နေရောင်နွေးနွေးအနည်းငယ်သည် ပြတင်းတံခါးကို ကျော်လွန်၍ တိတ်ဆိတ်နေသော အခန်းတွင်းသို့ ဖြာကျနေသည်။
အခန်း၏ကြမ်းပြင်ထက်တွင် စာအုပ်မျိုးစုံတို့သည် ပြန့်ကျဲနေကာ အနည်းငယ်မျှ ရှုပ်ပွနေသည်။
အရောင်အသွေးစုံလင်လှသော စာအုပ်အဖုံးများသည် ကြမ်းပြင်တွင်သာမကာ နံရံကပ်စင်တွင်လည်း အပြည့်ရှိနေသည်။
ပညာရေးနှင့်ဆိုင်သော စာအုပ်များလည်းပါသလို ဝတ္ထုစာအုပ်များလည်း အများကြီးရှိသည်။အထူးသဖြင့် အများစုကတော့ ဂျပန်ကာတွန်းစာအုပ်များဖြစ်ကာ seriesအလိုက် စာအုပ်များသည် အပြည့်ဖြစ်သည်။
ကုတင်အဖြူရောင်ထက်တွင် လှဲအိပ်နေသူသည် မျက်နှာပေါ်သို့ စာအုပ်လေးကို တင်ထားသည်။ဖြစ်နိုင်သည်ကတော့ စာအုပ်ဖတ်ရင်း အိပ်ပျော်သွားခြင်းဖြစ်နိုင်လောက်သည်။
ခြေတံရှည်များသည် ကုတင်ခြေရင်းကိုပင် ကျော်လွန်နေသည်။အိပ်ရာခင်းစပေါ် တင်ထားသော လက်တို့သည် ဖြူသွယ်နေကာ တစ်ချောင်းစီ၏လက်သည်းများသည် ကြည်လင်ရှင်းသန့်နေသည်။
အိပ်နေရင်းမှ ဘေးဘက်သို့စောင်းလိုက်သည်မို့ မျက်နှာပေါ်တွင်တည်ရှိနေသော စာအုပ်အပါးလေးဟာ ကုတင်ပေါ်သို့ ဘုတ်ခနဲပြုတ်ကျသွားသည်။
ထိုအခါမှ နှာတံစင်းစင်းလေးသည် ပေါ်လာကာ မှဲ့နက်ကလေးကလဲ ထင်းနေပြန်သည်။
မျက်တောင်ရှည်များသည် ဖြာကျနေကာ ယပ်တောင်တစ်ချောင်းသဖွယ် ပြန့်ကားနေသည်။ပါးပြင်၏အနည်းငယ် ရဲနေမှုသည် နေရောင်ခြည်နှင့်ထိတွေ့လိုက်မှုကြောင့် ဝင်းမွတ်နေကာ သွေးကြောမျှင်များပင် တစ်မျှင်ချင်းစီ ထိုင်ရေနေလို့ရသည်အထိ ကြည်လင်ရှင်းသန့်နေသည်။အကုန်လုံးကို စုစည်းပြီးပြောရမည်ဆိုလျှင် သိပ်လှသော ကောင်လေးတစ်ယောက်ဟုဆိုရမည်။
အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့ အိပ်နေသောကောင်လေးသည် လူးလွန့်လာသည်။လက်တန်းရှည်တို့ဆန့်ထုတ်ကာ အကြောများကိုဆန့်သော်လည်း မျက်လုံးတို့သည် ပိတ်ထားဆဲဖြစ်သည်။ထို့နောက်မှာတော့ ပါးစပ်ကိုလက်ဖြင့်အုပ်၍ သမ်းဝေလိုက်သည်။ဆံသားနက်မှောင်မှောင်တို့သည် အနည်းငယ်မျှသာ ရှည်နေကာ အိပ်ရာထကာစမို့ ရှုပ်ပွနေသည်။
YOU ARE READING
Love Library
FanfictionAbout Jakehoon Be softly....... ! And we love each other scretly