ဆီးနှင်းရွယ်ရွယ်တို့ တင်ကျန်ကပ်နွယ်၍ ကျင့်ကျင့်ဝါသည့် ဆောင်းရွက်တစ်မည်မယ် အခြေချတဲ့ မှိန်နုန်းနုန်း လိပ်ပြာနွယ်နွယ်ကား ခပ်ထွေးထွေး ရောင်ခြည်၏ ရှာတွေ့မှုနှင့် သွေလွှဲသွားကာ ကြွေခရာ ရွက်ကြွေများနှင့် ပူဆွေးမှုများထက် ဖြေးညှင်းစွာသက်ဆင်းတယ်။
တစ်ဦးတစ်ယောက်၏ ချစ်နွယ်မြတ်နိုးသည်းညှာအား ထွေးပွေ့ရန်အခွင့်မသာသည့် ဆောင်းညတွေ၌ဖြစ်မည်။
"အဖြူရောင်"
ဖြူလွှလွှ ကုတင်ထက် ပျော့ခွေမှိန်းမောနေသည့် ခပ်နွမ်းနွမ်း ဖြစ်တည်မှုလေးထံ ရည်ရွယ်ကာ ထိုသူက အခေါ်ပြုသည်။ ထိုတည်ရှိမှုလေး၏ မူလနို့နှစ်ရောင် ဖြူဥဥအရည်ပြားတို့ကား ပုံမှန်မဟုတ်စွာ ဖြူလွှနေပါ၏။
သွေးစွေးစွေးတို့ကားကြမ်းပြင်ထက် ဟိုတစ်စ၊ဒီတစ်စဖြင့် ပေါက်စတို့ ပြန့်ကျဲနေသည်။
ပါးပြင်ဥဥနှင့် လျော်ညီစွာ ဖြူလွှနေသည့် နှုတ်ခမ်းပါးနှစ်လွှာထံ ထိုသူက လက်ဝှေ့ယမ်းကာ ထိတွေ့ပွတ်သတ်သည်။ ပါးစပ်မှ နာမ်စားတစ်ခုအား တတွတ်တွတ်ရေရွတ်နေကာ မှိတ်ကျနေသည့် မျက်လွှာပါးပါးတို့အား လှုပ်ခတ်ရန် ရည်ရွယ်နေသည်။
မျက်ခုံးနက် နှစ်သွယ်ကား အတန်ငယ် နီးစပ်နေကာ ပုံမှန်မဟုတ်သည့် အသက်ရှုသံနှင့် အဖြူရောင် ငှက်မွှေးငယ်ကား မကြာသေးခင်မှ ဆုပ်ပဲ့ခံခဲ့ရသည့် ဘယ်ဘက်လက်ဖဝါးငယ်ထက်မှ ခပ်စူးစူး နာကျင်မှု၏ ညင်းဆဲမှုအား လက်ခံနေရပါသည်။
"အဖြူရောင်.. ကိုယ့်အချစ်၊ မျက်လုံးလေးဖွင့်ပါအုံး"
ထိုအေးစက်စက် အသံပြုစကားသံနောက် မိနစ်အနည်းငယ်မျှကြာသည့်အခါ မျက်ခွံလွှာတို့ကား အတန်ငယ်လှုပ်ခတ်လာပါသည်။
တစ်စ၊တစ်စ ဖြေးညင်းစွာ ပွင့်အာလာသည့် စကြဝဠာလေးကား မဟူရာညဥ့်နက်၏ ကောင်းကင်ဘုံ။
"ဘယ်နေရာနာနေလဲ၊ ကိုယ့်ကိုပြ"
ဆံနွယ်နက်နက်တို့အား ထိကိုင်ကာ ထိုသို့ခပ်တည်တည် ထိုသူက အဆိုပြုသည်။
လွန်ခဲ့သည့်နာရီပိုင်းမှ စိတ်အလိုမကျစွာ သောင်းကျန်းမိုက်ရူးခဲ့သည့် လူကား သူမဟုတါသည့်အလားပါပေ။