ဆောင်းလေမြူဆိုင်း

16 0 0
                                    

ဆောင်းလေမြူဆိုင်း

ဘုန်းကြီးကျောင်းကအုန်းမောင်းခေါက်သံ၅ချက်ကြောင့်မနက်၅နာရီဖြစ်မည်ဟုဆောင်းလေသတိထားမိလိုက်သည်။မနက်၅နာရီဆိုသော်လည်းမိုးမလင်းသေး။မာကျူရီလမ်းမီးတိုင်၏အလင်းဖျဖျသာရှိနေပြီးပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲနေသည်။နေ့တာတိုကာညတာရှည်သည့်ဆောင်းတွင်းအချိန်ကြောင့်ထင်သည်။ခါတိုင်းရောင်နီလင်းခါနီးအချိန်ကအခုတော့မှောင်မဲနေသည်။

ရုတ်တရက်တိုက်ခတ်လာသောဆောင်းလေအေးအေးကြောင့်ဆောင်းလေတစ်ယောက်ဝတ်ထားသည့်ဂျာကင်ဇစ်ကိုလည်ပင်းနားအထိဆွဲတင်ပြီးလက်နှစ်ဖက်ကိုလည်းဂျာကင်အိတ်ကပ်နှစ်ဖက်ထဲအသီးသီးထည့်လိုက်သည်။ဂျာကင်အိတ်ကပ်ထဲကလက်သီးကိုတင်းတင်းဆုပ်ထားရင်းမျက်စိရှေ့ကိုဆောင်းလေသေချာကြည့်လိုက်သည်။မြူတွေဖုံးလွှမ်းနေသောကြောင့်ဆောင်းလေလမ်းကိုဟိုဘက်အဆုံးထိသေချာမမြင်ရ။မာကျူရီလမ်းမီးတိုင်များ၏အလင်းကြောင့်သာလမ်းရှိနေသည့်ပုံစံကိုသာမြင်ရသည်။

ဆောင်းလေလမ်းအဆုံးကိုကြည့်နေရင်းစိတ်ထဲခြောက်ခြားလာသလို၊ကြက်သီးများလည်းထလာသဖြင့်ဆောင်းလေအသက်ကိုဝဝရှုသွင်း၊ရှုထုတ်,လုပ်ပြီးမှရပ်နေမိသည့်လမ်းအဝမှလမ်းထဲသို့တစ်လှမ်းချင်းလျှောက်ကာဆောင်းလေဝင်လာခဲ့သည်။လမ်းထဲသို့ပိုရောက်လေ,ဆောင်းလေတစ်ယောက်ပိုကျောချမ်းလာသလိုခံစားရလေဖြစ်သည်။

ထိုကြောင့်လမ်းထိပ်သို့ရောက်အောင်ဆောင်းလေမပြေးရုံတမယ်အမြန်လျှောက်လာသည်။လမ်းထိပ်ကလမ်းသုံးခွဆုံသည့်နေရာဖြစ်သည်။လမ်းထိပ်သို့ရောက်မှဆောင်းလေသက်ပြင်းတစ်ချက်ချကာဟိုကောင်တွေရှိနေမည့်မီးကင်းတဲဟောင်းကိုကြည့်လိုက်သည်။အိုဟောင်းနေသောမီးကင်းတဲဟောင်းကလွဲဘယ်သူဆိုဘယ်သူမှရှိမနေ။သို့သော်ဆောင်းလေ,မျက်စိမှားသည်ဟုထင်မိ၍မျက်လုံးကိုပွတ်ကာနောက်တစ်ခါထပ်ကြည့်မိသည်။လူရိပ်လူယောင်မတွေ့သလိုဘယ်သူဆိုဘယ်သူမှလည်းမရှိသဖြင့်

"ဒီကောင်တွေငကြောက်ပဲ။ ဘာဖြစ်ဖြစ်ငါနိုင်သွားပြီ။"

ဆောင်းလေတစ်ကိုယ်တည်းရေရွတ်ရင်းအိမ်ပြန်ရန်စိတ်ကူးပြီးပြန်အလှည့်တွင်ဆောင်းလေလျှောက်လာခဲ့သည့်လမ်းကခုနကထက်မြူတွေပိုထူလာသလိုဆောင်းလေခံစားရသည်။ထိုစဥ်မြူတွေကြားတွင်ပေါ်လာသည့်လူပုံစံအရိပ်တစ်ခုကိုဆောင်းလေ,ဝါးတားတားတွေ့လိုက်ရသည်။တစ်နေရာရာကိုသွားမည့်လူတစ်ယောက်ဟုဆောင်းလေတွေးလိုက်သော်လည်းမိုးတောင်မလင်းသေးသည့်ဒီအချိန်ကြီးဘယ်သူကဘယ်ကိုသွားမှာလဲဆိုသောမေးခွန်းကိုတွေးမိချိန်မှာတော့ဆောင်းလေတစ်ယောက်ကျောထဲစိမ့်သွားသည်။

Summer Cloud & Misty WinterWhere stories live. Discover now