မပိုင်ဆိုင်ချင်သူ

38 2 0
                                    

         "ယွန်းမီ နွဲ့ဆိုးလက်ထပ်တော့မယ်တဲ့"

     ယွန်းမီဆိုင်ကိုဆံပင်လာညှပ်တဲ့ငယ်သူငယ်ချင်းကယွန်းမီမကြားချင်ဆုံးသတင်းစကားတစ်ခုကိုပြောလာခဲ့တယ်။ယွန်းမီတစ်ချက်ငိုင်သွားပြီးဘာမှမဖြစ်သလိုပြုံးရင်းဆံပင်ဆက်ညှပ်ပေးနေတော့နွယ်နီရဲ့မျက်လုံးထဲမှာမယုံကြည်နိုင်ခြင်းပုံရိပ်တွေထပ်ဟပ်နေခဲ့တယ်။ဟုတ်ပါတယ်လေ တစ်ချိန်ကယွန်းမီမီကျော်ဆိုတဲ့ကောင်မလေးဟာ နွဲ့ဆိုးငယ်ဆိုတဲ့ကောင်မလေးရဲ့နဘေးမှာအချိန်တွေအကြာကြီးအရူးလိုဖက်တွယ်နေခဲ့ဖူးတာကို။နွဲ့ဆိုးငယ်ဆိုတဲ့မိန်းမလှလေးဟာ ယွန်းမီရဲ့အတိတ်နေ့ရက်၊5နှစ်ကျော်6နှစ်နီးပါးရူးသွပ်မှုတွေရဲ့ပိုင်ရှင် ယွန်းမီရဲ့အချစ်ဦး။ယွန်းမီရဲ့အတိတ်ကာလတွေမှာ နွဲ့ဆိုးဘေးနားမှာနေခွင့်ရဖို့နာကျင်မှုများစွာကိုလည်းအဖော်ပြုခဲ့ရဖူးတယ်။

         ယွန်းမီတို့6တန်းနှစ်မှာနွဲ့ဆိုးငယ်ဆိုတဲ့ဆံပင်ခပ်တိုတိုနဲ့ကောင်မလေးတစ်ယောက်ကျောင်းပြောင်းလာခဲ့တယ်။နွဲ့ဆိုးငယ်ကိုစတွေ့ဖူးတဲ့နေ့ကစယွန်းမီရဲ့ရင်ထဲမှာအချစ်မမည်သေးတဲ့စိတ်ဝင်စားမှုမီးတောက်လေးတွေတောက်လောင်ခဲ့တာပါပဲ။ ဆံပင်တိုတိုနဲ့အနည်းငယ်ယောကျာ်းလေးဆန်တဲ့နွဲ့ဆိုးငယ်ကိုယွန်းမီကTomboyလေးလို့ပဲထင်နေခဲ့တာ။ယွန်းမီအဲ့ဒီအချိန်တုန်းကအတွေးတွေအများကြီးမရှိခဲ့ဘူး။နွဲ့ဆိုးငယ်ဆိုတဲ့ကောင်မလေးကိုစိတ်ဝင်စားတာပဲသိခဲ့တယ်။ဖြစ်သင့်လား မဖြစ်သင့်ဘူးလားလည်းယွန်းမီမသိဘူး။အဲ့ဒီကောင်မလေးကိုခင်ခွင့်ရဖို့ကြိုးစားပေ့မယ့်ချေလွန်းတဲ့သူမကြောင့်ယွန်းမီတစ်ယောက်တည်းကမ္ဘာတွေပျက်လို့။ကံကောင်းစွာနဲ့လပတ်စာမေးပွဲဖြေရတော့သူမရဲ့ဘေးမှာယွန်းမီဖြေရတယ်။ အဲ့ဒီအချိန်မှာကမ္ဘာပေါ်မှာအပျော်ဆုံးကယွန်းမီတောင်ဖြစ်နေမလားပဲ။ သူမနဲ့စကားပြောခွင့်ရဖို့အတန်းထဲမှာအတော်ဆုံးဖြစ်တဲ့ယွန်းမီဟာအရှက်မဲ့စွာသူမကိုစာတွေမေးလို့။ယွန်းမီဆီကိုရောက်ရောက်လာတဲ့အခန်းစောင့်ဆရာမရဲ့မျက်စောင်းတွေကိုလည်းရှောင်ရတိမ်းရသေးတယ်။ သူမကတော့စာမေးပွဲဖြေတာကိုအနှောက်အယှက်ဖြစ်သွားလို့သိပ်မကြည်။သူမရဲ့ဆူပုပ်နေတဲ့ရုပ်လေးကိုခိုးခိုးငေးရတာယွန်းမီအတွက်တော့သိပ်ကိုကြည်နူးဖို့ကောင်းနေခဲ့တယ်။ စာမေးပွဲဖြေရတယ့်ခြောက်ရက်ဟာယွန်းမီအပျော်ရွှင်ရဆုံးအချိန်တွေပေါ့။သူမနဲ့ယွန်းမီကြားမှာသုံးလေးပေလောက်ခြားနေပေ့မယ့်ယွန်းမီစိတ်ထဲမှာတော့အနီးဆုံးကိုရောက်နေရသလိုပါပဲ။

