သုံးနှစ်ကြာပြီးသည်အထိ ဂျုံအင်ဟာ ဆယ်ဟွန်းနှင့်အမှတ်တရတွေရှိသည့်အိမ်ကြီးထဲ တစ်ယောက်တည်းနေထိုင်ဆဲပင်ဖြစ်သည်။မိသားစုတွေကလာခေါ်သော်လည်းမသွား။ဆယ်ဟွန်းနေခဲ့တဲ့အခန်းလေးထဲသွားလိုက် ခြံထဲဆင်းကာနှင်းဆီဖြူပင်တွေကိုရေလောင်းပေါင်းသင်လုပ်လိုက်နှင့်ပင်အချိန်တွေကိုတစ်ဖြည်းဖြည်းကုန်ဆုံးတတ်သည်။
ခြံလေးထဲမှာတော့ ဆယ်ဟွန်းနှင့်အတူစိုက်ထားသောနှင်းဆီဖြူအပြင် တစ်ခြားနှင်းဆီဖြူပင်တွေပါ စိုက်ထားသည်။သို့သော်လည်း တစ်ပင်သော နှင်းဆီဖြူပင်လေးကိုတော့ခြံခတ်ကာထားစေသည်။
ညနေစောင်းချိန်ဆို ဆယ်ဟွန်းနှင့်အတူသွားခဲ့သော နှင်းဆီပန်းခင်းကြီးထဲသွားသွားထိုင်နေတတ်သည်။ခြံပိုင်ရှင်ဦးလေးကြီးက အစကတော့သိပ်မကြိုက်ပေမယ့် နောက်ပိုင်းမှာတော့ ဘာမှမပြောတော့ပါ။
ဖြူစင်မှုကိုမြတ်နိုးတဲ့ နှင်းဆီဖြူဖြူလေးတွေကိုနှစ်သက်တဲ့ ဆယ်ဟွန်းကအခုဘယ်ရောက်နေပြီလဲ။ဂျုံအင်ကိုခွဲသွားတာကြာပေမယ့် ဂျုံအင်စောင့်နေမိဆဲပင်။ဘဝကိုတော့အရှုံးမပေးတော့ပါဘူး။
ဟွန်းကပြောထားတယ်လေ**ပျော်ပျော်ရွှင်ရွှင်နေပါအစ်ကို ဟွန်းရဲ့လက်ဆောင်လေးနဲ့
ကမ္ဘာကြီးမှာပျော်အောင်နေပါ
နှင်းဆီဖြူတွေတွေ့ရင် ဟွန်းကိုသတိရပေးပါ
ဟွန်းရဲ့ ဘဝအစိတ်အပိုင်းတစ်ခုဖြစ်ပေးတဲ့အတွက်
အစ်ကို့ကိုကျေးဇူးတင်ပါတယ် **ညတိုင်း ဟွန်းရဲ့ဒိုင်ယာရီလေးကို ရင်ထဲထည့်ကာအိပ်သည်။တစ်အိမ်လုံးနီးပါး နှင်းဆီဖြူတွေနှင့်အလှဆင်သည်။နှင်းဆီဖြူတွေကိုဘယ်တော့မှမမေ့အောင် စိတ်ထဲစွဲနေအောင်မှတ်ထားသည်။ဒါမှဟွန်းက သူအနားရှိနေသလို ခံစားရမှာ။
" ကောင်လေး "
ခြံပိုင်ရှင်ဦးလေးကြီးကအနားရောက်လာတာမို့ မျက်ရည်ကိုသုတ်ရင်းထကာနှုတ်ဆက်မိသည်။ဦးလေးကြီးက နှင်းဆီဖြူတွေကိုကြည့်ရင်း ဂျုံ့အင်ဘက်လှည့်ကာ
" ရော့ ဆယ်ဟွန်းအကူအညီတောင်းထားခဲ့တာ မင်းကိုပေးဖို့ "
စက္ကူအိတ်လေးကို ယူပြီးဦးလေးကြီးကိုကြည့်တော့ဂျုံအင်ကိုခေါင်းငြိမ့်ပြကာ ဖွင့်ဖို့ပြောသည်။
အထဲကိုကြည့်တော့ ဓာတ်ပုံတစ်ပုံ ။
သေချာကြည့်တော့ ဒီပန်းခင်းကြီးထဲ ဂျုံအင်နှင့်ဆယ်ဟွန်းခုံလေးမှာအတူထိုင်တုန်းက အဝေးကနေရိုက်ထားသောဓာတ်ပုံလေးဖြစ်သည်။