယူထားမိတော့ ကြားထဲကမနေနိုင်​တော့တဲ့အလျောက် လူမိုက်ဝင်လုပ်ခဲ့မိတဲ့အကျိုးရလာဒ်ကတော့ မြတ်ရဲ့ပွက်လောညံမှုတွေကိုနာရီအနည်းငယ်လောက်ခံလိုက်ရတာပေါ့။ 

လူရှေ့သူရှေ့ကျရင် ဟိတ်နဲ့ဟန်နဲ့နေတတ်တဲ့မျက်ပေတုံးက လူကွယ်ရာမှာဆိုသုံးပန်လှလို့ပြောရမလောက် သုံးမျိုးသုံးစားပြောင်းနေတတ်သူ။

တစ်လပဲကြီးတာ​လေးကို နှစ်ပေါင်းများစွာပိုကြီး​နေသလိုနဲ့လူကိုဆရာလုပ်တတ်ပုံကတစ်မျိုး။ သက်တူရွယ်တူတွေလိုပေါ့ပေါ့ပါးပါးနဲ့ တိုင်တိုင်ပင်ပင်ရှိတတ်သလို၊ တစ်ခါတစ်လေများတော့လည်းမထင်မှတ်လောက်အောင်ချွဲနွဲ့ဗိုလ်ကျတတ်သေးတယ်။ 

သူငယ်ချင်း...ချစ်သူWhere stories live. Discover now