        ဒီလိုနဲ့လပတ်စာမေးပွဲကြီးပြီးတဲ့အချိန်မှာသူမနဲ့ယွန်းမီအရင်ကထက်စာရင်အနည်းငယ်တော့ရင်းနှီးလာခဲ့ပါတယ်။ယွန်းမီသူမကိုစာမေးပွဲမှာစာတွေပြောပြလို့ဆိုပြီးသူမကြိုက်တဲ့မုန့်တွေဝယ်ကျွေးရတာသိပ်ပျော်တာပဲ။ ထိုရက်တွေမှာယွန်းမီကတော့ကျောင်းမှာ ရေပဲသောက်နေခဲ့ရပါတယ်။ဖေဖေကမုန့်ဖိုးကိုအကန့်အသတ်နဲ့ပဲပေးတာမို့ယွန်းမီရှိသမျှမုန့်ဖိုးကိုသူမအတွက်အကုန်သုံးလိုက်တယ်လေ။ သူမအတွက်ဘာပဲလုပ်ပေးရပေးရယွန်းမီကျေနပ်နေမှာ။

        တစ်ပတ်ကြာပြီးတဲ့အချိန်မှာယွန်းမီ သုံးယောက်တည်းရှိတဲ့သူမတို့အတန်းကိုပြောင်းထိုင်ခဲ့တယ်။ ဒီလိုပြောင်းထိုင်လို့ရဖို့ယွန်းမီသူ့ဘေးနားကသူငယ်ချင်းတွေကိုလက်ကျိုးမတတ်စာတွေရေးပေးခဲ့ရတယ်။ယွန်းမီညနက်တဲ့အထိသူတို့အိမ်စာတွေကိုကူလုပ်ပေးရတယ်။ဒါပေမယ့်သူဘေးမှာထိုင်ခွင့်ရမယ့်အခွင့်အရေးကိုဘာနဲ့လဲရလဲရပေါ့။သူ့ဘေးနားမှာလာထိုင်တော့ ကြည်ကြည်ဖြူဖြူနဲ့လက်ခံတဲ့သူ့ကိုကျေးဇူးတင်လိုက်တာ။ပိုပြီးရင်းနှီးလာတဲ့အချိန်မှာ ယွန်းမီအသိချင်ဆုံးအရာတစ်ခုကိုမေးကြည့်ခဲ့တယ်။သူမကို နင်ကTomboyလားလို့မေးတော့သူမကစိတ်ဆိုးတယ်လေ။ငါကမယ်သီလရှင်ဝတ်ထားတာမို့ဆံပင်မရှည်သေးတာတဲ့ ပြီးတော့သူမဟာယောကျာ်းလေးမကျမိန်းကလေးမကျနဲ့Tomboyတွေကိုသိပ်မုန်းပါသတဲ့။အဲ့ဒီကတည်းကယွန်းမီရှေ့ဆက်တိုးဖို့မဖြစ်နိုင်မှန်းရိပ်မိခဲ့ရမှာ။သို့သော်စိတ်ဝင်စားရာကနေ အချစ်စိတ်တွေတောင်မွှန်နေပြီဖြစ်တဲ့ယွန်းမီဟာဆေးမမီတော့ပါဘူး နွဲ့ဆိုးငယ်မှ နွဲ့ဆိုးငယ်ဖြစ်နေခဲ့ပြီလေ။

