ချစ်သူ (U)

4K 450 98
                                    

2008 ခုနှစ်
Myat Thu Han

ပါးပါးကိုရုံးကနေသွားပြန်ကြိုလာပြီး အိမ်ကိုပြန်ရောက်သည်နှင့်အခန်းထဲဝင်လို့အဝတ်အစားကိုချက်ချင်းလဲဝတ်လိုက်ပြီးအောက်ထပ်ကိုပြေးဆင်းလာစဉ် ကိုကြီးနှင့်လှေကားရင်းတွင်ဆုံမိတော့...။

"ဒါကဘယ်ကိုလဲကွ"

"ဘောလုံးကွင်း"

မေးတစ်ခွန်းဖြေတစ်ခွန်းပေးခဲ့လိုက်ပြီးကားပေါ်တက်ကာရပ်ကွက်ဘောလုံးကွင်းရှိရာဆီ အမြန်မောင်းလာခဲ့၏။ ပါးပါးကိုသွားကြိုပြီးပြန်လာစဉ် ဘောလုံးကွင်းနားကအဖြတ်တွင်ကလေးအုပ်စုအကြားတွင် အရပ်ကလန်ကလားနှင့်ကလေးဗိုလ်ကြီးကိုတွေ့ခဲ့မိလိုက်သား။

ကျောင်းတွေပိတ်ထားလို့ပါးပါးကိုရုံးသွားရုံးပြန်ကြိုပို့ရတဲ့ Driver ရာထူးကိုအော်တိုရသွားသည့်ကျွန်တော်ကသာ ဘောလုံးကွင်းထဲကိုအချိန်မှန်မှန်မရောက်ဖြစ်ခဲ့ပေမယ့် သူကတော့တစ်ရက်မှပျက်ကွက်ခဲ့ပုံမပေါ်။

ဘောလုံးကွင်းအပြင်ဘက်တွင်ကားကိုရပ်ခဲ့လိုက်ပြီး အသင့်ယူလာသောရေသန့်ဗူးအေးအေးနှင့်မုန့်ထုပ်အချို့ကိုသယ်ကာကွင်းထဲဝင်ခဲ့လိုက်ချိန် အကြိတ်အနယ်ကန်နေကြသောလူတစ်စုကြောင့် ကွင်းဘေးကခုံးတန်းလေးတွင်သာဝင်ထိုင်လိုက်၏။

ဘောလုံးဝတ်စုံအပြာရင့်ရင့်က ဝင်းဝါသောအသားအရောင်ကြားထင်းနေသလို ဘယ်အချိန်ကတည်းကကန်နေတယ်မသိသောအခြေအနေတွင် ချွေးတို့ကတကိုယ်လုံးရွှဲရွှဲနင့်နေ၏။

ချွေးစတို့နှင့်စိုကပ်နေသောဆံပင်တိုတိုအောက်ရှိ စူးရှနက်မှောင်သောမျက်ဝန်းတို့ကပျော်ရွှင်ရိပ်တို့နှင့်တက်တက်ကြွကြွ။ ကြည့်နေစဉ်မှာပင် အနိုင်ဂိုးဖြစ်ဟန်တူသည့်ဂိုးကိုသွင်းယူလိုက်ပုံကမာန်ပါပါ။

ဟေးကနဲအော်ဟစ်ပြီးလက်သီးလက်မောင်းတန်းကာဟစ်ကြွေးလိုက်ပုံက သူ့ကိုယ်သူစီရော်နယ်ဒိုများမှတ်နေသလားမသိ။

ကလေးတွေဆိုပေမယ့်လူပျိုပေါက်စအရွယ်တွေပါ၊ အရွယ်တွေကမတိမ်းမယိမ်းဖြစ်ပေမယ့် ထိုသူတွေကြားမြင့်မားလှတဲ့သူကဒီနှစ်ကျမှထွားကျိုင်းလာလိုက်တာသူ့အမေဘာတွေများကျွေးနေပါလိမ့်။ အညာသားပဲကြိုက်ကောင်ကပဲတွေကြီးနင်းကန်လှိမ့်စားပြီး ပဲဖောများဖောနေသလား။

သူငယ်ချင်း...ချစ်သူWhere stories live. Discover now