Zawgyi
နောက်ရက်များတွင်လည်း ထို့အတူပင်၊ ချစ်သူလမ်းကြား၌ ရန်ငြိမ်းချမ်းဝယ်လာသောမုန့်တီသုပ်အား ပိုင်ညီဦးက နှစ်နှစ်ခြိုက်ခြိုက်စားသုံးသကဲ့သို့ အကြိုက်တူသောဆန်းကစ်ဘူးကိုလည်း ကန်တင်း၌အတူသောက်ဖြစ်ကြစမြဲ။ အင်းယားကန်ဘောင်၌ ရောက်တတ်ရာရာစကားများပြောဖြစ်ကြသလို စစ်ကိုင်းလမ်းနှင့်ပုဂံလမ်းထောင့်မှာလည်း အတူထိုင်၍စာကျက်ဖူးကြဆဲ။
ရင်းနှီးခဲ့သောတစ်လကျော်အတွင်း ပိုင်ညီဦးအနေနှင့် ရန်ငြိမ်းချမ်းအား သာမန်သူငယ်ချင်းတစ်ယောက်လိုသာထင်မြင်ကောင်းထင်မြင်နိုင်သော်လည်း ရန်ငြိမ်းချမ်းအတွက်တော့ ပိုင်ညီဦး၏မျက်လုံးဝိုင်းဝိုင်းတွေကစလို့ အင်္ကျီအရောင်အလိုက်စီးနင်းတတ်သော ကတ္တီပါဖိနပ်တွေအဆုံး အားလုံးဟာပင့်သက်ရှိုက်စရာချည်း။ သူရယ်သည့်အခါလည်းပင့်သက်ရှိုက်ရတယ်၊ သူထိတွေ့လာသည့်အခါလည်းပင့်သက်ရှိုက်ရတယ်၊ တစောင်းမြင်နေရသော စာကိုအာရုံစိုက်နေသည့်ပုံစံလေးကြောင့်လည်းပင့်သက်ရှိုက်ရသလို တစ်ခါတစ်ရံခပ်တိုးတိုးညည်းဆိုတတ်သောသီချင်းသံလေးကြောင့်လည်း ပင့်သက်ရှိုက်ရပြန်တာပဲ။
ဤသို့ဖြင့် ကံ့ကော်မြေ၌ပထမဆုံးရှာတွေ့ခဲ့သော ရန်ငြိမ်းချမ်း၏ရင်ခုန်မှုဟာ ညာဘက်ပါးပြင်ထက်ကစံပင်တင်မှဲ့ကလေးသာဖြစ်ကြောင်း သူကိုယ်တိုင်ရှင်းရှင်းလင်းလင်းလက်ခံခဲ့ရပြီပဲဖြစ်ပါသည်။
………
သို့သော်လည်း ကျောင်းသင်္ကြန်မရောက်မီတစ်ပတ်အလိုမှာတော့ မည်သို့မည်ပုံမှစဉ်းစားတွေးတောမိခဲ့ခြင်းမရှိသောကိစ္စရပ်တစ်ခုကား သူတို့နှစ်ယောက်ကြားသို့ ဆိုင်းမဆင့်ဗုံမဆင့်ပင်ရုတ်တရက်ဝင်ရောက်လာခဲ့သည်။
"ဒီနေ့နှစ်ပွဲစာပြင်ပေးနော် ဒေါ်လေး"
"အေး … အေး … ဒေါ်လေးကအပိုပါထည့်ပေးလိုက်မယ် ငြိမ်းချမ်းရေ"
"ဟဲဟဲ … ဒါဆိုရင်တော့ကျေးဇူးတင်တာပေါ့ဗျာ"
မုန့်တီထည့်ထားသော ဖော့ဘူးနှစ်ဘူးကိုပါဆယ်ဆွဲ၍ မြောက်ကြွကြွခြေလှမ်းတို့ဖြင့် မနက်တိုင်းဆုံနေကျနေရာဖြစ်သော ချစ်သူလမ်းကြားသို့ရောက်လာခဲ့သော်လည်း ထူးထူးဆန်းဆန်းပင် ခါတိုင်းသူ့ထက်စော၍ကြိုရောက်နှင့်နေတတ်သောပိုင်ညီဦးအားမတွေ့ရ။