      စနေနေ့ရဲ့ညနေခင်းတစ်ခုမှာစက်ဘီးစီးရအောင်ဆိုပြီးသူမ ယွန်းမီကိုလာခေါ်ခဲ့တယ်။ယွန်းမီတို့နယ်မြို့ကျဥ်းကျဥ်းလေးမှာနာရီဝက်လောက်ပတ်လိုက်တာနဲ့တစ်မြို့လုံးနှံ့နေပြီ။လမ်းတစ်ဝက်လောက်အရောက်မှာတော့ သူမရဲ့စက်ဘီးလေးချိန်းကျသွားခဲ့တယ်။ယွန်းမီကြိုးစားပြင်ပေးခဲ့ပေ့မယ့်မရခဲ့ပါဘူး။ဒါကြောင့်ယွန်းမီရဲ့စက်ဘီးကိုသူမကိုပေးစီးပြီးယွန်းမီကတော့သူမရဲ့စက်ဘီးကိုတွန်းပြီးလမ်းလျှောက်လာခဲ့ပါတယ်။အဲ့ဒါကို ဖေဖေမြင်သွားတယ်ဆိုတာယွန်းမီမသိခဲ့ပါဘူး။သူမကိုအိမ်ကိုပြန်လိုက်ပို့ပေးပြီးအိမ်ကိုပြန်ရောက်တာနဲ့ ဖေဖေကကိုယ့်စက်ဘီးကျသူများပေးစီးပြီးသူများစက်ဘီးကို​တွန်းပေးနေရကောင်းလား ဆိုပြီးဆူပါတော့တယ်။မိဘတစ်ယောက်ရဲ့ရင်ထဲမှာတော့ကိုယ့်သားသမီးအဲ့လိုလုပ်နေတာကိုဘယ်မြင်ရက်ပါ့မလဲ။ ဖေဖေရဲ့စိတ်ထဲမှာသူမကိုငြိုငြင်သွားမှာယွန်းမီမလိုလားပါ။ယွန်းမီတတ်နိုင်သမျှကာကွယ်ပေးခဲ့လို့ ဖျင်းအ လွန်းလိုက်တာလို့ဆူခံရပြီးတော့ဖေဖေရိုက်တာခံခဲ့ရတယ်။ ဖျင်းအတယ်လို့လို့တော့ဘယ်ဟုတ်ပါ့မလဲကွယ် ကိုယ်ကိုတိုင်ကမှအရှုံးပေးချင်နေတာကို။
 
        ခြောက်တန်းတစ်နှစ်လုံးသူမအနားမှာနေပြီးယွန်းမီသူမလိုသမျှကိုဖြည့်ဆည်းပေးခဲ့တယ်။လမ်းလျှောက်ရမှာပျင်းတဲ့ယွန်းမီဟာအခန်းနဲ့​ဝေးတဲ့နေမှာရှိတဲ့ရေစင်ကနေသူမဖို့ရေအေးအေးလေးခပ်ပေးရမှ၊သူမ မရေးချင်တဲ့သမိုင်းအပုဒ်ရှည်ကြီးတွေဆိုဒိုင်ခံရေးပေးရမှ၊ကိုယ်တိုင်အငတ်ခံပြီးသူမကိုနေ့တိုင်းမုန့်ဝယ်ကျွေးရမှ ကျေနပ်နေတဲ့သူပါ။သူ မပျော်တဲ့နေ့ဆိုယွန်းမီလည်းစိတ်မချမ်းသာဘူး သူငိုနေတဲ့အချိန်ဆိုယွန်းမီလည်းခံစားရတယ် သူပျော်ရွှင်နေတာမြင်ရရင်ယွန်းမီပါလိုက်ကြည်နူးရတယ်။ယွန်းမီရဲ့ခံစားချက်တွေဟာ နွဲ့ဆိုးငယ်ရဲ့ခံစားချက်တွေအပေါ်မှာအလုံးစုံကိုဆက်နွယ်နေတာအသေအချာပါပဲ။

         စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာတောင်ယွန်းမီစိတ်ထဲမှာလစ်ဟာနေသလိုခံစားရတာ နွေကျောင်းပိတ်ရက်သုံးလဟာယွန်းမီအတွက်သိပ်ကိုရှည်ကြာလွန်းပါတယ်။ကျောင်းပိတ်ရက်တွေမှာ ယွန်းမီသူမကိုပြောချင်တဲ့စကားလေးတွေကိုငှက်ရုပ်လေးတွေထဲထည့်ခေါက်ရင်းကုန်ဆုံးတယ်။ကြိုးကြာလေးတွေရေ သူမဆီကိုရင်ထဲကစကားတွေပို့ပေးပါလားနော်။

            တနလ်ာနေ့တွေကိုယွန်းမီကြိုက်တယ်။ကျောင်းပြန်ဖွင့်တဲ့နေ့ရက်တွေဟာယွန်းမီအပျော်ဆုံးပါ။ယွန်းမီဆိုတဲ့ကောင်မလေးဟာနွဲ့ဆိုးငယ်ကြောင့်ကျောင်းပျော်ကြီးကိုဖြစ်လို့။ကျောင်းတွေပြန်ဖွင့်တော့ သူမကဆံပင်တွေရှည်ပြီးပိုလှလာတယ်။သူမကို စိတ်ဝင်စားနေတဲ့သူတွေလည်းရှိလာတော့ ယွန်းမီအရင်ကထက်ပိုရင်မောရပြီလေ။တစ်နေ့မှာတော့သူမအရိုက်ခံခဲ့ရတယ် အသင်းအလုပ်တွေမပြီးလို့ဆိုပြီးသူမတို့တစ်သင်းလုံးအရိုက်ခံရတာ။သူမ အရိုက်ခံနေရတာကိုမြင်ရတော့ယွန်းမီရင်ထဲမှာမချိလိုက်တာ။ထိုနေ့ကစဆုံးဖြတ်လိုက်တယ် သူမရဲ့အသင်းနေ့တိုင်းအစောဆုံးလာပြီးအသင်းတာဝန်တွေအကုန်လုပ်ပေးမည်။ယွန်းမီအတွက်အခက်ခဲဆုံးထဲမှာစောစောထရခြင်းလည်းပါသည်။ယွန်းမီရဲ့အသင်းနေ့မှာတောင် တစ်ပတ်တစ်ရက်တည်းပါလေဆိုပြီးအားတင်းပြီးထရတာ ခုတော့နှစ်ရက်ကြီးတောင်ထရတော့မည်။သူမအတွက်ပဲလေဆိုပြီး ယွန်းမီအိပ်ယာစောစောထတဲ့ရက်တွေရှိလာတော့အိမ်ကလူတွေကတောင်ထူးဆန်းလို့။သူမကတော့ သူမတို့အသင်းနေ့တိုင်းအလုပ်တွေအကုန်ပြီးစီးနေလို့ အံ့သြနေတဲ့ပုံပဲ။

