' ချစ်တဲ့ အကြောင်းတွေ ပြောလွန်းလွန်တဲ့ မောင့်ကိုပင် ...'" ချစ်တဲ့အကြောင်းကနောက်မှပြော ဆေးအရင်လာသောက်လှည့် "
ရှိန်းနောင် ဆေးမှုန့်အား ပျားရည်ဖြင့်လုံးပေးထားသောကြောင့်ဆေးမှာအခါးဓာတ်သိပ်မရှိပေမဲ့ ဆေးသောက်ကြောက်သော ဘမောင်ကတော့ မျက်နှာမဲ့တက်စမြဲ ။
" လက်ကတကယ် သက်သာနေပြီလေချစ်သည်းရယ် ။ မောင်ဆေးတွေမသောက်ချင်ဘူး ဆိုနေ "
" အို ဘယ်နှယ့် ဆေးသောက်လို့ သက်သာလာတာလေ ။ ဒီတိုင်းကြီးပျောက်ရအောင် မောင်က တုတ်ပြီး ဓားပြီးကြီးမို့လို့လား "
လက်တွင်ပတ်တီးစအကြီးကြီးဖြင့် စူပုတ်နေသောလူညိုချောမှာ ဆေးလုံးအားခက်ခက်ခဲဲခဲမြိုချကာ မျက်နှာမဲ့နေသေးသည် ။
" မုန့်သွားကြိတ်ရအောင် ညနေမုန့်ဖက်ထုပ်လုပ်ကျွေးမယ် "
" အိမ်မှာ ကြိတ်ဆုံ ရှိတယ်လေ ချစ်သည်းရဲ့ ။ မောင်ကြိတ်ပေးမှာပေါ့ "
" အို နေပါ မောင့်လက်ကဖြင့်ဒဏ်ရာကြီးနဲ့ကို "
ဘမောင် သူ၏ခေါင်းစိမ်းစိမ်းအားကုတ်၍သာခပ်လွင်လွင်ရယ်မောလိုက်မိသည်။ အနာကပြန်စေ့နေပေမဲ့ ချစ်သည်းညှာလေးကတော့ဖြင့် အပူမဆုံးဖြစ်နေတဲ့အခါ သူ့မှာတော့အနာလေးတောင်ကြာရှည်စေလို ။
ရေစိမ်ထားသောကောက်ညှင်းဆန်အား ရေစစ်ကာ တစ်ဖက်ပိတ်ချုပ်ထားသောအဝတ်လေးအားထည့်ကာရွာလည်ပိုင်းမှ ကြိတ်ဆုံရှိရာအသိတစ်ယောက်၏အိမ်အား နှစ်ဦးသားလက်ချင်းယှတ်လို့ သွားကြလေသည် ။
" ဒေါ်မုန်းခင်ရေ ကျုပ်တို့ကို မုန့်လေးကြိတ်ပေးပါအုံး "
အသက်ငါးဆယ်အရွယ်ကြီးတော်ကြီးမှာထမီတိုတိုဖြင့်ခြေတံရှည်အိမ်လှေကားမှဆင်းလာကာ ပြုံးလို့ကြိုဆိုလေသည် ။
" ဒီမောင်နှံ ဘာလုပ်စားကြမလို့တုန်း"
" သာကူမုန့်ဖက်ထုပ်လေးလုပ်စားမလို့ ဒွေးလေးရေ ။ သူက ဘီစကွတ်မုန့်တို့ ဘာတို့ကျတော့လဲမကြိုက်တက်တော့ အိမ်လုပ်မုန့်လေးပဲ လုပ်ကျွေးမလို့လေ"