[Unicode]
ရာသီဥတုသည် ပူလောင်အိုက်စပ်နေရုံတင်မက တိုက်သမျှလေတွေကလည်း လေပူတွေချည်းဖြစ်နေတာမို့ လူနှစ်ယောက်အချင်းချင်းထိမိလျှင်ပင် စိတ်တိုစိတ်ဆတ်စရာကောင်းသည့် အခြေအနေမှာ ရှိနေသည်။ဆယ်တန်းအဆောင်နေ အဆောင်ကဖြေမည့် ကျောင်းသားတွေဖို့ မိခင်အိမ်ကခွာပြီး ကျောင်းတော်ရင်ခွင်ခိုလှုံကြရတော့မည်။ အုတ်တံတိုင်းခပ်ပုပုကာရံပတ်ထားသည့် ဘော်ဒါဆောင်ဝင်းကျယ်ကြီးတွင် ပုံစံမျိုးစုံ၊ မျက်နှာပေါက်မျိုးစုံနဲ့ ကျောင်းသားတွေရှိနေသည်။
ကျောင်းလာအပ်သည့် မိဘတွေလည်းရှိသည်။ ကျောင်းအပ်စာရင်းသွင်းပြီးသားဖြစ်ပေမဲ့ အဆောင်သို့ရောက်ရှိနာမည်စာရင်းပါ ထပ်ပေးရသေးသည်မို့ အကုန်လုံးက စာရင်းပေးရန်စောင့်နေကြသည်။
စာရင်းလက်ခံနေသော အဆောင်မှူးကတော့ မန်ကျည်းပင်အောက်မှာ စားပွဲတစ်လုံးနှင့်။
စောသည် ပါလာသည့် ကျောပိုးအိတ်ကို ရှေ့ရင်ခွင်ထဲထည့်ပိုက်လိုက်ကာ အဝတ်ထုပ်နှစ်ထုပ်နှင့် အိပ်ယာလိပ်၊ဖျာလိပ်တွေကို မြေပြင်လွတ်ပေါ် ခဏချထားလိုက်သည်။
ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ သူသူငါငါဘယ်သူကမှ ဖျာလိပ်ဟူ၍ ယူလာတာမမြင်ရ။ ကြီးကြီးကျယ်ကျယ်တချို့သာ မွေ့ယာလိပ်တွေပိုက်ထားတာကိုမြင်ရသည်။
ဖျာချော၊ဖျာကြမ်း၊ စာကျက်ရင်အောက်ကခင်းထိုင်ဖို့ ကြိမ်ခင်း စုံစိစွာယူလာသူက စောတစ်ယောက်သာ။
"အဟွန်း"
ဆယ့်နှစ်ပွဲစျေးသည် ဖျာသည်အလား ယူလာမိသည့် မိမိကိုယ်မိမိရိပ်မိပြီး စော နှာရှုတ်လိုက်သည်။ စောရဲ့အိမ်က ဆရာတင်ဝင်းဘော်ဒါဆောင်နှင့် ဟိုဘက်တစ်လမ်းကျော်မှာဖြစ်တာမို့ ပြန်ထားမယ်ဆို စောအနေနဲ့ ထားလို့ရသည်။
သို့ပေသိ စောတည်ကြည်ဟန်တို့က ဘယ်ဟာနေနေ ကိုယ့်ဥလေးမှ အကောင်းထင်သည်။ သူများကိုသာ မွေ့ယာနဲ့ဆိုပြီး မဲ့ကြည့်နေတာ သူကိုယ်တိုင်ကဖြင့် သူ့ဖျာနဲ့မှ၊သူ့ခေါင်းအုံးမှ။
CZYTASZ
ချစ်သူသိစေ
Romansမှန်သောသစ္စာ မောင့်ထံပါးမှာ ဦးတည်လွဲမြာ ပစ်ချက်ဖြာလည်း မေတ္တာစစ်က နိုင်လင့်တထေ နားသို့ပန်လေ ချစ်သူသိစေ။ ချစ်သူသိစေ ချစ်သူသိပါစေ။