         ယွန်းမီကပဲသူမကိုအလျှော့ပေးလွန်းလို့လားမသိ သူမအတွက်တော့ယွန်းမီကအနိုင်ကျင့်လို့ကောင်းတဲ့ကောင်မလေးတစ်ယောက်ထက်မပိုခဲ့ပါဘူး။ ယွန်းမီကိုဖယ်ထုတ်ပြီးစကားကောင်းကောင်းမပြော သူမကဘေးကသူငယ်ချင်းတွေနဲ့သာရယ်မောပျော်ရွှင်နေတဲ့နေ့ရက်တွေမှာဆိုယွန်းမီကျိတ်ငိုရတယ်။ဘေးမှာရှိနေပြီး လျစ်လျူရှုခံရတဲ့ခံစားချက်ကြီးကဘယ်လောက်ဆိုးလဲဆိုတာယွန်းမီအသိဆုံး။သူမ လိုတဲ့အချိန်မှာသာယွန်းမီကိုခေါ်တတ်လို့ ယွန်းမီကလိုသုံးသာသာပါ။သူမ စိတ်ရတဲ့နေ့တွေဆိုနှစ်ယောက်တည်းလျှောက်သွားဖို့လာခေါ်တတ်တယ်။နှစ်ယောက်သားလျှောက်သွားပြီးတော့ ယွန်းမီရဲ့အခန်းထဲကကုတင်ပေါ်မှာလှဲနေရင်းသူမကမေးလာခဲ့တယ်။

         "ယွန်းမီ နင်ကငေးကြည့်ရတာကိုကြိုက်တာလား"

        သူမကဘာအဓိပ္ပါယ်နဲ့မေးလည်းယွန်းမီမသိပေမယ့် တစ်ချက်ပြုံးလိုက်ပြီး

        "အင်း ဆိုပါတော့ ငါကအဝေးကငေးကြည့်နေရတာကိုကြိုက်တာ တစ်ချို့အရာတွေကအနီးနားကိုသွားလိုက်တာထက်အဝေးကြီးကငေးကြည့်နေရင်ပိုလှတာမျိုး ဥပမာ ငါသိပ်သဘောကျတဲ့လမင်းကြီးလိုပေါ့"

       "အဲ့တော့ နင်ကနင်သဘောကျတဲ့အရာတွေကိုလည်းပိုင်ဆိုင်ဖို့မကြိုးစားဘူးပေါ့"

       "အရာရာတိုင်းကိုတော့မဟုတ်ဘူးပေါ့ဟာ ဒါပေမယ့် ကိုယ်နဲ့မထိုက်တန်တဲ့အရာလေးကိုပိုင်ဆိုင်ဖို့ကြိုးစားတာထက် ဒီတိုင်းလေးထားလိုက်တာကပိုပြီးတော့လှပနေမှာလေ"
  
         7တန်းတစ်နှစ်လုံးမှာလည်းယွန်းမီကနွဲ့ဆိုးရဲ့ဘေးမှာအရိပ်လေးလို၊နွဲ့ဆိုးအမြဲဆွဲထားတတ်တဲ့ဆွဲကြိုးလေးလို မခွဲမခွာနဲ့ရှိနေမြဲပါပဲ။
 
