အပိုင်း - 2

1.4K 252 153
                                    

[Unicode]

   
"အထုပ်တွေက အများကြီးပဲလား၊ ပေးလေ မောင်သယ်ပေးမှာပေါ့ စောရဲ့"

စောလက်သီးဆုပ်လေးနှစ်ဖက် ခပ်တင်းတင်းဖြစ်သွားပါ၏။

လွန်ခဲ့သောတစ်လခန့်က....

"အမေ့ မသင်ချင်ပါဘူးဆို!"

ကျောရိုးမရှိသည့်လူကဲ့သို့ ကော်ဇောခင်းပေါ် မှောက်ခုံကြီးလှဲကာ ခန္ဓာကိုယ်တစ်ခုလုံးကို တီကောင်လို တွန့်လိမ်ကွေးရင်း စောတစ်ယောက် ဂိုက်မသင်ရဖို့အရေး နားပူတိုက်လျက်ရှိသည်။

စောအမေ ဒေါ်နုသက်ဟန်က ကန်စွန်းရိုးတွေကို စကောထဲခြွေထည့်ရင်း စောဘက်ကို မျက်စောင်းလှမ်းထိုးသည်။

"မသင်လို့မရဘူး၊ ဒီအတိုင်းဆက်သွားနေရင် နင်အောင်မှာကိုမဟုတ်တော့ဘူး"

"အိုဗျာ အမေက ဘယ်နှယ့်လုပ်သိလဲ၊ လှံထမ်းလာတာပဲမြင်ရတာ၊ ကံထမ်းလာတာက မြင်ရတာမှမဟုတ်တာ၊ သားလည်း အောင်ချင်အောင်ဦးမှာပေါ့"

လိုချင်တာတစ်ခုခုကို ချွဲနေသည့်အချိန်မျိုးဆို စောက သူ့ကိုယ်သူ သားဟုသုံးတတ်သည်။ ဆယ့်ကိုးနှစ်ကို ခြေလှမ်းချဖို့ ရွယ်နေပြီဖြစ်သည့် စောအသက်က ငယ်လှတာတော့မဟုတ်ပါ။

"ကံဆိုတာလူကလုပ်တာ၊ နင်စကားမများစမ်းနဲ့ တည်ကြည်ရယ်၊ ငါပြောစကားကို ဒီတစ်ခါလေးပဲ နားထောင်စမ်းပါ"

"အမေတို့လူကြီးတွေက တစ်ခွန်းတစ်ခွန်းနဲ့ ပြီးရင် ဒီစကားတွေပဲ ပြန်ထပ်ဦးမှာ၊ အထာတွေနပ်နေပါပြီဗျနော်"

"ကောင်လေးက တော်ရှာပါတယ်၊ တက္ကသိုလ်မှာလည်း အမှတ်ကောင်းတယ်၊ ဒါတောင်သူ့ဦးလေးအဆောင်မှာ စာကူသင်ရင်း လုပ်ရရှာတာ"

စောစကားကို ဂရုမစိုက်ဘဲ သူ့လူတော်ကြောင်း ပြုံးပြုံးကြီး ချီးမွမ်းခန်းဖွင့်နေတဲ့ အမေက "တချို့တချို့တွေနဲ့များကွာပါ့" ဟုရွတ်ရင်း စောဘက်ကို မြှားဦးလှည့်လာသေးသည်။

"သူများသားသမီးကို အထင်မကြီးပါဘူး၊ သူ့ဟာသူ တော်တာတော်ပေါ့၊ နောက်တော့လည်း မိန်းမယူပြီးရင် မိန်းမကို ရှာကျွေးရမယ့်လူတွေချည်းပဲ၊ အစ်ကိုရေလို့များခေါ်လိုက်ရင် ဟေ နုနုသဘော နုနုသဘော.."

ချစ်သူသိစေWhere stories live. Discover now