          8တန်းနှစ်မှာအတန်းထဲကနွဲ့ဆိုးcrushနေတဲ့ကောင်လေးကနွဲ့ဆိုးကိုအဖြေလာတောင်းသတဲ့။နွဲ့ဆိုးဆိုတဲ့ကောင်မလေးဟာ ယွန်းမီကိုဖြေရခက်တဲ့မေးခွန်းတွေသိပ်မေးတယ် ငါ့သူ့ကိုအဖြေပြန်ပေးလိုက်ရမလားတဲ့လေ။ဒီကောင်လေးကိုနွဲ့ဆိုးကြိုက်နေတာယွန်းမီသိတယ်လေ ယွန်းမီဆိုတာနွဲ့ဆိုးပျော်ဖို့ကိုပဲဦးစားပေးတတ်တဲ့သူပါ။ဒီလိုနဲ့အဲ့ကောင်လေးနဲ့နွဲ့ဆိုးချစ်သူတွေဖြစ်သွားကြတယ်။ယွန်းမီခံစားရလားဆိုတော့ တစ်နေ့မှာဒီလိုတွေဖြစ်လာမယ်လို့တွေးပြီးခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားခဲ့ပေ့မယ့် လက်တွေ့ကြုံလာရတဲ့အခါရင်ကွဲမတတ်ပါပဲ။ဒါပေမယ့် နွဲ့ဆိုးအပြုံးတွေကတောက်ပလွန်းတော့ယွန်းမီနာကျင်စွာပျော်မိတယ်။သူတို့နှစ်ယောက်ကိုအတန်းသူအတန်းသားတွေဝိုင်းစကြတဲ့အချိန်ဆိုယွန်းမီအခန်းထဲကထွက်ပြေးချင်မိတယ်။ခုံပေါ်မှာမှောက်အိပ်ချင်ယောင်ဆောင်ပြီးခိုးငိုရတာလည်းအကြိမ်ကြိမ်အခါခါ။လက်တွေ့မှာယွန်းမီခံနိုင်ရည်မရှိခဲ့ပါလား။ တကယ်တော့ယွန်းမီ နွဲ့ဆိုးကိုချစ်နေတယ်ဆိုတာရင်းနှီးတဲ့သူငယ်ချင်းတိုင်းရိပ်မိကြပါတယ်။နွဲ့ဆိုးဆိုတာနဲ့ယွန်းမီကိုတွဲမြင်ကြသလို ယွန်းမီဆိုတာနဲ့နွဲ့ဆိုးကိုတွဲမြင်ကြတဲ့အထိ တတွဲတွဲဖြစ်ခဲ့ဖူးတာကို။နွဲ့ဆိုးလို အရမ်းပါးနပ်တဲ့ကောင်မလေးကမရိပ်မိဘူးဆိုတာလည်းမဖြစ်တန်ရာ မသိချင်ယောင်ဆောင်ထားခြင်းသာဖြစ်ပါလိမ့်မည်။ယွန်းမီလည်းဟန်ဆောင်ကောင်းတဲ့သူတစ်ယောက်မဟုတ်ခဲ့တာတော့သေချာပါတယ်။ တစ်ချို့လမ်းတွေကလျှောက်ရမှာကြမ်းတမ်းလွန်းလို့ ခြေလှမ်းတွေစတင်ဖို့ရာသိပ်ခက်တယ်လေ။
 
           9တန်းနှစ်မှာနွဲ့ဆိုးအဲ့ဒီကောင်လေးနဲ့ကွဲသွားတယ်။ယွန်းမီလေ ရင်ထဲမှာကျိတ်ပျော်မိတာဆိုတာ။အပျော်တွေကကြာရှည်တော့မခံခဲ့ပါဘူး နွဲ့ဆိုးက10တန်းကအစ်ကိုကြီးနဲ့ထပ်တွဲတယ်။သူတို့နှစ်ယောက်ကိုသိပ်လိုက်ဖက်တာပဲလို့ သူငယ်ချင်းတွေကပြောတိုင်းယွန်းမီပြုံးမိတယ်။အငိုမျက်လုံးအပြုံးမျက်နှာဆိုတာကိုလည်းယွန်းမီသိခဲ့ပြီ။ နွဲ့ဆိုးကို သိပ်ဂရုစိုက် သိပ်အလိုလိုက်တဲ့ အဲ့ဒီအစ်ကိုကြီးကြောင့် ယွန်းမီ နွဲ့ဆိုးအတွက်ကျေနပ်ကြည်နူးရပါတယ်။ပန်းကလေးဟာ တန်ဖိုးထားသူရဲ့လက်မှာပိုပြီး လန်းဆန်းမွှေးကြိုင်လာမှာအသေအချာပဲလေ။နွဲ့ဆိုးကတော့ အရင်ကလောက်ယွန်းမီကိုမခင်တော့ဘူး အချိန်တွေလည်းသိပ်မပေးတော့ဘူး။နွဲ့ဆိုး သူနဲ့ခြေတစ်လှမ်းနီးသွားတိုင်း ယွန်းမီနဲ့ပိုပိုဝေးသွားတယ်။

OC Oneshot CollectionWhere stories live. Discover now